BBC
၂၇ မေ ၂၀၂၄,
ဒီတော့ ဘူးသီးတောင် အပါအဝင် ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်၊ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အာရက္ခတပ်တော် အေအေတို့ကြား ပေါ်ပေါက်နေတဲ့ စစ်ရေး အခြေအနေတွေနဲ့ နောက်ခံ ဖြစ် ရပ်တွေက ဘာတွေပါလဲ ...
ရခိုင်မှာ လူမျိုးရေး အခြေခံ ပဋိပက္ခကြီး ပေါက်ကွဲထွက်လာမယ့် အန္တရာယ် ရှိနေပြီလား ...
ရခိုင်စစ်ရေးမှာ တရုတ် အပါအဝင် နိုင်ငံတကာရဲ့ ကြားဝင် ဟန့်တားမှု ရှိလာနိုင်လား .... ူ
စတာတွေ အကြောင်း နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းတွေ အကြံပြုဖို့ ဖွဲ့ထားတဲ့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် International Crisis Group အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေး ဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ် ကီးန်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေး မြန်းထားပါတယ်။
သောမတ်စ်ကီးန်။ ။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း၊ ရခိုင်ထဲက အခြေအနေ တွေဟာ အင်မတန်ပြင်း ထန် လေးနက်နေတဲ့ အပေါ် မျက်မှောက်ပြု သိနားလည်ရမှာက လွဲပြီး၊ တခြား ရှုထောင့်အမြင်ကနေ ကြည့်လို့ မရနိုင်ဘူးလို့ ထင်ပါတယ်။ အခြေအနေတွေဟာ ဘာကြောင့် ပြင်းထန် လေးနက်ရသလဲ ဆိုတဲ့ အခြေခံ အကြေောင်းတွေလည်း တစ်ခုထက်မက ပိုရှိပါတယ်။
ပထမဆုံးအချက်ကတော့ မြန်မာ စစ်ကောင်စီတပ်တွေနဲ့ အာရ်ကန်အာမီ အေအေကြား ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေရဲ့ ပြင်းထန်မှုပါ။ တကယ့်ကို ကြီးမားတဲ့ အတိုင်းအတာ ပမာဏမျိုးနဲ့ ရခိုင်ရဲ့ နေရာ အများအပြားမှာ ပေါ်ပေါက် လာနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေဟာ ရခိုင် မြောက်ပိုင်းအလယ် ပိုင်းနဲ့ တောင်ပိုင်း နေရာ အနှံ့မှာ လက်ရှိမှာကို တိုက်နေ ခိုက်နေကြတဲ့ ပစ္စက္ခစစ်ပွဲ - “hot war” တွေ ဖြစ်ပါတယ်။
ဒီ စစ်ပွဲတွေရဲ့ ပြင်းထန်မှုတွေကနေ ရခိုင်ရဲ့ အခြေအနေဟာ အဘက်ဘက်မှာ ဆိုးရွားသွားပါတယ်။ ရခိုင်ထဲ အဝင်အထွက်တွေကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ ထားပါတယ်။ ကုန်စည် စီးဆင်းမှုတွေ၊ ကူးသန်းသွားလာရေးတွေ ရပ်တန့်သွားပြီး၊ အဲဒီဒဏ်ကို လက်ရှိ တိုက်ပွဲ ဖြစ်မနေတဲ့ နေရာတွေမှာတောင် အရပ်သားတွေ တွေ့ကြုံ ခံစားနေရပါတယ်။
အခြေခံ စားနပ်ရိက္ခာ ရရှိနိုင်ရေးကအစ အခက်ကြုံ လာရပါတယ်။ ပြည်နယ် တစ်ခုလုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်နေပြီး၊ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေလည်း မရတော့ပါဘူး။
စိုးရိမ်စရာ အကောင်းဆုံး အခြေအနေကတော့ ... အခု လက်ရှိ ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာ ပေါ်ပေါက်နေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ ရိုက်ခိုက် သက်ရောက်မှုတွေ ဖြစ်ပါတယ်။ အဲဒီမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ၃ လမ်းသွား ပဋိပက္ခတွေ အဖြစ် ပုံဖော်နိုင်ပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်း တစိတ်တပိုင်းကို လက်နက်တပ်ဆင် ပေးလာပါတယ်။ စစ် သားသစ်တွေ အဖြစ် စုဆောင်းပါတယ်။ အေအေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေမှာ အသုံးချပါတယ်။ အဲဒီလို စစ်သားသစ်တွေ၊ ဒါမှမဟုတ် ပြည်သူ့စစ် အသွင် တိုက်ခိုက်ရေးသမားတွေ အဖြစ် လက်နက် တပ်ဆင် အသုံးပြုတာမျိုး ရှိသလို၊ ရိုဟင်ဂျာတွေထဲက ဗော်လန်တီယာ သဘောမျိုး သူတို့ဘာသာ လာရောက် ပူးပေါင်းလိုသူတွေ ရှိရင်လည်း စစ်တပ်က လက်ကမ်း ကြိုဆိုပြီး အသုံးချပါတယ်။
တခါ၊ ရှိနှင့်နေခဲ့ပြီးသား ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေဟာလည်း အခုအချိန်မှာ အေအေကိုတိုက် ခိုက်ရေးမှာ စစ်ကောင်စီတပ်ကို အထောက်အကူ ပြုပေးနေတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီ၊ အေအေနဲ့ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားတွေရဲ့ လက်နက် ကိုင် ပဋိပက္ခတွေဟာ၊ စစ်ရေးသက်သက်တင်မက ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဘက် လူမှု အသိုင်းအဝိုင်းထဲမှာလည်း တင်းမာမှုတွေ မလွဲမသွေ နောက်ကလိုက်ပြီး ပေါ်ပေါက် လာပါတယ်။
အဲဒီလိုမျိုး လူမှု အသိုင်းအဝိုင်းထဲမှာပါ ဖြစ်ပေါ်လာနေတဲ့ တင်းမာမှုတွေဟာ ရခိုင်ထဲက အခြေအနေတွေ ဘယ်လောက် ပြင်းထန် ဆိုးရွားနေတယ်၊ ဘယ်လောက် စိုရိမ်စရာ ကောင်းနေတယ် ဆိုတာကို မီးမောင်းထိုး ဖော်ပြနေပါတယ်။
ဘီဘီစီ။ ။ တွမ်ရေ ... အရင် ရှိနှင့် နေခဲ့ပြီး ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေဟာ စစ်ကောင်စီ တပ်တွေနဲ့ ပေါင်းပြီး၊ အေအေကို တိုက်ခိုက်နေတယ် ဆိုတာကို အချက်အလက် အနေနဲ့ လက်ဆုပ်လက်ကိုင် ပြောနိုင်သလား ခင်ဗျ။
သောမတ်စ်ကီးန်။ ။ အခြေအနေတွေဟာ ရှုပ်ထွေးပြီး သိနားလည်ရ ခက်စေတာကတော့ အမှန်ပါပဲ။ ရိုဟင်ဂျာ လက်နက်ကိုင်တွေထဲက အဓိက အုပ်စုတွေလို ပြောရမယ့် ARSA အာဆာ၊ RSO နဲ့ ARA ၃ ဖွဲ့စလုံးဟာ သူတို့ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းနေတယ် ဆိုတာကို ကိုယ်စီ ငြင်းဆိုကြတာ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ဘက်မှာတော့ သူတို့နဲ့ စစ်ကောင်စီတပ်တွေကြား ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိနေတာကို ညွှန်ပြနေတဲ့ သက်သေ အထောက်အထားတွေ အတော်အတန် ရှိနေပါတယ်။
ဘူးသီးတောင် ဒေသမှာ အာဆာနဲ့ စစ်တပ်ကြား ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိလာတာကို မတ်လ လောက်ကတည်းက တွေ့လာရပါတယ်။ သူတို့ဟာ အခွန်ကောက်ခံတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ နေရာယူတာတွေ ပြုလုပ်နေခဲ့ပါတယ်။
RSO ကို ကြည့်ရင်တော့ နည်းနည်း အသွင်ကွဲပါတယ်။ အစောပိုင်းမှာတော့ သူတို့ဟာ စစ်ကောင်စီတပ်တွေကိုရော၊ အေအေကိုရော မတိုက်ပဲနဲ့ နေခဲ့ပါတယ်။ အေအေနဲ့ကြား နားလည်မှု တစုံတရာ ရ ထားခဲ့ဟန် တူပါတယ်။ အဲဒီ သဘောတူမှု ကျိုးပျက်သွားပြီး အာအက်စ်အိုလည်း အေအေကို ပြီးခဲ့တဲ့ ဧပြီလောက်မှာ စပြီး တိုက်ခိုက်လာပါတယ်။ အာအက်စ်အိုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခ သည်စခန်းတွေထဲမှာ တိုက်ခိုက်ရေးသမား လူသစ်တွေ စုဆောင်းတာမျိုးကို အတင်းအဓ္ဓမနဲ့ အကြီးအကျယ် လုပ်ပါတယ်။ အဲဒီ လူသစ်တွေကို မြန်မာပြည်ဘက် ပို့ပါတယ်။ မြန်မာပြည်ဘက် ရောက်သွားတဲ့ အဲဒီ လူသစ်တွေဟာ မြန်မာ စစ်ကောင်စီတပ်တွေရဲ့ အသုံးပြုမှု ခံရတာကို တွေ့ရပါတယ်။
အဲဒီ အချက်ဟာ RSO နဲ့ စစ်ကောင်စီကြားက ဆက်ဆံရေးကို ညွှန်ပြ နေပါတယ်။ သူတို့ကြား ဆက်ဆံ ရေး အပေါ် အလုံးစုံ မသိရရင်တောင် ပူးပေါင်း ဆောက်ရွက်မှု အတိုင်းအတာတစ်ခုထိ ရှိနေကြောင်း သိသာစေပါတယ်။

ဘီဘီစီ။ ။ ဒီလို အခြေအနေတွေမှာ အေအေရဲ့ အပြုအမူတွေကိုရော ဘယ်လို တွေ့ရပါသလဲ။ သူတို့ အနေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်း အပေါ် ဘယ်လို ပြုမူ ဆက်ဆံပါသလဲ။
သောမတ်စ်ကီးန်။ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စပြီး၊ အာရ်ကန်အာမီဟာ ရခိုင်ထဲက ဒေသတချို့မှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး အပိုင်းကိုပါ လုပ်ဆောင်လာပါတယ်။ သူတို့ဟာ နယ်မြေဒေသတွေကို ထိန်းချုပ်လာနိုင်တာနဲ့ အမျှ အဲဒီ ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးကို ထူထောင်လာတာ ဖြစ်ပါတယ်။
သူတို့ ထိန်းချုပ်တဲ့ ဒေသတွေမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်း ရှိနေတဲ့ နေရာတွေလည်း ပါဝင်ပါတယ်။ အရေအတွက် သိန်း သန်း မချီရင်တောင်မှ၊ မနည်းလှတဲ့ ဦးရေ ပမာဏမျိုး သောင်းဂဏန်း တချို့ အထိ ရှိနိုင်ပါတယ်။ ဒီတော့ အဲဒီ ရိုဟင်ဂျာတွေဟာ အေအေရဲ့ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုအောက်မှာ ရှိနေခဲ့တာ နှစ်တချို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အေအေ အနေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးကို ရရှိဖို့ ကြိုးစားတာမျိုးကို တွေ့နေခဲ့ရပါတယ်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ဒီလို ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာဟာ အားလုံးအတွက် လက်တွေ့ကျပြီး အကျိုးရှိစေမယ် ဆိုတဲ့ အချက်ကို အေအေ အနေနဲ့ သိမြင်ခဲ့ပုံ ရပါတယ်။
ရိုဟင်ဂျာတွေ အသွားအလာ ကန့်သတ် ချုပ်ချယ် ခံထားရတာကို ဖြေလျှော့ပေးတာမျိုး ပြုလုပ်ပါတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်း နှစ်ခုကြား အပြန်အလှန် ဆက်ဆံရေး ရှိဖို့ အေအေက တွန်းအားပေးပါတယ်။ ရခိုင်ရွာတွေ ထဲကနေ ရိုဟင်ဂျာတွေကို ပေးပြီး ဖြတ်သန်းတာမျိုး ခွင့်ပြုဖို့ အေအေက ရခိုင်ဘက်ကို တိုက်တွန်းတာမျိုး ပြုလုပ်ပါတယ်။ နှစ်ဘက် ထိတွေ့မှု ရှိပြီး၊ ဆက်ဆံရေး ပိုကောင်းလာအောင် ရည်ရွယ်ပုံရပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ဘင်္ဂါလီ ဆိုပြီး ရည်ညွှန်း သုံးစွဲတာမျိုးကို သတိ ထား ရှောင်တာမျိုး တွေ့ရပါတယ်။
ဒါပေမယ့် လက်ရှိ မှာတော့ အဲဒီ အခြေအနေတွေဟာ အကုန် ပြောင်းပြန်လှန် ပြောင်းလဲ သွားပါတယ်။ ဘင်္ဂါလီ ခေါ်တာကအစ ပြန်ပြီး ပြုလုပ်လာတဲ့ အတွက် နှစ်ဘက် အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို ပိုပြီး မီးလောင်ရာ လေ့ပင့် ဆိုသလိုမျိုး ဖြစ်လာစေပါတယ်။ ဒီလို အပြောင်းအလဲမျိုးတွေကို ပြီးခဲ့တဲ့ မတ်လလောက်က စပြီး တွေ့လာရပါတယ်။
နိုင်ငံတကာရောက် ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေထဲက ရိုဟင်ဂျာတွေကလည်း အဲဒီ အပြောင်းအလဲ တွေ အပေါ် သတိထားမိပြီး ဆိုရှယ်မီဒီယာတွေ အပေါ် အတော်လေး ပြောဆိုလာကြပါတယ်။ လက်တွေ့မြေပြင်ပေါ်မှာလည်း ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာ ဆိုရင် ရိုဟင်ဂျာနဲ့ အေအေကြား ဆက်ဆံရေးဟာ ပျက်ယွင်းသွားပါတယ်။ အခြေအနေတွေဟာ ဧပြီနဲ့ မေလတွေမှာ ပိုပြီး ဆိုးရွားလာပါတယ်။
အေအေ အနေနဲ့ ရိုဟင်ဂျာတွေ အပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ် ဆိုပြီး စွပ်စွဲမှုတွေ အတော်လေး ထွက်ပေါ်လာပါတယ်။ ရိုဟင်ဂျာတွေကို တစ်နေရာကနေ တစ်နေရာ အတင်းအကျပ် ရွှေ့ပြောင်းစေတာ၊ သူတို့ နေအိမ်တွေကနေ အတင်းအဓမ္မ ထွက်သွားခိုင်းတာ၊ နေအိမ်တွေကို ဖျက်စီး ပစ်တာကအစ ဥပဒေမဲ့ သတ်ဖြတ်တာမျိုးထိ လုပ်ဆောင်လာတယ် ဆိုပြီး စွပ်စွဲ မှုတွေ၊ ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြသံတွေ ထွက်လာပါတယ်။
အဲဒီ စွပ်စွဲမှုတွေကို အထောက်အပံ့ ဖြစ်စေတဲ့ သက်သေတွေလည်း ရှိနေပါတယ်။ ဆိုလိုတာက စွပ်စွဲမှုတွေ မှန်ကန်ကြောင်း ပြသနေတဲ့ အချက်တချို့ကို တွေ့ရပါတယ်။ အားလုံး အပေါ် စိစစ် ပိုင်းခြားနိုင်ဖို့ကတော့ ခက်လှပါတယ်။ ပြောခဲ့သလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေက အစ ဆက်သွယ်ရေး လမ်းကြောင်းတွေ အားလုံး ပြတ်တောက် နေ၊ ချို့တဲ့ နေတဲ့ အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့တတ် နိုင်သလောက် အချက်အလက်တွေ ရှာဖွေ စုဆောင်း ဆန်းစစ်ကြည့်ပါတယ်။ ဥပမာ ပြောရရင် ဂြိုဟ်တု ဓာတ်ပုံတွေပါ။
ဘူးသီးတောင် တဝိုက် ရိုဟင်ဂျာရွာတွေ မီးလောင်ပြာကျ နေတာကို အဲဒီ ဓာတ်ပုံတွေက ဖော်ပြ နေပါတယ်။ ဒါဟာ ဘူးသီးတောင် မြို့ပေါ် နေရာတွေ မီးမလောင်ခင် ကတည်းက ရိုဟင်ဂျာရွာတွေ မီးလောင်ခံခဲ့ရတာ ဖြစ်ပါတယ်။
နှစ်ဘက်စလုံးကတော့ တစ်ဘက်နဲ့တစ်ဘက် စွပ်စွဲ နေကြပါတယ်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းက အေအေတပ်တွေ လုပ်တာလို့ ပြောသလို၊ အေအေဘက်ကလည်း စစ်ကောင်စီနဲ့ စစ်ကောင်စီ အပေါင်းအပါ ရိုဟင်ဂျာတွေရဲ့ လက်ချက်လို့ ဆိုပါတယ်။ ဖြစ်ရပ်မှန်တွေဟာ တစ်နေ့နေ့ မလွဲမသွေ ပေါ်ပေါက်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကြီးမားတဲ့ အတိုင်းအတာ ပမာဏနဲ့ ပေါ်ပေါက်ခဲ့သမျှ အရာတွေမှာ မျက်မြင် လူ သက်သေတွေ အပါ အဝင် အထောက်အထားတွေလည်း အခိုင်အမာ ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ အခု ဖြစ်ပျက်နေတာတွေ၊ ပေါ်ပေါက်နေတာတွေကို လုံးဝ ဖုံးကွယ်လိုက်ဖို့၊ ဖျောက်ဖျက်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။
သောမတ်စ်ကီးန်။ ။ ဒီတခါ အခြေအနေတွေဟာ အရင် ဖြစ်ပျက်ခဲ့တာတွေနဲ့ ထပ်တူချပြီး ပြောလို့တော့ မရနိုင်ပါဘူး။ အခု ကျွန်တော်တို့ အာရုံစိုက် ပြောနေတာဟာ ဘူးသီးတောင် မောင်တော ဒေသဖြစ်ပြီး၊ အရပ်သား အများစုက ရိုဟင်ဂျာတွေ ဖြစ်တဲ့အတွက် အဲဒီလို နေရာမျိုးမှာ မတူတဲ့ လူမှုအသိုင်း အဝိုင်း ၂ ခုကြားက ပြဿနာ ဆိုတာထက် စာရင်၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ အေအေတပ်ကြားက အခြေအနေတွေ ဖြစ်ပါတယ်။
ဒီတော့ communal violence လို့ ခေါ်တဲ့ လူမှု အသိုင်းအဝိုင်း နှစ်ခုကြားက အဓိကရုဏ်းအကြမ်း ဖက် ပုံစံမျိုးဟာ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာတော့ ပေါ်ပေါက်နိုင်ခြေ နည်းတယ်လို့ ဆိုနိုင်ပါတယ်။ စိုးရိမ်ရတာက ရိုဟင်ဂျာ အရေအတွက် အများစု ရှိမနေတဲ့ တခြားဒေသတွေမှာ communal violence တွေ ပေါ်ပေါက်လာမလား ဆိုတာ ဖြစ်ပါတယ်။
နောက် စိုးရိမ်ချက်ကတော့ ... အေအေ ကျူးလွန်နေတယ် ဆိုပြီး အခု ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေကို အသုံးချပြီး ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းထဲမှာ လူသစ်တွေ ထပ် မံ စုဆောင်းလာနိုင်တဲ့ အန္တရာယ် ဖြစ်ပါတယ်။ ရိုဟင်ဂျာ အဖွဲ့တွေနဲ့ အေအေကြား လက်နက်ကိုင် ပဋိ ပက္ခတွေ ပိုပြီး ကြီးမား ကျယ်ပြန့်လာမှာကို စိုးရိမ်ရပါတယ်။
တခါ၊ အေအေ ကျူးလွန်နေတယ် ဆိုပြီး ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေဟာ အေအေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကြား ဆက်ဆံရေးကိုလည်း ထိခိုက် စေပါတယ်။ အေအေရဲ့ ပုံရိပ် ထိခိုက်ပျက်စီးပြီ ဆိုရင် အေအေ ထိန်းချုပ်မှုအောက် ရောက်နေတဲ့ ရိုဟင်ဂျာ ဒေသတွေဆီ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခ သည်တွေ နေရပ်ရင်း ပြန်နိုင်ရေးဟာလည်း ဘယ်လိုမှ ဖြစ်မြောက်လာမှာ မဟုတ်ပဲ ဆက်ပြီး ကြန့်ကြာ နေဦးမှာကို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စိုးရိမ် နေပါတယ်။
ဒီလို ရှုထောင့်အမျိုးမျိုး ရှိနေတဲ့ အထဲကမှ အရေးအကြီးဆုံး သဘောထားပြီး လုပ်ဆောင်သင့်တာကတော့ ဘယ်သူကကျုးလွန်သည် ဖြစ်စေ ... လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို ချက်ခြင်း ရပ်တန့်ကြဖို့ ဖြစ်ပါတယ်။ လက်ရှိမှာကို ရိုဟင်ဂျာ အများအပြားဟာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရပြီး အခြေခံ စားနပ်ရိက္ခာကို မရှိတော့တဲ့ အခြေအနေ ရောက်သွားပြီ ဖြစ်ပါတယ်။ အဓိက အာရုံစိုက်သင့်တာကတော့ သူတို့ရဲ့ အသက်ရှင် နိုင်ရေးနဲ့ သူတို့ကို ဘယ်လိုဘယ်ပုံ အထောက်အပံ့တွေ ပေးနိုင်မလဲ ဆိုတဲ့ အပေါ်မှာ ဖြစ်ပါတယ်။
ဒီတော့ ဘူးသီးတောင်ကို ထိန်းချူပ် သိမ်းပိုက်လိုက်ပြီလို အေအေက ကြေညာတယ်ဆိုရင် ဘူးသီးတောင်မှာ နေတဲ့ သူ အားလုံးကို ကာကွယ်စောင့်ရှောက် ပေးဖို့ အေအေက တာဝန်ယူရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ မျှော်လင့် နေတာကတော့ အေအေရဲ့ ခေါင်းဆောင်ပိုင်း အနေနဲ့ ဘူးသီးတောင် ဒေသမှာ စာနာမှုဆိုင်ရာ အကျပ်အတည်း ဆိုက်ရောက်နေရတာကို တားဆီး ပြောင်းလဲ ပေးလာဖို့ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ နိုင်ငံတကာရောက် ရိုဟင်ဂျာ အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ အခု ဘူးသီးတောင်မှာ ပေါ်ပေါက်နေတဲ့ ဖြစ်ရပ်တွေဟာ ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှု အပေါ် ခြိမ်းခြောက်နေတာမျိုး ဖြစ်တယ်။ Existential threats တွေလို့ ပြောနေကြပါတယ်။ တွမ့် အနေနဲ့ရော ဘယ်လို ဆန်းစစ်မိပါသလဲ။
သောမတ်စ်ကီးန်။ ။ ရခိုင်ထဲမှာ ရှိတဲ့ မတူတဲ့ လူမှု အသိုင်းအဝိုင်း အားလုံးဟာ လက်ရှိ အချိန်မှာ ဆိုးဆိုးရွားရွားတွေ တွေ့ကြုံ ခံစားနေကြရတာ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျား ရခိုင်တွေနဲ့ စကားပြောကြည့်မယ် ဆိုရင်လည်း .... သူတို့မှာ ဘာမှ မရှိတော့ပါဘူး။ သူတို့ရဲ့ စီးပွားရေးတွေ ၊ လုပ်ငန်းတွေ ရပ်တန့်နေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ နေအိမ်တွေ၊ လူနေရပ်ရွာတွေလည်း မီးလောင်ပြာကျပြီး ပျက်စီးသွားရပါတယ်။
တခါ၊ ရိုဟင်ဂျာတွေကို ကြည့်ပြန်ရင် ... သူတို့ဟာ ပိုပြီး ထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်း အဖြစ် အများက မှတ်ယူကြပါတယ်။ စစ်ကောင်စီနဲ့ အေအေကြား ပိတ်မိနေပြီး ပြေးစရာ မြေမရှိ ဖြစ်နေရပါတယ်။ ဖြစ်တည်မှုတစ်ခုလုံး ခြိမ်းခြောက်ခံ နေရပြီလား ဆိုတဲ့ အပေါ် ဆန်းစစ်မယ် ဆိုရင်တော့ အေအေ အဖွဲ့ရဲ့ သဘောထား အပေါ် အများကြီး တည်မှီ နေပါတယ်။ ရိုဟင်ဂျာ အရေး လုပ်ဆောင်ကြသူတွေ အနေနဲ့ အေအေရဲ့ အပြုအမူတွေ အပေါ် ဘာလို့ စိုးရိမ် နေကြသလဲ ဆိုတာကို ကျွန်တော် နားလည်နိုင်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကစလို့ လေသံပြောင်းလဲ လာခဲ့တဲ့ အေအေ ခေါင်းဆောင်ပိုင်းရဲ့ ထုတ်ပြန်ချက်တွေဟာ အဲဒီလို စိုးရိမ်ချက်တွေကို ပိုပြီး ဆိုးရွားစေပါတယ်။ ရိုဟင်ဂျာတွေကို သစ္စာဖောက်တွေလို့ ရည်ညွှန်း ခေါ်ဝေါ်တာတွေဟာ ရိုဟင်ဂျာတွေ အပေါ် အေအေအနေနဲ့ ဘယ်လို သဘောထား ဆက်ဆံမလဲ ဆိုတဲ့ စိုးရွံ့မှုတွေကို ဆထက်တပိုး ပိုပြီး ဖြစ်လာစေပါတယ်။ ကျွန်တော်လည်း ရိုဟင်ဂျာ တစ်ယောက်ဆိုရင် တုန်လှုပ်မိမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အေအေ ခေါင်းဆောင်ပိုင်း အနေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကိုရော ကမ္ဘာကိုရော အေအေဦးဆောင်တဲ့ ရခိုင်ထဲမှာ ရိုဟင်ဂျာ အတွက် နေရာရှိကြောင်း၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို လေးစားမှာ ဖြစ်ကြောင်း ပြသဖို့၊ အာမခံဖို့ လိုပါတယ်။ လက်ရှိမှာကို အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူတွေ အပေါ် ကာကွယ် စောင့်ရှောက် ပေးတာတွေ လုပ်ဆောင်ဖို့ လိုပါတယ်။
သောမတ်စ်ကီးန်။ ။ မြန်မာနိုင်ငံထဲ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်ရပ်တွေ ပေါ်ပေါက်နေတာ နှစ်ကာလ အတန်ကြာ ရှိနေပြီ ဖြစ်ပေမယ့်၊ မြေပြင် အခြေအနေတွေ တိုးတက်သွားအောင်၊ သက်သာရာရအောင် အကျိုးရှိ ထိရောက်တဲ့ ဘယ်လို နိုင်ငံတကာ စွက်ဖက် ဆောင်ရွက်မှုမျိုးမှ မတွေ့ခဲ့ရပါဘူး။ အဲဒီလို ပြောတဲ့ အတွက် စီးပွားရေး အရ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ မြန်မာထဲ ဩဇအတန် သင့်ရှိတဲ့ အိမ်နီးချင်း ပတ်ချာလည် နိုင်ငံတွေရဲ့ ဖျောင်းဖြတိုက်တွန်းမှုတွေ၊ ကြားဝင်ပေးမှုတွေ ရှိမလာနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။
အေအေနဲ့ကြား စကားပေါက်နိုင်တဲ့ နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်တို့ ပါဝင်ပါတယ်။ မြန်မာပြည် တခြားနေရာတွေဆီဘက် ထွက်ပေါက်တွေကို စစ်ကောင်စီ တပ်တွေက ပိတ်ဆို့ထားတဲ့ အခါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နယ်စပ်တွေက ရခိုင်ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေ ပွင့်နေဖို့ အေအေ အနေနဲ့ လိုအပ်ပါတယ်။ မရှိမဖြစ် ထောက်ပို့ ပစ္စည်းတွေ စီးဆင်းဖို့ အဲဒီ နယ်စပ်ပေါက် တွေကို မှီခိုနေရတာ ဖြစ်ပါတယ်။
တခါ တရုတ် နဲ့ အေအေ ဆက်ဆံရေးကို ကြည့်ရင် ... ရခိုင်ထဲက အေအေရဲ့ လက်ရှိ အခန်းကဏ္ဍ အ ပေါ် ဘယ်လိုမှ လျစ်လျူရှု မျက်ကွယ်ပြုလို့ ရနိုင်မယ် မထင်ပါဘူး။ ရခိုင်ထဲက မြို့နယ်ပေါင်း ၁၀ ခုထက် မနည်းကို အေအေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ချင်းတောင်ပိုင်း ပလက်ဝဟာလည်း အေအေရဲ့ ထိန်းချုပ်မှု အောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်၊ အခု လက်ရှိ အခြေအနေမှာ မြောက်ပိုင်း မောင်တော အပါအဝင် အလယ်ပိုင်းနဲ့ တောင်ပိုင်းက နေရာတချို့လည်း အေအေလက်ထဲ ရောက်လုရောက်ခင် အနေအထားမျိုးမှာ ရှိနေပါတယ်။
ဒီတော့ ရခိုင်ထဲက အရေးကို တရုတ် အနေနဲ့ ဘယ်လောက် အတိုင်းအထိ ပါဝင် ပတ်သက်ဖို့ ပြင်ဆင်ထားသလဲ ဆိုတဲ့ အပေါ် ဆန်းစစ်ကြည့်ရမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်တုန်းကနဲ့တော့ တရုတ်ရဲ့ အနေ အထားက ထပ်တူညီတာ မတွေ့ရပါဘူး။ ရှမ်းမြောက်ထဲက စစ်ပွဲတွေရပ်ဖို့ စစ်ကောင်စီဘက်ကိုရော၊ ညီနောင် မဟာမိတ် အဖွဲ့တွေကိုပါ တရုတ်က အတော်လေး ဖိအားပေးခဲ့ပါတယ်။
အခု မေလလယ်ပိုင်းက လုပ်သွားတဲ့ တွေ့ဆုံပွဲမှာတော့ တရုတ်က အေအေနဲ့ စစ်ကောင်စီ အပေါ် မဖြစ်မနေ အပစ်ရပ်ဖို့ ဖိအားပေး တိုက်တွန်းတာမျိုး မရှိဘူးလို့ နားလည်ထားပါတယ်။ တွေ့ဆုံပွဲအထ မြောက် အောင် ကြားဝင် ဖန်တီးပေးပြီး၊ နေရာထိုင်ခင်း ပံ့ပိုးပေးတဲ့ နေရာလောက်မှာပဲ တရုတ်က ကိုယ်ရှိန်သတ်နေပါတယ်။
သူတို့နဲ့ နယ်စပ်တလျှောက် တိုက်ရိုက် ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသတလွှား စစ်ပွဲတွေတုန်ကလောက် ထိ ရခိုင်အရေးမှာ ဝင်ရောက် ပတ်သက်လိုပုံ မရပါဘူး။ ဒါဟာလည်း နိုင်ငံတကာ သံတမန်ရေး မျက်နှာစာမှာ ပိုပြီး ဆီလျော် မှန်ကန်နိုင်တဲ့ ရပ်တည်မှုလို့ တွက်ဆပုံရပါတယ်၊ ကျောက်ဖြူက သူတို့ရဲ့ ရင်း နှီးမြှုပ်နှံမှုတွေ၊ အကျိုးစီးပွားတွေ မထိခိုက်စေရေးပဲ နှစ်ဘက်လုံးကို အလေးထား ပြောနေပုံရပါတယ်။
အေအေဟာ ရခိုင်ထဲမှာပိုပြီး လွှမ်းမိုးတဲ့ နေရာမှာ ရောက်လာပြီ ဆိုဦး တရုတ် အနေနဲ့ သူတို့ ရပ်တည်မှုကို စစ်ကောင်စီနဲ့ အေအေကြား ဟန်ချက်မျှအောင် ပိုပြီး နေပြလိုဟန် တူပါတယ်။
ကျောက်ဖြူကနေ ယူနန်အထိ သွယ်ထားတဲ့ ပိုက်လိုင်းအရေးကို ဥပမာ ထားပြီး ကြည့်မယ် ဆိုရင် ကျောက်ဖြူကို လာမယ့် လ အနည်းငယ် အတွင်းမှာပဲ အေအေက ထိန်းချုပ်လိုက်ပြီ ဆိုဦး တရုတ် အနေနဲ့ အေအေ တစ်ဘက်တည်းကို ပုံအောဖို့ လက်တွေ့အရ မဖြစ်နိုင်တာတွေ ရှိပါတယ်။ ကျောက်ဖြူ စီမံကိန်းတွေဟာ နေပြည်တော်နဲ့ကြား ချုပ်ဆိုထားတာ ဖြစ်ပြီး၊ ပိုက်လိုင်းဆိုရင် မြန်မာပြည် တနံတလျား တခြား နေရာတွေကိုပါ ဖြတ်သန်းသွားတာ ဖြစ်ပါတယ်။ ဒီတော့ စစ်ကောင်စီရော အေအေရောနဲ့ပါ ဆက်လက် ဆက်ဆံပြီး အလုပ်လုပ်နိုင်ဖို့ တရုတ် အနေနဲ့ လိုအပ်ပါတယ်။
Link : Here
No comments:
Post a Comment