" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 14, 2023

တကျော့ပြန် ရခိုင်စစ်ပွဲနှင့် နယ်စပ်ပဋိပက္ခ ဘာလဲ၊ ဘယ်လဲ ?

DMG
2022 September 3
by Myo Myart Zaw Hein
(Analysis Report)

၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ အထိ နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် ရခိုင်ဒေသ သည် နိုဝင်ဘာလ ၂၀၂၀ ရွေးကောက်ပွဲမှစတင်ပြီး နှစ်ဘက်တပ်များ၏ Gentleman agreement ဖြင့် အပစ်အခတ် ရပ်နိုင်ခဲ့သော်လည်း ဒုတိယအကျော့အနေဖြင့် နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်း ထန်လာ နေသည်။

ထိုတိုက်ပွဲများ၏ထူးခြားချက်မှာ ယခင်က တိုက်ပွဲလုံးဝမရှိခဲ့သည့် မောင်တောဒေသသည် ယခုအခါ တွင် လေကြောင်းဖြင့် ပစ်ခတ်ရသည်အထိ တိုက်ပွဲနေ့စဉ်ရှိလာနေသည့်အတွက် တကျော့ပြန်တိုက် ပွဲများမှာ နယ်စပ်ဒေသတွင် ဘာကြောင့်ဖြစ်ရသည်ကို စိတ်ဝင်စားစရာဖြစ်သည်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “AA အတွက် မောင်တော-ဘင်္ဂလားဒေ့ရှ်က အရေး ပါ တယ်လေဒီနယ်စပ်မှာအုပ်စိုးပြီးလုံခြုံအောင်ထိန်းထားနိုင်မှဘင်္ဂလားဒေ့ရှ်ကလည်းကောင်းကောင်း မွန်မွန် ဆက်ဆံလာနိုင်တာကို AA ကသိနေတယ်”ဟု ဆိုသည်။

မောင်တော တိုက်ပွဲများ

၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြီး မောင်တောမြောက်ပိုင်းတမန်းသားကျေးရွာနှင့်ရေနောက်ငါး သား ကျေးရွာအနီး၊ ၂၀၂၂ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မီးတိုက်ကျေးရွာ လက်ပံတောင်ကြော၊ ၂၀၂၂ ဖေဖော်ဝါရီ ၇ ရက်နေ့ ဖားဝပ်ချောင်းကျေးရွာအနီးတို့တွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာသည်။

ယင်းမှတခါ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆောင်ပညာရွာ စံကားပင်ရင်းရွာကြားနှင့် ဒုံးကု လားရွာနှင့် ဝက်ကျိန်းရွာကြားတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို ဖမ်းမိကြောင်း ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းများနှင့် AA က သတင်းထုတ်ပြန်ခဲ့သည်။ ထိုတိုက်ပွဲမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် KNLA ဒေသထဲတွင်ရှိသည့် ရက္ခိုင့်တပ်တော်(AA) တပ်စခန်း တစ်ခုကို စစ်ကောင်စီတပ်က ဇူလိုင်လ(၄)ရက်နေ့တွင် တိုက်လေယာဉ်နှင့်ဗုံးကြဲမှုကြောင့် AA တပ်ဖွဲ့ ဝင် ၆ ဦးသေဆုံးခဲ့သည့်အပေါ် လက်တုန့်ပြန်ခြင်းဟုလည်းဆိုသည်။

အဆိုပါတိုက်ပွဲများမှာ စစ်ကောင်စီနှင့် နယ်ခြားစောင့်တို့က ARSA ကိုအကြောင်းပြပြီး နယ်မြေစိုးမိုး ရေး ကင်းလှည့်သယောင်ဖြင့် AA ရှိရာသို့ ထိုးဖောက်ဝင်လာသဖြင့် ထိပ်တိုက်တွေ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် သြဂုတ်လ(၂)ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ တစ်လနီးပါး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ရသည်အထိ ပြင်းထန် နေကြောင်းလည်း ဦးခိုင်သုခက DMG ကို ပြောသည်။

“လောလောဆယ်တော့ မောင်တောဖက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်။ နောက်ပြီးတော့ ပလက်ဝ အထက်ဘက် အိန္ဒိယနယ်စပ်နားမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်”ဟု ဦးခိုင်သုခက ဆိုသည်။

ထိုသို့ တစတစတိုက်ပွဲပြင်းထန်လာမှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီနှင့် နယ်ခြား စောင့်တပ်စခန်း ၇ ခု ဆုတ်ခွာသွားခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

ထိုစခန်းများမှာ မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်း၊ ခမောင်းဆိပ်၊ တောင်ပြိုလက်ဝဲကြားရှိ အိုး ထိန်း၊ ရဲဘော်ကျ၊ နန်းရာကိုင်းစခန်းတို့ပါဝင်ပြီး နယ်ခြားစောင့်ရဲနှင့် စစ်တပ်ပူးပေါင်းကာ အင်အား တစ်ရာကျော်ဖြင့် ပူးပေါင်းတပ်စွဲထားထားပြီး တချို့စခန်းများကို AA က ဖျက်စီးလိုက်သလို တချို့မှာ ဆုတ်ခွာခြင်းဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။

လက်ရှိတွင် မောင်တောဒေသကို နှစ်ဘက်တပ်များက အပြိုင်အဆိုင်အင်အားဖြည့်တင်းလာနေပြီး သြဂုတ်လ ၁၃ ရက်နေ့က မောင်တော၊ ကျောက်ပန္ဒူကျေးရွာအနီးနှင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၀ နေရာတို့နှင့် သြဂုတ်လ ၁၅၊ ၁၆ ရက်နေ့ကလည်း မောင်တောနယ်စပ်မှတ်တိုင် ၃၈ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီမိုင်တိုင်(၄၀) စခန်းကို ယမန် နေ့ သြဂုတ်လ ၃၁ ရက်နေ့က စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး နယ်ခြားစောင့်ရဲ ၁၉ ကျဆုံးကာ ၁ ဦးကို ဒဏ်ရာများနှင့်ဖမ်းရမိကြောင်း အမည်၊ ဓာတ်ပုံမှတ်တမ်းများဖြင့် AA က ထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် AA က သိမ်းပိုက်ထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀) နယ် ခြားစောင့်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက စက်တင်ဘာလ(၂) ရက်နေ့ တွင် ဖော်ပြလာသည်။

“အဲဒီစခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကူ၊ ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ် တာတွေ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်”ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီက ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေစဉ် AA အနေ ဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က သာလွန် အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းစာတွင်တွေ့ရသည်။

ယခုအချိန်တွင်လည်း ကြိမ်ချောင်းနှင့် နယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင် တို့ က စစ်အင်အား၊ လက်နက်အင်အား အများအပြားဖြည့်တင်းနေသည်ကို တွေ့ရကြောင်းလည်း ဒေသ ခံများက ဆိုသည်။

မောင်တောမြောက်ပိုင်းရှိ နယ်စပ်ဒေသအတွင်း စစ်ကောင်စီ၏ ကြိမ်းချောင်းဗျူဟာတစ်ခုတည်းတွင် အင်အား ၆၂၀ ကျော်ဖြင့် အများဆုံးအထိုင်ချထားပြီး ခမောင်းဆိပ်နှင့် တောင်ပြိုမြို့တွင်လည်း အင် အားရာဂဏန်းဖြင့် အထိုင်ချထားကြောင်း နယ်ခြားစောင့်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိ ရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် AA

AA အတွက် မောင်တောဒေသမှာ အကျိုးအမြတ်ဖြစ်ထွန်းစရာ အများကြီးရှိနေသည့်အတွက် နယ် စပ်မှာ လွမ်းမိုးနိုင်မှု၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် နားလည်မှုယူနိုင်လျှင် နိုင်ငံတကာ အသိုင်းအ ဝိုင်း အထိ ဝင်ဆံ့ရန် လမ်းစများရှိနေသည်။

“AA အတွက် အကျိုးအမြတ်ဆိုတာကတော့ အဲဒီဒေသကို ထိန်းချုပ်နိုင်လိုရှိရင် စစ်ရေးအကျိုး အ မြတ် တွေတောင် မကဘူး။ စီးပွားရေးအတွက်ပါ အကျိုးရှိနိုင်တဲ့အတွက် မောင်တောစီးပွားဇုန်ကိုပါ ထိန်းချုပ်နိုင်အောင် လုပ်ရှားတယ်လို့မြင်တယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကသုံး သပ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် တရားဝင်နယ်စပ်ကုန်သွယ်ရေးသည် မြန်မာအာဏာပိုင်များအတွက် များစွာ သောဒေါ်လာများကို ရှာဖွေပေးနေသည့် နေရာတစ်ခုလည်းဖြစ်သည်ကိုတွေ့ရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ သန်းပေါင်း၂ ဒသမ ၁၅၃ ရှိခဲ့ပြီး ပို့ကုန် ၂ ဒသမ ၁၄၈ နှင့် သွင်းကုန် ၀ ဒသမ ၀၀၅ ဒေါ်လာအထိ ကုန်သွယ်နိုင် ခဲ့ သည်။ ယင်းအထဲတွင် စစ်တွေ(ရွှေမင်းဂံဆိပ်ကမ်း) ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ဒေါ်လာ သန်း ၀ ဒသမ ၄၉၉ နှင့် သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၀၂၊ မောင်တောနယ်စပ်(ကညင်ချောင်းစီးပွားရေးဇုန်) ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ဒေါ်လာသန်းပေါင်း ၁ ဒသမ ၆၄၉ နှင့် သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၀၃ အထိရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း RSCCI က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အခြေစိုက် Prothomalo Alo သတင်း ဌာနနှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိချင်သလို ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကိုလည်း ကျနော်တို့ရဲ့ ရုန်းကန်လှုပ်ရှားမှုအမှန်တွေကို အထူးပဲ သိစေလိုပါတယ်”ဟု သူတို့၏သဘောထားကို ထုတ်ဖော်ပြထားသည်။

AA သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး သံတမန်ဆက်ဆံရေးတို့တွင် ပိုမိုအား ကောင်းအောင်မြှင့်တင်ရေးကို တစိုက်မတ်မတ်ကြိုးစားနေပြီး ချဉ်းကပ်ပုံ ထင်သာမြင်သာ ရှိသည့်အ ချက်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က AA ထုတ်ပြန်ခဲ့သည့် အချက်များကို အခြေခံနေသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကမ္ဘာလုံးရှိ မိခင်ဘာသာစကားနေ့တွင် “ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်တို့ သည် ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်ကမ်းပါးတွင် လူ့ယဉ်ကျေးမှုနှင့် တိုင်းပြည်ထူ ထောင်ခဲ့ကြ ကြောင်း၊ လူ့အဖွဲ့ အစည်းနှစ်ခုသည် သမိုင်းယဉ်ကျေးမှုအရ အပြန်အလှန်ဆက်နွယ် နေကြသူများ ဖြစ်ကာ ရခိုင်အသိုင်းအဝိုင်းသည် ဘင်္ဂလားတိုင်းပြည်၏ အစိတ်အပိုင်းဖြစ်သလို ဘင်္ဂလာအသိုင်း အ ဝိုင်းသည်လည်း အာရက္ခတိုင်းပြည်၏ တစိတ်တပိုင်း ”ဟု ထုတ်ပြန်ပြောဆိုထားသည်။

ယင်းအပြင် မြန်မာနိုင်ငံမှထွက်ပြေးသွားရသည့် မွတ်ဆလင်တို့ ပြန်လာနိုင်ရေးအတွက်လည်း AA ဘက်က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ကို တွေ့ဆုံဖို့ ဆက်တိုက်ကြိုးစားနေသည်။

“ကျနော်တို့ကတော့ နှစ်ဦးနှစ်ဘက် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို အမြဲတမ်းလိုလားတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေးဘယ်လောက်ကောင်းတယ်။ မကောင်းဆိုတာထက် အတိုင်းအတာ တခုလောက်တော့ ရင်းရင်းနှီးနှီး အနေအထားမှာရှိတယ်”ဟု ဦးခိုင်သုက ဧပြီလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် DMG ကမေးမြန်းမှုကို ဖြေဆိုထားသည်။

ထိုသို့ AA က ဘင်္ဂလားဒေ့ရှ်ကိုချဉ်းကပ်ခြင်းမှာ ၎င်းတို့ပြောဆိုထားသည့် ကွန်ဖက်ဒရိတ် နိုင်ငံရေး လမ်းစဉ်အတွက် နိုင်ငံတကာ အသိုက်အဝန်းတစ်ခုခုနှင့် မဟာမိတ်ဆက်ဆံရေး ဆန္ဒရှိနေခြင်းကို ပေါ်လွင်စေပြီး အကျိုးတူပူးပေါင်းရန် ထည့်သွင်းစဉ်းစားကြောင်းလည်း နိုင်ငံရေးအကဲခတ်တို့က မှတ် ချက်ပေးကြသည်။

AA လိုလားသည့် ကွန်ဖက်ဒရိတ်နိုင်ငံရေးစနစ်မှာ အဆိုပါနယ်မြေသည် အချုပ်အခြာအာဏာ ပိုင် ဆိုင်မှုရှိပြီး ကိုယ်ပိုင်ဥပဒေပြဌာန်းခြင်း၊ တရားစီရင်ခြင်း၊ ငွေကြေးမူဝါဒ၊ နိုင်ငံသားမှတ်ပုံတင်၊ သယံ ဇာတတူးဖော်ခြင်းနှင့် နိုင်ငံခြားဆက်ဆံရေးကအစ သီးခြားလွတ်လပ်စွာလုပ်ပိုင်ခွင့်အခိုင်အမာရှိသည့် စနစ်ကို မျှော်မှန်းနေခြင်းကို တွေ့ရသည်။

ထို့အတူ စစ်ကောင်စီအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရသည့် မွတ်ဆလင် ၇ သိန်းကျော်အ ရေးနှင့် နိုင်ငံတကာအသိုင်းဝိုင်းကြားမှာ မျက်နှာပျက်နေခြင်း၊ ပြည်တွင်းလက်နက်ကိုင်အင်အားစုများ ပြည်သူလူထုတရပ်လုံး၏ အာဏာဖီဆန်မှုကြောင့် အကျပ်ရိုက်နေချိန်မှာ မောင်တောဒေသကို AA က ဗဟာဗျူဟာကျကျ လှုပ်ရှားနေခြင်းဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရ ဆက်ဆံရေး

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးသည် နှစ်နိုင်ငံအစိုးရအကြား သံတမန်လမ်းကြောင်းဖြင့် ရှိနေ သည်။ တဘက်နှင့်တဘက်ဆက်ဆံရေးမှာ ယနေ့အထိ ဆိုးဝါးသည့်အနေအထားကို မတွေ့ရပေ။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဇွန်လ ၁ ရက်နေ့ နယ်ခြားစောင့်တပ်မှူးများ ညှိနှိုင်းအစည်း အဝေး တွင် ကော့စ်ဘဇားခရိုင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib နှင့် ဗိုလ်မှူးကြီး Mohammad Aizur Rouf တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာဘက်က အမှတ်(၁) နယ်ခြား စောင့်ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင်၊ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကိုကိုလေး နှင့် တာဝန်ရှိသူတို့ မောင်တောခရိုင် ထွေ/အုပ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးမှာ နယ်စပ်ဒေသတွင်ဖြစ်ပေါ်နေသော အခြေအနေများ၊ တရားမဝင် ဖြတ်ကျော်ဝင် ရောက်မှုများ၊ နယ်စပ်ဒေသအနီး ပစ်ခတ်မှုဖြစ်စဉ်များ၊ တရားမဝင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး၊ နှစ်နိုင်ငံနယ်စပ်အနီး ARSA လှုပ်ရှားဆောင်ရွက်မှုများ၊ နှစ်ဖက်ပူးတွဲကင်းလှည့် ဆောင်ရွက် မှု များ စသည့်ကိစ္စရပ်များတွင် ဆက်သွယ်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်မှာ AA အကြောင်းမပါဝင်သော်လည်း နှစ်နိုင်ငံနယ်စပ်ကို အားသာချက်ပြုပြီး လှုပ်ရှားတည်ဆောက်နေသော AA ကို ထိန်းချုပ်ကိုင်တွယ်နိုင်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရရှိ ထားသည့် AA သတင်းအားလုံးကိုဖလှယ်ရန် အဓိကရည်ရွယ်ကြောင်းလည်း ဝေဖန်နေကြသည်။

“ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအာဏာပိုင်တို့ရဲ့ ဆက်ဆံရေးအခြေအနေကတော့ G to G (အစိုးရအ ချင်းချင်း) အခြေအနေကိုမြင်ရတယ်”ဟု ဦးဖေသန်းကဆိုသည်။

နယ်စပ်ထွက်ပေါက်နှင့် လက်နက်ကိုင်တပ်များ အရေးပါမှု

မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စသည့် EAOs တပ်ဖွဲ့များမှာ တရုတ်-အိန္ဒိယ၊ ထိုင်း စသည့်နယ်စပ်ဒေသကို အခြေတည်ကာ လှုပ်ရှားလေ့ရှိကြသည်။ ယင်းကြောင့် Boder Line နယ်မြေ များ သည် EAOs တို့အတွက် စစ်မျက်နှာကို တဘက်တည်းဖွင့်ထားပြီး အင်အားအထိုင်ချထားခြင်း နယ်စပ်ထွက်ပေါက်များကို ကိုယ်တိုင်စီမံပြီး စီးပွားရေးအင်အားများ တည်ဆောက်နိုင်သည်။

ရခိုင့်လက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရခိုင်အမျိုးသားကောင်စီ၊ရခိုင်ပြည်တပ်မ တော် (ANC/AA) ခေါင်းဆောင် ဗိုလ်မှူးကြီး မင်းထွန်းက “ဒီဒေသတွေ(မောင်တောနယ်စပ်)ကို စိုးမိုးနိုင်တဲ့ သူတွေကတော့ စစ်ရေးအရထိုးဖောက်နိုင်တဲ့ လမ်းကြောင်းတွေကိုရရှိပြီးတော့ ဘင်္ဂလားနဲ့ ကူးသန်း ရောင်းဝယ်ရေး၊ နယ်စပ်စိုးမိုးရေး၊ ဝင်ထွက်သွားလာရေး စတဲ့အားသာချက်တွေ အများကြီးရှိ တယ်” ဟု သုံးသပ်သည်။

ထို့အပြင် ယခင်က မေယုခရိုင်ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မယူတောင် ကြော တလျှောက်တွင် လက်နက်ကိုင်တော်လှန်ရေးအတွက် အထောက်အကူများစွာရှိနေသည်။ အကြောင်း မှာ ဘူးသီးတောင်စိုင်းတင်မှ ချင်း၊ ပလက်ဝမြို့နယ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်သည့် လမ်း ကြောင်း များ၊ ယင်းမှတဆင့် ပလက်ဝ-အိန္ဒိယနယ်စပ်များ၊ မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်မြေထိစပ်မှု များမှာ ဝင်ထွက်ကောင်းသည့် အားသာချက်များစွာ ရှိနေခြင်းလည်းဖြစ်သည်။

“မောင်တောဒေသမှာ အခုဖြစ်နေတဲ့ စစ်ရေးအခြေအနေကတော့ နှစ်ဘက်အားသာချက် အားနည်း ချက်ကို ခန့်မှန်းလို့ပြောရမယ်ဆိုရင် နည်းနည်းတော့ခက်မယ်။ စစ်ရေးဆိုတော့ ကာယကံရှင်တွေကပဲ ပိုသိမှာပါ”ဟုလည်း ဗိုလ်မှူးကြီး မင်းထွန်းက မှတ်ချက်ပေးသည်။

မောင်တောမြို့နယ်သည် အနောက်ဘက် ဘင်္ဂလားပင်လယ်အော်နှင့် အရှေ့ဘက် မယူတောင်တန်း ကြီးတို့ အကြားတွင် ဧရိယာစတုရန်းမိုင် ၅၈၅ ဒသမ ၉၂ မိုင်ကျယ်ဝန်းပြီး ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉၈ အုပ်စု၊ ကျေးရွာပေါင်း ၄၀၅ ရွာဖြင့်ဖွဲ့စည်းထားကြောင်း ထွေ/အုပ်စာရင်းများအရ သိရသည်။

ယင်းအပြင် မောင်တောဒေသတွင် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့သည် နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေ ရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၁၂၉ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု၊ စုစုပေါင်း ၁၉၁ နေရာအား ဦးဆောင်ကွပ်ကဲနေသည့်အပြင် တပ်မတော်စစ်သားများကိုလည်း အင်အားဖြည့်တင်းထားကြောင်း စုံစမ်းသိရှိရသည်။

ထိုအထဲတွင် မောင်တောဒေသတစ်ခုလုံး၌ ရဲ၊ လဝက၊ အထူးစုံစမ်းစစ်ဆေးရေး၊ သတင်းတပ်ဖွဲ့၊ ယာဉ် ထိန်းနှင့် နယ်ခြားစောင့်အင်အားမှာ ၆၄၀၀ ကျော်ရှိပြီး နောက်တပ်စစ်သည်အင်အား (၁၀၀၀)နီးပါးကို လည်း ထပ်မံအင်အားဖြည့်ထားကြောင်း စစ်ဖက်ဆိုင်ရာသတင်းရင်းမြစ်များက ပြောသည်။

ထို့အတူ ရက္ခိုင့်တပ်တော်(AA)ကလည်း မောင်တောမြောက်ပိုင်းတစ်ခုလုံးတွင် တပ်မဟာ၊ စစ်ဗျူဟာ များ ဖွဲ့စည်းကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ကို အင်အားတစ်ထောင်ခန့်ဖြင့် တောင်ပြို လက်ဝဲမြို့ အထက်ပိုင်းနှင့် ဗန္ဓုလကြားနှင့် တောင်ပိုင်း မယူတောင်ကြောအဆုံးရှိအငူမော်အထိအခြေ ပြု လှုပ်ရှားနေကြောင်း AA နှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Prothomalo Alo သတင်းဌာနနှင့်အင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်း မြတ် နိုင်က AA တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တလျှောက်တွင် အခိုင်အမာလှုပ် ရှားမှုများရှိနေကြောင်း ဖွင့်ဟထားသည်။

ယင်းအပြင် မြန်မာနိုင်ငံက ထွက်ပြေးသွားရသည့် မွတ်ဆလင်တို့ပြန်လာနိုင်ရေးအတွက်လည်း AA ဘက်က ဘင်္ဂလားဒေ့ရှ်အာဏာာပိုင်များနှင့် အလွတ်သဘော တွေ့ဆုံဖို့ကြိုးစားခြင်းများရှိနေပြီးယင်း ဘက်မှ တစုံတရာ အကြောင်ပြန်ခြင်းမျိုး မရှိသေးကြောင်းလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထုတ် ဖော်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အစီရင်ခံစာတွင် “မောင်တောဒေသသည် ဖွံ့ဖြိုးမှုဆိုင်ရာအကျပ်အတည်း )Development Crisis)၊ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်း)Human Rights Crisis)နှင့် လုံခြုံရေးဆိုင်ရာအကျပ် အ တည်း )SecurityCrisis)လည်း ဖြစ်ပေါ်စေကြောင်း”ဖော်ပြထားသည်။

ရခိုင်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း မွတ်ဆလင်နှင့် ရခိုင် နှစ်ဖက်လူ့အဖွဲ့ အ စည်းအကြား အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည်။ ယင်းကြောင့် မောင်တောဒေသ သည် လူမျိုးရေး၊ ဘာသာရေးကိုအခြေခံသည့် ထိလွယ်ချလွယ်ပြဿနာ များစွာရှိနေသည့် ဒေသတစ် ခုဖြစ်သည်။

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ

မောင်တောနယ်စပ်တွင် လှုပ်ရှားနေကြသည်မှာ စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ AA အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ARSA၊ RSO နှင့် အဒူလာကိန်းစသော တခြား သော အဖွဲ့ငယ်တို့လည်း ရှိသေးသည်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO (Rohingya Solidarity Organisation)သည် ၁၉၈၂ ခုနှစ် က ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင် လက်နက်ကိုင်လှုပ်ရှားခဲ့ပြီး ၁၉၉၈ နောက်ပိုင်း မှာ စစ်ရေးလှုပ်ရှားမှုမတွေ့ရတော့ဘဲ ရပ်နေခဲ့သည်။ သို့သော်လည်း စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်း ၂၀၂၁ ဇွန်လတွင် RSO ဗိုလ်မှူး ကျော်မြင့်ထွန်းဆိုသူက စစ်ကောင်စီတပ်ဖွဲ့ကို သူတို့လူ မျိုး တို့ ရပိုင်ခွင့်အတွက် စစ်မျက်နှာဖွင့် တိုက်ခိုက်သွားမည်ဟု အင်တာနက်စာမျက်နှာကတဆင့် ပြောဆိုဖြန့်ချိခဲ့သည်။

ယင်းအပြင် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)အဖွဲ့သည်လည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လှုပ်ရှားလေ့ရှိပြီး ၂၀၁၇ ခု သြဂုတ်လ ၂၅ ရက်နေ့မှာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့ နယ်က နယ်ခြားစောင့်ကင်းစခန်း ၃ဝ ခန့်ကို တိုက်ခိုက်ခဲ့သည်။

ARSA အဖွဲ့တိုက်ခိုက်မှုကြောင့် ဒေသနေဟိန္ဒူဘာသာဝင်များ၊ ရခိုင်၊ ဒိုင်းနက်၊ မြို၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများအပါအဝင် ၈၄ ဦးသေဆုံးခဲ့ပြီး ၅၄ ဦးပျောက်ဆုံးခဲ့ ကြောင်းလည်း NLD အစိုးရက ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ARSA သည် မောင်တောက ဟိန္ဒူဘာသာဝင်များကိုလည်း အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့သည့်အတွက် မြန်မာအစိုးရက အကြမ်ဖက်အဖွဲ့အဖြစ်သတ်မှတ်ထားပြီး မွတ်ဆလင် အသိုင်း အဝိုင်း ကြားမှာလည်း ထောက်ခံမှုကျဆင်းနေသည်။ ထိုသို့ RSO နှင့် ARSA တို့မှာလည်း မောင်တော မြောက်ပိုင်း နယ်စပ်မျဉ်းအနီးတွင် ပေါ်လိုက်ပျောက်လိုက်ဖြင့် ရံဖန်ရံကာ နယ်ခြားစောင့်ရဲများ ကို တိုက် ခိုက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ပျောက်ကွယ်လေ့ ရှိတတ်သည်။

လက်ရှိမောင်တောဒေသ အခြေအနေ

ထိုသို့ တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ဒေသနေ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသားများ ကိုလည်း AA နှင့် ဆက်စပ်သည့်သံသယ (သို့မဟုတ်) တိုက်ပွဲဖြစ်စဉ်နှင့်ဆက်စပ်သည်ဟု ဒေသခံ များအပေါ် စစ်ကောင်စီဘက်က အပြစ်မြင်လာကြောင်းလည်း ဒေသခံများကဆိုသည်။

ပြီးခဲသည့် ဇူလိုင်လ ၁၉ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ် ချုပ်ရေး မှူး၊ ကျေးရွာသား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို စစ်ကောင် စီ တပ်နှင့် နယ်ခြားစောင့်ရဲတို့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်၊ ကိုထွန်းချေ၊ကိုထွန်းကြိုင် နှင့် သာယာကုန်း(တောင်ပြို)ကျေးရွာ တာဝန်ခံ ဦးဘသိန်းတို့ဖြစ်ပြီး ယခု အချိန်တစ်လကျော် ကြာမြင့် လာသော်လည်း တွေ့ခွင့်မရသေးကြောင်း ဦးဘသိန်း၏အစ်မဖြစ်သူ ဒေါ်မစိန်မြက DMG သို့ပြော သည်။

“ကြိမ်ချောင်းဂိတ် နခခ(၇)မှာရှိတယ်ဆိုပြီးတော့ ပြောသံကြားလို့သွားကြည့်တယ်။ သူတို့ပြောတာက တော့ ရှိတယ်လို့ပြောတယ်။ ဒါပေမယ့် တွေ့ခွင့်မရဘူး။ ကျမတို့ အခုဆိုရင်သွားကြည့်တာ ၁၀ ခေါက် ထက်မနည်း တော့ဘူး။ ကျမမောင်နဲ့ တွေ့ခွင့်ရချင်တယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဒေသအတွင်း တိုက်ပွဲများပြင်းထန်လာမှု၊ စစ်ရေးတင်းမာမှုများနှင့်အတူ မောင်တောဒေ သသို့ ဆက်သွယ်ရေးလမ်းကြောင်း ကုန်စည်စီးဆင်းမှုများကိုလည်း စစ်ကောင်စီဘက်က ဟန့်တား လာသည်။

ထို့အတူ မောင်တောဒေသသို့ အဓိကကုန်စည်ပို့ဆောင်နေသည့် စစ်တွေ-အငူမော်-မောင်တောကား လမ်းကို စစ်ကောင်စီကပိတ်ထားသဖြင့် ဒေသခံများမှာ အကျပ်အတည်းများစွာဖြင့်ကြုံတွေ့နေရသည်။

ဗောဓိကုန်းကျေးရွာသားတစ်ဦးက “တစ်ရွာနဲ့တစ်ရွာ ဆိုင်ကယ်နဲ့တောင် သွားလို့မရဘူး။ ကျနော်တို့ မှာ က မောင်တောမြို့ကိုအဓိကထားပြီး စားနပ်ရိက္ခာတွေဝယ်ယူနေကြတာ။ အခုလိုပိတ်ထားတော့ စားရေးသောက်ရေး အခက်အခဲရှိတာပေါ့”ဟု ပြောသည်။

အလားတူ မောင်တောမြောက်ပိုင်းတွင်လည်း မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲ ပူးပေါင်းအဖွဲ့တို့ အခြေချထားသည့် ကြိမ်ချောင်းအမှတ်(၂၄)စခန်း စစ်ဆေးရေးဂိတ်ကနေ ဒေသခံများခရီးသွားလာ ခွင့်ကို တားမြစ်ထားသည်။

“အခုက လမ်းတွေပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုမရှိဘူး။ အဲဒါကလည်း တိုက်ပွဲဆက်တိုက်ဖို့ အခြေအနေတရပ်ဖြစ်တယ်။ ဒေသခံတွေကတော့ စားဝတ်နေရေး၊ ကျန်းမာရေး ခက်ခဲစေတယ်။ ဆိုတော့ AA ကလည်း ဒါတွေကိုကြည့်နေမှာမဟုတ်ဘူး”ဟု မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက ပြောဆိုသည်။

ဆက်လက်ပြီး ဦးမောင်အုန်းက “မောင်တောမှာတော့ ခြုံငုံကြည့်လိုက်ရင် ULA/AA က အုပ်စိုးထား တာ တွေ တွေ့ရတယ်။ ဒါကြောင့် ဘာဖြစ်ဖြစ် တခုခုဆိုရင်တော့ AA နဲ့ ညှိနှိုင်းရတော့မယ့်အခြေ အ နေ”ဟုလည်း ဆိုသည်။

ယင်းအပြင် မောင်တောမြို့နယ်သည် ဘင်္ဂလားပင်လယ်အော်၊ နတ်မြစ်ဝမှ မြောက်ဘက်မြစ်ဖျားအထိ ၃၉ ဒသမ ၈၂ မိုင်ရှည်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်မှာလည်း ၁၆၈ ဒသမ ၅၇ မိုင်အထိ ထိစပ်နေသည့် ဒေသလည်းဖြစ်နေသည်။

ယင်းအပြင် နတ်မြစ်ဖျားတောင်တန်းများမှ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မှတ်တိုင် BP-31 ကနေ မြန် မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံဆုံရာ နယ်စပ်မှတ်တိုင် BP– 73 အထိ ၁၂၈ ဒသမ ၇၅ မိုင် ထိစပ် နေသည့်အတွက် ပထဝီအနေအထားအရ နယ်စပ်ခြံစည်းရိုးကလည်း မလုံမခြုံဖြင့် အာဏာပိုင်များက ထိရောက်သည့် အုပ်ချုပ်ရေးမလွှမ်းမိုးနိုင်ပေ။ ယင်းအပြင် တဘက်ဘင်္ဂလာဒေ့ရှ့်နိုင်ငံသို့ တရားဝင် နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း နိုင်ငံဘဏ္ဍာဒေါ်လာများ နေ့စဉ်ဝင်ငွေရရှိပြီး အခြားတဘက်တွင် လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကိုလည်း သတင်းများတွင်တွေ့ရသည်။

ထိုအချက်အလက်များကို အခြေခံပြီး လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် အာဏာပိုင်များ၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး စသည့်အဘက်ဘက်မှ အကျိုးအမြတ်များစွာရှိနေသဖြင့် အပြန်အလှန်ထိန်းချုပ် ရန် အပြင်းအထန်ကြိုးစားနေကြခြင်းလည်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ “မောင်တောနယ်စပ်ဆိုတာက ကုန်သွယ် ရေး၊ စီးပွားရေးဖြစ်တဲ့နေရာ။ အဲဒါကြောင့် AA အနေနဲ့ အဲဒီနေရာ ချုပ်ကိုင်နိုင်အောင် ကြိုးစားမယ် ဆိုရင်တော့ စစ်အင်အားတွေကိုသုံးပြီးတော့ လုပ်နိုင်မှ… ရဲကင်းစခန်းတွေကို တိုက်တာလောက်နဲ့ တော့ ရမှာမဟုတ်ဘူး မြင်တယ်”ဟု သုံးသပ်ချက်ပေးသည်။

ဂေါင်- ရေးသည်။

https://www.facebook.com/dmgnewsagency/posts/2380150528804011



No comments:

Post a Comment