" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 13, 2024

အဓမ္မစစ်သင်တန်းပေးခံရသည့် မွတ်စလင်လူငယ်များ သင်တန်းဆင်း

Myanmar Now
စထွန်းအောင်
March 12, 2024


သင်တန်းဆင်းပွဲတွင် ဒံပေါက်ကျွေးကာ၊ တစ်ဦးလျှင် ငွေငါးသောင်းနှင့် စစ်ယူနီဖောင်းတစ်စုံစီပေးသည်ဟု သိရပြီး စစ်ကောင်စီက မည်သို့ခိုင်းစေမည်ကို မသိရသေးပေ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်ဒုက္ခသည်စခန်းတစ်ခုမှ လူငယ် ၁၀၀ ကျော်ကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်ကောင်စီတပ်က နှစ်ပတ်နီးပါးကြာ အတင်းအကျပ် စစ်သင်တန်းပို့ချပြီးနောက် ယမန်နေ့ (မတ်လ ၁၁) က သင်တန်းဆင်းပေးလိုက်သည်။

ကျောက်ဖြူမြို့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ ‘ကျောက်တစ်လုံး’ မွတ်စလင်ဒုက္ခသည်စခန်းရှိ လူ ၁၂၇ ဦးကို ကျောက်ဖြူမြို့အခြေစိုက် အမှတ် ၅၄၂ ခြေမြန်တပ်ရင်း (ခမရ ၅၄၂) အတွင်းသို့ စစ်တပ်က အတင်းအဓမ္မခေါ်ဆောင်သွားကာ ‘ပြည်သူ့စစ်သင်တန်း’ ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၈ မှစ၍ စစ်သင်တန်းပေးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၂ ခန့်က ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခအတွင်း နေအိမ်များမီးရှို့ခံရကာ ဒုက္ခသည်စခန်းတွင် ကန့်သတ်ချက်ပေါင်းများစွာဖြင့် နေထိုင်နေရသော မွတ်စလင်များအတွက် အတင်းအကျပ်ခေါ်ဆောင်ကာ စစ်သင်ပေးခြင်းကို ရှောင်လွှဲနိုင်မည့်နည်းလမ်း မရှိပေ။

“ကျွန်တော်တို့မှာ (စစ်ထဲ) ဝင်ဖို့ လုံးဝဆန္ဒမရှိပါဘူး။ ပြည်သူ့စစ်သားဆိုပြီး သူတို့ပြောပြီးတော့ အတင်း ဝင်ဖို့တာဝန်ရှိတယ်ဆိုလို့ (သင်တန်း) တက်ရတာ။ ကျွန်တော်တို့မှာ ဘယ်မှလည်း ပြေးစရာ မရှိဘူး” ဟု စစ်သင်တန်းတက်ရောက်ခဲ့ရသူ၊ အမည်မဖော်လိုသည့် မွတ်စလင်လူငယ်တစ်ဦးက ပြောသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်း၏ မြောက်ဘက် ၆ ဖာလုံခန့်အကွာရှိ ခမရ ၅၄၂ တပ်ရင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည့် သင်တန်းဆင်းပွဲတွင် တစ်ဦးလျှင် ကျပ်ငွေငါးသောင်းနှင့် စစ်ယူနီဖောင်းတစ်စုံစီ ထုတ်ပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် စစ်သင်တန်းဆင်းပွဲတွင် စစ်ကောင်စီတပ်က အမဲသားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံကာ သင် တန်း ဆင်းသူ စုစုပေါင်း ၉၉ ဦး ရှိသည်ဟုလည်း သိရသည်။

စစ်သင်တန်းတက်ရသော မွတ်စလင်လူငယ် ၃ ဦး၊ ၎င်းတို့မိသားစုဝင်အချို့နှင့် Myanmar Now က စကားပြောခွင့်ရခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ သင်တန်းတက်ရောက်လိုခြင်း အလျှင်းမရှိကြပေ။ စစ်တပ်နှင့် တိုက်ခိုက်နေသော ရက္ခိုင့်တပ် AA နှင့် ရခိုင်တိုင်းရင်းသားတို့၏ အထင်အမြင် လွဲမှားခြင်းခံရမည်ကို မွတ်စလင်များက အထူးစိုးရိမ်နေကြသည်။

ခမရ ၅၄၂ တပ်ရင်း၊ လေ့ကျင့်ရေးကွင်း၌ မွတ်စလင်လူငယ်များကို တန်းစီထိုင်ခိုင်းထားကာ သင်တန်းဆင်းပွဲတက်လာသည့် စစ်တပ်အရာရှိကြီးတစ်ဦးက စကားပြောဆိုသော်လည်း စစ်သင်တန်းဆင်း မွတ်စလင်လူငယ်များကို ပေးအပ်မည့် တာဝန်နှင့် အချိန်ကာလကို အတိအကျပြောဆိုခြင်း မရှိဟု ဆိုသည်။

မွတ်စလင်များကို စစ်တပ်က ယုံကြည်သည့်အတွက် စစ်ပညာသင်ပေးပြီး တိုင်းပြည်ကာကွယ်ခိုင်းမည်ဟု စစ်တပ်အရာရှိကြီးတစ်ဦးက သင်တန်းပထမနေ့တွင် ပြောကြားခဲ့သည်ဟု ထိုအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

သင်တန်းကာလအတွင်း ချီတက်လမ်းလျှောက်ခြင်း၊ တန်းစီခြင်း၊ အလေးပြုခြင်းနှင့် သေနတ်အဖြုတ်၊ အတပ်တို့ကို သင်ကြားပေးသော်လည်း ကျည်အစစ်ဖြင့် လက်တွေ့ပစ်ခတ်ခိုင်းခြင်းမရှိဟု ရခိုင်ပြည် နယ်၊ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

“မြို့ဝင်မြို့ထွက်ဂိတ်တွေ၊ ရေဆိပ်တွေ၊ သင်္ဘောဆိပ်တွေမှာ တပ်၊ ရဲ၊ ပြည်သူ့စစ်ဆိုတဲ့ ပုံစံနဲ့ အတူကင်းစောင့်ခိုင်းတာတို့၊ ညအချိန် ဧည့်စာရင်းစစ်တဲ့အချိန်မှာ (သင်တန်းဆင်းထားတဲ့ မွတ်စလင်တွေကို) အ လှည့်ကျ ပါဝင်ခိုင်းတာမျိုးတွေ ဖြစ်လာနိုင်တယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဒုက္ခသည်စခန်းမှ မွတ်စလင်လူငယ်များကို အာဏာသိမ်း စစ်တပ်က စစ်သင်တန်ပေးနေစဉ်။ (ဓာတ်ပုံ – Western News ပါဗီဒီယိုဖိုင်မှ) 

လက်နက်ကိုင်အင်အား အရေးတကြီး လိုအပ်လာနေသည့် စစ်ကောင်စီတပ်က နိုင်ငံအနှံ့အပြားတွင် အရပ်သားများကို ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းလျက်ရှိသည်။ ရက်တိုစစ်သင်တန်းပေးပြီးနောက် လက်နက်တပ်ဆင်ပေးကာ စစ်သား၊ ရဲများနှင့်အတူ တာဝန်ထမ်းဆောင်စေသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်တပ်က ၎င်းတို့ကာလရှည်ကြာ နှိပ်ကွပ်နေသည့် မွတ်စလင်များကိုပါ ပစ် မှတ်ထားကာ ထိုနည်းလမ်းသုံးလာခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းဆင်းများကို စစ်တပ်က လူသားဒိုင်းသဖွယ် အသုံးချဖွယ်ရှိသည်ဟု ကြာကာလအမျိုး သားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ယူဆ သည်။

“မြေပြင်မှာ ပြေးစရာမရှိ၊ ဆယ်စုနှစ်တစ်ခုကျော် ဒုက္ခသည်ဘဝနဲ့ လှောင်ပိတ်ခံထားရသူတွေကို အဓမ္မစစ်သင်တန်းတွေပေးနေတာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတာ” ဟု မွတ်စလင်တစ်ဦးလည်းဖြစ်သည့် NUG ဒုဝန်ကြီးက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို စစ်သင်တန်းပို့ချခြင်း မရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆန်ထားပြီး၊ စစ်ကောင်စီထိန်းချုပ် သတင်းစာများတွင်လည်း ‘မွတ်စလင်များကို စစ်သင်တန်းပို့ချခြင်း မရှိ” ဟု ဆက်တိုက်ထုတ်ပြန်နေသည်။

ကျောက်တစ်လုံးမွတ်စလင်ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် လွန်ခဲ့သော ၁၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခများမတိုင်ခင်က ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ခဲ့ကြသော မွတ်စလင်များ ဖြစ်ကြပြီး ထိုအထဲတွင် ကမန်တိုင်းရင်းသားများလည်း ပါဝင်သည်။

၂၀၁၂ ခုနှစ် ပဋိပက္ခများအတွင်း ၎င်းတို့၏ နေအိမ်များ မီးရှို့ခံခဲ့ရပြီး၊ အနာဂတ်မရေရာလှသော ဒုက္ခ သည်စခန်းများတွင် ကန့်သတ်ချက်ပေါင်းစုံဖြင့် နေထိုင်နေကြရသူများ ဖြစ်ကြသည်။ ဒုက္ခသည်စခန်းပြင်ပသို့ပင် လွတ်လွတ်လပ်လပ်သွားလာခွင့် ကန့်သတ်ခံထားရသူများဖြစ်သည်။
Tags

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */