" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 15, 2024

၄၅ နှစ်ကျော်အကြာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ

ဧရာဝတီ
သူ့အတွေး သူ့အမြင်

Tony Waters နှင့် R.J. Aung
14 March 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ဆန်၊ ရေနှင့် စားသုံးဆီ ရရှိရန် စောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP 


ရိုဟင်ဂျာများကို ပြန်လည် ပို့ဆောင်ရေး ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားပြီး တလအကြာတွင် မြန်မာမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကိုယ်စားလှယ်များသည် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး ဆွေးနွေးရန် စစ်ကောင်စီ ပညာရေးဝန်ကြီးကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံသည်။

ဘင်္ဂလားဒေ့ရှ်အရာရှိများသည် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) အကြား တဖက်ဖက်မှ ပါသည်ဟု ထင်မြင်ခံရမည့် မည်သည့်နည်းနှင့်မှ လုပ်ဆောင်ရန် စိတ်ထက်သန်ခြင်း မရှိကြဘဲ ဘင်္ဂလားဒေ့ရှ်သည် နတ်မြစ်တဖက်ကမ်း ရခိုင်တွင် အုပ်ချုပ်သူအသစ် ရောက်လာသည်ကို စတင်သဘောပေါက်လာခြင်း ဖြစ်နိုင်သည်။

သို့သော် AA ၏ အောင်ပွဲများသည် UNHCR, ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရများက လုပ်နေသည့် ရိုဟင်ဂျာများကို နေရပ်ပြန်လည် ပို့ဆောင်ရေးအတွက် မည်သည့်အဓိပ္ပာယ် သက်ရောက်သနည်း။ မိမိတို့၏အဖြေမှာ ရိုဟင်ဂျာများ ၄၅ နှစ်ကျော် ဖိနှိပ်ခံရပြီးနောက် အဓိပ္ပာယ် များများမရှိဟူ၍ ဖြစ်သည်။ ၎င်းတို့ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာပြီးနောက် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေ အမှန်တကယ် ပိုမိုဆိုးရွားနေကြောင်း ရိုဟင်ဂျာများလည်း သိကြသည်။

ကောက်ဘဇားတွင် နေထိုင်သည့် သန်းနှင့်ချီသော နိုင်ငံမဲ့ ရိုဟင်ဂျာ ဒုက္ခသည်များသည် အခက်ခဲဆုံး ဒုက္ခသည် အခြေအနေများကို ရင်ဆိုင်နေရသူများထဲတွင် ပါဝင်သည်။ ဘင်္ဂလာဒေ့ရှ် အိမ်ရှင်များက ၎င်းတို့သည် မွေးဖွားသည့်နိုင်ငံ မြန်မာနှင့်သာ သက်ဆိုင်ကြောင်း ပြောသည်။ AA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ရိုဟင်ဂျာများသည် တန်းတူ မဟုတ်ဘဲ ၎င်းတို့၏ သတ်မှတ်ချက်နှင့် ကိုက်ညီလျှင် ရခိုင်ပြည်သစ်တွင် ပါဝင်နိုင်ကြောင်း ပြောသည်။ ထို့ပြင် စစ်ကောင်စီသည် မြန်မာတွင် ကျန်ရှိနေသည့် ရိုဟင်ဂျာအချို့ကို စတင် အတင်းအကျပ် စစ်သားစုဆောင်းပြီး AA ကို တိုက်ခိုက်ရန် လုပ်ဆောင်နေသည်။

ကုလသမဂ္ဂမှ လူသားချင်းစာနာရေးသမားများသည် အင်္ဂလိပ်စကားမတတ်၊ မြို့ပြအသက်မွေးဝမ်းကြောင်း ကျွမ်း ကျင်မှုနည်းသော ဆင်းရဲနွမ်းပါသည့် ရိုဟင်ဂျာများကို စိတ်ဝင်စားမှုနည်းလာပြီး မတူကွဲပြား၊ ခေတ်နှင့် အံဝင်ခွင်ကျ မရှိဟု အလွယ်တကူ ပစ်ပယ်လာကြသည်။ ထို့ကြောင့် ရိုဟင်ဂျာ ရာပေါင်းများစွာ ပင်လယ်တွင် နစ်မြုပ်နေပြီး ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်မှ နယ်ခြားစောင့်စခန်းများကို AA က သိမ်းပိုက်ကာ စစ်တွေမြို့သည်ပင် ခြိမ်းခြောက်ခံနေရသည့် အချိန်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် UNHCR တို့သည် တတိယနိုင်ငံများတွင် အခြေချစေရေးဆိုသည့်ကိစ္စကို ရှောင်ရှားကြသည်။

“ရိုဟင်ဂျာ ဒုက္ခသည်များသည် ဘေးကင်းလုံခြုံ သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ရေးအတွက်နှင့် နေရပ်ပြန်နိုင်ရေးအတွက် ရေရှည်တည်တံ့ရန် ကြိုတင်ခန့်မှန်းထားသည့် လုံလောက်သော ဘဏ္ဍာရေးအကူအညီ လိုအပ်သည်” ဟုသာ အလွယ်တကူ ပြောကြသည်။

ထိုအချက်သည် အာမခံချက် ရှိကောင်းရှိနိုင်သော်လည်း ရိုဟင်ဂျာ ဒုက္ခသည်အရေးတွင် UNHCR ပထမဆုံး ပါဝင်ပတ်သက်သည့် ၁၉၇၈ ခုနှစ်မှ စတင်သည့် ဆန္ဒအလျောက် နေရပ်ပြန်ရေး မူဝါဒလုပ်ငန်းကို ယခင်ကလည်း လုပ် ဆောင်ခဲ့ပြီးဖြစ်သည်။ စစ်အုပ်စုသည် ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ချမှတ်ထားသည့် ဗမာလွှမ်းမိုးမှု မူဒါဒများ ခိုင်မာစေရန် နည်းလမ်းတခုအဖြစ် ရိုဟင်ဂျာများကို အကြိမ်ကြိမ်မောင်းထုတ်သည်။

“ရိုဟင်ဂျာ ဒုက္ခသည်များသည် ဘေးကင်းလုံခြုံ သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ရေးအတွက်နှင့် နေရပ်ပြန်နိုင်ရေးအတွက် ရေရှည်တည်တံ့ရန် ကြိုတင်ခန့်မှန်းထားသည့် လုံလောက်သော ဘဏ္ဍာရေးအကူအညီ လိုအပ်သည်” ဟုသာ အလွယ်တကူ ပြောကြသည်။

စစ်တပ်က ဖိနှိပ်မှု ခံရခြင်းကို ခေတ်နောက်ကျသည်ဟု ကမ္ဘာ့လူမှုအသိုက်အဝန်းက မြင်နေကြသလားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။

ရိုဟင်ဂျာများသည် ၁၈၂၄ ခုနှစ် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ မရောက်လာခင်ကပင် ရခိုင်တွင် နေထိုင်ကြပြီး ၁၈၂၄ နှင့် ၁၉၃၀ ပြည့်နှစ်ကြားတွင် ဗြိတိသျှနယ်ချဲ့တို့က လယ်ယာစိုက်ပျိုးရန် နောက်ထပ် ပိုမိုများပြားသည့် ရိုဟင်ဂျာများကို ခေါ်ဆောင်လာသည်။ အများအပြားသည် မွတ်ဆလင်များဖြစ်သော်လည်း အိမ်နီးချင်း ဗြိတိသျှပိုက်နက် ဘင်္ဂလားပြည်နယ်မှ ဘာသာရေး အလေ့အထအမျိုးမျိုးတွင်လည်း ပါဝင်ကြသည်။

၁၉၆၂ ခုနှစ်တွင် နေဝင်းစစ်အုပ်စု၏ အမျိုးသားရေး အလွန်အစွန်းရောက်သည့် ဗမာဗုဒ္ဓဘာသာတပ်များသည် နိုင် ငံကို ထိန်းချုပ်လိုက်ပြီး ၁၈၂၄ ခုနှစ် ဗြိတိသျှ သိမ်းပိုက်မှု မတိုင်မီက ရခိုင်တွင် ၎င်းတို့ဘိုးဘွားများ နေထိုင်ကြောင်း သက်သေမပြနိုင်သည့် ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့်မရှိဟု သတ်မှတ်လိုက်သည်။ နေဝင်း စစ်အုပ်စုက ထိုရိုဟင်ဂျာများသည် နိုင်ငံခြားသားများဖြစ်သည်ဟု ကြေညာပြီး ၁၉၇၈ ခုနှစ်တွင် ရိုဟင်ဂျာ နှစ်သိန်းကို အစုလိုက်အပြုံလိုက် နှင်ထုတ်သည်။

UNHCR အကူအညီဖြင့် အလျင်အမြန် နေရပ်ပြန်လည်ပို့ဆောင်ခြင်း လုပ်ရသည်။ ဝါရင့် ကုလသမဂ္ဂ လေ့လာသူတဦးက စခန်းများတွင် အစားအစာနှင့် အခြေခံ တကိုယ်ရည်သန့်ရှင်းမှု မရှိသောကြောင့် ၎င်းတို့သည် သေမင်းထောင်ခြောက်များတွင် အပို့ခံထားရခြင်းဖြစ်ကြောင်း ပြောပြီးနောက် အများစုကို မြန်မာသို့ ပြန်ပို့ရသည်။

အလားတူဖြစ်ရပ်မျိုး ၁၉၉၀ ပြည့်နှစ်တွင်လည်း ဖြစ်ပွားခဲ့သည်။ ထိုစဉ်က စစ်အုပ်စုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုများမှ ဗမာလူမျိုးစုကို အာရုံလွှဲရန် အစ္စလမ်ဆန့်ကျင်ရေးကိုသုံးပြီး ရိုဟင်ဂျာ နှစ်သိန်းခွဲကို ပြည်နှင်ဒဏ်ပေးသည်။ ၁၉၇၈ ခုနှစ်က ကဲ့သို့ပင် UNHCR အကူအညီဖြင့် အလျင်အမြန် ပြန်လည်ပို့ဆောင်ရေး စီစဉ်ရသည်။

၂၀၁၂ ခုနှစ်တွင် သမိုင်းတပတ်လည်ပြီး ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ထပ်မံ ရှင်းလင်းပြန်သည်။ မြန်မာသို့ ပြန်လည် ပို့ဆောင်ခြင်းကို အပြင်းအထန် မလုပ်နိုင်သော်လည်း ကောက်ဘဇားမှ ဒုက္ခသည်စခန်းများ ကြီးထွားလာနေသည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် အားလုံးကို အကြီးမားဆုံး မောင်းထုတ်ခြင်းအား မြန်မာစစ်တပ်က လုပ် ဆောင်ပြီး ရွာများကို မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ရခိုင်မှ ရိုဟင်ဂျာများကို လူမျိုးစု သုတ်သင်ခြင်းတို့ ပြုလုပ်ပြီးနောက် ရိုဟင်ဂျာ ၈ သိန်းခန့် ထွက်ပြေးရသည်။

ထို့အပြင် ယခု ၇ နှစ်ခန့် ကြာသောအခါ တနှစ်လျှင် ရိုဟင်ဂျာကလေး ၃ သောင်း မွေးဖွားပြီး ဒုက္ခသည်စခန်းများတွင် လူလားမြောက်လာကြသည်။ ရိုဟင်ဂျာလူငယ် သိန်းချီကာ အစွန်းရောက်ဖွယ်ရှိခြင်းသည် ကြိုတင်ခန့်မှန်းနိုင်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သည်။

သမိုင်းအရ အမှန်ဟု ယူဆချက်တွင် ပိတ်မိနေကြခြင်း

အားပြိုင်နေပြီး ရှုပ်ထွေးသော သမိုင်းရှုထောင့်အရ အမှန်ဟု ယူဆချက်တွင် ရိုဟင်ဂျာများသည် လုံးဝ ပိတ်မိနေသူများ ဖြစ်သည်။

မြန်မာနိုင်ငံသားဆိုသည်မှာ အစိုးရက တိုင်းရင်းသားဟု သတ်မှတ်ရန် မြန်မာ၏ ဗမာလွှမ်းမိုးသော သမိုင်းရှုထောင့်အနေဖြင့် ဆက်ရှိနေသည်။ တိုင်းရင်းသားဆိုသည်မှာ ဗမာဗုဒ္ဓဘာသာလွှမ်းမိုးသည့် လူမျိုးစုများဟု သတ်မှတ်သည်။ ထိုသို့သော ဖွင့်ဆိုမှုများကြောင့် ရိုဟင်ဂျာများသည် ဗြိတိသျှပိုင်နက် ဘင်္ဂလားပြည်နယ်မှ နိုင်ငံခြားသားကျူးကျော် သူများ ဖြစ်ခဲ့သည်။ ထိုယုတ္တိဗေဒ၏ စွဲကိုင်ချက်အရ ရိုဟင်ဂျာများသည် ၎င်းတို့ကိုဆက်ခံမည့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရမည်ဖြစ်သည်။ ထို့အပြင် ရိုဟင်ဂျာသည် မြန်မာဖြစ်သည်ဟု ဗြိတိန်က ၁၈၂၄ ခုနှစ်တွင် သတ်မှတ်လိုက်သောကြောင့် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံသားဖွင့်ဆိုမှုတွင် ရိုဟင်ဂျာ မပါပေ။

ကိစ္စများကို ပိုမိုရှုပ်ထွေးစေသည်မှာ ရခိုင်မှ ဗုဒ္ဓဘာသာဝင်များသည်လည်း ဗမာစစ်တပ်ကို တော်လှန်နေပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နယ်စပ်စခန်းများကို သိမ်းပိုက်ထားသည်။ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မကြာသေးမီတွင် BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာ၌ ရိုဟင်ဂျာဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ၊ စစ်တကောင်း မွတ်ဆလင်ဖြစ်စေ အာရက္ခ ဥပဒေအောက်တွင် တန်းတူညီမျှသော ဆက်ဆံမှု ခံယူလိုပါက အခြားတိုင်းရင်းသားများနှင့်အဆင်ပြေ အောင် နေထိုင်ပြီး စင်ပြိုင်ဖြစ်နေသည့် ဖန်တီးထားသော သမိုင်းရှုထောင့်များနှင့် ရိုဟင်ဂျာ တောင်းဆိုမှုများကို စွန့်လွှတ်ရမည့်သဘော ပြောသည်။

တနည်းအားဖြင့်ဆိုပါက ဗုဒ္ဓဘာသာ ရခိုင်လွှမ်းမိုးမှုကို သမိုင်းကြောင်းအရ တောင်းဆိုသဖြင့် ၎င်းတို့ လူမျိုးသင်္ကေတ အမှတ်လက္ခဏာကို မြစ်ဖျားခံသည့် ရခိုင်လူမျိုးစု လူမှုအသိုက်အဝန်းများသည်လည်း ရိုဟင်ဂျာများနှင့် ပတ် သက်ပြီး ကုန်းဘောင်မင်းဆက်ကို ဆက်ခံသည်ဆိုသည့် ခေတ်သစ်နေပြည်တော်မှ အမွေဆက်ခံသူများနှင့် အလားတူဖြစ်နေသည်။

ထိုသို့သော အချက်များ အားလုံးကြောင့် မြန်မာ သို့မဟုတ် ရခိုင်အနာဂတ်တွင် ရိုဟင်ဂျာများသည် မည်သည့်နေရာတွင် အံဝင်ခွင်ကျဖြစ်သည်ကို မည်သူမျှ မမေးကြပေ။ ထို့ကြောင့် သန်းချီသော ရိုဟင်ဂျာများသည် UNHCR က ကိုယ်စားပြုသည့် နိုင်ငံတကာ လူသားချင်းစာနာမှု နေရာများဖြစ်သည့် ကောက်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ပိတ်မိနေသည်။ ထိုဒေသတွင် ရိုဟင်ဂျာများသည် ဒုက္ခသည်စခန်းများကိုသာ ဦးစားပေးဖန်တီးသည့် နိုင်ငံတကာ လူသားချင်းစာနာမှု စနစ်တွင် မှီခိုနေသူများအဖြစ် စွပ်စွဲခံရသည်။

ထိုနေရာတွင် ရိုဟင်ဂျာများသည် ဒုက္ခသည် အခွင့်အရေးများမှ အကြိမ်ကြိမ် ငြင်းပယ်ခံရသည်။ UNHCR မှ ဝန်ထမ်းဟောင်း ဂျက်ဖ် ခရစ်က ရိုဟင်ဂျာများသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ညပ်နေသောကြောင့် သာမက UNHCR က ၎င်းတို့သည် ခေတ်နှင့်အညီ မလိုက်ပါနိုင်ဟု ယူဆသောကြောင့်ပါ အကျိုးခံစားခွင့် အနည်းဆုံး ဒုက္ခ သည်များတွင် ပါဝင်ပြီး မြန်မာသို့ ပြန်ပို့ရေးသည် တခုတည်းသော ဖြေရှင်းမှုဟု ယူဆကြောင်း ပြောသည်။

ထိုသို့သော အချက်များ အားလုံးကြောင့် မြန်မာ သို့မဟုတ် ရခိုင်အနာဂတ်တွင် ရိုဟင်ဂျာများသည် မည်သည့်နေရာတွင် အံဝင်ခွင်ကျဖြစ်သည်ကို မည်သူမျှ မမေးကြပေ။ ထို့ကြောင့် သန်းချီသော ရိုဟင်ဂျာများသည် UNHCR က ကိုယ်စားပြုသည့် နိုင်ငံတကာ လူသားချင်းစာနာမှု နေရာများဖြစ်သည့် ကောက်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ပိတ်မိနေသည်။

အင်ဒိုချိုင်းနား ဒေသသားများ၊ ယူဂိုဆလားဗီးယား နိုင်ငံသားများ၊ ယူကရိန်း နိုင်ငံသားများ၊ ဥရောပသားများနှင့် အခြားသူများကို ဒုက္ခသည်စခန်းများမှ ခေါ်ထုတ်ပြီး ၎င်းတို့အခွင့်အရေးများ ပြန်လည်ရရန်၊ နေရပ်ပြန်စေနိုင်ရန် လမ်းကြောင်းပေးခဲ့သည့် အစုလိုက်အပြုံလိုက် ပြန်လည်နေရာချထားရေး အစီအစဉ်များမှ ရိုဟင်ဂျာများကို ဖယ်ထုတ်ထားသည်။

လူဦးရေ အချိုးအစား ပြဿနာ

အတိုချုပ်အားဖြင့်ဆိုရပါက ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့သည့် UNHCR ဖြစ်စေ၊ မြန်မာ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်အစိုးရဖြစ်စေ၏ လိုရာဆွဲတွေးသော အတွေးအခေါ်ဖြင့် ဖြေရှင်းမရနိုင်ပေ။

၂၀၁၇ ခုနှစ်မှ စတင်ပြီး တနှစ်လျှင် ရိုဟင်ဂျာစခန်းများတွင် ကလေးငယ် ၃ သောင်း မွေးဖွားနေသောကြောင့် ထိုမွေးဖွားနှုန်းသည် မကြာမီ တိုးလာမည်ဖြစ်သည်။ လက်တွေ့တွင်လည်း ၂၀၂၂ ခုနှစ် စစ်တမ်းတခုတွင် ထိုဒုက္ခသည်များ၏ ၂၂ ရာခိုင်နှုန်းသည် ၅ နှစ်အောက် ကလေးငယ်များဖြစ်ပြီး အများစုသည် စခန်းများတွင် ၂၀၁၈ ခုနှစ်နောက်ပိုင်းမှသာ မွေးဖွားကြောင်း ပြသသည်။ လူငယ်များကို အစွန်းရောက်ခြင်း သို့မဟုတ် ဘင်္ဂလားပင်လယ်အော် ဆိုင်ကလုန်းမှ ကယ်ဆယ်ရန် မလုပ်ဆောင်ခြင်းသည် ရေရှည်ကပ်ဆိုးကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်သည်။

ထိုအချက်များ အားလုံးက ရိုဟင်ဂျာ ၁ သန်းကျော်သည် စခန်းများတွင် ပိတ်မိနေကြောင်း ပြသနေသည်။ ပြန်လည်နေရာချထားရေး မူဝါ မရှိသမျှကာလပတ်လုံး ထိုအရေအတွက်သည် နှစ်ပေါင်း ၂၀ ခန့်ကာလအတွင်း ၁ သန်းမှ ၂ သန်းအထိ တိုးလာမည်ဖြစ်သည်။ ပကတိလူဦးရေ အချိုးအစားမှာ ထိုလူဦးရေသည် ငယ်ရွယ် စွမ်းအားပြည့်ဝပြီး ဖယ်ကျဉ်ခံထားရသည့် လူငယ်များဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။

မေးစရာရှိသည့် မေးခွန်းမှာ ၎င်းတို့၏ စွမ်းအင်များကို မည်သည့်ဘက်သို့ ဦးတည်စေမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ ခေတ်သစ်ကမ္ဘာနှင့် ထိတွေ့ဆက်ဆံခွင့် ပေးမည်လား၊ ပုန်ကန် အကြမ်းဖက်မှုသို့ ဦးလှည့်သွားစေမည်လားဆိုသည့် မေးခွန်းဖြစ်သည်။

ရှေ့သို့ မျှော်ကြည့်ခြင်း သို့မဟုတ် ဒုက္ခသည်ပြဿနာများကို ဖြေရှင်းမှု

သို့သော် ရိုဟင်ဂျာ အခြေအနေသည် ပထမဆုံး အလွန်ခက်ခဲသည့် ဒုက္ခသည် အကျပ်အတည်း မဟုတ်ပေ။ လက်တွေ့တွင် အခက်ခဲဆုံး ဒုက္ခသည် အကျပ်အတည်းမှာ ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့သည့် ပါလက်စတိုင်း ဒုက္ခသည် အကျပ်အတည်း ဖြစ်နိုင်ပြီး ပါလက်စတိုင်း သန်းပေါင်းများစွာကို အောင်မြင်သော ပြန်လည် နေရာချထားခြင်း (ဂျော်ဒန် တနိုင်ငံတည်းတွင်ပင် ပါလက်စတိုင်း ၂ သန်း) ရှိသော်လည်း ပေါက်ကွဲမှုများသည့် ၂၀၂၄ ခုနှစ်တွင်ပင် ဆက်လက် ဖြစ်ပွားနေသည်။

ယခု ဆောင်းပါးသည် ပါလက်စတိုင်း ဒုက္ခသည် အကျပ်အတည်းအတွက် ဖြေရှင်းမှုများကိုသာမက ပါလက်စတိုင်း အခြေအနေသည် အလျင်အမြန် နေရပ်ပြန်ပို့သည့် အလွန်အကျွံ လိုရာဆွဲတွေးခြင်းက အခြေအနေကို မည်မျှဆိုးရွားသွားစေနိုင်ကြောင်း ဖော်ပြခြင်း၊ သတိပေးခြင်းလည်း ဖြစ်သည်။

သို့သော် ဒုက္ခသည် အခြေအနေများ အားလုံးသည် ဂါဇာမှ ပါလက်စတိုင်း အခြေအနေကဲ့သို့ ဖြစ်သွားသည် မဟုတ်ပေ။ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပတ်သက်သော အခြေအနေမှာ ၁၉၇၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း ထွက်ပြေးခဲ့သည့် ၃ သန်းခန့်အထိရှိသော အင်ဒိုချိုင်းနား ဒုက္ခသည် အခြေအနေကို မည်သို့ ဖြေရှင်းခဲ့သည်ဆိုသည့် ကိစ္စဖြစ်သည်။

ဒုက္ခသည် ၂ သိန်းခွဲ ပင်လယ်တွင် သေဆုံးသော်လည်း ကျန်သူများသည် အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ မလေးရှားနှင့် ဖိလစ်ပိုင်သို့ ရောက်အောင်သွားနိုင်ခဲ့ကြသည်။ ၎င်းတို့ကို ကောက်ဘဇားမှ ကဲ့သို့သော ဒုက္ခသည်စခန်းများတွင် ထားသည်။ ထိုစဉ်က ထိုသူများသည် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီယားသို့ ပြန်မည်ဟု အကြီးအကျယ် မျှော်လင့်ခဲ့သည်လည်း ရှိသည်။ သို့သော် အများစုသည် ထိုသို့ ပြန်သွားနိုင်ခြင်း မရှိကြပေ။ အများစုသည် အမေရိကန် ပြည်ထောင်စု၊ တရုတ်သို့ ရောက်ရှိခဲ့ကြပြီး ကမ္ဘောဒီးယားများမှာမူ ဗီယက်နမ်သို့ ရောက်သွားကြသည်။ ထိုသို့သော ဒုက္ခသည်များနှင့် ၎င်းတို့မှ ဆင်းသက်လာသူများ၏ ပိုမိုများပြားသော သူများသည် ထိုင်းနိုင်ငံတွင် ရှိနေဆဲဖြစ်သည်။

အလားတူစွာပင် ၁၉၉၀ ပြည့်နှစ်များက ယူဂိုဆလပ်စစ်ပွဲများအပြီးတွင် လူသန်းပေါင်းများစွာကို ဥရောပတွင် နေရာ ပြန်လည် ချထားရသည်။ ထိုမတိုင်မီ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကလည်း ဒုတိယကမ္ဘာစစ်မှ ဒုက္ခသည် သန်းပေါင်းများစွာသည် ဥရောပနှင့် မြောက်အမေရိကသို့ ပျံ့နှံ့သွားပြီး ဂျူး လူမျိုးတုံးသတ်ဖြတ်မှုမှ ရှင်ကျန်လွတ်မြောက် လာသူများသည် အစ္စရေးသို့ ရောက်ရှိသည်။ ၁၉၇၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်တော်လှန်ရေး အပြီးတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဒုက္ခသည် ၁၀ သန်းကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် နေရာချထားရေးအတွက် ပူးပေါင်းဆောင်ရွက်ကြသည်။

ယေဘုယျ သတ်မှတ်လုပ်ဆောင်ခြင်း၏ ခြွင်းချက်မှာ ထိုဒုက္ခသည်များ၏ များပြားလှသော အချိုးအစားသည် မိခင်နိုင်ငံပြင်ပတွင်သာ ပြန်လည်အခြေချခြင်း ဖြစ်သည်။ လက်တွေ့တွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ ကိုယ်တိုင်သည်ပင် ၁၉၈၀ ပြည့်နှစ်များက ဒုက္ခသည်တဦး ဖြစ်သည်။

ယနေ့ မဖြေရှင်းနိုင်သေးသည့် ဒုက္ခသည် အကျပ်အတည်းများတွင် သန်းပေါင်းများစွာသော ဆီရီးယားများလည်း ပါဝင်ပြီး အများစုကို အရှေ့အလယ်ပိုင်းနှင့် ဂျာမနီတွင် လက်ခံထားသည်။ ခိုလှုံခွင့်တောင်းသည့် ယူကရိန်းများကို ဥရောပနိုင်ငံများက လက်ခံထားပြီး ဗင်နီဇွဲလားနိုင်ငံသားများကို ကိုလံဘီယာ၊ အီကွေဒေါနှင့် အခြားအိမ်နီးချင်း နိုင်ငံများက လက်ခံထားမှုလည်း ပါဝင်သည်။

ဒေသဆိုင်ရာ ဖြေရှင်းမှုလိုအပ်

ထိုအချက်များ အားလုံးက ရိုဟင်ဂျာအခြေအနေသည် ဂါဇာကဲ့သို့ အဆုံးမသတ်ရန်နှင့် ယခင် ယူဂိုဆလားဗီးယား နိုင်ငံသားများ၊ ဥရောပသားများနှင့် ယူကရိန်း နိုင်ငံသားများအတွက် လုပ်ဆောင်ပေးသကဲ့သို့ ဒေသတွင်းအမြင်ဖြင့် ရိုဟင်ဂျာများအတွက် လိုအပ်ချက်များကို ဖြေရှင်းရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မရှိပါက မဖြစ်နိုင်ပေ။

မြန်မာမှ စစ်ကြောင့်ပျက်စီးနေသည့် ဇုန်များသည် ဖြေရှင်းနိုင်မည့် အလားအလာမရှိဘဲ ကာလတိုတွင် ဒုက္ခသည်များ ပြန်ပို့ရန် အလားအလာမရှိပေ။ AA ပိုင်နက်သို့ အချိန်မတိုင်မီ ပြန်ပို့ခြင်းသည် ရိုဟင်ဂျာများကို သားကောင်အဖြစ် ထပ်မံထိုးကျွေးခြင်းဖြစ်သည်။
ကာလ အလယ်အလတ်အတွက် ဖြေရှင်းမှုမှာ ရိုဟင်ဂျာများကို တောင်နှင့် အရှေ့တောင်အာရှမှ လုပ်သားလိုအပ်နေသည့် မြို့ကြီးများတွင် စုစည်းပေးခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေသည် ဗင်နီဇွဲလားနိုင်ငံသားများအ တွက် ကိုလံဘီယာနှင့် အီကွေဒေါတွင် ဖြစ်နေပြီး ယူကရိန်း နိုင်ငံသားများအတွက် ဥရောပတွင်ဖြစ်နေကာ ဆီးရီးယားနိုင်ငံသားများအတွက် တူရကီနှင့် အရှေ့အလယ်ပိုင်းတွင် ပေါ်ပေါက်နေသည်။

မြန်မာမှ စစ်ကြောင့်ပျက်စီးနေသည့် ဇုန်များသည် ဖြေရှင်းနိုင်မည့် အလားအလာမရှိဘဲ ကာလတိုတွင် ဒုက္ခသည်များ ပြန်ပို့ရန် အလားအလာမရှိပေ။ AA ပိုင်နက်သို့ အချိန်မတိုင်မီ ပြန်ပို့ခြင်းသည် ရိုဟင်ဂျာများကို သားကောင်အဖြစ် ထပ်မံထိုးကျွေးခြင်းဖြစ်သည်။

ထိုသို့ဆိုလိုခြင်းကြောင့် ထိုဒုက္ခသည်များသည် ဇာတိမြေသို့ပြန်ရန် အခွင့်အရေးကို စွန့်လွှတ်လိုက်သည်ဟု မဆိုလိုပေ။ သို့သော် တာဝန်ဖြန့်ဝေခြင်းသည် အိမ်ရှင်နိုင်ငံများ၏ ရက်ရောမှုကို မရပ်တန့်စေဘဲ အစွန်းရောက် ဒုက္ခသည်များ နေရပ်ပြန်သွားကာ အကြမ်းဖက်မည့် အလားအလာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖွယ်ရှိသည်။ မည်သည့်အချိန်တွင် ငြိမ်းချမ်းစွာ ပြန်နိုင်မည်မှာ မရေရာသော်လည်း အနာဂတ်တွင် ရိုဟင်ဂျာများ နေရပ်ပြန်မည့် အလားအလာကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်။

ထို့အပြင် လက်တွေ့တွင်လည်း ရိုဟင်ဂျာများသည် ထိုကိစ္စကို ဆုံးဖြတ်ရန် အကောင်းဆုံး အနေအထား ရောက်နေသည်။ လက်ရှိနိုင်ငံစနစ်အရ စိတ်ပျက်စရာကောင်းသော အချက်မှာ ထိုကဲ့သို့သော ဒေသဆိုင်ရာ ဖြေရှင်းမှုသည် ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်ကောင်စီကို အနည်းဆုံး ကာလတိုအားဖြင့် ကင်းလွတ်ခွင့်ပေးခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်ကောင်စီ သို့မဟုတ် AA ထံမှပင် ဆိုးရွားသည့် အပြုအမူများကို ဖြစ်ပေါ်စေရာ ရောက်သည်။ ထိုကိစ္စသည် ဒေသတွင်းနှင့် နိုင်ငံတကာမှ သက်ဆိုင်သူများအတွက် စဉ်းစားသုံးသပ်ရန် ပဟေဠိဖြစ်သည်။

ကပ်ဆိုးအန္တရာယ် လျှော့ချရန် UNHCR, အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများသည် လက်ရှိ အခြေခံအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိတ်မပါဘဲ ထမ်းနေရသော ရိုဟင်ဂျာများကို လက်ခံထားရသည့် ဝန်ထုပ်ဝန်ပိုးကို မျှဝေယူရန် လိုအပ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Tony Waters နှင့် R.J. Aung ၏ The Rohingya in Cox’s Bazar: 45 Years On ကို ဘာသာပြန်သည်။ တိုနီဝေါတားစ်သည် ဂျာမနီနိုင်ငံ ဖော့ဖာနာ တက္ကသိုလ်မှ ဧည့်ပါမောက္ခနှင့် ချင်မိုင်ရှိ ဖယပ် တက္ကသိုလ်မှ ပါမောက္ခ ဖြစ်သည်။ ကလောင်အမည်ဖြစ်သော အာ ဂျေ အောင်သည် ရန်ကုန်ဇာတိဖြစ်ပြီး ရန်ကုန်နှင့် ထိုင်းနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ခဲ့သူဖြစ်သည်။)

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */