Thursday, September 14, 2023

ရခိုင်မြောက်ပိုင်းအရေး သက်သေအထောက်အထားများ မဖျက်ဆီးရန် သမ္မတရုံး ညွှန်ကြားထား

ဧရာဝတီ
12 April 2020

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း ကင်းကျနေသော ရဲတပ်ဖွဲ့ဝင်တဦး / Reuters

အစိုးရ၏ ကော်မရှင်တခုက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆ လင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထား များ ကို ထိန်းသိမ်းထားရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့အား ဧပြီလ ၉ ရက် နေ့တွင် သမ္မတရုံးက အမိန့်ထုတ်ပြန်ခဲ့သည်။

ညွှန်ကြားချက်၏ ရည်ရွယ်ချက်မှာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးကို အထောက်အကူဖြစ်စေရန်နှင့် အပြစ် ကျူးလွန်သူများကို ဆက်လက် အရေးယူ ရန်ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။ သက်သေ အထောက်အထားများကို ဖျက်ဆီးသည့် မည်သူ့ကိုမဆို တရားစွဲဆိုမည် ဖြစ်ကြောင်းလည်း သတိပေး ခဲ့ သည်။

ရခိုင်ပြည်နယ်မှ ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ်မတော် (ARSA) ၏ အကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် များနှင့် ၎င်းနှင့် ဆက်စပ်သောပြဿနာ များအား စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရက လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် (ICOE) ကို ဖွဲ့စည်းခဲ့သည်။

ARSA တိုက်ခိုက်မှုများကို တုန့်ပြန်သည့်အနေဖြင့်အစိုးရလုံခြုံရေးတပ်ဖွဲ့များကရခိုင်ပြည်နယ်မြောက် ပိုင်း တွင် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ ပြီးနောက် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ဒုက္ခသည် ၇၀၀၀၀၀ ကျော် မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ ထွက်ပြေးသူများက မြန်မာ လုံခြုံရေးတပ်ဖွဲ့များသည် မတရားသတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် သူ တို့၏ပိုင်ဆိုင်မှုများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေး သူ များက ထိုစစ်ဆင်ရေးများသည် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက် ရှိသည်ဟု ပြောကြား ခဲ့ ကြသည်။ မြန်မာအစိုးရကရော တပ်မတော်ကပါ ထို စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြသည်။

ဇန်နဝါရီလတွင် ကော်မရှင်က ၎င်း၏ နောက်ဆုံး အပြီးသတ် အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြခဲ့သည်။ စစ်ဆင်ရေးများသည် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်များရှိသည် ဆိုခြင်းကို ငြင်းဆန်ခဲ့သော်လည်း အစီရင်ခံစာတွင် “စစ်ရာဇဝတ်မှုများ၊ လေးနက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်တွင်း ဥပဒေချိုးဖောက် မှုများ ဖြစ်ပွားခဲ့ ကြောင်း” ဝန်ခံခဲ့သည်။

မွတ်ဆလင်များကို အစုအပြုံလိုက် သတ်ဖြတ်ခြင်းနှင့် စွန့်ပစ်သွားသော ကျေးရွာများရှိ အိမ်များကို မီး ရှို့ ခြင်း (၂ မျိုးလုံးကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည်) ကို တားဆီးရန်ပျက်ကွက်ခြင်းများ အပါအဝင် ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော် ပြ ထားသည်။

သမ္မတ ဦးဝင်းမြင့်က တာဝန်ရှိသည့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆို ခြင်းများတွင် အသုံးပြုရန် အစီရင်ခံစာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စု ရှေ့ နေချုပ် (UAG) တို့ထံသို့ ဆက်လက်ပေးပို့ ခဲ့သည်။ အစီရင်ခံစာတွင် ဖော်ပြထားသည့် အဖြစ်အပျက် များကို ၎င်းတို့ တာဝန်ယူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံး တို့ ၂ ခုလုံးက ပြောကြားခဲ့သည်ဟု ဧပြီလ ၉ ရက်နေ့က ညွန်ကြားချက်တွင် ဖော်ပြထားသည်။

ညွှန်ကြားချက်၏ အဆိုအရ အစိုးရအနေဖြင့် စစ်ဆေးနေသည့် နေရာများ၏ လက်ရှိ အခြေအနေကို မှတ်တမ်းတင်ရန်နှင့် စာရင်းပြုစုရန် လိုအပ်သောအဆင့်များအားလုံးကို လုပ်ဆောင်ခဲ့ပြီး မြေပြင်သာ မက ဂြိုဟ်တုပုံရိပ်များကိုလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရေး သေချာစေရန်နှင့်အထောက်အကူဖြစ်စေရန်ရခိုင်ပြည်နယ်မြောက် ပိုင်းရှိ မည်သည့် ဧရိယာတွင်မဆို ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊ ၎င်းတို့၏ အေဂျင်စီ များ၊ ဌာနများ၊ ရုံးများနှင့် လူပုဂ္ဂိုလ်များ အားလုံးက ICOE ၏ အပြီးသတ် အစီရင်ခံစာတွင် ရည်ညွှန်း ဖော်ပြထားသည့် အဖြစ်အပျက်များအတွက် သက်သေအထောက်အထား ဖြစ်စေမည့် ရွှေ့ပြောင်း နိုင် သော သို့မဟုတ် မရွှေ့ ပြောင်းနိုင်သော မည်သည့်ပစ္စည်းကို ဆို ဖျက်ဆီးခြင်း သို့မဟုတ် ဖယ်ရှားခြင်း သို့မဟုတ် ဖျက်ဆီးရန် သို့မဟုတ် ဖယ်ရှားရန် ခွင့်ပြုခြင်း တို့ကို တားမြစ်ကြောင်း ညွှန်ကြားချက်က ဆိုသည်။

“ICOE ၏ အပြီးသတ် အစီရင်ခံစာတွင် ရည်ညွှန်း ဖော်ပြထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ် ပွားခဲ့သော အဖြစ်အပျက်များနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ၊ ရုပ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင် များနှင့် အခြားမီဒီယာအထောက်အထားများကို ဆက်လက်ထိန်းသိမ်းထားရန် ဝန်ကြီးဌာနများအား လုံးနှင့် ရခိုင်ပြည်နယ်အစိုးရ ကို ထပ်မံ ညွှန်ကြားသည်” ဟု ညွှန် ကြားချက်က ဆက်ပြောသည်။

ဇန်နဝါရီလတွင် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က သတ်ဖြတ်ခြင်းနှင့် အခြားရက်စက်မှုများမှရခိုင် ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအား ကာကွယ်ပေးရန်နှင့် ၎င်းတို့အပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ရာဇဝတ်မှုများနှင့် ဆက်ဆိုင်သည့် အထောက်အထား များကို ဖျက်ဆီးခြင်းမှ ရှောင် ရှား ရန် မြန်မာနိုင်ငံကို အမိန့်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ပြီး နောက်တွင် ထိုသို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Myanmar President Orders Officials to Preserve Evidence of Rakhine Atrocities ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */