" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 13, 2024

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၈၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၂ မတ်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်တပ်သားများ (ဖေဖော်ဝါရီ ၇၊၂၀၂၄)

စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၈ဝ ထက်မနည်းနယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲခိုလှုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကသတင်းတွေမှာဖော်ပြထားပါတယ်။ ဒီလူတွေနဲ့ပတ်သတ်လို့ အမြန်ဆုံးပြန်ပို့ဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့လာတာကို ကိုစံကျော်ကပြောပြမှာပါ။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၈၀ ထပ်မနည်းဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်မြို့ထဲက နိုင်ခေါင်ချာရီဒေသထဲ ဝင်ရောက်လာတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့ သတင်းတွေမှာဒီကနေ့အစောပိုင်းကဖော်ပြထားတာပါ။ ပထမဆုံးအနေနဲ့ အရပ်ဝတ်နဲ့ အမှုထမ်း ၂၉ ဦး ရောက်လာပြီး နောက်ထပ် အယောက် ၁၅၀ ခန့် ညနေပိုင်းမှာ ထပ်မံရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ဘန်ဒါဘန်ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လက်ထောက်ကော်မရှင်အဖွဲ့ဝင် Shah Mujahid Uddin သတင်းတွေမှာပြောဆိုထားပါတယ်။

ဒီလူတွေနဲ့ပတ်သတ်လို့ လက်ရှိအခြေအနေကို ရိုဟင်ဂျာအရေးကူညီဆောင်ရွက်ပေးနေသူဖြစ်တဲ့ ကိုတင်စိုး ကအခုလို ဗွီအိုအေကိုပြော ပြပါတယ်။

"လောလောဆယ်ကျနော်သိသလောက်ဆိုရင်တရာနီးပါးလောက်ပေါ့။ သူတို့ကိုဘင်္ဂလားဒေရှ်ဘက်က ဘယ်လိုပြောရမလဲ BGD ပေါ့ ဘင်္ဂလားဒေ့ရှ်က Border Guard ပေါ့။ သူတို့လက်အောက်မှာရှိတယ်။ သူတို့ကိုလောလောဆယ် refugee camp နားမှာ ရှိတဲ့ Transit Camp တခုထဲမှာထားတယ်။ အပြင်မှာ တော့မထားဘူး။ အတွင်းထဲမှာလည်းမဟုတ်ဘူး။ သူတို့ကလူတွေကို လူသစ်ရောက်လာရင်ထားတဲ့ နေရာတွေ၊ တခြားနေရာကိုပို့မယ်ဆို ထားတဲ့နေရာတွေရှိတယ် အဲနေရာတွေမှာထားတယ်။"

ထုတ်ပြန်ထားတဲ့စာရင်းအတိအကျရဖို့ခက်ခဲသလို ဒီရောက်လာတဲ့သူတွေကိုသီးသန့်ထားရှိ ထိန်းသိမ်းထားကာ ပြင်ပနဲ့တွေ့ခွင့်မပေးဘူးလို့သူကပြောပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကစလို့ ရက္ခိုင့်တပ်တော် (AA) နဲ့စစ်ကောင်စီတပ်တွေကြား ချင်းဘက်နဲ့ ရခိုင်ဘက်မှာ စစ်ရေး ပြင်းထန်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကိုပါ ထွက်ပြေးခိုလှုံလာခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၁၀ ရက်က မောင်တောမြို့ မြောက်ဘက်၊ အောင်သ ပြေနယ်ခြား စောင့်တပ်နဲ့စစ်ကောင်စီ တိုက်ပွဲပြင်းထန်ခဲ့ချိန် စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ရာနဲ့ချီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန် ထားပါတယ်။

ခိုလှုံလာသူတွေမှာ လက်နက်တွေပါလာပြီး လက်နက်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လတ်တလော ထိန်းသိမ်းထားတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ လက်နက်ဘယ်လောက်ပါဝင်လဲဆိုတာ ကိုတော့မပြောထားပါဘူး။ ဒီလူတွေပြန်ပို့ဖို့စီစဉ်နေတာနဲ့ပတ်သတ်လို့ ကိုတင်စိုးက ဗွီအိုအေကို ခုလို ပြောပြလာပါတယ်။

"လောလောဆယ်သူတို့အဲဒါဘာမှမပြောသေးဘူး သူတို့ကလည်းစဉ်းစားတယ်ထင်တယ်ဘယ်လိုလဲ ဆိုတော့ ပထမတခေါက်အသုတ်တုန်းက အပြင်ကလူတွေ Right Group တွေက လူ့အခွင့်အရေးနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက နောက်ဘင်္ဂလားဒေရှ်ဘက်ကပြည်သူလူထုတွေ ပြည်သူလူထုတွေ ဆိုတာက လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဘင်္ဂလားဒေ့ရှ်ထဲ နေတဲ့သူတွေက လာတဲ့သူတွေကိုစစ်ပေးပါဆိုတာမျိုး လုပ်တော့သူတို့မစစ်ဘူး။ မစစ်ဘဲလွှတ်ပေးလိုက်တယ်။ ဒီတခေါက်ဘယ်လိုပြောမလဲ မသိသေးဘူး။ ဘင်္ဂလားဒေရှ်အခြေအနေကလည်းသိပ်မကောင်းဘူး ရှင်းရှင်းပြောရရင်လေ သူတို့ရဲ့ နိုင်ငံတွင်းမှာလဲ နိုင်ငံရေးက ရှုပ်ယှက်ခတ်နေတယ်။ ခုဘယ်လိုလုပ်မယ်မပြောတတ်ဘူး "

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး၊ အဲဒီတိုက်ပွဲတွေ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ဘင်္ဂလားဒေ့ရှ်ဘက် ကျရောက်ခဲ့ပြီး၊ နယ်စပ်မှာရှိတဲ့ ဒေသန္တရကောင်စီအဖွဲ့ဝင်တစ်ဦးကို ထိမှန်ခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သတ်လို့စစ်ကောင်စီဘက်ကတစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက်မှာလည်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် ၃၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် ဘက်ကို ခိုလှုံခဲ့တာရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ရက်မှာတော့ အဲဒီလူတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်က စစ်ကောင်စီရေတပ်သင်္ဘောတွေပေါ်ကို ပြန်လည်လွှဲပြောင်း ပေးခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */