" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 28, 2023

စစ်ကောင်စီက အရှေ့တီမော သံတမန်တွေကို တိုင်းပြည်က နှင်၊ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ Facebook ဆိုရှယ် မီဒီယာ

MoeMaKa

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၆ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၃


မကြာသေးခင် ဇူလိုင်လ ၁ ရက်နေ့က အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနားကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို တရားဝင် ဖိတ် ကြားတာတွေ လုပ်ခဲ့ပြီး သမ္မတ၊ ဝန်ကြီးချုပ်တို့လို အရှေ့တီမောနိုင်ငံရဲ့ အကြီးအကဲဖြစ်သူတွေက လူ သိရှင်ကြား လက်ခံတွေ့ဆုံတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ တဖန် အရှေ့တီမောနိုင်ငံအနေနဲ့အာဆီယံ အဖွဲ့ ဝင်ခွင့်လျှောက်ထားတာ နဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှ အာဆီယံကို အ ဖွဲ့ ဝင်အဖြစ် ဝင်ရောက်မယ်ဆိုတဲ့ ပြောဆိုချက်တွေ ပေါ်ထွက်လာပြီး သီတင်းပတ်အနည်းငယ်အကြာ မှာ အခုလို စစ်ကောင်စီက ရန်ကုန်မှာရှိတဲ့ အရှေ့တီမော နိုင်ငံသံတမန်တွေကို ယခုလကုန်မှာ မြန်မာ နိုင်ငံက ထွက်ခွာသွားဖို့ အသိပေး အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

အရှေ့တီမော သံတမန် ဘယ်နှဦး မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရှိသလဲဆိုတာတော့ သတင်းတွေမှာဖေါ် ပြ ထားတာ မတွေ့ရသေးပဲ၊ စစ်ကောင်စီ အနေနဲ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားသံတမန် တွေ ကို နှင်ထုတ်တဲ့ အဖြစ်အပျက်မျိုးမှာ ဒါပထမဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ လုပ်ဆောင်တဲ့ အမေရိကန်၊ ဗြိတိန်လို အနောက်အုပ်စုနိုင်ငံကြီးတွေရဲ့ သံတမန်တွေကို နှင်ထုတ်တာမျိုး မရှိပေမယ့် အရှေ့တောင်အာရှက နိုင်ငံငယ် တနိုင်ငံဖြစ်တဲ့ အရှေ့ တီမောနိုင်ငံရဲ့ သံတမန်ကို နှင်ထုတ်ခြင်းက စစ်ကောင်စီက ၄င်းတို့အနေနဲ့ နိုင်ငံတကာကိုလည်း သံ တမန်ရေးအရ လက်တုံ့ပြန်ရဲတယ်ဆိုတဲ့ အချက်ကို ပြသချင်ပုံရတယ်လို့ မှန်းဆရပါတယ်။ အင်အား ကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်တို့အနေနဲ့တော့ ဝန်ကြီးချုပ်၊ သမ္မတအဆင့်ရာထူး အဆင့်နဲ့ သူတွေက အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေကိုတွေ့ဆုံတာမျိုးမရှိသလောက်ဖြစ်ပြီးနိုင်ငံခြား ရေးဌာနက လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးလိုမျိုးကသာ တရားဝင်တွေ့ဆုံတာမျိုး ရှိတာဖြစ်ပြီးအ ရှေ့တီမောနိုင်ငံအနေနဲ့တော့ လက်ရှိဝန်ကြီးချုပ်ဖြစ်သူက တရားဝင်အခမ်းအနားလိုမျိုးနဲ့ ဖိတ် ကြား တာ လက်ခံတွေ့ဆုံတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အရှေ့တီမောနိုင်ငံ အနေနဲ့ အခုလို စစ်ကောင်စီရဲ့ လက်တုံ့ပြန်နိုင်ခြေကို မျှော်မှန်းတွက်ဆထားတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အရှေ့တီမောမှာ မြန်မာနိုင်ငံက စစ်ကောင်စီရဲ့ သံတမန် ရှိ၊ မရှိ တော့ ရှင်းရှင်းလင်းလင်း မသိရှိရဘဲ၊ အရှေ့တီမောနိုင်ငံမှာ မြန်မာစစ်ကောင်စီဘက်က သီးသန့် သံ တမန် မထားရှိဘဲ အင်ဒိုနီးရှားနိုင်ငံလိုမျိုးနဲ့ တွဲဖက်တာဝန်ယူတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံက အဖွဲ့ဝင်ထားတဲ့ အာဆီယံ အဖွဲ့ကြီးလို အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အာဆီယံ သဘောတူညီမူ ၅ ချက်လိုမျိုးကို အကောင်အထည်ဖော်ရမယ့် ကိစ္စမှာလည်း အာဆီယံက တဖက် သတ်ချမှတ်ခဲ့တဲ့ မူဖြစ်ပြီး အာဆီယံအနေနဲ့ အကောင်အထည်ဖော်ရမယ့် မြန်မာနိုင်ငံကို လုံလောက် တဲ့ ညှိနှိုင်းပြောဆိုမှုတွေ မရှိခဲ့ဘူးလို့ ဆင်ခြေပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မူ ၅ ချက်ဟာ ၂၀၂၁ ခု နှစ် ဧပြီလ ၂၄ ရက် ဂျာကာတာ အစည်းအဝေးမှာ ချမှတ်ခဲ့တာဖြစ်ပြီး အခုအချိန်ထိ အကောင်အ ထည် ဖေါ်နိုင်ခြင်းမရှိသေးတဲ့ သဘောတူညီမှုလည်း ဖြစ်ပါတယ်။

ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တရပ်က ရိုဟင်ဂျာ အရေး လှုပ်ရှားဆောင်ရွက်တဲ့အဖွဲ့တွေ က ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်ခံရမှု ဖြစ်ရပ်မှာFacebookကုမ္ပဏီအနေနဲ့ရိုဟင်ဂျာတွေအ ပေါ် ပြောဆိုတဲ့ အမုန်းစကားတွေ၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ပျက် ကွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အိုင်ယာလန်နိုင်ငံက တရားရုံးတရုံးမှာ နစ်နာကြေးပေးဖို့ တရားစွဲဆို လိုက်တဲ့ သတင်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ နယ်ခြားစောင့်လုံခြုံရေးစခန်းများနဲ့ ရဲစခန်းတွေကို အာဆာ အ ဖွဲ့က ရုတ်တရက် တိုက်ခိုက်မှုအပြီး မင်းအောင်လှိုင် ဦးစီးချုပ်တာဝန်ယူတဲ့ စစ်တပ်ရဲ့ နှိမ်နှင်းမှု တွေ၊ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ ရေးသားမှုတွေ ကို ဖယ်ရှားတာ၊ ပိတ်ပင်တာမျိုး Facebook အနေနဲ့ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အချက် ပေါ် အခြေခံပြီး တရားရုံးမှာ လျှောက်ထားခဲ့တဲ့ သဘောမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်တွေ စျေးသက်သက်သာသာ နဲ့ စတင်သုံးစွဲလာနိုင်တဲ့ ကာလ ဖြစ်တဲ့ ၂၀၁၂/၁၃ ခုနှစ်တွေက စလို့ ၂၀၁၇ နှစ် ကျော်လွန်သည်အထိ ကိုးကွယ်ရာ ဘာသာမတူ၊ လူမျိုးစု လည်း ကွဲပြားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို Facebook ဆိုရှယ်မီဒီယာ ပလက် ဖောင်းပေါ်ကနေ အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ နဲ့ ပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေ အနေနဲ့ ပုံဖော်ခြင်းနဲ့ လူမျိုးရေး မုန်းတီးမှု စကားလုံး လှုံ့ဆော်မှုတွေကို Facebook ကုမ္ပဏီအနေနဲ့ ဖယ်ရှားခြင်း မရှိတဲ့အပြင် လူကြည့်များတဲ့ ဝေဖန်ချက်ပေးမှု၊ ထပ်မံမျှဝေမှုများတဲ့ အကြောင်းအရာတွေကို ထပ်ကာထပ်ကာ ပြသတဲ့ Algorithm က အကြမ်းဖက်မှုတွေကို ပိုမိုဖြစ်ပွားစေခဲ့တယ်လို့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက ထောက်ပြကြတာ ဖြစ်ပါတယ်။

Facebook အနေနဲ့ ဒိမတိုင်ခင် ၂၀၁၇ ခုနှစ် လူမျိုးသုဥ်း သတ်ဖြတ်မှု ဖြစ်ပွားပြီးကာလကလည်း အခု လို စွပ်စွဲပြောဆိုမှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် တရားစွဲဆိုမှုမျိုးတော့ မကြုံတွေ့ခဲ့ရပါဘူး။ စီးပွားရေး အရ ကြော်ငြာဝင်ငွေရရှိဖို့ကို အဓိက ဦးတည်ချက်အဖြစ် တည်ထောင်ထားတဲ့ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတခုဖြစ်တဲ့ Facebook ဟာ မြန်မာနိုင်ငံမှာ အသုံးအများဆုံး ပလက်ဖောင်းဖြစ်ပြီးတဦး ချင်း အမြင်၊ ကိုယ်ပိုင်ဘဝ၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ ချိတ်ဆက်ခြင်း၊ အမြင်၊ မှတ်ချက် ဖလှယ် ခြင်းတို့အပြင် နိုင်ငံရေး၊ ရာဇဝတ်မှု၊ လိမ်လည်မှု၊ တရားမဝင် ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေ ရောင်း ဝယ် ဖလှယ်မှုတွေ အထိရည်ရွယ်ချက် မျိုးစုံနဲ့ သုံးစွဲလာကြတာ ဖြစ်ပါတယ်။ ပလက်ဖောင်းပိုင်ရှင် ကုမ္ပဏီအနေနဲ့ စီးပွားရေး အကျိုးအမြတ်အတွက် အဓိကထားပြီး အခြားသော အမုန်းစကားတွေ၊ အ မုန်းတရား ပြန့်ပွားအောင် လှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေကို ဖယ်ရှားဖို့ကို ဒီလောက်အရေးမထား ခဲ့ဘူးလို့ ဝေဖန်မှုတွေ ရှိနေခဲ့တာ နှစ်ကာလနဲ့ချီရှိနှင့်ပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်လို ကာလမျိုးမှာ Facebook လို လူမှုကွန်ရက်မီဒီယာတွေကနေ နိုင်ငံရေး ပါ တီ တွေက မရိုးသားတဲ့ လှည့်ဖြားတဲ့ သတင်းအချက်အလက်တွေ ရေးတင်ပြီး မဲဆန္ဒရှင်တွေကို လမ်း မှား အောင် ဆုံးဖြတ်ချက်မှားအောင် လုပ်ဆောင်မှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှု ကိစ္စလို၊ အမျိုးဘာသာ သာသနာနဲ့ လူမျိုးရေး မုန်းတီးအောင် လှုံ့ ဆော်မှု အကြောင်းအရာတွေလည်း Facebook စာမျက်နှာပေါ်မှာ အများအပြားတွေ့နိုင်ပြီး ယခု အ ခါမှာတော့ တယ်လီဂရမ်လို အခြားသော ပလက်ဖောင်းတွေမှာပါ ပြန့်နှံ့ကျယ်ပြန့်လာနေတာလည်း ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */