" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 30, 2023

ဟစ်ဇ်ဘိုလာအဖွဲ့ဆိုတာ ဘယ်သူတွေလဲ

BBC
၁၈ အောက်တိုဘာ ၂၀၂၃

ဟစ်ဇ်ဘိုလာ ဆိုတာ အီရန်က နောက်ခံရပ်ပေးထားတဲ့ ရှီးယား အစ္စလာမ်မစ် နိုင်ငံရေးပါတီဖြစ်သလို လက်နက်ကိုင် အဖွဲ့လည်းရှိပြီး လက်ဘနွန်နိုင်ငံထဲမှာ ရှိတာပါ။ ခေါင်းဆောင်ကတော့ ၁၉၉၂ ကစပြီး ဟာဆန် နက်စ်ယဲလာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာ ဆိုတဲ့ အမည်ဟာ ဘုရားသခင်ရဲ့ ပါတီ (Party of God) လို့ အဓိပ္ပါယ် ရပါတယ်။


သူတို့ဟာ ၁၉၆၀ နှစ်တွေ၊ ၁၉၇၀ နှစ်တွေအတွင်း လက်ဘနွန် မှာ အတွေး အမြင်ပိုင်းအရ ရှီးယား အစ္စ လာမ်မစ် အခြေခံနဲ့ စတင် ခဲ့တာဖြစ်ပေမဲ့ လက်ဘနွန်ကို အစ္စရေးက ဝင်သိမ်းပိုက်တဲ့ကာလ ၁၉၈၀ အ စောပိုင်းနှစ်တွေ တဝိုက်မှာတော့ အီရန်ကနေဘဏ္ဍာရေးနဲ့စစ်ရေးအကူအညီတွေရယူပြီးဟစ်ဇ်ဘိုလာ စတင် ပေါ်ထွန်း လာကာ လက်ဘနွန် တောင်ပိုင်းက ရှီးယားတွေကို ကာကွယ်ဖို့ အင်အားစု အဖြစ် တည်ဆောက်လာခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာ အစ္စရေးတို့ လက်ဘနွန်ကနေ ဆုတ်ခွာတော့ လက်နက်ဖြုတ်ပါဆိုတဲ့ ဖိအားတွေကို ဟစ်ဇ်ဘိုလာက တောင့်ခံပြီး သူ့ စစ်‌ရေးတောင်ပံဖြစ်တဲ့ အစ္စလာမ်မစ် ခုခံကာကွယ်‌ရေးတပ်ကို ဆက်လက်ပြီး အင်အားခိုင်မာအောင် လုပ်ခဲ့ပါတယ်။

သူတို့ဟာ ခုခံရေး အုပ်စု ပါတီ (Resistance Bloc party) ကို သစ္စာစောင့်သူတွေ ဖြစ်ပြီး လက်ဘနွန် နိုင်ငံရေးမှာ အာဏာကို ထိန်းကျောင်းနိုင်သူ‌တွေ အဖြစ် တဖြည်းဖြည်း ဖြစ်တည်လာသလို၊ အစိုးရအဖွဲ့ အ တွင်း ဗီတိုအာဏာကို ကိုင်နိုင်တဲ့အထိ အစွမ်း ရှိပါတယ်။

နှစ်ပေါင်းရှည်ကြာ ဗုံးခွဲတာတွေ၊ တိုက်ခိုက်တာတွေ အထူးသဖြင့် အစ္စ‌ရေးနဲ့ အမေရိကန်ပစ်မှတ်တွေ ကို လုပ်ဆောင်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာတို့ကို စွပ်စွဲကြ ပါတယ်။ အနောက်နိုင်ငံတွေ၊ အစ္စရေးနဲ့ အာရပ် ပင်လယ်ကွေ့နိုင်ငံတွေ၊ အာရပ် အဖွဲ့ချုပ် စတာတွေက ဒီအဖွဲ့ကို “အကြမ်းဖက် (terrorist)” အဖွဲ့အ စည်း အဖြစ် သတ်မှတ်ထားကြပါတယ်။

ဆီးရီးယား သမ္မတ ဘာရှား အယ် အာဆတ်နဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေး ရှိတာကြောင့် ၂၀၁၁ ခုနှစ် ဆီးရီးယား ပြည်တွင်းစစ် စတဲ့အခါ ထောင်နဲ့ ချီတဲ့ စစ်သွေးကြွတွေကို ဟစ်ဇ်ဘိုလာက စေလွှတ် ပေးပြီး မစ္စတာ အာဆတ်ကို ကူ ပါတယ်။ ဒါကြောင့် သူပုန်တွေ လက်ထဲမှာ ကျနေပြီဖြစ်တဲ့ နယ်မြေ တွေ အထူး သဖြင့် လက်ဘနွန် နယ်စပ်က တောင်ထူထပ်တဲ့နေရာတွေကို အစိုးရဘက်က တပ် တွေ ပြန်သိမ်းနိုင်အောင်အတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံထဲမှာရှိပြီး အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့နဲ့ ဆက်နွှယ်မှုရှိတဲ့ ပစ်မှတ်တွေကို အစ္စရေးက မ ကြာ ခဏဆိုသလို တိုက်ခိုက်မှုတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဒါတွေ သူတို့ လုပ်ဆောင်ခဲ့တာပါ လို့ အစ္စရေး က ထုတ်ပြောလေ့ မရှိပါဘူး။

ဆီးရီးယားစစ်ပွဲမှာ ဟစ်ဇ်ဘိုလာတို့ ပါဝင်တိုက်ခိုက်မှုဟာ လက်ဘနွန်အတွင်း မှာတော့ ဂိုဏ်းကွဲတွေ အကြား တင်းမာမှုတွေကို ပိုပြီး ဖြစ်စေခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာက ဆီးရီးယား ရှီးယား အလာဝိုက် သမ္မတကို ထောက်ခံတယ်၊ အီရန်နဲ့ အနီးကပ် ချိတ် ဆက်တယ်၊ စတာတွေကနေတဆင့် ဒေသတွင်း အီရန်ရဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ ဆော်ဒီအာရေး ဗီး ယားက ဦးဆောင်နေတဲ့ ပင်လယ်ကွေ့ အာရပ် နိုင်ငံများရဲ့ ဆန့်ကျင် ရန်လိုမှုတွေကို ပိုပြီး ရလာစေ ပါ တယ်။

၂၀၂၃၊ အောက်တိုဘာလ ၇ ရက်က ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့က အစ္စရေးကို မ ထင်မှတ်တဲ့ တိုက်ခိုက်မှု လုပ်ခဲ့ပြီးတဲ့နောက် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ တဖက်နဲ့ တဖက် ရော့ကက် တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ဟားမတ်စ်တို့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၄၀၀ ကျော်သေခဲ့ ရတဲ့ အစ္စရေးက တုံ့ပြန်ပြီး ဂါဇာကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေလို့ ဂါဇာမှာ လူတွေ ထောင်နဲ့ ချီ သေဆုံးနေတဲ့ ဒီကာလမှာ ဟစ်ဇ်ဘိုလာတို့က သူတို့ အစ္စရေးကို တိုက်ခိုက်ဖို့ အသင့်ပဲလို့ ဆိုနေ ပါ တယ်။

ဟစ်ဇ်ဘိုလာတို့ဟာ စစ်ရေး၊ လုံခြုံရေး၊ နိုင်ငံရေးဘက်တွေမှာသာမက လူမှုရေး အထောက်အကူ ပိုင်း တွေလည်း ထောက်ပံ့ပေးလာတာနဲ့ အတူ လက်ဘနွန်နိုင်ငံထဲမှာ နောက်ထပ် တနိုင်ငံလိုဖြစ်လာပြီး အစိုးရဌာနတွေနဲ့ သူတို့က အပြိုင်ဖြစ်လာကာ နိုင်ငံရေး ပြိုင်ဖက်တွေက အပြင်းအထန်ဝေဖန်တာ တွေ ကို ကြုံရပါတယ်။ အခုဆိုရင် စစ်ရေး ပိုင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်က လက်ဘနွန်စစ်တပ်ထက် တချို့အပိုင်းတွေမှာ သာလွန်နေပါပြီ။ ၂၀၀၆ ခုနှစ် အစ္စရေးကို တိုက်ခိုက်တဲ့ စစ်ပွဲမှာလည်း ဟစ်ဇ်ဘို လာ တို့က အင်နဲ့အားနဲ့ ပစ်ခတ်နိုင်ခဲ့ပါတယ်။

တချို့လက်ဘနွန်နိုင်ငံသားတွေက ဟစ်ဇ်ဘိုလာဟာ နိုင်ငံရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက် နေပြီဆိုတဲ့ သဘောထားရှိပေမဲ့ ရှီးယား ရပ်ရွာလူထု အသိုင်းအဝိုင်း ထဲမှာတော့ ဟစ်ဇ်ဘိုလာတို့ကို ထောက် ခံကြ ပါတယ်။

အစ္စရေး ဆန့်ကျင်ရေး

ဟစ်ဇ်ဘိုလာတို့ရဲ့ မူရင်းအစက ဘယ်ကလဲဆိုတာက အတိအကျပြောဖို့ ခက်ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ ရှေ့ ပြေးလေးတွေ ပေါ်လာတာကတော့ ပါလက်စတိုင်း တို့ရဲ့ တိုက်ခိုက်မှုကို အစ္စရေးတို့က လက်တုံ့ပြန်ပြီး ၁၉၈၂ ခုနှစ်မှာ လက်ဘနွန် တောင်ပိုင်း ကို ဝင်ကျူးကျော်တဲ့အဖြစ်ရဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ပင်မ အာမဲလ်လှုပ်ရှားမှု ရေစီးကြောင်းက ခွဲထွက်ကာ အစ္စရေးကို သူတို့ တိုက်ခိုက်တာတွေအပေါ် ရှီးယား မွတ်စလင် ခေါင်း‌ဆောင်တွေကလည်း ထောက်ခံခဲ့ပါတယ်။

အစ္စလာမ်မစ် အာမဲလ် အဖွဲ့သစ်ဟာ ဘက်ကာ မြစ်ဝှမ်းမှာအခြေစိုက်တဲ့ အီရန် တော်လှန်ရေး အစောင့် တပ် ဖွဲ့ဆီက စစ်ရေး၊ နိုင်ငံရေး အကူအညီတွေ အတော်ရရှိ ခဲ့ပါတယ်။ သူတို့ စွမ်းအား‌ကောင်းလာ ခဲ့ ပြီး နောက်ပိုင်းမှာ ဟစ်ဇ်ဘိုလာ အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။




ဒီအဖွဲ့ဟာ အစ္စရေး စစ်တပ်၊ အစ္စရေးနဲ့ မဟာမိတ်ဖြစ်တဲ့ လက်ဘနွန်တောင်ပိုင်း စစ်တပ်၊ လက်ဘနွန် နိုင်ငံထဲက အနောက်အင်အားကြီးနိုင်ငံတွေနဲ့ ပတ်သက်တာ တွေကိုပါ တိုက်ခိုက်ပါတယ်။ သူတို့ဟာ အမေရိကန် ၂၅၈ ယောက်၊ ပြင်သစ် ၅၈ ယောက် သေဆုံးခဲ့ရပြီး အနောက်နိုင်ငံတွေက ငြိမ်းချမ်းရေး ဖော်ဆောင်မှု တပ်ဖွဲ့တွေ လက်ဘနွန်ကနေ ရုပ်သိမ်းသွားစေတဲ့ ၁၉၈၃ အမေရိကန် သံရုံးနဲ့ မရိမ်းတပ် စစ်တန်းလျားတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေမှာ နောက်ကွယ်က သူတို့ပါဝင်ခဲ့တယ်လို့ အများက သတ် မှတ်ထားပါတယ်။

၁၉၈၅ မှာ ဟစ်ဇ်ဘိုလာတို့က သူတို့အဖွဲ့အစည်းကို တရားဝင်ကြေညာခဲ့ပြီး အိပ်ဖွင့် ပေးစာထဲမှာအမေ ရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကို အစ္စလာမ်ရဲ့ အဓိက ရန်သူတွေ အဖြစ်ကြေညာခဲ့ပြီး၊ မွတ်စလင် တွေရဲ့ မြေကို သိမ်းပိုက်ထားတဲ့ အစ္စရေး ကို ချေမှုန်း ဖို့ လှုံ့ဆော်တိုက်တွန်းထားပါတယ်။

သူတို့အဖွဲ့က “အစ္စလာမ်မစ် စနစ်တွေကို လက်ခံကျင့်သုံးရာမှာ အတင်းအကြပ် ပြဋ္ဌာန်းတာမဟုတ်ဘဲ လူတွေက လွတ်လွတ်လပ်လပ်နဲ့ တိုက်ရိုက်ရွေးချယ်တဲ့ အခြေခံမူနဲ့ သွားကြဖို့” တိုက်တွန်းခဲ့ပါတယ်။

၁၉၈၉ တိတ်ဖ် သဘောတူညီချက်အရ လက်ဘနွန်မှာ ပြည်တွင်းစစ် အဆုံးသတ်ပြီး လက်နက်ကိုင်တပ် ဖွဲ့ တွေကို လက်နက်ဖြုတ်သိမ်းတဲ့အခါ ဟစ်ဇ်ဘိုလာတို့က အစ္စရေးတို့ရဲ့ သိမ်းပိုက်မှု အဆုံးသတ်ဖို့ရည် ရွယ်တဲ့ “အစ္စလာမ်မစ် ခုခံရေး” အင်အားစု အဖြစ် သူတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ဆက်လက် ထားရှိ စေ ခဲ့ကာ လက်နက်တွေကို ဆက်ကိုင်ထားနိုင်ခဲ့ပါတယ်။

၁၉၉၀ မှာ ဆီးရီးယား စစ်တပ်က လက်ဘနွန် ငြိမ်းချမ်းရေး ဖော်ဆောင်ပေး နိုင်ချိန်မှာ ဟစ်ဇ်ဘိုလာတို့ က လက်ဘနွန်တောင်ပိုင်းမှာ ပြောက်ကျားစစ်ကို ဆက်ပြီး ဆင်နွှဲခဲ့ပြီး လက်ဘနွန်နိုင်ငံရေးမှာတက်ကြွ တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ၁၉၉၂ မှာ အထွေထွေရွေးကောက်ပွဲကို သူတို့ ပထမဆုံးအ ကြိမ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုလည်းရခဲ့ပါတယ်။

အစ္စရေးတို့ ၂၀၀၀ ခုနှစ်မှာ ဆုတ်ခွာသွားတဲ့အခါ သူတို့ကို တိုက်ထုတ်နိုင်ခဲ့သူတွေ အဖြစ် ဟစ်ဇ်ဘိုလာ က မျက်နှာကောင်းရပါတယ်။ ရှက်ဘာ လယ်ယာမြေတွေ၊ တခြား အငြင်းပွားစရာနေရာတွေမှာ အစ္စ ရေးတွေဆက်ရှိနေတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ လက်ဘနွန်တောင်ပိုင်းမှာ သူတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဆက်ထား ထားကာ သူတို့ကို လက်နက်ဖြုတ်သိမ်းဖို့ လုပ်ဆောင်လာမှုတွေ၊ ဖိအားတွေ ကို အာခံ ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေက နယ်စပ်ကျော်ပြီး တိုက်ခိုက်ကာ အစ္စရေး ၈ ယောက် ကို သတ်ဖြတ်ခဲ့ပြီး၊ နောက်ထပ် ၂ ယောက်ကို ပြန်ပေးဆွဲခဲ့တဲ့ နောက် အစ္စရေးတို့က စစ်ရေးနဲ့ အကြီး အကျယ် တုံ့ပြန်ခဲ့ပါတယ်။

အဲဒီအချိန်က အစ္စရေး စစ်လေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းနဲ့ ဘေရွတ် တောင်ပိုင်း ဆင်ခြေ ဖုံး ရပ်ကွက်တွေမှာ ရှိတဲ့ ဟစ်ဇ်ဘိုလာ တပ်စခန်းတွေကို ဗုံးကြဲခဲ့သလို ဟစ်ဇ်ဘိုလာတို့ကလည်း အစ္စ ရေးကို ရော့ကက် ဒုံးကျည် ၄,၀၀၀ လောက် ပစ်ထည့်ခဲ့ပါတယ်။ ၃၄ ရက်ကြာတဲ့ ပဋိပက္ခမှာ လက်ဘ နွန် စုစုပေါင်း ၁,၁၂၅ ယောက် (အများစုက အရပ်သားတွေဖြစ်) သေဆုံးခဲ့သလို၊ အစ္စရေး စစ်သား ၁၁၉ ယောက်နဲ့ အရပ်သား ၄၅ ယောက် သေဆုံးခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတို့ အဲဒီစစ်ပွဲမှာ ရှင်သန် ကျန်နိုင်ခဲ့ပြီး သူတို့ရဲ့ တည်ရှိမှု ပိုပြီး အခြေကျလာပါတယ်။ ဟစ်ဇ် ဘိုလာတို့ လက်နက်တွေ ပိုအဆင့်မြှင့်နိုင်၊ ပိုစုဆောင်း လာနိုင်ကာ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ ပိုပြီး စုဆောင်းလာနိုင်ပေမဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ နဲ့ လက်ဘနွန် စစ်တပ်တို့ ကင်းလှည့်နေတဲ့(အစ္စ ရေးနဲ့) နယ်စပ် တလျောက်မှာတော့ စစ်ပွဲ ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပါဘူး။



သြဇာကြီးမား

၂၀၀၈ ခုနှစ်မှာ အနောက်တိုင်းအစိုးရတွေက နောက်ခံရပ်ပေးထားတဲ့ လက်ဘနွန် အစိုးရက ဟစ်ဇ်ဘို လာရဲ့ ကိုယ်ပိုင် တယ်လီ ဆက်သွယ်‌ရေး ကွန်ရက်တွေကို ပိတ်ချ တာ၊ ဟစ်ဇ်ဘိုလာနဲ့ ဆက်နွှယ်မှုရှိတဲ့ ဘေရွတ် လေဆိပ်လုံခြုံရေး အကြီးအကဲကို ရာထူး ကနေ ဖယ်ရှားတာ စတာတွေကို လုပ်ခဲ့တဲ့နောက် ဟစ်ဇ်ဘိုလာတို့က ဘေရွတ် မြို့တော် နေရာအတော်များများ ကို သိမ်းပြခဲ့ပြီး ပြိုင်ဖက်ဆွန်နီမွတ်စလင် တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။

လူပေါင်း ၈၁ ယောက်သေကြေခဲ့ရတဲ့ ဒီ ဂိုဏ်းကွဲတွေကြားဖြစ်တဲ့ တိုက်ပွဲဟာ ပြည်တွင်းစစ်မီးတောက် တော့ မတတ်အထိ ဖြစ်ခဲ့ရပြီး နောက်ဆုံး အစိုးရက လျှော့ခဲ့ရကာ ဟစ်ဇ်ဘိုလာတို့နဲ့ အာဏာခွဲဝေရေး ကို သဘောတူခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဟစ်ဇ်ဘိုလာတို့ဟာ သူတို့ မဟာမိတ်တွေရဲ့ အင်အားကိုရ ယူပြီး အစိုးရအဖွဲ့ရဲ့ ဘယ်ဆုံးဖြတ်ချက်ကို မဆို ဗီတို အာဏာနဲ့ အောင်ပွဲရခဲ့ပါတော့တယ်။

၂၀၀၉ ရွေးကောက်ပွဲမှာ ပါလီမန်အမတ်နေရာ ၁၀ နေရာရပြီး ညီညွတ်ရေး ညွန့်ပေါင်း အစိုးရထဲ မှာ ဟစ်ဇ်ဘိုလာတို့ ဆက်ရှိနေခဲ့ပါတယ်။


အဲဒီနှစ် နှောင်းပိုင်းကာလမှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ရှိတ်ခ် ဟာဆန် နက်စ်ယဲ လာက သူတို့အဖွဲ့ရဲ့ “နိုင်ငံရေး အမြင်” ကို မီးမောင်းထိုးပြဖို့အတွက် နိုင်ငံရေး ကြေညာစာတမ်း အသစ် တခုကို ထုတ်ပြန်ခဲ့ပါတယ်။

၁၉၈၅ ခုနှစ် နိုင်ငံရေး ကြေညာစာတမ်းထဲမှာ ပါတဲ့ အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုတဲ့ အသုံးအ နှုန်း ကို ဖြုတ်ချထားလိုက်ပါတယ်၊ ဒါပေမဲ့ အစ္စရေးနဲ့ အမေရိကန် တို့ကို တင်းမာတဲ့သ‌ဘောထားဆက် လက်ကိုင်စွဲထားပြီး ဟစ်ဇ်ဘိုလာတို့အနေနဲ့ လက်နက်ကို ဆက်လက်ကိုင်စွဲထားဖို့ လိုအပ်နေဦးမယ်လို့ ဆိုထားပါတယ်။

၂၀၁၁ မှာ ဆော်ဒီက နောက်ခံရပ်ပေးထားတဲ့ ဆွန်နီ မွတ်စလင် ဆာအစ်ဟာရာရီဦးဆောင်တဲ့ညီညွတ် ရေးအစိုးရ ပြိုလဲသွားအောင် ဟစ်ဇ်ဘိုလာနဲ့ သူ့ မဟာမိတ် တွေက လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် က မစ္စ‌တာ ဟာရာရီရဲ့ ဖခင် ရာဖစ် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ သူတို့ အဖွဲ့ဝင် ၄ ယောက် ပါဝင် ပတ် သက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်ကို လက်မခံနိုင်ကြောင်းလည်း ဟစ်ဇ်ဘိုလာတို့က သတိပေးခဲ့ပါတယ်။

အဲဒီ သတ်ဖြတ်မှုမှာ ပါဝင်ခဲ့မှုနဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ဝင် ဆလင်း အာရက်ကို ၂၀၂၀ ဒီဇင်ဘာလမှာ ကုလ သမဂ္ဂက နောက်ခံရပ်ပေးထားတဲ့ လက်ဘနွန် အထူးတရားရုံး တခုကနေ မျက်ကွယ် တရားစီရင်ပြီး တသက်တကျွန်းထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

အစိုးရ အဆက်ဆက်မှာ ဟစ်ဇ်ဘိုလာနဲ့ သူ့ မဟာမိတ်တွေ ပါဝင်နိုင်ခဲ့ပြီး အစိုးရ တွင်းမှာ သူတို့ရဲ့ လွှမ်း မိုးနိုင်မှုသြဇာက ကြီးမားဆဲပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */