" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 27, 2024

ရခိုင်မှာလူမျိုးရေးပဋိပက္ခထပ်မကြုံစေဖို့ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ သတိပေး

VOA
အင်ကြင်းနိုင်

၂၇ မတ်၊ ၂၀၂၄ 

George Washinton တက္ကသိုလ်က မြန်မာ့ရေးဆွေးနွေးပွဲမှ မဝေဝေနု (မတ်လ ၂၆၊ ၂၀၂၄/ဗွီအိုအေ မြန်မာဌာန)
 
ရခိုင်နဲ့ရိုဟင်ဂျာတွေကြား ပဋိပက္ခတွေထပ်မကြုံလာစေဖို့ နှစ်ဘက်ခေါင်းဆောင်တွေ သဘောထားမှန်မှန်ကန်ကန်ထားဖို့လိုမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက George Washington တက္ကသိုလ်မှာလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ သတိပေးပြောဆိုပါတယ်။ စစ်အာဏာပိုင်တွေဘက်က ရိုဟင်ဂျာတွေကိုဖိအားပေးအကြပ် ကိုင်ပြီး AA ကို ဆန့်ကျင်ခိုင်းတယ်ဆိုတဲ့ သတင်းတွေပေါ်လာတဲ့နောက် ရခိုင်နဲ့ ရိုဟင်ဂျာကြား ပဋိပက္ခတွေ ထပ်ဖြစ်လာမှာ စိုးရိမ်နေကြချိန်ဖြစ်ပါတယ်။ George Washinton တက္ကသိုလ်က မြန်မာ့ရေးဆွေးနွေးပွဲကို ကိုယ်တိုင်တတ်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင် သတင်းပေးပို့ထားပါတယ်။

အင်ကြင်းနိုင်။ ။ အခုရောက်နေတာကတော့ ဂျော့ချ် ဝါရှင်တန်တက္ကသိုလ်က အာရှရေးရာနဲ့ပတ်သက်တဲ့ဘာသာရပ်ကို အထူးပြုလေ့လာနေတဲ့ဌာနကို ကျမ ရောက်နေတာဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာ့အရေးဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးမှာ ဦးဆောင်လှုပ်ရှားနေသူတဦးဖြစ်တဲ့ မဝေဝေနုကနေ မြန်မာ့အရေးဆွေးနွေးပွဲမှာ သူက ဦးဆောင်ပြီး ဆွေးနွေးတာဖြစ်ပါတယ်ရှင်။

ဒီဆွေးနွေးမှုမှာ စစ်ကောင်စီဖိနှိပ်မှုအောက် မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့အခြေအနေတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့တုံ့ပြန်မှုတွေအပါ အဝင် ငြိမ်းချမ်းရေးအတွက်ပြေလည်နိုင်ဖို့ အလားအလာတွေကို ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် မြန်မာ့အရေးဆွေးနွေးပွဲကို စီစဥ်သူတဦးဖြစ်တဲ့ George Washington တက္ကသိုလ်၊ Elliott School နိုင်ငံတကာရေးရာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ Christina Fink ကလည်း ၂၀၂၃ ခုနှစ် အမေရိကန်လွှတ်တော်ရဲ့ NDAA အောက်မှာပါနေတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် BURMA ACT ပြဌာန်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်အတွက် စတင်သုံးစွဲမဲ့ မြန်မာဘတ်ဂျက်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တာကိုလည်း အခုလို ဗွီအိုအေကိုပြောပါတယ်။

"အထူးသဖြင့် BURMA ACT အရ အခုမှစပြီး မြန်မာအတွက် ဘတ်ဂျက်ငွေခွဲတမ်းကို တရားဝင်သတ်မှတ်ပြဌာန်းလိုက်ချိန်မှာ မြန်မာ့ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖယ်ဒရယ်စနစ် ဖေါ်ဆောင်ရေးမှာ ဒီငွေတွေကို ဘယ်လို ထိထိရောက်ရောက်အသုံးပြုကြမလဲဆိုတာ ဝါရှင်တန်ဒီစီမှာရှိတဲ့အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်းစဥ်းစားကြဖို့လည်းဖြစ်ပါတယ်။"

မေး။ ။ အဲဒါဆိုရင် BURMA ACT ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အရပ်ဖက်အုပ်ချုပ်ရေးအပိုင်းတွေကို ပံ့ပိုးပေးမဲ့ အနေအထားရှိနေတဲ့အတွက် အမေရိကန်ရဲ့ လွှမ်းမိုးမဲ့အရေးကို တရုတ်က စိုးရိမ်နေတဲ့အနေ အထားကို ဘယ်လိုမြင်လဲ။

"အာရှနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တရုတ်က ထိုးဖောက်လာတဲ့ ရည်ရွယ်ချက်တွေကို အမေရိကန်က စိုးရိမ်နေသလို မြန်မာနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အမေရိကန်ဘက်က ချဥ်းကပ်နေတဲ့ ရည်ရွယ်ချက်တွေကို တရုတ်က လည်း အမြဲတမ်း ပူပန်နေတာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဖော် ဆောင်နိုင်မယ်ဆိုရင်အမေရိကန်ရော တရုတ်ပါ နှစ်နိုင်ငံလုံးအတွက် စီးပွားရေးအရ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။"

ဆွေးနွေးကြတဲ့အထဲမှာ ရခိုင်ပြည်နယ်က အခြေအနေတွေပါဝင်ရာမှာ အထူးသဖြင့် မောင်းတောမှာ ရက္ခိုင့်တပ် တော်ကို ဆန့်ကျင်ဆန္ဒပြဖို့ စစ်ကောင်စီက ဖိအားပေးခိုင်းစေခံရတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေရဲ့သဘောထား မှန်ကန်မှုရှိဖို့ အလွန်အရးပါနေတယ်လို့ ဆွေးနွေးပွဲမှာ အဓိကပါဝင်သူဖြစ်တဲ့ မဝေဝေနုက ပြောသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲအပြီးမှာ မဝေဝေနုကို ဗွီအိုအေက မေးကြည့်တော့

"ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးပစ်မှတ်ထားပြီးတော့ နည်းပေါင်းစုံနဲ့ ဖိအားပေးခံရတဲ့ လူမျိုးစုတစုကို ပြန်ပြီးတော့မှ အပြစ်ဖို့ပြီးတော့ ကျမတို့ ဗမာပြည်သူတွေပေါ့နော်- တတိုင်းပြည်လုံးကပြည်သူတွေနဲ့ ရိုဟင်ဂျာတွေကို တိုက်သလိုမျိုး စကားပြောဆိုမှုတွေ၊ victim blaming လုပ်တာတွေ၊ ဒီလိုမျိုး ဖိအားပေးခံရတဲ့အစုအဖွဲ့၊ victim ဖြစ်နေတဲ့အစုအဖွဲ့ကို ကျမတို့ အပြစ်တင်တဲ့ပုံစံမျိုး ပြောတာဟာ ဒါ ကောင်းမွန်တဲ့ ကောင်းမွန်တဲ့ပြောဆိုမှုမျိုးလို့ ကျမ မမြင်ဘူး၊ Healthy ဖြစ်တဲ့ ကျမတို့ လူ့အဖွဲ့အစည်းအတွက် Healthy ဖြစ်တဲ့ပြောဆိုမှုလို့လည်း ကျမ မမြင်ဘူးပေါ့နော်၊ ဒါ အင်မတန် စိုးရိမ်စရာကောင်းပါတယ်။ ဒီလိုမျိုး ခေါင်းဆောင်တွေအနေနဲ့က - ကျမတို့ပြောချင်တာက ရခိုင်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာတွေပဲဖြစ်ဖြစ်ပေါ့နော်။ ရိုဟင်ဂျာခေါင်း ဆောင်တွေပဲဖြစ်ဖြစ်၊ ဒီလို ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူနေတဲ့သူတွေဟာ ဆိုလို့ရှိရင် သတိရှိရှိနဲ့ တာဝန်သိသိ ပြောဖို့လိုပါတယ်။ ဒီလိုမျိုး တဘက် community ကို နစ်နာစေမဲ့ပုံစံမျိုး၊ ဒါမှမဟုတ်ရင်လည်း ရန်တိုက်ပေးနေတဲ့ပုံစံမျိုးတွေ၊ နောက် victim blaming လုပ်တဲ့ပုံစံမျိုးတွေပြောတယ်ဆိုတာက အင်မတန် စိုးရိမ်စရာကောင်းပါတယ်-လို့ပဲ ကျမက မြင်ပါတယ်။"

မေး။ ။ ဒီလို မြန်မာ့အရေးဆွေးနွေးပွဲတွေ ဝါရှင်တန်ဒီစီလိုနေရာမှာကျင်းပတဲ့ ဘယ်လောက် အရေးပါလဲရှင့်။

"ဒီလို ဝါရှင်တန်ဒီစီလိုနေရာမှာ ကျင်းပတာက အင်မတန်မှ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာဆိုလို့ရှိရင် အမေရိကန်အစိုးရတင်မကပါဘူး။ အမေရိကန်မှာရှိနေတဲ့ think tank တွေ၊ သုတေသနပညာရှင်တွေ၊ အဲလူတွေဟာလည်း ဒီမှာ အဓိကအခြေချနေထိုင်တာဖြစ်တယ်။ ကျောင်းတွေမှာ ဒီလိုမျိုးကျင်းပတယ်ဆိုပေမဲ့ ကျောင်း သားတွေပဲ သက်သက်လာတာမဟုတ်ဘူး၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ International NGO တွေ၊ ပြီးလို့ရှိရင် အခုနကပြောတဲ့ Think Tank တွေ၊ policy makers တွေ၊ ဒီမှာဆိုလို့ရှိရင် အခုဆိုရင် အစိုးရ အရာရှိတွေပါတယ်။ အဲလိုလူတွေလာတဲ့အခါကျတော့ သူတို့တွေက ကျမတို့တွေရဲ့အသံကို၊ ကျမတို့တွေရဲ့အမြင်တွေကို နားထောင်ဖို့ အင်မတန်အရေးကြီးတယ်။ အဲဒါမှ ကျမတို့က သူတို့ရဲ့အမြင်တွေကိုလည်း ပိုပြီးတော့မှ ဗမာကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောင်းလဲလာအောင်၊ ပိုပြီးကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။"

ဒါကတော့ ဂျော့ရှ်ဝါရှင်တန်တက္ကသိုလ်မှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအကြောင်းတင်ပြခဲ့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */