" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 23, 2024

ဘူးသီးတောင်ကို လက်မလွှတ်ရရန် စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချ

Myanmar Now
April 23, 2024


အင်အားကြီးထွားလာသည့် ရခိုင်တပ် AA ကို တန်ပြန်ရန်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် စစ်တပ်က ရိုဟင်ဂျာအပါအဝင် မွတ်စလင်များကို စစ်သင်တန်းနှင့် လက်နက်များ ပေးကာ ၎င်းတို့နှင့်အတူ မြို့ကို ထိန်းချုပ်ခိုင်းထားသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာတပ်သားသစ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက စွပ်စွဲလိုက်ပြီး ယင်းဒေသမှ ရခိုင်မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့ပေါ်မှ အမှတ် ၃၊ ၄၊ ၅၊ ၇ ရပ်ကွက်များနှင့် ကျေးရွာတချို့မှ လူနေအိမ်များကို ဧပြီ ၁၇ ရက်နေ့မှစတင်ပြီး စစ်ကောင်စီနှင့် စစ်ကောင်စီကို သစ္စာခံသော ရိုဟင်ဂျာတပ်သားသစ်များက မီးတင်ရှို့ခဲ့ကြောင်း၊ ၎င်းတို့လက်ချက်ဖြင့် အိမ်ခြေရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။

မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများသည် မတ်လ ၃၁ ရက်နေ့မှစတင်ပြီး မြို့ကို စွန့်ခွာသွားကြောင်း စစ်ကောင်စီထိန်း ချုပ် သတင်းဌာနများကလည်း အတည်ပြုထားသည်။

လူမနေတော့သည့် ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်အမှတ် (၅) တွင် ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က မီးလောင်ခဲ့ပြီး အိမ်ခြေ ၅၀ ထက်မနည်း မီးထဲပါသွားကြောင်းနှင့် မီးလောင်မှု၏အစက ကားပစ္စည်းဆိုင်တစ်ဆိုင်မှ ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ထိုမီးသည် ရခိုင်လူမျိုးများ၏ နေအိမ်များကို ဦးတည်သည့် စစ်ကောင်စီ၏ ရှို့မီးဖြစ်ပြီး နေအိမ် ၂၀၀ ကျော် မီးတိုက်ခံခဲ့ရသည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက RFA သတင်းဌာနကို ဧပြီ ၁၉ ရက်နေ့က ပြော သည်။

ထိုနေ့တစ်ရက်ထဲတွင် AA သည် ဘူးသီးတောင်မြို့နယ်မှ အမှတ် (၂) ရပ်ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၄ ဦး သေဆုံး၍ အသက် ၁၂ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၈ ဦးသည် ပြင်းထန်သည့် ဒဏ်ရာများရခဲ့သည်ဟုလည်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကို သစ္စာခံသော ဘူးသီးတောင်မှ မွတ်စလင်များ

ရခိုင်မြောက်ပိုင်းနေရာအများစုသည် အာရက္ခတပ်တော်ဟု အမည်ပြောင်းထားသည့် ရက္ခိုင့်တပ်တော် AA ၏ ထိန်းချုပ်မှုအောက် ရောက်နေခဲ့သော်လည်း ဘူးသီးတောင်မြို့နယ်သည် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်။

ဘူးသီးတောင်မှ ရာနှင့်ချီသော ရိုဟင်ဂျာများ၊ မွတ်စလင်များသည် မတ် ၁၉ ရက်နေ့က ရခိုင်တပ် AA ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြကြသည်။ အဆိုပါဆန္ဒပြပွဲသည် စစ်ကောင်စီ၏ အစီအစဉ်တစ်ခုဖြစ်ကြောင်းဘူးသီ:တောင် မှ ရိုဟင်ဂျာတချို့က ဆိုသည်။

စစ်ကောင်စီသည် မြို့ကို AA လက်ထဲမကျရန်အတွက် ယင်းဒေသမှ ရိုဟင်ဂျာများအပါအဝင် မွတ်စလင်များကို စစ်သင်တန်းများပေးကာ AA ကို တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ထားသည့် မွတ်စလင်အမျိုးသား ၁ ထောင်ခန့်နှင့် စစ်ကောင်စီက လက်နက် တပ်ပေးထားသည့် ရိုဟင်ဂျာတပ်သားသစ်များသည် စစ်တပ်နှင့်အတူ ဘူးသီးတောင်မြို့ကို ထိန်းချုပ်ထားသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ဝင် ဆိုင်းဘုတ်ကို ၂၀၂၀ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ဘူးသီးတောင်မှ မွတ်စလင်များကို စစ်ကောင်စီက မည်ကဲ့သို့ အဆင့်အတန်းသတ်မှတ်ပြီး လက်နက်တပ်ဆင်ပေးထားသည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

စစ်ကောင်စီသည် ၎င်းတို့ကို အခြေအနေ ၃ မျိုးဖြင့် လက်နက်တပ်ဆင်ပေးနိုင်သည်။

ပထမအခြေအနေမှာ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီအတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေအောက်မှဖြစ်ပြီး သတ်မှတ်ချက်ပြည့်မီသည့် အရပ်သားများကို စစ်ထဲ ၂ နှစ်မှ ၅ နှစ်အထိ ဆင့်ခေါ်ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းဥပဒေတွင် မြန်မာနိုင်ငံသားဖြစ်ရမည်ဟု ကန့်သတ်ချက်ပါရှိသည်။

ဘူးသီးတောင်အပါအဝင် ရခိုင်ပြည်နယ်မှ မွတ်စလင်များကို စစ်ကောင်စီအပါအဝင် မြန်မာအစိုးရအဆက်ဆက်က နိုင်ငံသားအဖြစ် သတ်မှတ်ရန် အစဉ်တစိုက် ငြင်းဆိုထားသည်။ စစ်တပ်သည် ၎င်းတို့ကို နိုင်ငံတကာက ခေါ်ဆိုသည့် ရိုဟင်ဂျာဆိုသည့် အမည်ကိုပင် လက်မခံဘဲ ဘင်္ဂါလီဟုသာ အစဉ်တစိုက် သတ်မှတ်ထားသည်။

ဒုတိယအခြေအနေမှာ ပြည်သူ့စစ်ဟု သတ်မှတ်ပြီး စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးခြင်း ဖြစ်သည်။ ပြည်သူ့စစ်ခေါင်းစဉ်အောက်တွင် စစ်တပ်က နိုင်ငံသားမဟုတ်သူများ၊ နိုင်ငံခြားသားများကို လက်နက်တပ်ဆင်ပေးထားသည့် သာဓကများလည်းရှိသည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းနှင့် ယခုနှစ်အစောပိုင်းတွင် တရုတ်အစိုးရလက်ထဲ စစ်တပ်က အပ်ခဲ့ရသည့် စစ်တပ်က လက်နက်တပ်ပေးထားသော ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်တချို့သည် တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။

တတိယအခြေအနေမှာ ရှိရင်းစွဲ မွတ်စလင်လက်နက်ကိုင်များကို စစ်တပ်က ထောက်ပံ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် ရခိုင်တပ် AA ကို တိုက်ခိုက်ရန်အတွက် မွတ်စလင်လက်နက်ကိုင်များဖြစ်ကြသည့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) နှင့် အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) အဖွဲ့များကို စစ်သင်တန်းပေးနေသည်ဟု အိန္ဒိယသတင်းဌာန The News Indian Express က ဧပြီ ၁၅ ရက်နေ့တွင် ရေးသားသည်။

ရခိုင်ပြည်နယ်အတွင်းမှ ရဲကင်းများကို ၂၀၁၇ သြဂုတ်လအတွင်းက အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအစိုးရနှင့် စစ်တပ်က ထိုအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည်။

အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့များသည် ဘူးသီးတောင်တွင် ဟိန္ဒူ ၁,၆၀၀ နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ကို ဖမ်းဆီးထားသည်ဟုလည်း သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး အိန္ဒိယသတင်းဌာန The News Indian Express က ရေးသားသည်။

စစ်ကောင်စီပြောခွင့်အရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်နှင့် စစ်ကောင်စီကို သစ္စာခံသော မွတ်စလင်များကြောင့် မတည်မငြိမ်ဖြစ်နေရသည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ယင်းပြဿနာများသည် ရခိုင်တပ် AA ကြောင့်ဟု စစ်တပ်သြဇာခံသတင်းဌာနများမှတစ်ဆင့် ဧပြီ ၁၈ ရက်တွင် ပြောသည်။

ရခိုင်ပြည်နယ်မှ မွတ်စလင်များကို ဆယ်စုနှစ်ပေါင်းများစွာ အကြမ်းဖက်သမားများအဖြစ် ပုံဖော်ခဲ့သည့် စစ်တပ်သည် ၎င်းတို့၏ပြောခွင့်ရအရာရှိမှတစ်ဆင့် ယခုတစ်ခေါက် သတင်းထုတ်ပြန်ချက်တွင် “ဘင်္ဂါလီ” ဆိုသည့်အမည်ကိုပင် သုံးစွဲခြင်းမရှိဘဲ “မွတ်စလင်” များဟုသာ ညွှန်းဆိုပြီး ရခိုင်တပ် AA ကို မူးယစ်ကုန်သည်များဟုလည်း စွပ်စွဲခဲ့သည်။

စစ်ကောင်စီပြောဆိုချက်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “သူခိုးက လူပြန်ဟစ်” ခြင်းဟု ဧပြီ ၁၉ ရက်တွင် တယ်လီဂရမ်မှတစ်ဆင့် တုံ့ပြန်ရေးသားသည်။

AA အရာရှိက စစ်တပ်ကို “အကြမ်း‌ဖက် ဖက်ဆစ်စစ်ကောင်စီ” ဟု ရည်ညွှန်းပြီး ရခိုင်စစ်မျက်နှာပြင်မှ ရှုံးနိမ့်မှုများကို ဖုံးကွယ်ရန် နိုင်ငံရေးအောက်လုံးများဖြင့် တိုက်ခိုက်ခြင်းဟု ဆိုသည်။

AA အင်အားကြီးထွားလာသည့် ရခိုင်မြောက်ပိုင်း

ရခိုင်မြောက်ပိုင်းတွင် ဘူးသီးတောင်နှင့် မောင်တော၊ စစ်တွေမြို့နယ်မှအပ ကျန်နေရာများကို AA က စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ထိန်းချုပ်ထားပြီး ဘူးသီးတောင်နှင့် မောင်တောရှိ စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေ သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ) လက်အောက်ခံ ခြေမြန်နှင့် ခြေလျင် ၁၁ ရင်း အခြေစိုက်ထားပြီး အမြောက်တပ် ၃၇၈ နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့် (၈) တို့လည်း ရှိနေသည်။

ထိုတပ်ရင်းများထဲမှ ခမရ ၅၅၂ ကို ဖေဖော်ဝါရီ ၂၄ တွင် AA က စတင်ထိုးစစ်ဆင်ပြီး မတ်လ ၂၅ ရက်တွင် သိမ်းပိုက်ထားသည်။ အမှတ် (၅၆၄) ခြေမြန်တပ်ရင်းဌာနချုပ်စခန်းကို သိမ်းပိုက်နိုင်ကြောင်း ဧပြီ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

AA က စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ်နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ကြေညာထားသည်။

ယာလည်းညက်စေ ကြက်လည်းပန်းစေ


ဘူးသီးတောင်မြို့တစ်ဝိုက်တွင် စစ်တပ်က မွတ်စလင်များကို လက်နက်များ တပ်ဆင်ပေးကာ ရခိုင်မုန်းတီးရေးလုပ် ဆောင်နေကြောင်း AA ပြောခွင့်ရသူက ဧပြီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အခုလိုစစ်ပွဲပြင်းထန်နေတဲ့အချိန်မှာ ARSA နှင့် ARA အကြမ်းဖက်အုပ်စုတွေဟာ စစ်ကောင်စီဆီမှာ သင်တန်း တက်၊ စစ်ကောင်စီကတပ်ဆင်ပေးတဲ့လက်နက်တွေယူ၊ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျွန်တော်တို့ကို တိုက်ခိုက်နေတာရှိပါတယ်”

“ဒါဟာ အထူးအန္တရာယ်များတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးကစားကွက်၊ စစ်ရေးမသမာမှုတွေနှင့် ဒေသတွင်း မတည် ငြိမ်မှုတွေ၊ ပဋိပက္ခတွေကို ပုံစံအမျိုးမျိုးနှင့် ဖန်တီးပြီးတော့ ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ က ဘူးသီးတောင်မြို့အတွင်း လည်လှီးသတ်ဖြတ်ခံထားရသည့် ရခိုင်လူငယ် ၂ ဦး၏ အလောင်းများ တွေ့ရှိခဲ့ရကြောင်း၊ စစ်ကောင်စီနှင့် မွတ်စလင်အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ကြောင်း ၎င်းက စွပ်စွဲ သည်။

ယင်းဒေသမှ မွတ်စလင်အားလုံး စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မဟုတ်ဘဲ ဘာသာရေးခေါင်းဆောင်များအနေနှင့် ဝိုင်းဝန်းထိန်းသိမ်းပေးမည်ဟု ယုံကြည်ကြောင်း၊ အာရက္ခတပ်တော်အနေနှင့် ယခင်ရပ်တည်ချက်အတိုင်း အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ လုံးဝအကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ စစ်ပွဲကာလတွင် ပြတ်ပြတ် သားသား တုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခိုင်သုခက ဆိုသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းအတွင်း စစ်သင်တန်းပေးရန်ကိစ္စနှင့်ဆက်စပ်၍ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၇ နံနက်က တွေ့ရစဉ် (ဓာတ်ပုံ – Arakan Princess Media)
 

ရခိုင်ဒေသတွင် ၂၀၁၂ ခုနှစ်၌ လူမျိုးရေးပြဿနာများ ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းမှ နေအိမ် ထောင်နှင့်ချီ မီးလောင်ခဲ့ပြီး ရိုဟင်ဂျာသိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

ပဋိပက္ခဖန်တီးခြင်းသည် စစ်တပ်၏ ထွက်ပေါက်ရှာနည်းဖြစ်သည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေ ဖန်ထားသည်။

“စစ်ကောင်စီက နိုင်ငံရေး စစ်ရေး အကျပ်အတည်းက ထွက်ပေါက်ရှာဖို့အတွက် တစ်နိုင်ငံလုံး စစ်မျက်နှာတိုင်းမှာ ရှုံးနိမ့်နေတယ်။ နိုင်ငံတကာ၊ ပြည်တွင်းမှာ ကျရှုံးနေတာကို ထွက်ပေါက်ရှာဖို့အတွက် လူမျိုးရေးပဋိပက္ခတစ်ခုကို ဖန်တီးချင်ပုံရပါတယ်” ဟု သူက ဆိုသည်။

“ရခိုင်ပြည်မှာ မွတ်စလင်နဲ့ ရခိုင် ပြဿနာဖြစ်လာမယ်ဆိုရင် နိုင်ငံတကာကလည်း ဒီအပေါ်မှာ အာရုံရောက်လာမယ်။ ပြီးတော့ လူအုပ်စုနှစ်ခုကြားမှာလည်း ပဋိပက္ခဖြစ်မယ်။ အဲဒီမှာ သူတို့က ကြားကနေပြီး နိုင်ငံရေးအမြတ်ထုတ်မယ်၊ စစ်ရေးအမြတ်ထုတ်မယ်။ အဲလိုရည်ရွယ်ပြီးတော့ AA ရဲ့ အောင်မြင်မှုတွေကို ချိုးနှိမ်ဖို့အတွက် လမ်းကြောင်းလွှဲပေးတာလို့ မြင်ရတယ်” ဟု ဦးဖေသန်းက မတ်လ ၂၁ ရက်က Myanmar Now ကို ပြောထားသည်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */