" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 22, 2024

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဧရာဝတီ
21 March 2024
မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရိုဟင်ဂျာ ၇၀၀ ခန့် ဆန္ဒပြခဲ့ / ဟန်ငြိမ်းဦး 

တိုက်ပွဲဖြစ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့၌ မတ်လ ၁၉ ရက် နေ့လည်က ရိုဟင်ဂျာ ၇၀၀ခန့်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲကို စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

ဦးအောင်ကျော်မိုးက “ကျေးရွာတွေအထိ ဆင်းပြီးတော့ ဆန္ဒပြဖို့ စစ်တပ်က ကားနဲ့ခေါ်သွားတဲ့ အထောက်အထား တွေ လည်း အများကြီးရှိပါတယ်။ လွတ်လွတ်လပ်လပ်သွားလာခွင့်၊ ပြောပိုင်ခွင့်ဆိုတာ တသက်မှာတခါမှမရှိခဲ့တဲ့ ရိုဟင်ဂျာ တွေက အခုလိုရုတ်တရက်ထပြီး ရာနဲ့ချီတဲ့ကလေးတွေ အပါအဝင် ဆန္ဒပြမှုထလုပ်တယ်ဆိုတာ သူတို့အစွမ်းအစနဲ့ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါတွေသည် စစ်ကောင်စီက အကွက်ကျကျစီစဉ်ပြီးတော့ လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်ရန် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တပ်မင်းချောင်း၊ ကျောက်ဖြူတောင်ကျေးရွာနှင့် အနီးဝန်းကျင်ရွာ အချို့မှ ရိုဟင်ဂျာများအား စစ်ကား ၁၀ စီးဖြင့် ဖိအားပေးခြိမ်းခြောက်ကာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကလည်း ဆိုသည်။

တပ်မင်းချောင်းကျေးရွာသည် ဘူးသီးတောင်မြို့ အနောက်ဘက်အထွက် စစ်တပ်ဝန်းအနီးတွင် တည်ရှိသည့်ကျေးရွာ ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ကြောင့် မြို့များနှင့် စစ်တပ်ဌာနချုပ်စခန်းများစွာ လက်လွှတ်ရကာ အထိနာနေသည့် စစ်ကောင်စီသည် ရိုဟင်ဂျာလူငယ်များအား စစ်မှုထမ်းရန် ဖိအားပေးစုဆောင်းမှုများပြုလုပ်ခြင်း၊ ဆန္ဒပြပွဲများလုပ်ဆောင်စေခြင်းတို့သည် လူမျိုးစုနှစ်ခုကြား ပဋိပက္ခဖန်တီးရန် ကြိုးပမ်းမှုဖြစ်ကြောင်းလည်း ရိုနေဆန်းလွင်ကဆက်ပြောသည်။

၎င်းက “စစ်ရေးရှုံးနိမ့်နေတဲ့အချိန်မှာ ထွက်ပေါက်တခုအနေနဲ့ အရင် ၂၀၁၂ တုန်းကလည်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ခဲ့ဖူးသလို အဓိကရုဏ်းတွေဖန်တီးပြီး ထွက်ပေါက်ရှာမယ်ဆိုပြီးတော့ ကြိုးစားလာတာ ဖြစ်တယ်။ ပထမဦးဆုံးအနေနဲ့ စစ်မှုထမ်းတဲ့ဟာတွေ လုပ်လာတယ်။ အခု ဒုတိယအကြိမ် ဆန္ဒပြပွဲလုပ်လာတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူငယ်များအား အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းကြောင့် ရခိုင်နှင့် ရိုဟင်ဂျာများကြား ပဋိပက္ခများဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်းလည်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများနှင့် ရခိုင်နိုင်ငံရေး သမားအချို့က ပြောသည်။

မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရိုဟင်ဂျာ ၇၀၀ ခန့် ဆန္ဒပြခဲ့ / ဟန်ငြိမ်းဦး
 


ရခိုင်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးဖေသန်းက “လူမျိုးရေးအသုံးချဖို့ စစ်တပ်ကကြိုးစားတာပေါ့။ နဂိုကတည်းက မသင့်မမြတ်တဲ့ လူမျိုးနှစ်မျိုးဆိုပြီး အဲဒီကြားမှာ သွေးခွဲပြီးတော့ ရန်တိုက်ဖို့လုပ်လာတာလို့ မြင်တယ်။ မွတ်စလင် လူငယ်တွေကလည်း အများအားဖြင့် နားလည်ချင်မှနားလည်မယ်၊ မွတ်စလင်လူကြီးတွေကလည်း ထိန်းသင့်တယ်။ ဒီကိစ္စက ရေရှည်မှာ ကောင်းကျိုးမဖြစ်နိုင်ဘူး၊ ဆိုးကျိုးပဲဖြစ်နိုင်တယ်” ဟု မှတ်ချက်ပြုသည်။

ဘူးသီးတောင်ဆန္ဒပြပွဲနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း စစ်ကောင်စီ လုပ်ခိုင်းသည့် ဆန္ဒပြ ပွဲသာဖြစ်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်ခံရသည်ဟု ပြောသူများကိုယ်တိုင်က သတ်ဖြတ်ခဲ့သူများဘက် ရပ်တည်သည် ဆိုပါက သမိုင်းတွင် အဆိုးဝါးဆုံးသစ္စာဖောက်မှုဖြစ်ကာ AA အနေဖြင့် သေသေချာချာ စောင့်ကြည့်နေပြီး သင့်တော်သလို တုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း RFA သတင်းဌာနကို ဖြေထားသည်။

စစ်ကောင်စီဘက်ကမူ ရိုဟင်ဂျာဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့ရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသတည်ငြိမ် အေးချမ်းရေး လိုလားသည့် ဘင်္ဂါလီအင်အား ၂၀၀၀ ကျော်က “AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြ၊ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကို မလိုလားပါ၊ ဒီနေရာတွင် မည်သည့်စစ်ပွဲမှ မပြုလုပ်ရ” စသည့် ကြွေးကြော်သံများအား မြန်မာ/ဘင်္ဂါလီနှစ်ဘာသာဖြင့် ဆန္ဒပြခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာ၊ ရုပ်သံလိုင်းများတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူငယ်များအား အဓမ္မစစ်သင်တန်းပေးကာ ရှေ့တန်းတွင် တိုက်ခိုက်စေသည် ဟူသော သတင်းများနှင့် ပတ်သက်၍မူ စစ်ကောင်စီက ငြင်းဆိုထားသည်။

သို့သော် AA က ရသေ့တောင်မြို့အား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီစခန်းများအတွင်း စစ်ဝတ်စုံများဖြင့် သေဆုံးနေသည့် ရိုဟင်ဂျာရုပ်အလောင်းများ တွေ့ရှိရကြောင်း ဓာတ်ပုံများနှင့်တကွ AA က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်တို့၌ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး စစ်တပ်၏ တိုက်ခိုက်များကြောင့် လူအများအပြားသေဆုံးကာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရသည်။

ရိုဟင်ဂျာများအပေါ် စစ်တပ်၏ သတ်ဖြတ်မှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူများနှင့် ပတ်သက်၍ ယနေ့အချိန်ထိ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည့်အပြင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း နေထိုင်နေသော ရိုဟင်ဂျာများမှာလည်း လွတ်လပ်စွာခရီးသွားလာခွင့် မရရှိဘဲ စစ်တပ်က ချုပ်ကိုင်ထားသည်။

မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရိုဟင်ဂျာ ၇၀၀ ခန့် ဆန္ဒပြခဲ့ / ဟန်ငြိမ်းဦး
 



ထိုသို့ စစ်တပ်၏ ထိန်းချုပ်ကန့်သတ်မှုများအောက် ရိုဟင်ဂျာများအနေဖြင့် အခြားသောဒေသများက ပြည်သူများကဲ့သို့ စစ်တပ်အမိန့်အား ငြင်းဆန်ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့်အခြေအနေအား ရင်ဆိုင်နေရကြောင်းလည်း NUG ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

၎င်းက “မလွန်ဆန်နိုင်တဲ့ အခြေအနေကြုံနေရတဲ့ အကြမ်းဖက်စစ်တပ်ထဲ ရောက်နေရတဲ့ ရိုဟင်ဂျာလူငယ်တချို့ကြောင့် ရိုဟင်ဂျာတွေအားလုံးကို သိမ်းကျုံးပြီးတော့ အကြမ်းဖက်စစ်တပ်ကို ထောက်ခံသူတွေလို့စွပ်စွဲရင် ဒါကမှန်မနေဘူး။ မလွန်ဆန်နိုင်တဲ့ အခြေအနေတွေ ရှိတယ်ဆိုတာ သိသာလွန်းတာကြောင့် လူမျိုးစုအချင်းချင်းကြားမှာ သဘောထားကြီး ပြီးတော့ နားလည်မှုမလွဲဘဲ ကျနော်တို့ရဲ့ ဘုံရန်သူ စစ်ကောင်စီကို တွန်းလှန်ဖြိုခွဲဖို့လိုတယ်” ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ရိုဟင်ဂျာလူငယ်များအား ဖိအားပေးစစ်သင်တန်းပေးကာ ရှေ့တန်းစခန်းများတွင် လူသားဒိုင်းအဖြစ် တိုက်ခိုက်ခိုင်းသည့်လုပ်ရပ်သည် လူသားဖြစ်တည်မှုအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုအား ကျူးလွန်နေခြင်းဖြစ်ပြီး ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို နောက်ထပ်နည်းလမ်းတရပ်အနေဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ဦးအောင်ကျော်မိုးက ဝေဖန်ပြောဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က အပြည့်အဝထိန်းချုပ်သိမ်းပိုက်ရန် ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့တို့သာ ကျန်ရှိပြီး လတ်တလော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ စစ်တပ်စခန်း၊ နယ်ခြားစောင့်ရဲစခန်းများအား ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်ထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း အရပ်သားထိခိုက် သေဆုံးရမှုများထဲ ရိုဟင်ဂျာ ၄၂ ဦး ပါဝင်ခဲ့ပြီး ၁၀၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရိုဟင်ဂျာအရေး ဆောင်ရွက်နေသည့် Rohingya FDMN Representative Committee က ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ် ၁၈ ရက်ကလည်း မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၂၂ ဦး သေဆုံးကာ ၃၀ ဦးခန့် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */