" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 6, 2024

ရခိုင်မှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းပို့

RFA
RFA Burmese
2024.04.05 

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်တွေကြောင့် ဗျူဟာကုန်းတွေ၊ တပ်ရင်း တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ် ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့နေတယ်လို့ ကိုယ်တိုင်ပြည်သူ့စစ်သင်တန်း တက်ခဲ့ရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်ကောင်စီဟာ မတ်လဆန်းပိုင်းကစလို့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေနဲ့ ဘူးသီးတောင်မြို့နယ်တွေက ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးဖို့ အတင်းအကျပ် ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရတဲ့အထဲမှာ စစ်တွေမြို့နယ် အုန်းတောကြီး(တောင်)၊ အုန်းတောကြီး (မြောက်)၊ ဘောဒူဘ(၁)၊ ဘောဒူဘ(၂)၊ မှန်စီ၊ သဲချောင်း၊ သက္ကေပြင် စတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေ အပြင် အဲဒီအနီးဝန်းကျင်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် တစ်ထောင်နီးပါး ပါဝင်ပါတယ်။


"ရှေ့တန်းထွက်ပြီး လူတွေ တိုက်ပွဲမှာကျလို့ မသွားရဲကြတော့ဘူး”

သူတို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး အကူအညီအထောက်အပံ့တွေမရလို့ စားဝတ်နေရေး ခက်ခဲနေကြတာပါ။ စစ်ကောင်စီက သူတို့ကို မက်လုံးပေးပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တည်ရှိရာ စစ်တွေတပ်နယ်ထဲမှာ ၂၀၂၄ ခုနှစ်၊ မတ်လအစောပိုင်းကစလို့ ပြည်သူ့စစ်သင်တန်းပေးခဲ့တာလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

ရက်တိုသင်တန်း တစ်သုတ်မှာ လူအရေအတွက် သုံးရာထက်မနည်းပါဝင်ပြီး အဲဒီတစ်လအတွင်းမှာ ရိုဟင်ဂျာဒုက္ခ သည် တစ်ထောင်နီးပါးကို အသုတ်လိုက် သုံးကြိမ်အထိ စစ်သင်တန်းပေးခဲ့တာဖြစ်ပါတယ်။ ပထမအသုတ်သင်တန်း တက်ခဲ့ရသူတွေထဲက လူပေါင်းတစ်ရာနီးပါးဟာ ရသေ့တောင်မြို့နယ်ကို ပို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“သင်တန်းပေးတာက တပ်ထဲမှာပေးပါတယ်။ တပ်ထဲမှာပေးပြီးတော့ သေနတ်ပစ်ဖို့အတွက် ရသေ့တောင်မြို့ ဘက်ကို ခေါ်ယူသွားပါတယ်။ လူပေါင်း တစ်ရာလောက်ပါသွားတဲ့အထဲ ၆၁ ယောက် အသက်ဆုံးပါတယ်။ ၄၁ ယောက်က ဒဏ်ရာရလို့ စစ်တပ်က ဆေးရုံမှာ။ ပထမအကြိမ်မှာတော့ ဆန်တစ်အိတ်ပေးတယ်။ ငွေငါးသောင်း ပေးတယ်။ အဲဒါကြောင့် ပါသွားကြတယ်။ ဒုတိယအကြိမ်မှာလည်း ပါသွားကြတယ်။ တတိယအကြိမ်မှာတော့ ရှေ့တန်းထွက်ပြီး လူတွေ တိုက်ပွဲမှာကျလို့ မသွားရဲကြတော့ဘူး”

သူတို့စခန်းက ပထမအကြိမ် သင်တန်းမှာ ၂၅ ယောက်၊ ဒုတိယတစ်ခေါက်မှာ ၁၁၅ ယောက်နဲ့ တတိယ အကြိမ်မှာတော့ အယောက် ၂၀ကျော် ပါသွားတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ မတ်လ ၁၇ ရက် သတင်းထုတ်ပြန်ချက်မှာလည်း ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို သိမ်းယူခဲ့ချိန်မှာ စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်း ပေးပြီး ရှေ့တန်းအပို့ခံထားရတဲ့ ရိုဟင်ဂျာတချို့ရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတစ်ထောင်နီးပါးထဲက ခြောက်ရာလောက်ကို မတ်လ ဒုတိယအပတ်မှာ သူတို့ရဲ့ ဒုက္ခသည်စခန်းအသီးသီးကို ပြန်ပို့ခဲ့ပေမယ့် ကျန်တဲ့ လူဦးရေ သုံးရာဝန်းကျင်ရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောပါတယ်။ ပြန်ပို့ခဲ့တဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ပြန်ခေါ်နေတာကြောင့် စစ်မြေပြင်ကို ထပ်ပို့ခံရမှာစိုးရိမ်ပြီး တချို့က တိမ်းရှောင်နေကြတယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်က မြို့ပေါ်ရပ်ကွက်(၁)က တစ်ဦး၊ ရပ်ကွက်(၅)က ၃၁ ဦး၊ ရွာမကျေးရွာက ၂ ဦး၊ စိမ်းညင်းပြားကျေးရွာက ၅ ဦး စုစုပေါင်း ရိုဟင်ဂျာ ၃၉ ဦးကို ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၃၅ တပ်ရင်းက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က လစာ ငွေဆယ်သိန်းနဲ့ ရိက္ခာတွေ ထောက်ပံ့ပေးမှာဖြစ်ပြီး ဘာသာရေးအတွက် တိုက်ပွဲဝင်ရမယ်လို့ ပြောဆိုစည်းရုံးခဲ့တဲ့အကြောင်း စစ်သင်တန်းတက်နေရာကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ဘူးသီးတောင် ဒေသခံ ရိုဟင်ဂျာလူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“သေနတ်ကိုဘယ်လိုပစ်ရမယ်၊ ဘယ်လိုလမ်းလျှောက်ရမယ်၊ ဘယ်လိုရှောင်ရမယ် တိုက်ပွဲဖြစ်တဲ့အချိန်မှာ နည်းနည်းပါးပါး ပြပါတယ် အဲဒီမှာ။ ဆယ်ရက်နေခဲ့တယ်။ ဆယ်ရက်မှာ ကိုးရက်လောက်ပြပါတယ်။ လာခေါ်တဲအချိန် မှာမပြောဘူး တပ်ရင်းကိုခေါ်ယူလာလို့ အဲဒီရောက်တဲ့အချိန်မှာ ပြောတာက မင်းတို့မှာ သင်တန်း ၁၄ ရက် တက်ရမယ်ပြောတယ်။ ၁၄ ရက်ပြီးတာနဲ့ မင်းတို့ရွာကို မင်းတို့ ပြည်သူ့စစ်အနေနဲ့ ကင်းစောင့်ရမယ်လို့ ပြောတယ်”

ကျောက်ဖြူအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၄၂ တပ်ရင်းကလည်း ကျောက်တစ်လုံး ရိုဟင်ဂျာက္ခသည် စခန်းက ရိုဟင်ဂျာ တစ်ရာ နီးပါးကို ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ၁၄ ရက် စစ်သင်တန်းပေးခဲ့တယ်လို့ ဒေသခံတွေကပြော ပါတယ်။

 
ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
အဲဒီထဲက အယောက် ငါးဆယ်ကို မတ်လ၂၈ ရက်နေ့မှာ စစ်ယူနီဖောင်းတွေနဲ့ လက်နက်တွေတပ်ဆင်ပေးပြီး မြို့ နယ်အတွင်းက တပ်စခန်း လေးခုမှာ လုံခြုံရေး တာဝန်ချထားတယ်လို့ ကျောက်တစ်လုံးကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

“အခုလက်နက်ပေး ချထားတာကတော့ မလကျွန်း၊ တောင်ရှည်၊ င/လပွိ၊ ပြင်ဖြူမော်တွေမှာ ချထားပါတယ်။ သင် တန်းက ၁၄ ရက်ပေးပါတယ်။ သင်တန်း ၁၄ ရက်ပေးပြီးတော့ သေနတ်ပစ်ဖို့ နှစ်ရက်ခေါ်ပါတယ်။ ပထမ တစ်ပတ်မှာ တစ်ရက်ခေါ်ယူသွားတယ်။ ဒုတိယ တစ်ပတ်ခေါ်တယ်။ ပြီးတော့ လူ ငါးဆယ် လုံခြုံရေး ခေါ်ယူသွား တယ်။ လူငယ်တွေကတော့ ၁၈ နှစ်ကနေ လေးဆယ်ကျော်အထိခေါ်တယ်။ နောက်ဆုံးတော့ ၅၅ နှစ်အထိ ခေါ်ပါတယ်။ ကျောက်ဖြူ ကျောက်တစ်လုံးကပါ။ အားလုံး မွတ်စလင်လူမျိုးပါ”

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ ရခိုင်ပြည်နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စဟာ ပြည်နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လည်း ဖုန်းမကိုင်ပါဘူး။

ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က… ရိုဟင်ဂျာတွေကို စစ်သင်တန်းပေး စစ်မှုထမ်းခိုင်းပြီး စစ်မြေပြင်ကို ပို့နေတာဟာ စစ်ကောင်စီ လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကို ထပ်မံ ကျူးလွန်နေတာဖြစ်တယ်လို့ ထောက်ပြပါတယ်။

“ဒီရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတယ်။ ဖမ်းဆီးသွားတယ်။ ရှေ့တန်းမှာသုံးတယ်။ အတင်းအဓမ္မ ဆန္ဒပြခိုင်းတယ်။ ဒါတွေအားလုံးက ရာဇဝတ်မှုကျူးလွန်နေတာ။ အတင်းအဓမ္မစစ်မှု ထမ်းခိုင်းတာဆိုလို့ရှိရင် ဒါစစ်ရာဇဝတ်မှုမြောက်တယ်။ ဆိုတော့ ကျွန်တော်တို့က လူမျိုးတုံးသတ်ဖြတ်မှုကို ကျွန်တော်တို့အပေါ် ကျူးလွန်နေတဲ့အရာက ပြီးဆုံးသွားတာမဟုတ်ဘူး။ အခုထိ ဆက်ကျူးလွန်နေတုန်းပဲ။ ဆိုတော့ ဒီလူမျိုးတုံး သတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်နေတယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောလို့ရတယ်။ ဒါပေမဲ့ စစ်ကောင်စီကို ကျွန်တော်တို့အနေနဲ့ ဒါကိုမလုပ်ပါနဲ့ ဒီလိုလုပ်ပါ ဒါတောင်းဆိုခွင့်လည်းမရှိဘူး”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသက ရိုဟင်ဂျာခုနစ်သိန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသက်လုထွက်ပြေးခဲ့ကြရသလို ပြည်တွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ်လည်း လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်နေတာဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာ လူဦးရေ ၃ ဒဿမ ၁ သန်းရှိပြီး အဲဒီအထဲက တစ်သန်းနီးပါးဟာ ရိုဟင်ဂျာတွေပါ။ 
 
ရခိုင်ပြည်နယ်မှာ ဒုတိယလူဦးရေ အများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေဟာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲနဲ့ စစ်တွေမြို့နယ်တွေမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

ဆက်နွယ်သောသတင်းများ  
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */