Sunday, September 29, 2024

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်အသစ်တွေ အကူအညီ ကင်းမဲ့နေကြောင်း HRW ထုတ်ပြန်

RFA
RFA Burmese
2024.09.27
 

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကယ်ထုတ်ပေးနေစဉ်။ Screenshot from Arakan Bay News's Video
 
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကနေ လတ်တလော ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အကာအကွယ်ကင်းမဲ့နေတာကြောင့် သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြားတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မကြာ‌သေးခင်က ရိုဟင်ဂျာ ၁၈,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ပြီး နောက် ထပ် တစ်သောင်းလောက်ဟာလည်း နယ်စပ်မှာ စောင့်ဆိုင်းနေတယ်လို့ HRW က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ဟာ ၂၀၂၄ သြဂုတ်လဆန်းကစပြီး ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အတင်းအကျပ် ပြန်ပို့နေတယ်လို့လည်း ရေးသားထားပါတယ်။ အသစ်ရောက်လာသူတွေ နေ ထိုင်တဲ့တဲတွေကို စက်တင်ဘာ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်စီးခဲ့ပြီး ရိုဟင်ဂျာ တစ်ရာလောက်ကို ဖမ်းဆီးခဲ့သလို နတ်မြစ်ကို ဖြတ်ကူးလာတဲ့ ရိုဟင်ဂျာ သုံးဆယ်ခန့်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို နောက်ရက်မှာ မြန်မာနိုင်ငံကို အတင်းအကျပ် ပြန်ပို့ခဲ့ပြီး ဒါဟာ အမိန့်အရလုပ်ရတာလို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံထဲကို ဝင်ခွင့်ပေးဖို့၊ အကာအကွယ်နဲ့ အကူအညီတွေပေးဖို့လိုအပ်တယ်လို့ HRW ရဲ့ အာရှရေးရာ လက် ထောက် ဒါရိုက်တာ Meenakshi Ganguly က ပြောပါတယ်။ သူတို့တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေပေမဲ့ သူတို့ အကူအညီတောင်းရင် မြန်မာကို အတင်းအကျပ် ပြန်ပို့ခံရမှာလည်း စိုးရိမ်နေကြတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒီရိုဟင်ဂျာဒုက္ခသည် အသစ်တွေကို စာရင်းသွင်းဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ အရေးပေါ် ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့လည်း HRW က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း စစ်ကောင်စီနဲ့ AA တို့ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အစုလိုက်အ ပြုံ လိုက် သတ်ဖြတ်တာ၊ မီးရှို့တာနဲ့ ဥပဒေမဲ့ လူသစ်စုဆောင်းတာတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၆၃၀,၀၀၀ လောက်ဟာ လူမျိုးရေးခွဲခြားမှုအောက်မှာ ဆက်ရှိနေကြောင်းနဲ့ ၂၀၂၃ နိုဝင်ဘာမှာ တစ်ကျော့ပြန် စစ်ပွဲတွေ ဖြစ်ပြီးနောက် ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ လူပေါင်း သုံးသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ လှေမှောက်ကာ ရေနစ်သေဆုံးခဲ့ရကြောင်း၊ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း နတ်မြစ်အတွင်း နစ်မြုပ်သွားတဲ့ စက်လှေပေါ်ပါ ခရီးသည် ၁၈ ယောက်မှာ အများစု ရေနစ်သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းမှာ ပြဋ္ဌာန်းထားတဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အသက် အန္တရာယ်ခြိမ်းခြောက်မှုတွေ အမှန်တကယ်ကြုံတွေ့ရမယ့်နေရာကို ပြန်မပို့ဖို့၊ နိုင်ငံတကာတားမြစ်ချက်ကို အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ လေးစားလိုက်နာဖို့လိုကြောင်းလည်း HRW က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို ဦးဆောင်နေတဲ့ မိုဟာမက် ယူနွတ်စ်ကတော့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းလောက်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားပြီးဖြစ်တာကြောင့် နောက်ထပ် လက်မခံနိုင်တော့ကြောင်း၊ ဒီရိုဟင်ဂျာတွေကို တတိယနိုင်ငံမှာ အခြေချနေထိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးဖို့ အလှူရှင်တွေနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့တွေကို တောင်းဆိုထားပါတယ်။

ဆက်နွယ်သောသတင်းများ  
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */