" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 2, 2012

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကြမ်းဖျင်းလေ့လာခြင်း

DVB
November 2, 2017

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက် တတိယအကြိမ် ပြည်သူ့လွှတ် တော် တတိယအစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ထိုဥပဒေနှင့်ပတ်သက်၍ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းထားခြင်း မရှိပေ။

ထိုဥပဒေကို ပြဋ္ဌာန်းရသည့် နောက်ခံသမိုင်းကြောင်းများ ရှိလေသည်။ နိုင်ငံရေး နောက်ခံ အကြောင်းအချက်များ လူဦးရေ အဆမတန် တိုးတက်များပြားလာနေသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ် မြို့နယ်များသို့ ခိုးဝင်နေထိုင်မှုများ ရှိနေသည်ကို ဒေသခံ ရခိုင်တိုင်းရင်းသားများက စိုးရိမ်ကြသည်။ ထိုပြဿနာကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက သိရှိစေရန်၊  ၁၉၇၁ ခုနှစ်မှ ၁၉၇၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ် စစ်တွေရှိ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များက အစာငတ်ခံ ဆန္ဒပြလျက် ရခိုင်ဒေသတွင် လူဦးရေ အချိုး အ စား ပြောင်းလဲမှု ဖြစ်မလာစေရေးအတွက် တရားမဝင် လူဝင်ရောက်မှုကို ထိရောက်စွာ ကိုင်တွယ်အရေးယူပေးပါရန် တောင်းဆိုကြသည်။

ထို့ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၏ လူဦးရေ စာရင်းဇယားများ မှန်မှန်ကန်ကန် ရရှိစေရန်၊  နယ်အဝေးသို့ ရောက်နေကြသော ဒေသခံပြည်သူများအား လူဦးရေ စာရင်းကောက်ယူချိန်တွင် မိမိတို့အိမ်ကို လာရောက်နေထိုင်ကြရန် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီက ၂၆ ရက် ဧပြီလ၊ ၁၉၇၈ ခုနှစ်က ကြေညာချက် အမှတ် ၁/၇၈ ဖြင့် လည်းကောင်း၊ ၉-၅-၇၈ နေ့တွင် ကြေညာချက် အမှတ် ၂/၇၈ ဖြင့် လည်းကောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ မောင်တောမြို့နယ်တွင် လူဦးရေ စစ်ဆေးသည့် စီမံချက်ကို နဂါးမင်းစီမံချက်ဟု ခေါ်တွင်ပြီး၊ ၁၉၇၈ ခုနှစ် မေလ ၅ ရက် နေ့မှ ဇွန်လ ၅ ရက်အထိ တလအတွင်း အပြီးဆောင် ရွက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှနိုင်ငံမှ ရခိုင်ပြည် နယ်ဘက်သို့ ခိုးဝင်နေထိုင်ကြပြီး အိမ်ထောင်ပြု သားမွေး စီးပွားရှာကာ နေထိုင်ကြသော ဘင်္ဂလီလူမျိုး စစ်တ ကောင်းသားများသည် နဂါးမင်း စစ်ဆင်ရေးကာလတွင် အစစ်ဆေးမခံဝံ့ဘဲ ထွက်ပြေးကြရာ မောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာ ၂၁ ရွာမှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွာလုံးကျွတ် ထွက်ပြေးသွားကြလေသည်။ ထိုသို့ အစစ်ဆေးမခံဝံ့ဘဲ ထွက်ပြေးသွားကြသူ စုစုပေါင်းမှာ ၁၂၀၃၀၂ ယောက်ရှိသည်ဟု ထိုစဉ်က မြန်မာ အစိုးရ စာရင်းဇယားများအရ သိရသည်။

ထိုသို့ ထွက်ပြေးသွားသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသဖြင့် မြန်မာအစိုးရကို ကန့်ကွက်လေသည်။ သို့ဖြစ်၍ ကုလသမဂ္ဂ၏ ကြားဝင်ဖျန်ဖြေမှုကြောင့် ထိုသူများကို ရခိုင်တွင် ပြန်လည်အခြေချနေထိုင်ရန် ဦးနေဝင်း အစိုးရက သဘောတူညီခဲ့ရလေသည်။ 

နှစ်နိုင်ငံ အစိုးရတို့၏ ညှိနှိုင်းချက်အရ ထွက်ပြေးသွားသူများကို ပြန်လည် လက်ခံသွားရန် လက်ခံရေးစခန်း ၁၀ ခု ဖွင့်လှစ်လျက် ၁၅ ရက် စက်တင်ဘာလ ၁၉၇၈ ခုနှစ်မှစ၍ တကြိမ်လျှင် လူဦးရေ ၂၀၀၀ စီကို လက်ခံခဲ့ရလေရာ၊ ထိုစီမံချက်ကို ဟင်္သာစီမံချက်ဟု ခေါ်လေသည်။ ထိုစီမံချက် ပြီးဆုံးသည့် ၁၉၈၀ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ပြန်လည် လက်ခံလိုက်ရသော ဘင်္ဂလီလူဦးရေမှာ ၁၈၆၉၉၆ ဦး ဖြစ်သည်။ 

သို့ဖြစ်၍ ထွက်သွားသည့် လူဦးရေထက် ပြန်လည်လက်ခံလိုက်ရသော လူဦးရေက ၆၇၀၀၀ ခန့်မျှ ပိုမိုများပြားလာသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ထိုစဉ်က မြန်မာနိုင်ငံရှိ နိုင်ငံသားဖြစ်မှုနှင့် သက်ဆိုင်သောဥပဒေ ၂ ရပ်ရှိသည်။  ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က အတည်ဖြစ်ခဲ့သော ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတို့ ဖြစ်ကြသည်။ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားလက်မှတ် ၂ မျိုးရှိပြီး၊ “နိုင်ငံသားလက်မှတ်” နှင့် “နိုင်ငံသားပြုမှုလက်မှတ်” ဖြစ်သည်။ 

၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနှင့် ညီညွတ်သောသူများပြည်ထောင် စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၄(၂) နှင့် ပုဒ်မ ၅ (က)(ခ)(ဂ) တို့နှင့် ညီညွတ်သောသူများသည် နိုင်ငံ သားလက်မှတ်ကို ရရှိနိုင်ပြီး၊  ပုဒ်မ ၇(၁) အရ နိုင်ငံခြားသားက နိုင်ငံသားအဖြစ် လျှောက်ထားရယူသူများသည် “နိုင်ငံသားပြုမှု လက်မှတ်” ကို ရရှိကိုင်ဆောင်နိုင်သည်။ အဆိုပါ ဥပဒေပုဒ်မ ၄ (၂) အရ ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ နယ်နိမိတ်တခုခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍ မိမိတို့ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့်ပြင် မိမိ၏ မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေတခုခုတွင် မွေးဖွားသူဖြစ်လျှင်၊ ထိုသူအား မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်ဟု ဆိုထားသည်။ 

အဆိုပါဥပဒေ ပုဒ်မ ၇(၁) အရဆိုလျှင်၊ အသက် ၁၈ နှစ်ပြည့်ပြီး မြန်မာစကား၊ ရှမ်းစကား၊ ကရင်စကား၊ ကချင် စကား၊ ချင်းစကား တမျိုးမျိုးကို ပြောတတ်သည့် နိုင်ငံခြားသားတဦးသည် မြန်မာနိုင်ငံအတွင်း ၅ နှစ်ထက်မနည်း နေထိုင်ခဲ့ပါက နိုင်ငံသားပြုမှုလက်မှတ်ကို လျှောက်ထားနိုင်ကြောင်း၊ ထိုအချက်များနှင့် ညီညွတ်လျှင် ဝန်ကြီးက ကျေနပ်ပါက နိုင်ငံသားပြုမှုလက်မှတ်ကို ပေးအပ်နိုင်သည် ဆိုသည့် အချက် ပါဝင်သည်။

အဆိုပါ ပြဋ္ဌာန်းချက်များအရဆိုလျှင် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နေထိုင်ပြီး အဘိုး အဘွားများနှင့် မိဘများအားလုံးက နိုင်ငံခြားသား ဖြစ်စေကာမူ စဉ်ဆက်မပြတ် နေထိုင်လာကာ ကာယကံရှင်နှင့် မိဘနှစ်ပါးမှာ မြန်မာနိုင်ငံတွင် မွေးဖွားလာသူဖြစ်ပါက အလိုအလျောက် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရမည် ဖြစ်သည်။ ထိုအခွင့်အရေးမှာ မြန်မာနိုင်င်ငံ တိုင်းရင်းသားများသာ ရရှိသည့် အခွင့်အရေးနှင့် တန်းတူဖြစ်လေသည်။ ထို့ပြင် အသက် (၁၈) နှစ် ပြည့်ပြီးသော၊ နိုင်ငံခြားသားတဦးသည် မြန်မာနိုင်ငံတွင် နေထိုင်ကာ ၅ နှစ်အတွင်း၊ တိုင်းရင်းသား ဘာသာစကားတမျိုးမျိုးကို ပြောဆိုတတ်လျှင် နိုင်ငံသားပြုမှု လက်မှတ်ကို လျှောက်ထားရယူနိုင်လေသည်။ 

ထိုသို့ အား နည်းချက်များ ရှိနေသည့် ဥပဒေကြောင့် ဘင်္ဂလီများ အပါအဝင် နိုင်ငံခြားသားများ ပိုမိုခိုးဝင်ရောက်လာကြကာ နိုင်ငံသားများ ဖြစ်သွားနိုင်သည့်အတွက် တည်ဆဲ မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနှစ်ရပ်ကို ပယ်ဖျက်ကာ၊ ပိုမိုတင်းကျပ်သော နိုင်ငံသား ဥပဒေတရပ်ချမှတ်ရန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေ သည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အဆိုပါဥပဒေအရ နိုင်ငံသား ၃ မျိုး ခွဲခြားထားသည်။

(၁) နိုင်ငံသား- မြန်မာနိုင်ငံ၏ နယ်မြေတခုခုအတွင်း ၁၈၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် စဉ်ဆက်မပြတ် နေထိုင်လာခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားမျိုးနွယ်စုများကို မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြုသည်။ မည်သည့်မျိုးနွယ်စုသည် တိုင်း ရင်းသား ဖြစ်သည်၊ မဖြစ်သည်ကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ်နိုင်သည်။ ထို့အပြင် နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် …. ၁…နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူများ၊ ၂…နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားသူများ၊ ၃…နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးက မွေးဖွားသူများသည် နိုင်ငံ သား ဖြစ်သည်။ ထို့ပြင်၊ အောက်ပါဇယားတွင် ဖော်ပြထားသည့် မွေးဖွားသူများကိုလည်း နိုင်ငံသားများအဖြစ် သတ် မှတ်ထားသည်။ (က) (ခ) (ဂ) အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်အရ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့၏ သားသမီးများသည် နိုင်ငံသား အပြည့်အဝ မဖြစ်နိုင်သေးဘဲ၊ တတိယမျိုးဆက်ကျမှသာလျှင် နိုင်ငံသား အပြည့် အဝဖြစ်နိုင်သည်ကို တွေ့ရှိနိုင်သည်။ 

(၂) ဧည့်နိုင်ငံသား- ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်သည့် အချက်များနှင့် ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်။ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူ ဆို သည်မှာ အဆိုပါ ဥပဒေပုဒ်မ ၇(၁) အရ လျှောက်ထားသူ၊ မြန်မာနိုင်ငံတွင် ၅ နှစ်ဆက်တိုက် နေထိုင်ပြီး၊ တိုင်း ရင်း သား ဘာသာစကား တမျိုးမျိုး ပြောနိုင်သော နိုင်ငံခြားသားကို ဆိုလိုခြင်းဖြစ်သည်။ အဆိုပါ ဥပဒေမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဋ္ဌာန်းသည့် ကာလကပင် ဖျက်သိမ်းလိုက်ပြီး ဖြစ်သဖြင့်၊ ထိုစဉ်က လျှောက်ထားရရှိသူများနှင့် ၎င်းတို့၏ မျိုးဆက်များမှလွဲ၍ ဧည့်နိုင်ငံသားအသစ်များ တိုးများလာခြင်း မရှိနိုင်ချေ။

(၃) နိုင်ငံသားပြုခွင့်ရသူ (ပြုနိုင်ငံသား) - ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်မီက မြန်မာနိုင်ငံတွင်း ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ မွေးဖွားသော သားသမီးများသည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီက မြန်မာနိုင်ငံအတွင်း ရောက်ရှိ နေ ထိုင်သူနှင့် ထိုသူတို့မှ မွေးဖွားသော သားသမီးများသည် ထိုစဉ်က တည်ဆဲဥပဒေဖြစ်သော ပြည်ထောင်စုမြန်မာ နိုင်ငံသားအက်ဥပဒေအရ နိုင်ငံသား လျှောက်ထားရန် ကျန်ရှိသောသူများမှာ၊ ယခုအခါ မရှိသလောက် နည်းပါးသွားမည် ဖြစ်သည်။ သို့သော်လည်း … ၁ … နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ ၂… ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ ၃… နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ ၄… ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ ၅…နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများသည်လည်း အသက် (၁၈) နှစ်ပြည့်ပြီး၊ တိုင်းရင်းသား ဘာသာစကား တမျိုးမျိုးကို ကောင်းမွန်စွာပြောဆိုတတ်ပြီး၊ အကျင့်စာရိတ္တကောင်းမွန်ကာ ရူးသွပ်သူ မဟုတ်ခဲ့လျှင် နိုင်ငံသားပြုမှု လက်မှတ်ရရှိနိုင်သည်။ ထို့သူတို့အပြင် နိုင်ငံသားတမျိုးမျိုး (နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ) နှင့် အိမ်ထောင်ကျခဲ့သည့် နိုင်ငံခြားသား (၁၉၈၂ ခုနှစ် ဤဥပဒေအာဏာမတည်မီက နိုင်ငံခြားသားလက်မှတ် ကိုင်ဆောင်သူ ဖြစ်ရမည်) သည်လည်း တလင်တမယားဖြစ်ကာ၊ တရားဝင်ဇနီး-ခင်ပွန်းအဖြစ် အနည်းဆုံး သုံးနှစ် အဆက်မပြတ် နေ ထိုင်ခဲ့လျှင် နိုင်ငံသားပြုခွင့် လျှောက်ထားနိုင်သည်။ ၁၉၈၂ ခုနှစ်မတိုင်မီက နိုင်ငံခြားသား လက်မှတ်ကိုင်ဆောင် သူ အရေအတွက်မှာ သိပ်များလှမည် မဟုတ်သည့်ပြင် နောက်ထပ် အသစ်လျှောက်ထားမည့် နိုင်ငံခြားသားများကို ခွင့်မပြုတော့သည့်အတွက် မူလ နိုင်ငံသားပြုခွင့် လက်မှတ်ရရှိသူများနှင့် အထက်တွင် ပြဋ္ဌာန်းထားသည့် ၎င်းတို့၏ မျိုးဆက်များမှလွဲ၍ အများအပြား တိုးများလာစရာ အကြောင်းလည်း မရှိချေ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၏ ပုဒ်မ ၇၂ အရ၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်မှအပ မည်သည့်နိုင်ငံခြားသားမျှ နိုင်ငံသားပြုခွင့်ရရန် လျှောက် ထားခွင့် မရှိစေရဟု လည်းကောင်း၊ ပုဒ်မ ၇၃ အရ၊ နိုင်ငံခြားသားတဦးကို မည်သည့်အမျိုးအစား နိုင်ငံ သားတဦးဦး (နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ)က မွေးစားခြင်းဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် မရရှိစေရဟု လည်းကောင်း ပြဋ္ဌာန်းထားသောကြောင့် နိုင်ငံခြားသား အစိမ်းသက်သက်များသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း လေး-ငါးဆယ် နေထိုင်ကာ၊ တိုင်းရင်းသား ဘာသာစကားတမျိုးမျိုးကို တတ်ကျွမ်းသည့်တိုင် မြန်မာပြည်၏ နိုင်ငံသားတမျိုးမျိုး (နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ)အဖြစ် ခံယူရယူနိုင်မည် မဟုတ်ချေ။ ၁၉၈၂ ခုနှစ်နောက်ပိုင်းမှ ရောက်ရှိလာပြီး၊ မြန်မာနိုင်ငံသားတမျိုးမျိုး (နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ) နှင့် လက်ထပ်ထားသူသည်လည်း တိုင်းရင်းသား ဘာသာစကားတမျိုးမျိုးကို တတ်ကျွမ်းသည့်တိုင် နိုင်ငံသားမဖြစ်နိုင်ပါချေ။ 

 

ရဲထွန်း (သီပေါ) 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */