" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 23, 2024

ရခိုင်စစ်ရေးပြင်းထန်ချိန် လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ထပ်ပြီး ပေါက်ကွဲ ထွက်လာနိုင်လား

BBC
ဧပြီလ ၂၂ ရက် ၂၀၂၄ 

အေအေဆန့်ကျင်ရေး ဘူးသီးတောင် ဆန္ဒပြပွဲ


တိုက်ပွဲတွေ ပြင်းထန် နေခဲ့တဲ့ ရခိုင်ရဲ့ မြေပြင် အခြေအနေဟာ ပို ဆိုးရွား ရှုပ်ထွေး လာတယ်လို့ အကဲ ခတ်တွေက ပြောပါတယ်။ အခုဆိုရင် လူမျိုးရေး အခြေခံ ပဋိပက္ခတွေ အသွင်မျိုး ရခိုင်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲ ထွက်လာတော့မလား ဆိုတဲ့ နိုင်ငံတကာ စိုးရိမ်ချက်တွေ အတော်လေး ကြီးကြီးမားမား ပေါ်ထွက်လာပါတယ်။

အကြောင်းကတော့ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက် သွင်းလိုက်ပြီးတဲ့နောက်မှာ၊ ရိုဟင်ဂျာတွေကိုပါ စစ်ကောင်စီတပ်တွေဟာ ရှေ့တန်း စစ်မြေပြင်မှာ အသုံးချလာခဲ့တယ် ဆိုတဲ့သတင်း တွေ စပြီး ထွက်လာခဲ့ပါတယ်။

အခု နောက်ဆုံး ကြားသိလာရတာ ကတော့ ဘူးသီးတောင်မှာ ဆိုရင် ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို အဓိက ပစ်မှတ်ထားပြီး မီးတိုက် ဖျက်စီးခဲ့သူတွေထဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အတူ သူတို့ စစ်သင် တန်း ပေးထားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေပါ ပါတယ်လို့ ဘီဘီစီကို ပြောကြသူတွေ ရှိပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘူးသီးတောင် မီးရှို့မှု ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ငြင်းဆိုသလို၊ ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်မျက်နှာပြင်မှာ အသုံးချနေတယ် ဆိုတဲ့ အချက်ကိုလည်း ငြင်းဆိုထားပါတယ်။
ဘူးသီးတောင်ရပ်ကွက်တချို့ မီးလောင်ခဲ့


မွတ်ဆလင်မ်တွေဘက်က လုံခြုံရေးအရ တောင်းဆိုတဲ့ အတွက် မိမိကိုယ်ကိုယ် မိမိ ခုခံ ကာကွယ်ပိုင်ခွင့် ရှိရမယ် ဆိုတဲ့ ရှုထောင့်အမြင်နဲ့ သူတို့လုံခြုံမှု ရှိအောင် လုပ်ဆောင် ပေးခဲ့တာတော့ ရှိတယ်လို့ဗိုလ် ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ဖြေဆိုပါတယ်။

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးတာ၊ လက်နက် တပ်ဆင်ပေးတာမျိုးတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေ အောက်က မဟုတ်ဘူးဆိုရင်၊ ပြည်သူ့စစ်ပုံစံ ဖွဲ့ပေးတာလား ... ဘယ်လို ပုံစံမျိုးလဲ ဆိုတဲ့ အသေး စိတ် အချက်တွေကိုတော့ မပြောပါဘူး။

ဒါပေမယ့် ရိုဟင်ဂျာ ရွာတချို့ပေါ် အေအေရဲ့ လက်နက်ကြီးကျည် ကျတာမျိုးတွေ၊ စစ်တပ်နဲ့ ပေါင်းတယ် ဆိုပြီး အေအေက မီးရှို့လိုက်တာ မျိုးတွေ ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကလည်း တန်ပြန် ပြောဆိုပါတယ်။

ဒီတော့ အခု လက်ရှိ စစ်ရေး အခြေအနေတွေကြားထဲမှာ ရခိုင်နဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကြားလူမျိုး ရေး ပဋိပက္ခအသွင် အုံကြွ ပေါက်ကွဲ ထွက်လာနိုင်လား ... ဘယ်လို ဟန့်တား နိုင်ကြမလဲ ... စစ်မှုထမ်းဥပဒေဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်း အပေါ် ပိုပြီး သက်ရောက် ရိုက်ခတ်မှု အတိုင်းအတာ ပြင်းထန်တယ် လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာလို့ ထောက်ပြရတာလဲ ... စတာတွေ အကြောင်း စစ်တွေ အခြေစိုက် ကုလသမဂ္ဂ အရာရှိ တစ်ဦး အနေနဲ့ နှစ်ကာလ တချို့ လုပ်ကိုင်ခဲ့ဖူးသူ ပေါ်လ် ဂရင်းနင်း Paul Greening ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုးက ဆက်သွယ် မေးမြန်းထားပါတယ်။

(မစ္စတာ ဂရင်းနင်းဟာ ရခိုင်မှာ ပဋိပက္ခတွေ အရှိန်အဟုန် အကြီးမားဆုံး ဖြစ်ခဲ့တဲ့ ၂၀၁၇ က စလို့ ၂၀၂၀ အထိ စစ်တွေ အခြေစိုက် အနီးကပ်ဆုံး ရှိနေခဲ့တဲ့ ဒုက္ခသည် ကူညီရေး IOM အဖွဲ့ရဲ့ အဲဒီ အချိန်က ပရောဂျက် မန်နေဂျာ ဖြစ်ပါတယ်)

ဒုက္ခသည်စခန်းကသူတွေ ရာဂဏန်းတချိူ့ ခေါ်ဆောင်ခံရတယ်လို့ ပြောဆိုသူတွေရှိ

ဘီဘီစီ။ ။ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေဟာ ရိုဟင်ဂျာ အသိုင်း အဝိုင်းအပေါ် ဘယ်လို သက်ရောက် ရိုက်ခတ် နေသလဲလို့ ပေါ်လ် အနေနဲ့ လေ့လာသိရှိ ထားရပါသလဲ။

ပေါ်လ်ဂရင်းနင်း ။ ။ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ စပြီး ကြည့်မယ်ဆိုရင် .... စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေကို စစ်ကောင်စီက မဖြစ်မနေ အကောင်အထည် ဖော်လာတာဟာ စစ်တပ်ထံမှာ လူအင် အားနည်းပါး နေတဲ့ အတွက် အရေအတွက် တိုးမြင့်လာအောင် လုပ်ဆောင်လာတဲ့ လုပ်ရပ် အဖြစ် အ များစုက ရှုမြင်နေပါတယ်။ စစ်တပ်ထံမှာ တကယ်တမ်း တိုက်ပွဲဝင်နိုင်တဲ့ ဦးရေဟာ ၇ သောင်း ဝန်း ကျင်ပဲ ရှိနိုင်တယ် ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိပါတယ်။

ကျွန်တော်ကတော့ စစ်မှုထမ်းဥပဒေကို အသက်သွင်း အကောင်အထည် ဖော်တဲ့ လုပ်ရပ်ဟာ လူအင် အားဖြည့်တင်းဖို့ သက်သက်အတွက်သာ မက၊ လူအများကြား ပိုပြီး နက်နဲ ရှုပ်ထွေးတဲ့ ပြဿနာတွေ ပေါ်ပေါက်လာစေတဲ့ လုပ်ရပ် အဖြစ် ဆန်းစစ်မိပါတယ်။ စစ်သင်တန်း သီတင်းနှစ်ပတ် လောက်ပဲ ပေးပြီး ရှေ့တန်း စစ်မျက်နှာပြင်ကို စေလွှတ်တယ် ဆိုတဲ့ ဖြစ်ရပ်မျိုးတွေကို ကြားသိရပါတယ်။

အဲဒီလောက် တိုတောင်းတဲ့ ကာလအတွင်းမှာ တိုက်ခိုက်ရေး စစ်သားသစ်တွေ ဖြစ်လာအောင် ဘယ်လိုမှ လေ့ကျင့် ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီသူတွေကို စစ်မျက်နှာပြင်ကို စေလွှတ်ပြီ ဆိုရင် အဓိပ္ပာယ်သက်ရောက်မှုက ကြီးမား ကျယ်ပြန့်ပါတယ်။ စစ်သားသစ်တွေ ဖန်တီး ရယူတာမျိုး ဆိုတဲ့ အဖြစ်ထက် ကျော်လွန်သွားပြီး၊ လူသားဒိုင်း အဖြစ် အသုံးချတယ် .... အရပ်သားတွေ အချင်းချင်း ပြန်လည် တိုက်ခိုက် သတ်ဖြတ်တာမျိုး ပေါ်ပေါက်လာအောင် ပြုလုပ်တဲ့ စိတ်ဓာတ် စစ်ဆင်ရေး နည်းနာ ဟန်ပန် ဖြစ်တယ် ဆိုတဲ့ ရှုထောင့်အမြင်တွေ ပေါ်ထွက် လာစေပါတယ်။

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ အရေးဟာ အစကတည်းက ရှုပ်ထွေးနှင့်ပြီး ဖြစ်ပါတယ်။ ဒီတော့ စစ်မှုထမ်းခိုင်းတဲ့ ပြဿနာဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်း အတွက် ကျန်တဲ့သူတွေထက် ပိုပြီး သက်ရောက် ရိုက်ခတ် ခံရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျန်တဲ့ တစ်တိုင်းပြည်လုံးက နေရာတွေမှာ လူတွေဟာ စစ်ပွဲကို၊ စစ်မှု မဖြစ်မနေ ထမ်းခိုင်းတာကို ထွက်ပြေး တိမ်းရှောင်လို့ ရပါတယ်။ တစ်နေရာကနေ နောက်တစ်နေရာကို ကူးပြောင်း သွားလာ နိုင်ပါတယ်။

စစ်တပ်ထဲတော့ မဝင်ဘူး ... စစ်တပ်ကို မဖြစ်မနေ ပြန်တွန်းလှန်မှ ရတော့မယ် ဆိုတဲ့ စိတ်မျိုး ရှိလာရင်လည်း တော်လှန်ရေး နယ်မြေတွေထဲသွားပြီး PDF ထဲ ဝင်တာ၊ တိုင်းရင်းသားတပ် ERO တွေထဲ ဝင်တာမျိုးတွေ လုပ်နိုင်ပါတယ်။ တကယ်လက်နက်ကိုင်ပြီး တိုက်တာမျိုး မလုပ်နိုင်ရင် တခြား ကဏ္ဍ အ မျိုးမျိုးမှာ ဝင်ပြီး ကူနိုင်ကြပါတယ်။

ဒီလိုမှ မဟုတ်လည်း မဲဆောက်ဘက်ထိ ရောက်အောင် ကူးလာမယ်ဆိုလည်း ကူးလာနိုင်ပါတယ်။ ကျွန်တော့် မျက်မြင် ကိုယ်တွေ့ကို လူ အများအပြား ကူးလာနေကြပြီး၊ နောက်လည်း အများအပြား ဆက်ပြီး ရောက်လာနေဦးမယ်လို့ ထိုင်းအာဏာပိုင်တွေက တွက်ဆ ထားကြပါတယ်။

တစ်တိုင်းပြည်လုံး အဲဒီလောက် ရိုက်ခတ် ခံရတယ် ဆိုရင် ရိုဟင်ဂျာတွေ အတွက် ဒီ စစ်မှုထမ်း ဆင့်ခေါ် သိမ်းသွင်း ခံရတာဟာ ပိုပြီး ပြင်းပြင်းထန်ထန် သက်ရောက် ရိုက်ခတ်ခံရပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့မှာ ပြေးစရာ မြေမရှိ ဖြစ်နေရလို့ပါ။ သူတို့မှာ တိမ်းရှောင်စရာ တောင်တန်းတွေ၊ ဆွေ မျိုးသားချင်းတွေ မရှိပါဘူး။ သူတို့ဟာ ပိတ်မိနေကြပါတယ်။ ဒုက္ခသည် စခန်းတွေထဲ ပိတ်မိသူတွေက ပိတ်မိနေပါတယ်။ ဒုက္ခသည် စခန်းတွေထဲက အရေအတွက်ဟာ တစ်သိန်း လေးသောင်း ကိုးထောင် ဝန်းကျင် ရှိပါတယ်။

ရွာတွေမှာ ဆက်ရှိ နေတဲ့ ရိုဟင်ဂျာတွေ ဆိုရင်လည်း သူတို့ ရွာတွေမှာပဲ သူတို့ ပိတ်မိနေပါတယ်။ သူတို့လည်း အနီးနား ရိုဟင်ဂျာရွာတွေဆီကို သွားနိုင်တာက လွဲပြီး တခြားနေရာတွေဆီ ခရီးသွားလာခွင့် မရှိပါဘူး။ သူတို့လည်း ဒုက္ခသည် စခန်းတွေထဲ ရှိမနေသည့်တိုင် တနည်းတဖုံနဲ့ ပိတ်မိ နေကြသူတွေပဲ ဖြစ်ပါတယ်။

ဒီတော့ စစ်တပ် အနေနဲ့ သူတို့ ရှိရာ ရောက်လာကြပြီး အလွယ်တကူပဲ ခေါ်ဆောင်သွားနိုင်ပါတယ်။ တ ကယ်လည်းပဲ အဲဒီလို ဖြစ်ရပ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဥပမာ ပြောရရင် စစ်တွေက ဒုက္ခသည် စခန်းတွေမှာ အဲဒီလို ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပြီး ရိုဟင်ဂျာတွေ ရာနဲ့ချီပြီး ခေါ်ဆောင်သွားခံရကြောင်း ကြားသိထားရပါတယ်။ ရိုဟင်ဂျာတွေ အပေါ် စစ်ကောင်စီက စစ်မှု ထမ်း အဖြစ် အသုံးပြုတာဟာ အင် မတန် အန္တရာယ်ကြီးလှပါတယ်။ ရခိုင်ထဲမှာ လူမျိုးရေး အခြေခံ ပဋိပက္ခတွေ ထပ်ပြီး ဖြစ်လာအောင် ဖန်တီးတာမျိုး ဖြစ်တယ် ဆိုတဲ့ ပြောဆို ဝေဖန်သံတွေ၊ စိုးရိမ်ချက်တွေ ထွက်ပေါ် လာစေပါတယ်။

ရခိုင်နဲ့ ရိုဟင်ဂျာကြား အပြန်အလှန် မလိုမုန်းထားစိတ်တွေ ဖြစ်လာစေနိုင်တဲ့လုပ်ရပ်အဖြစ် ကျွန်တော် လည်း ရှုမြင်ပါတယ်။ ဒီတော့ စစ်သားအရေအတွက် တိုးဖို့ သက်သက်အတွက် ဒီ စစ်မှုထမ်း ဥပဒေကို အသုံးချနေတာ မဟုတ်ဘူးလို့ ကျွန်တော် ပြောတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ရခိုင်နဲ့ ရိုဟင်ဂျာ အကြား ပြဿနာတွေကို တဖန်ပြန် မီးမွှေးပေးပြီး တောက်လောင် လာစေဖို့ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
စစ်သင်တန်း နှစ်ပတ်လောက် ပေးပြီး ရှေ့တန်းကို လွှတ်တာခံရကြောင်း ထွက်ဆိုသူတွေရှိ

ဒုက္ခသည်စခန်းတချိူ့ကနေ ခေါ်သွားခံရသူတွေ ရာဂဏန်းတချို့ရှိကြောင်း စောင့်ကြည့်သူတွေပြော

ဘီဘီစီ။ ။ တကယ်ရော ရခိုင်မှာ မတူတဲ့ အသိုင်းအဝိုင်း နှစ်ခုကြား ပဋိပက္ခတွေ နောက်ဆက်တွဲ ပေါ် ပေါက်လာနိုင်လား။ အဲဒီလို လက္ခဏာတွေ တွေ့နေရလား ခင်ဗျ။

ပေါ်လ်ဂရင်းနင်း ။ ။ ဒီတစ်ကြိမ်မှာ စစ်တပ် ပုံဖော်သလို၊ ရည်ရွယ်သလို ထပ်ပြီး ဖြစ်လာဦးမလား ဆိုတာ ကျွန်တော့် အနေနဲ့ ကံသေကံမ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ အတိုင်းအတာ ပမာ ဏ  မျိုးနဲ့ ဖြစ်လာဖို့ကတော့ နည်းမယ်လို့ မျှော်လင့်ရပါတယ်။ အကြောင်းကတော့ လူတွေရဲ့ အသိအ မြင်တွေဟာ အခုအခါ ပို ကျယ်ပြန့်လာပြီး၊ ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူး ဆိုတာကို ပိုပြီး ပိုင်း ခြား နိုင်စွမ်း ရှိလာတယ်လို့ ယူဆရပါတယ်။

ကျွန်တော်ဟာ ဒုက္ခသည်ကူညီရေး ကုလ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ IOM ရဲ့ တာဝန်ခံ အရာရှိ အနေနဲ့ ၂၀၁၇ ကနေ ၂၀၂၀ အထိ စစ်တွေမှာ အခြေစိုက်ခဲ့ပါတယ်။ ကျွန်တော် တာဝန်ယူရတဲ့ ရွာပေါင်း ၈၀ ရှိပါတယ်။ အဲဒီထဲက ၄၀ ရာခိုင်နှူန်းဟာ ရိုဟင်ဂျာ ရွာတွေ ဖြစ်ပါတယ်။ ကျွန်တော် စရောက်သွားတာ ဩဂုတ် ၈ ရက် ၂၀၁၇ မှာပါ ... အခု နောက်ဆုံး ပေါ်ပေါက်လာခဲ့တဲ့ ဂျီနိုဆိုက် ဖြစ်ရပ်ရဲ့ အစဟာ ဩ ဂုတ် ၂၅ ရက်မှာ ပေါ်ပေါက်လာခဲ့တာပါ။ ဒီတော့ ပြောရမယ် ဆိုရင် ဒီ ဖြစ်စဥ်ကြီး တလျှာက်လုံး ရခိုင်ထဲမှာ ကျွန်တော် အနီးကပ် ရှိနေခဲ့ပါတယ်။

အဲဒီ အချိန်ကနဲ့ စာရင် အခု လက်ရှိ အခြေအနေတွေဟာ အတော်ကြီး မတူတော့ပါဘူး။ ပြောင်းလဲမှုတွေ ကြီးကြီးမားမား ပေါ်ပေါက်လာခဲ့ပါတယ်။ ပထမဆုံး တစ်ချက်ကတော့ အသိုင်းအဝိုင်း နှစ်ခုကြား အတော်လေး သဟဇာတ ပြန်လည် ရှိလာပါတယ်။ သူတို့ချင်းကြားမှာ ပြဿနာ ကြီးကြီးမားမား မရှိပဲ အတော်လေး အဆင်ပြေလာပါတယ်။ အေအေ အနေနဲ့လည်း နှစ်ဘက်လုံး ပါဝင်စေတဲ့ အားကစားပွဲတွေ စီစဥ်ပေးတာမျိုးက အစ လုပ်ဆောင်ပေးတာတွေ ရှိပါတယ်။ အဓိကကတော့ အသိုင်းအဝိုင်း နှစ်ခုထဲက လူတွေဟာ သူတို့ချင်း ပြန်လည် ကူးလူးဆက်ဆံပြီး သဟာဇာတ ဖြစ်လာခဲ့ပါတယ်။

ပြောရမယ် ဆိုရင် ပြဿနာတွေ ပြင်းထန် ဆိုးရွား နေတဲ့ ကာလတွေမှာလည်း လူသားတွေ အချင်းချင်းကြား အပြန်အလှန် ဖေးမ ကူညီကြတဲ့ ဖြစ်ရပ်မျိုးတွေလည်း ကျွန်တော် တွေ့မြင်ကြားသိ ခဲ့ရပါတယ်။ လက်နက်ကြီးတွေ ရန်က လွတ်အောင် ရခိုင်တွေ ပြေးရတော့ ကုလားတန်မြစ်ကို လှေနဲ့ဖြတ်ဖို့ရာ ရိုဟင်ဂျာတွေက ကူညီကြပါတယ်။ ပြောချင်တာက လူတွေကြားမှာ ဆက်ဆံရေး ဆိုတာ ရှိပါတယ်။ အပြန်အလှန် ကူညီမှုဆိုတာ ရှိပါတယ်။

တခါ ဆိုင်ကလုန်း မိုခါ ဖြစ်လာတဲ့ အခါ ကျွန်တော်ဟာ ရခိုင်က အခြေအနေတွေ အကြောင်း သိမြင်နှံ့စပ်တဲ့သူ၊ ဒေသတွင်း အဆက်အသွယ်တွေ ရှိတဲ့သူ တစ်ယောက် အနေနဲ့ နိုင်ငံတကာ အလှူရှင်တွေထံကနေ ကူညီကယ်ဆယ်ရေး ရန်ပုံငွေ တချို့ ရလာတဲ့ အခါ အဲဒီ အကူအညီတွေကို ကျောက်တော်ထဲက ရွာတွေထံ ရောက်အောင် ပို့ပေးပါတယ်။ အဓိက ဖြန့်ဝေပေးခဲ့သူကတော့ ကျွန်တော် ၁၂ နှစ်တာ ကာလ သိကျွမ်းထားခဲ့ရတဲ့ ရိုဟင်ဂျာ မိတ်ဆွေ ဖြစ်ပါတယ်။

သူဟာ ဘယ်သူတွေ လိုအပ်နေသလဲ ဆိုတဲ့ အပေါ် အဓိကထားပြီး ဖြန့်ဝေပါတယ်။ ရိုဟင်ဂျာ ရခိုင် ဆိုပြီး မခွဲခြားပါဘူး။ လူမှု အသိုင်းအဝိုင်းတွေကြားမှာ အဲဒီလိုမျိုး မျှော်လင့်ချက်ကောင်းတွေ ရှိနေပါတယ်။ အဲဒီသူရဲ့ ရွာမှာပဲ ကလေးတွေ အတွက် စာသင်ကျောင်း တစ်ကျောင်း ကျွန်တော်တို့ ပြုပြင် ပေးခဲ့ပါတယ်။ ကလေးတွေ စာမသင်ရခင်မှာပဲ ကျောင်းဟာ စစ်ဘေးရှောင် စခန်း ဖြစ်သွားပြီး၊ ခိုလှုံခဲ့ကြတာက စစ်ကောင်ဒဏ်ရဲ့ လက်နက်ကြီး ရန်ကနေ ပြေးလာခဲ့ရတဲ့ ရခိုင်တွေ ဖြစ်ပါတယ်။

ကျွန်တော် ကြိုးစား ပြောနေတာက ရခိုင်နဲ့ ရိုဟင်ဂျာတွေကြား ဆက်ဆံရေးက အတော်လေး တိုးတက်လာတဲ့ အခြေအနေမှာ၊ စစ်တပ်က အခုတစ်ခါ ပြန်ပြီး သွေးကွဲသွားစေမယ့် အကြောင်းအရာတွေကို ဖန်တီးလာတာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူတို့ရည်ရွယ်ချက်တွေ အထမြောက် အောင်မြင်နေတဲ့ ဖြစ်ရပ်တွေကိုလည်း တွေ့လာရပါတယ်။ ကွဲပြားမှုတွေ အပေါ် အခြေခံတဲ့ ပဋိပက္ခတွေဟာ ဘယ်လောက် အတိုင်းအတာ ပမာဏမျိုးထိ နက်ရှိုင်းသွားလိမ့်မလဲ ဆိုတာ အခုအချိန်မှာ သေချာပေါက် ပြောနိုင်ဖို့က ခက်ပါတယ်။

အသိုင်းအဝိုင်းနှစ်ဘက်လုံး ဆီမှာလည်း သဘောထားတင်းမာတဲ့ အမြင်တွေ ကိုင်စွဲထားတဲ့ လူတွေ ... အုပ်စုကွဲတွေ အသီးသီး ရှိနေပါတယ်။ သူတို့ဆီက အသံတွေလည်း အခုတလော ကြားလာရတာ ရှိပါတယ်။ ပြည်တွင်း အဆက်အသွယ်တွေထံက စကားတွေကတော့ ပိုပြီး အပြုသဘော ဆောင်ပါတယ်။ စစ်တပ်ရဲ့ သွေးခွဲမှု အဆုံးစွန် အောင်မြင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆိုရှယ်မီဒီယာပေါ်တွေမှာ အဝေးရာက် ရိုဟင်ဂျာ ဒိုင်အပ်စ်ပရာ Diaspora တွေရဲ့ အသံကတော့ ပိုပြီး ပြင်းထန်ပါတယ်။

ဆော်ဒီမှာ ... မလေးမှာ ... ဘင်္ဂလားဒေ့ရှ်မှာ စသဖြင့် တခြား နေရာတွေမှာ ရောက်နေကြရတဲ့ ရိုဟင်ဂျာတချို့ ဆိုရင် အေအေ အပေါ်မှာလည်း အတော်လေး ပြင်းပြင်းထန်ထန် ပြောဆို ဝေဖန်တာမျိုးတွေ ကြားရပါတယ်။

“အေအေလည်း ရိုဟင်ဂျာရွာတွေကို လက်နက်ကြီးနဲ့ပစ်နေတာပဲ .... ရိုဟင်ဂျာ အမျိုးသမီးတွေကို မတ ရား ပြုကျင့်တာပဲ ... စစ်ကောင်စီရော အေအေရော အတူတူပဲ ... ရိုဟင်ဂျာကို မျိုးဖြုတ်ချင်ကြသူတွေ ... ဂျီနိုဆိုက် လုပ်မယ့်သူတွေချည်းပဲ” ဆိုတဲ့ အပြောမျိုးတွေ ရှိပါတယ်။

အဲဒီလို စွပ်စွဲမှုတွေ ... ဆိုရှယ်မီဒီယာပေါ်က မှတ်ချက်စကားမျိုးတွေကို ကျွန်တော် ဒီအတိုင်း လျစ်လျူရှု ပလပ်လိုက်တာမျိုး မလုပ်ပါဘူး။ ကိုယ့်ရဲ့ အကောင့်ထဲမှာ လာရေးပြီဆိုရင် ... ဘယ်လောက် မှန်ကန်နိုင် သလဲ ဆိုတာကို တတ်နိုင်သမျှ ဆန်းစစ်ကြည့်ဖို့ ကြိုးစားပါတယ်။

ကျွန်တော်သတိထားမိတဲ့ မှတ်ချက်တစ်ခုဟာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်ဦး ရေးတယ်ဆိုတာကိုလည်း သတိထားမိလိုက်တော့ အဲဒီမှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ အဆက်အသွယ် ရိုဟင်ဂျာ လူကြီးပိုင်းကို မေးကြည့်ပါတယ်။ လူငယ်မလို့ သူထင်ရာမြင်ရာတွေ ... စိတ်လိုက်မာန်ပါတွေ ပြောနေတာပါ ဆိုပြီး သူတို့က ပြန်ပြောတာမျိုး ရှိပါတယ်။ ဒါက ဥပမာ အနေနဲ့ ပြောတာပါ။ လူတွေ အားလုံးဟာ တသဘော ထားတည်း၊ တစ်စိတ်တဝမ်းတည်း ဆိုပြီးလို့တော့ ပြောလို့ မရနိုင်ကြောင်း ပေါ်လွင် စေချင်လို့ပါ။ တင်းမာတဲ့ သဘောထားမျိုးတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီ အစီအမံနဲ့ အေအေဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရိုဟင်ဂျာတွေ ပြုလုပ်နေတယ်လို့ ဘီဘီဘီစီကို ပြောသူတွေရှိ

ဘီဘီစီ။ ။ ပေါ်လ် အနေနဲ့ကရော အေအေ အပေါ်မှာ ဘယ်လို ဆန်းစစ်ထားပါသလဲ။

ပေါ်လ်ဂရင်းနင်း ။ ။ အေအေဟာ ၁၀၀ ရာခိုင်နှုန်း ခြောက်ပစ်ကင်း သဲလဲစင် ဆိုတာမျိုး ကျွန်တော် မပြောပါဘူး။ ဒါပေမယ့် စစ်ကောင်စီနဲ့ ညီမျှခြင်း ချမယ် ဆိုရင်တော့ အဓိပ္ပာယ်လုံးလုံး ရှိမှာ မဟုတ်ပါဘူး။ အဲဒီ အဖွဲ့အစည်း နှစ်ခုကြား ကွဲပြားမှု၊ မတူညီမှုက ကြီးမားလှပါတယ်။ မြေပြင်ပေါ်မှာ အေအေဘက်က လွန်ကျူးမှု တစ်ချို့ ရှိနိုင်ပါတယ်။ လူတွေကို ရိုက်တာနှက်တာ လုပ်တဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ ဒါပေမယ့် ရွာဟင်ဂျာ ရွာတွေ ဖြစ်တဲ့ အတွက် ရည်ရွယ်ချက်ရှိရှိ ဗုံးမိုးရွာချတယ်၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တယ် ဆိုတာမျိုးကတော့ မခိုင်လုံပါဘူး။

ဘာလို့ အဲဒီလို ပြောရတာလဲ ဆိုတော့ ကျွန်တော်တို့ သိထားတဲ့ အေအေရဲ့ ခေါင်းဆောင်မှု အပိုင်းဟာ အဲဒီလို အပြုအမူတွေ ကျူးလွန်ခြင်းအားဖြင့် သူတို့ရည်မှန်းထားတာတွေကို အထိခိုက် အဆုံးရှုံး ခံမှာ မဟုတ်ပါဘူး။ သူတို့ အဲဒီလောက် မမိုက်မဲကြပါဘူး။ အေအေရဲ့ ခေါင်းဆောင်မှု အပိုင်းက သူတွေဟာ အတော်လေး အမြော်အမြင်ရှိ၊ smart ဖြစ်ကြပါတယ်။ သူတို့ဟာ ဗျူဟာမြောက် အမှားမျိုးမကျူးလွန် ဖို့ရာ အသိရှိကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကျွန်တော့်အနေနဲ့ ဝေဖန်ရမယ် ဆိုရင်တော့ ရိုဟင်ဂျာတွေ အပေါ် “ဘင်္ဂါလီ” ဆိုတဲ့ ဝေါဟာရကို သုံးစွဲတာမျိုးတော့ အေအေက ပြုလုပ်တာ တွေ့ရပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေ အပေါ် တကယ်တမ်း လူမျိုးတုန်း သတ်ဖြတ်မှု မြောက်လာအောင် ကျူးလွန်ထားသူတွေနဲ့ သူတို့ကိုယ်သူတို့ တန်းညှိသွားစေနိုင်တဲ့ လုပ်ရပ်အဖြစ် ကျွန်တော် ထောက်ပြချင်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် သူတို့ရဲ့ သဘောထားကို မေးခွန်းထုတ် လာစေပါတယ်။

ကျွန်တော်က ဒီနေရာမှာ သမိုင်းကြောင်းဆိုင်ရာ အမှားအမှန်တွေ ငြင်းခုံဖို့ မဟုတ်ပဲ၊ ကိုယ့်ကိုယ့်ကိုယ့် အမည်ပေး သတ်မှတ် ပိုင်ခွင့် ဆိုတဲ့ self-identification ဆိုတဲ့ ရှုထောင့်ကနေ ပြောတာ ဖြစ်ပါတယ်။ ဘင်္ဂါလီ ဆိုတဲ့ ဝေါဟာရကလည်း ဘာမှ ထိုးနှက်တိုက်ခိုက်တဲ့ စကားလုံး အသုံးအနှုံး မဟုတ်ဘူး ဆိုပြီး အကြောင်းပြချက် ပေးလို့ မရနိုင်ဘူးထင်ပါတယ်။ တစ်နေရာမှာ ဘာမှ မဖြစ်တဲ့ စကားလုံးဟာနောက်တစ်နေရာမှာကျ စော်ကား ထိုးနှက်တဲ့ စကားလုံး ဖြစ်သွားနိုင်ပါတယ်။

ဘင်္ဂါလီ တွေကို ဘင်္ဂါလီ ခေါ်လို့ ဘာမှ မဖြစ်ပေမယ့်၊ ရိုဟင်ဂျာတွေကို ဘင်္ဂါလီ ဆိုပြီး ရည်ညွှန်း ခေါ်ယူတာဟာ နောက်ဆက်တွဲ အဓိပ္ပာယ်တွေ အများကြီး သက်ရောက်စေပါတယ်။ သူတို့ရဲ့ နိုင်ငံသား ဖြစ်ခွင့်က အစ သူတို့ရဲ့ ဖြစ်တည်မှု အလုံးစုံကို ငြင်းပယ်ရာ ရောက်သွားပါတယ်။ အဲဒီ ဘင်္ဂါလီ အခေါ်အဝေါ်ကြောင့်ပဲ မြန်မာအာဏာသိမ်း စစ်တပ်နဲ့ တစ်တန်းတည်း သူတို့ကိုယ်သူတို့ ပို့ပစ်ရာ ရောက်သွားပါတယ်။

အေအေတွေ အပေါ် စစ်တပ်နဲ့ တစ်တန်းတည်းထားတဲ့ ဒီလို ခံစားမှုမျိုး ဘယ်သူတွေဆီမှာ ပြင်းထန်သလဲ ဆိုရင် ကျွန်တော် ပြောခဲ့သလို ပြည်ပရောက် ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေထဲမှာ ဖြစ်ပါတယ်။ တချို့ဆို ၂၀၁၇ အဖြစ်အပျက်တွေနောက်ပိုင်း မဟုတ်ပဲ တော်တော် စောစောပိုင်းကတည်းက တိုင်းပြည်အပြင်ဘက် ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီတော့ အခု နောက်ပိုင်းနှစ်တွေမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကြား ဆက်ဆံမှုတွေ ပြန် ရှိလာတယ် ... အလုပ်တွေအတူ ယှဥ်တွဲပြီး လုပ်နေကြတယ် တိုးတက်ပြောင်းလဲမှုတွေ အပေါ် အပြည့်အဝ သိမြင် သဘောပေါက်ထားဟန် မရှိပါဘူး။

အဝေးရောက် လှုပ်ရှား တက်ကြွသူတွေ အပေါ် ကျွန်တော့် အနေနဲ့ လေးစားမှု အပြည့်ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံ ပြောဆိုတာမျိုးတွေကိုလည်း သတိထားမိပါတယ်။ ကျွန်တော် ခုနက ပြောသလို အေအေတွေ ရိုဟင်ဂျာတွေ အပေါ် ဘယ်လို ဘယ်ပုံတွေ ပြုမူ ကျူးလွန်နေကြတယ် ဆိုတာမျိုး တွစ်တာပေါ် တွေ့ရချိန်မှာ ... ကျောက်တော်က ကျွန်တော့် မိတ်ဆွေကလည်း သူနဲ့ သူ့ရဲ့ ရခိုင် သူငယ်ချင်းတွေ ကျောက်တော်စျေးထဲ အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကျွန်တော့်ဆီ လှမ်းပို့ နေပါတယ်။ ကျွန်တော် ပြောချင်တာက အပြင်နဲ့ အထဲ မတူတဲ့ contrast အမြင်တွေ ရှိနေတာကိုပါ ... ။
 
အသိုင်းအဝိုင်းနှစ်ခုကြား ရင်ကြားစေ့ရေး အေအေ ဆောင်ရွက်နေတာတွေရှိ

ဘီဘီစီ။ ။ ဟုတ်ကဲ့ ... လက်တွေ့မြေပြင်မှာ ဒီနောက်ပိုင်းနှစ်တွေ အတွင်း အသိုင်းအဝိုင်း နှစ်ခုကြား အတိုင်းတာတစ်ခုထိ ပြန်လည် ဆက်ဆံမှုတွေ ရှိလာတယ်လို့ ပေါလ်ပြောတာကို ကျနော် နားလည်ပါတယ်။ အခု စစ်မှုထမ်း အဖြစ် သိမ်းသွင်းနေတယ် ဆိုတဲ့ အကြောင်းချင်းရာကို ပြန်သွားရရင် ရိုဟင်ဂျာတွေ အပေါ် စစ်မှု မထမ်းမနေရ ဥပဒေနဲ့ တပ်ထဲ ဆွဲသွင်းတာမျိုးလား ... ဒါမှမဟုတ် တခြားနေ ရာတွေက ပြည်သူ့စစ်တွေလိုပဲ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ဖို့ ဆိုပြီး လက်နက် တပ်ဆင် ပေးတာမျိုးလား ခင်ဗျ။

ပေါ်လ်ဂရင်းနင်း ။ ။ ကျွန်တော် ကြားသိထားရတာတွေ အရ ရိုဟင်ဂျာတွေကို အင်မတန် တိုတောင်းတဲ့ သင်တန်းမျိုးတွေကို ပေးပြီး စစ်သားတွေ အဖြစ် အသုံးချနေတာမျိုး ဖြစ်ပါတယ်။ နှစ်ပတ်လောက်ပဲ ကြာတဲ့ သင်တန်းမျိုး ပေးပြီး ရှေ့တန်းကို စေလွှတ်ပါတယ်။ ရှေ့တန်းကို ရောက်ရောက်ခြင်း ဆိုသလို ရိုဟင်ဂျာ အများအပြားပဲ သေဆုံးကြရတယ် လို့လည်း သိရပါတယ်။ အခြေခံ စစ်ပညာ သင်တန်းမျိုးမှ လုံလောက်အောင် မပေးပဲ စစ်မြေပြင်မှာ အသုံးချတယ် ဆိုတာမျိုးဟာ တကယ်ပဲ သူတို့ဘက်က တိုက်ပေးခိုက်ပေးမယ့် လူဦးရေ အရေအတွက် များဖို့လား၊ သူတို့ စစ်သားတွေ အတွက် အရံအတား အကာအကွယ် အဖြစ် အဲဒီသူတွေကို အသုံးချဖို့လား ဆိုတဲ့ မေးခွန်း ပေါ်လာစေပါတယ်။

တခါ၊ ဒီဖြစ်ရပ်တွေဟာ အချိန်ကာလ အပိုင်းအခြား တစ်ခု အတွင်း တစ်ကြိမ် နှစ်ကြိမ် ပေါ်ပေါက်ပြီး ရပ်သွားတာမျိုး မဟုတ်ပဲ ၊ စစ်တပ်ဘက်က ဆက်တိုက် ပြုမူ နေခဲ့ကြတာ ဖြစ်တဲ့ အတွက် အဲဒါရဲ့ တိုက်ရိုက် သက်ရောက် ရိုက်ခတ်မှု အဖြစ် လူကုန်ကူးမှုတွေလည်း ပေါ်လာရပါတယ်။ ကျွန်တော့်ဆီ အဲဒီ သတင်းတွေ ဆက်တိုက် ဝင်နေပါတယ်။ ဒီရက်ပိုင်းကပဲ ကလေးသူငယ်တွေရော၊ အမျိုးသမီးတွေပါ ပါဝင်တဲ့ အုပ်စုတစ်ခု ရခိုင်ကနေ ထွက်သွားကြပါတယ်။

လမ်းကြောင်းကတော့ ကျွန်တော်တို့ ကြားဖူးနေကျ လမ်းကြောင်း တစ်ခုပဲ ဖြစ်ပါတယ်။ မကွေးထိရောက်အောင် လှေတစ်တန်၊ ခြေကျင်တတန်နဲ့ သွားပါတယ်။ အဲဒီကနေ နယ်စပ် မြဝတီ အထိ သွားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ မြဝတီဟာ အခုလက်ရှိ သွားလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး .. စစ်ရေးပြင်း ထန် နေတဲ့ နေရာဆိုတာ သူတို့ သိပုံ မရပါဘူး။ အဲဒီကနေ ထိုင်းထဲကို ဝင်နိုင်ပြီ ဆိုရင် အများစုက မလေးရှားထိ ခရီးဆက်လေ့ ရှိပါတယ်။ အိမ်ရှိတဲ့သူက အိမ်ရောင်းလို့ သွားကြရတာပါ။ သူတို့အတွက် ပွဲစားကြေး ကျပ်ငွေ သိန်းရာချီ ကုန်တယ်လို့ ဆိုပါတယ်။

အရင်ကတည်းက ပွဲစားတွေ သုံးပြီး ခရီးရှည် လမ်းကြောင်းကြီးနဲ့ မြန်မာပြည်ကနေ ရအောင် ထွက်ကြတဲ့ ပြဿနာက ရှိနှင့်ပြီးသားပါ။ အခု စစ်မှုထမ်းခိုင်းနေတဲ့ ပြဿနာဟာ အဲဒီ လူတွေကို မှောင်ခို ခိုးထုတ်နေတဲ့ ပြဿနာကို ပိုပြီး ဆိုးရွား လာစေပါတယ်။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

ဘီဘီစီ။ ။ သိပ်မကြာသေးခင်ကပဲ မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တံခါးဖွင့် ဆွေး နွေးခဲ့ကြပြီး၊ ရိုဟင်ဂျာ အရေးဟာ အဓိက ဆွေးနွေးစရာ အကြောင်းချင်းရာ ကိစ္စ ဖြစ်တယ်လို့ကျွန် တော် နားလည်ထားပါတယ်။ အခု နောက်ဆုံး ပေါ်ပေါက် လာနေတဲ့ စစ်မှုထမ်းဖို့ သိမ်းသွင်း ခံနေရ တယ် ဆိုတဲ့ ပြဿနာ အပါအဝင် ရှိနှင့်ပြီး ဒုက္ခသည် အရေးကိစ္စတွေမှာ ကုလသမဂ္ဂ အနေနဲ့ နိုင်ငံ တကာ အသိုင်းအဝိုင်း အနေနဲ့ ဘာတွေ လက်တွေ့ ကူညီနိုင်မလဲ .... ကူညီသင့်တယ်လို့ ပေါလ် အနေနဲ့ ထင်ပါသလဲ ခင်ဗျ။

ပေါ်လ်ဂရင်းနင်း ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အရင်ကလည်း ထိထိရောက်ရောက် လုပ် ဆောင်နိုင်ခဲ့တာ မရှိပါဘူး။ ပြောရမယ် ဆိုရင် ကုလသမဂ္ဂရဲ့ ပျက်ကွက်မှုဟာ အတော်လေး ရုပ်ပျက်ဆင်းပျက် နိုင်လှပါတယ်။ သူတို့ဟာ မြန်မာစစ်တပ်နဲ့ စစ်ကောင်စီနဲ့ကြား မိတ်မပျက်ရေးကိုပဲ ရှေးရှု နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံး အပေါ် လွှမ်းခြုံ ထိမ်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း ထင်ရှားလာတဲ့အချိန် မှာတောင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းတွေ ပြောင်းလဲ မလာသေးတာ တွေ့ရဆဲ ဖြစ်ပါတယ်။ သူတို့ဟာ စစ်ကောင်စီရဲ့ သဘောတူမှုတွေကိုပဲ စောင့်နေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီထံက ပြည်ဝင်ခွင့် ဗီဇာတွေကိုပဲ မျှော်နေကြဆဲ ဖြစ်ပြီး၊ ရန်ကုန်က သူတို့ရုံးတွေ ဆက်ပြီး ဖွင့်နေနိုင်ရေးကိုပဲ ဦးစားပေးနေမြဲ ဖြစ်ပါတယ်။ အဲဒီလို ရန်ကုန်က ရုံးခန်းက ဆက်ထိန်းထားနိုင်မှ အလှူရှင်တွေထံက ငွေတွေ ဆက်ရနေမယ်လို့ ယူဆနေကြပါတယ်။ ဒီတော့ မထိရောက် မအောင်မြင်ရုံတင်မက ဘယ်သူ့ အတွက် အလုပ်လုပ်နေကြတာလဲ ... လိုအပ်နေသူတွေကို ကူဖို့လား .... ကိုယ့်ရဲ့ လစာမြင့် အလုပ်အကိုင်တွေ မပျောက်ဖို့ လုပ်နေကြတာလား ဆိုတဲ့ မေးခွန်းတွေ ရှိလာစေပါတယ်။

ကျွန်တော်ဟာ ဒီ စနစ်ယန္တရားထဲ ဝင်လိုက် ထွက်လိုက်နဲ့ အနှစ်နှစ်ဆယ် ကိုယ်တိုင် ထိတွေ့ ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူတို့ ဘယ်ပုံ ဘယ်နည်း စဥ်းစားကြတယ် ... ဘယ်လို အလုပ်လုပ်ကြတယ် ဆိုတာကို ကျွန်တော် ထဲဝင်ပြင်ထွက် သိပါတယ်။ ဂျီနိုဆိုက် အတိုင်းအတာထိ ဖြစ်လာတော့မယ် ဆိုတဲ့ သတိပေးမှုတွေ ရှိခဲ့တဲ့ အချိန်တုန်းကလည်း ကုလသမဂ္ဂဟာ အလေးအနက် သဘောထားပြီး နားမထောင်ခဲ့ပါဘူး။ အခု စစ်မှုထမ်း ကိစ္စမှာရော ဘာလုပ် နေသလဲ ဆိုရင် ဘာမှ လုပ်တာမျိုး မရှိပါဘူးလို့ပဲ ပြောရမှာပါ။ လက်ရှိ စစ်တွေမှာ ရုံးထိုင်ထားတဲ့သူတွေ အဲဒီကနေ ထွက်နိုင်ဖို့ လုပ်နေကြပါတယ်။ နိုင်ငံခြားသား ကုလသမဂ္ဂ ဝန်ထမ်း နည်းနည်းပဲ ရှိပြီး၊ ဒေသခံတွေထဲက လုပ်နေကြတဲ့ ကုလ ဝန်ထမ်းတွေ ပိုများပါတယ်။ အားလုံး စစ်တွေကနေ ရန်ကုန် ရောက်အောင် ပြန်ထွက်လာကြဖို့ ဦးစားပေးနေပါတယ်။ ရန်ကုန်ကို ရောက်လာကြသူတွေ ရှိသလို၊ တချို့လည်း ဘန်ကောက်ထိ ပြန်ရောက် လာကြပါတယ်။

အနီးဆုံး မိုခါ အချိန်ကထိ ပြန်ကြည့်ရင်တောင် သူတို့ဟာ ကြိုးနီစနစ်တွေထဲမှာပဲ ပိတ်မိနေပြီး လူတွေကို ဘာမှ ထိထိရောက်ရောက် မကူနိုင်ကြပါဘူး။ ဒေသတွင်း အခြေအနေတွေကို သိသူ၊ နှံ့စပ်သူ တစ်ယောက် အနေနဲ့ ကျွန်တော်ဟာ အလှူငွေ တချို့ ရအောင် ရှာဖွေ နိုင်ခဲ့ပြီး အချိန်မဆိုင်းပဲ ဟွန်တီ ငွေလွှဲတွေကို အဆင့်ဆင့် အသုံးပြုလို့ ထိုင်းထိ ငွေတွေ ရောက်အောင် ပို့ခဲ့ပါတယ်။ အဲဒီကနေ ဆန်တွေ၊ ပဲတွေ အပါအဝင် အကူအညီ ပစ္စည်းတွေကို ရခိုင်ထဲ ၇၂ နာရီအတွင်း ရအောင် ဖြန့်နိုင်ခဲ့ပါတယ်။ ဘယ်လောက် ကုန်ကျတယ်၊ ဘာပစ္စည်းတွေ ဖြန့်နိုင်ခဲ့တယ် ဆိုပြီး အသေးစိတ် အချက်တွေ ကျွန်တော့် ဆီ အရောက် အဲဒီ ၇၂ နာရီ အတွင်း သတင်း ပြန်ပို့ တာမျိုး ဖြစ်ပါတယ်။

အဲဒါနဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကလည်း သူတို့လည်း ကူချင်တယ်လို့ ကျွန်တော့်ကို ပြောတော့ ကျွန်တော်လည်း ကျွန်တော့် အဆက်အသွယ် အားလုံးနဲ့ ချိတ်ဆက် ပေးပါတယ်။ ဖြစ်လာသလား ဆိုတော့ မဖြစ်လာပါဘူး ... စစ်ကောင်စီရဲ့ ခွင့်ပြုချက် သူတို့ စောင့်နေကြတယ်လို့ ဆိုပါတယ်။ ကဲ ... ဒီလောက်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း ဘာလုပ် နိုင်တယ် ... ဘာမလုပ်နိုင်ဘူး ဆိုတာ ပေါ်လွင်မယ် ထင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */