" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, August 4, 2023

စစ်ရေးပဋိပက္ခများနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် မိအေး နှစ်ခါ နာနေသည့် ရခိုင်ပြည်နယ်

Myanmar Now
August 4, 2023 

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေကမ်းရိုးတန်းအခြေအနေကို ဇူလိုင်လ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)
 

ရခိုင်ပြည်နယ်ဟု ဆိုလိုက်လျှင် ရိုဟင်ဂျာအရေး၊ စစ်ရေး၊ နိုင်ငံရေးကိစ္စများကြောင့် နိုင်ငံတကာက အာရုံစိုက်ကြ ရာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါမုန်တိုင်း ကြောင့် လည်း လူပေါင်းရာချီ သေကျေကာ ပစ္စည်းဥစ္စာအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးမှုများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်စရာ ထပ်မံပေါ်ပေါက်လာခဲ့သည်။

မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်သို့ ဦးတည်ပြီး မေ ၁၄ တွင် စတင်ဝင်ရောက်တိုက်ခဲ့သဖြင့် ပြည်နယ်မြို့တော် စစ် တွေနှင့်မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် မြို့နယ်များ အဓိကဆုံးရှုံးမှု များပြားခဲ့သည်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များ၊ စာသင်ကျောင်း၊ ဆေးရုံအဆောက်အအုံများကို ပြန်လည်မ တည်ဆောက် မပြုပြင်နိုင်သေးသလို မုန်တိုင်းအရှိန်ကြောင့် ရေငန်ဝင်ရောက်ပျက်စီးသွားသည့် လယ်ယာများ၊ ငါး ၊ ပုစွန်တာတမံများနှင့် တခြားစီးပွားရေးလုပ်ငန်းများသည်လည်း နာလန်မထူနိုင်ဘဲ ရှိနေသေးသည်။

ပင်လယ်ကမ်းစပ်တွင် ရှိသည့် စစ်တွေမြို့နယ်မှ ရိုဟင်ဂျာများကို ဘေးအန္တရာယ်ဆိုင်ရာ ကျရောက်နိုင်မည့် အခြေ အနေများကို သတင်းပေးမှု၊ ပညာပေးမှု နှောင့်နှေးကြန့်ကြာခဲ့ကာ အချိန်မီ ဘေးလွတ်ရာသို့ မပြောင်းရွှေ့နိုင်လိုက် သောကြောင့် လူအများအပြား သေဆုံးခဲ့ရသည်ဟု ၎င်းတို့က ဆိုကြသည်။

သို့သော် စစ်ကောင်စီက မူ ရိုဟင်ဂျာ ၁၁၇ ဦး သေဆုံးခဲ့ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ၁၄၈ ဦး သေဆုံးခဲ့ သည်ဟု မေ ၂၃ တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒုက္ခတွင်းထဲမှသည် အဝီစိဆီသို့

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သား အစိုးရ ကို ဖြုတ်ချပြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ မှစ၍ ပြည်သူလူထု သည် ဒုက္ခနွံထဲသို့ ဆင်းသက်ခဲ့ရသည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘက်စုံ ပျက်စီးယိုယွင်းသွားပြီး တိုင်းပြည် ၏ အခြေအနေသည် ကျရှုံးနိုင်ငံဆီသို့ ဦးတည်သွားခဲ့သည်။

ကုန်စျေးနှုန်းမြင့်တက်ခြင်း၊ စားဝတ်နေရေး အဆင်မပြေမှုများသည် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရင်ဆိုင်နေရသည့်ပြဿနာဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် အဆင်းရဲဆုံးပြည်နယ်ထဲတွင် ပါဝင် သည့် ရခိုင်ပြည်သူများသည် မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်သွားရကာ မိုခါမုန်တိုင်းက ပေးသည့် ဒဏ်ကိုလည်း ထပ်ခံစားရပြန်သည်။

မိုခါမုန်တိုင်းသည် အလွန့်အလွန်အားကောင်းသည့် မုန်တိုင်းဖြစ်သည့်အလျောက် စစ်ခေါင်းဆောင် မင်းအောင် လှိုင် လည်း ပြန်လည်ထူထောင်ရေးအတွက် ရခိုင်ပြည်နယ်သို့ လာရောက်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်း များ အတွက် ဒေသအသီးသီးတွင် စစ်ဗိုလ်ချုပ်များကို ခန့်အပ်တာဝန်ပေးသော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပေ။

မုန်တိုင်းတိုက်ခတ်ပြီး နှစ်လကျော်ချိန်ထိတိုင်အောင် ပြည်သူများ အမိုးအကာအောက်သို့ မရောက်ရှိသေးခြင်းနှင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည် မတည်ဆောက်နိုင်ခြင်းတို့က သက်သေခံလျက်ရှိသည်။ ထို ကြား ထဲတွင်ပင် စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းများကို သွားရောက်ကူညီခွင့် ပိတ်ပင်ထားသောကြောင့် ပြည်သူများ ပိုမိုဒုက္ခရောက်ကြရသည်။

ပြည်သူလူထုအနေဖြင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးသွားသည့် နေအိမ်များကို ဖြစ်သလို ပြုပြင်ကာနေထိုင် ရသည်။ သဲကြီးမဲကြီးရွာသွန်းနေသော မိုးကို အန်တုနိုင်ရန်အတွက် ခေါင်မိုးများကို ကြံဖန်ဖာထေးထားရသည်ဟု ပရဟိတသမားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ပရဟိတအဖွဲ့တွေဆိုတာကလည်း အလှူရှင်တွေ ထည့်ဝင်လှူဒါန်းငွေနဲ့ ရိက္ခာဆန် သုံးလေး ရက်စာ၊ တာပေါ်လင် တစ်လိပ်၊ နှစ်လိပ် လှူဒါန်းနိုင်တာပါ။ ပြောရမယ်ဆိုရင် ဆင့်ပါးစပ် နှမ်းပက်သလိုပါပဲ။ ဒီလောက်ကြီး ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အခု အမိုးအကာအောက်ကို ရောက် သွားတဲ့သူတွေကလည်း ဘယ်သူ့အကူအညီမှ မပါဘဲ ကိုယ့်အားကိုယ်ကိုး လုပ်ခဲ့ရတဲ့သူတွေပါ။ စစ်ကောင်စီက တော့ အပြောပဲရှိပါတယ်။ ဘာမှ ထိထိရောက်ရောက် ကူညီတာ မတွေ့ရပါ” ဟု ပြောသည်။

မုန်တိုင်းပြီးနောက် စစ်ကောင်စီနှင့် AA တို့ ခြေလှမ်း

ရက္ခိုင့်တပ်တော် (AA) သည် ပထမအကြိမ် တိုက်ပွဲရပ်တန့်ပြီးနောက် ၂၀၂၀ နိုဝင်ဘာလနောက်ပိုင်းမှစတင်၍ ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည်။ ယခုနှစ် အတွင်း “အာရက္ခအစိုးရ” ဟု သုံးနှုန်းကာ ပြည်နယ်အနှံ့အပြားကို ထိန်းချုပ်စိုးမိုးလျက်ရှိသည်။ AA ၏ ထိုသို့ လုပ်ရပ်မျိုးကို စစ်ကောင်စီက မကြိုက်နှစ်သက်ပေ။

ထို့ကြောင့် ဆုံးရှုံးနေသော ၎င်းတို့အုပ်ချုပ်ရေးယန္တရားကို ပြန်လည်တည်ဆောက်ရေးအတွက် အချိန်တိုင်း ကြိုး ပမ်းလုပ်ဆောင်နေသည်။

ထိုသို့အကြောင်းအရင်းများကို မကြာခင်က တိုက်ခတ်ခဲ့သော မုန်တိုင်းပြီးနောက်တွင် ပိုမိုသိသာစွာ မြင်တွေ့လာရ သည်။ AA ကလည်း ဒေါက်တာညိုထွန်းအောင် ဦးဆောင်သော အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးကော်မတီကို ဖွဲ့စည်းပြီး မြို့နယ်အသီးသီးတွင် ရုံးများဖွင့်လှစ်ကာ ပြန်လည်ထူထောင်မှုများ ပြုလုပ်သည်။ စစ်ကောင်စီဘက်ကလည်း စစ်ဗိုလ်ချုပ်များကို မြို့နယ်အနှံ့တွင် တာဝန်များ ပေးအပ်ကာ နေရာချထားပေးသည်။

သို့သော်လည်း စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ နယ်မြေများရှိ မုန်တိုင်းကြောင့် ဒုက္ခရောက် ရသူများကို ကူညီကယ်ဆယ်ပေးမှုများ နည်းပါးသည်ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြော သည်။

“ကျွန်တော်နေတဲ့နေရာမှာတော့ (စစ်ကောင်စီက ကယ်ဆယ်ရေးပေးတာ) မရှိသလောက်ပဲ။ သတင်းတွေအရ လည်း မုန်တိုင်း တိုက်တဲ့နေရာတွေမှာလည်း လုံလုံလောက်လောက် ပေးတာမဟုတ်ဘဲ ဟန်ပြပေး တာလောက် ပဲရှိ တယ်။ ရွာတစ်ရွာမှ ဆန်ဆယ်အိတ်၊ ဟန်ပြသဘောမျိုးလောက်ပဲဖြစ်တယ်။ အမိုးအကာအောက်ကိုလည်း မ ရောက် ကြသေးဘူး။ အခုချိန်မှာ ပြန်လည်ထူထောင်ရေးဆိုတာကလည်း အဝေးကြီးပဲ။ ကိုယ့်ဟာကိုယ်ပဲ လုံးပန်း နေရတယ်” ဟု မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ၎င်းက ဆိုသည်။

AA ထိန်းချုပ်ရာ နယ်မြေများရှိ ကျေးရွာများကို စစ်ကောင်စီအနေဖြင့် ကယ်ဆယ်ရေးမပေးခြင်းမှာ မကျေနပ်မှု များ ရှိသောကြောင့်လည်း ဖြစ်နိုင်သည်ဟု ဦးဖေသန်းက မှတ်ချက်ပြုသည်။

“အဲဒီလိုမျိုးတော့ (စစ်ကောင်စီ) ဘက်က တရားဝင်ထုတ်ပြန်တာလည်း မရှိပါဘူး။ တရားဝင်ပြောဆိုတာလည်း မရှိပါဘူး။ ဘာပဲပြောပြော သူတို့မှာတော့ မကျေနပ်မှုကတော့ရှိတယ်။ AA ထိန်းချုပ်နယ်မြေတွေကို မပေးဆို တဲ့ ဆန္ဒပေါ့။ သို့သော် ကိုယ့် (စစ်ကောင်စီ) ထိန်းချုပ်နယ်မြေမှာ ပေးလားဆိုတော့ စစ်တွေဘက်မှာတောင်မှ လုံလုံ လောက်လောက်မရ။ ရသင့်သလောက် မရဘူး” ဟု ပြောသည်။

မုန်တိုင်းဒဏ်သင့်သူများကို အကူအညီပေးနေသည့် AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ − ပေးပို့)


ရခိုင့်စစ်ရေး

မိုခါမုန်တိုင်း ဝင်ရောက်ခဲ့ပြီး နှစ်လကျော်ကြာသည့်အချိန် ဇူလိုင် ၁၈ ရက် နံနက်တွင် စစ်တွေမြို့ဝင် လမ်းဆုံ၊ နာရီ စင်ခွဆုံ အပါအဝင် လူအသွားအလာများသည့် နေရာများတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ကာ အသင့်အနေ အထားရှိ စစ်ကောင်စီတပ်သားများက နေရာယူထားကြပြီး ရဲနှင့် ယာဉ်ထိန်းရဲများ ပါဝင်သည့် ယာဉ်များကို ရပ် တန့်စေကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

မိုခါ တိုက်ခတ်ပြီးနောက်ပိုင်း နေ့စဉ်နီးပါး မြို့ပေါ်တွင် စစ်ကောင်စီယဉ်တန်းများ ဖြတ်သန်းသွားလာခြင်းများကို တွေ့မြင်ခဲ့ရသော်လည်း ယခုကဲ့သို့ စစ်ဆေးမှုများ တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ဒေသခံများ စိုး ရိမ်မှု မြင့်တက်ခဲ့ကြသည်။

မိုခါတိုက်ပြီး ၄ ရက်အကြာ မေ ၁၈ ရက်တွင် စစ်ကောင်စီသည် ရခိုင်မြို့နယ် ၁၄ ခုလုံးတွင် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် စစ်အရာရှိများကို တာဝန်ချပေးထားလိုက်ပြီး မိုခါအကြောင်းပြကာ နယ်မြေထိန်း ချုပ် ရန် ကြိုးစားလာသည်။

ထို့ပြင် စစ်ကောင်စီသည် မိုခါ ကူညီထောက်ပံ့ရေးအကြောင်းပြကာ စစ်ရေးလှုပ်ရှားမှုများ၊ ရိက္ခာဖြည့်တင်းမှုများ၊ အင်အားဖြည့်တင်းခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီး ယခုနှစ် ဇူလိုင်လဆန်းပိုင်းကတည်းက စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲတွင် AA ကလည်း ပါဝင်တိုက်ခိုက်မှုများ ရှိနေသည့်အတွက် AA ထိန်းချုပ်ထား သည့် ရခိုင်တွင်လည်း စစ်ကောင်စီက စစ်ရေးပြင်ဆင်နေသည်။

မိုခါ ၂ လပြည့်ရန် ရက်ပိုင်းအလိုတွင် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရခိုင်ပြည်နယ်သို့ရောက် ရှိလာပြီး ခရီးစဉ်တွင် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မင်းပြားမြို့နယ် ကမ်းနီရှိ အမှတ် (၉)တန်းမြင့်လေ့ ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ခဲ့ကာ ၎င်း၏ လက်အောက်ခံ စစ်တပ်နှင့် တွေ့ဆုံခဲ့ပြီး စစ်ရေးသတိရှိ ရန် ပြောကြားခဲ့သည်။

“တပ်မတော်သားများနေဖြင့် မည်သည့်လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရသည့်ဖြစ်စေ တပ်မတော်သား တိုင်း သည် စစ်တိုက်နိုင်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကာ မိမိတို့ကို သင်ကြားပေးထားသည့် စစ်အတတ်ပညာများကိုလည်း ကျွမ်းကျင်ပိုင်နိုင်ရမည်” ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-AA Info Desk)
 

အပစ်ရပ်နေပြီး သေနတ်သံများ တိတ်ဆိတ်နေချိန် ဇူလိုင်လ ၁၂ ရက်၊ နံနက်တွင် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ သင် တန်းကျောင်းတစ်ခုဖြစ်သည့် တိုင်းဗဟို (၉) မှ လက်နက်ကြီးပစ်သံနှင့် လက်နက်ငယ်ပစ်ခတ်သံများ ထွက် ပေါ်လာသည်။ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့ကလည်း တိုင်းဗဟို (၉) မှ လက်နက်ငယ်ပစ်ခတ်သံများ ၂ ရက်ဆက်တိုက် ထွက်ပေါ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

ထို့ပြင် မုန်တိုင်းကယ်ဆယ်ရေး အကြောင်းပြကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရသေ့တောင်မြို့နယ်အတွင်းရှိ AA ထိန်း ချုပ်ထားသည့် ဒေသရှိ ကျေးရွာများသို့ ဝင်ရောက်မှုရှိသဖြင့် ထိတွေ့တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်ခဲ့ သည်။

မိုခါအလွန် နှစ်ဖက် စစ်ရေးပြင်ဆင်မှုရှိနေသည့် အချိန်တွင် စစ်ကောင်စီက AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်း ဆီး ခံထားရသူ တစ်ချို့ကို ထောင်ချလာသည်။ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီး ခံထားရသူ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၆ ဦးကို ၃ နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ဇူလိုင် ၁၁ တွင် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်သည်။

သူတို့ကို စတင်ဖမ်းဆီးတရားစွဲခဲ့စဉ်က AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖောက်ခွဲရေးပစ္စည်းများနှင့် သက်ဆိုင် သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ (စျ) နှင့် ၅ဝ (ည) တို့ဖြင့် စွဲဆိုခဲ့သော်လည်း တရားရုံးတွင် စစ် ဆေးသည့်အခါ ယင်းပုဒ်မနှင့် ငြိစွန်းမှုမရှိ၍ ပုဒ်မ ၅၂ (က) ဖြင့် ပြောင်းလဲ တရားစွဲဆို ထောင်ချခံလိုက်ရခြင်းဖြစ် သည်။

အလားတူ ရက္ခိုင့်တပ်တော် (AA) ကို ငွေကြေးထောက်ပံ့မှု၊ သတင်းပေးမှုသံသယနှင့် ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ၅၀၅(က) တို့ဖြင့် တရားစွဲဆိုခဲ့သည့် သံတွဲခရိုင်အ ထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေးတစ်ဦးကို ဇူလိုင်လ ၇ တွင် သံတွဲမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာက AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ဘူးသီးတောင်မြို့ နယ် မှ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို ယခု ဇူလိုင်လ ၁၄ ရက်နေ့က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် စွဲချက်တင်လိုက်သည်။

မိုခါအလွန် စစ်ရေးတိုးမြှင့်လာခြင်း၊ စစ်ကောင်စီစစ်ကြောင်းများ နယ်မြေချဲ့ထွင်သွားလာခြင်း ပြုလုပ်လာသည့်အ တွက် ရက္ခိုင့်တပ်တော်နှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲပြန်ဖြစ်လာမည့် အရိပ်အယောင်ရှိနေသည်ကို ဒေသခံများ က ပြောဆိုနေကြသော်လည်း လက်ရှိ ပြည်သူအကျပ်အတည်းဆိုက်နေချိန် တိုက်ပွဲဖြစ်လာနိုင်ရန် အခြေအနေ မမြင်ဟု သုံးသပ်မှုများလည်းရှိသည်။

လက်ရှိတွင် ရခိုင်ပြည်သူများအနေဖြင့် မိုခါမုန်တိုင်းဒဏ်ကို ခါးစည်းခံစားနေကြရပြီး စားဝတ်နေရေးအခက် အ ကျပ်အ တည်းဖြစ်နေချိန်တွင် AA အနေဖြင့် ပြည်သူကို ငဲ့ညှာပြီး တိုက်ပွဲဖော်ဆောင်မည်မဟုတ်ဘဲ စစ်ကောင်စီ ဘက်ကလည်း အကျအဆုံးအထိအခိုက်ရှိသည့် ရခိုင်တွင် တိုက်ပွဲဖြစ်ချင်မည်မထင်ကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

တိုက်ပွဲတွေ ပြန်ဖြစ်လာဖို့ဆိုတာက နှစ်ဖက်စလုံးက အခက်အခဲရှိမှာပါ။ စစ်ကောင်စီဘက်ကလည်း ရခိုင်မှာ တိုက်ပွဲမဖြစ်ချင်ဘူး။ ULA/AA ဘက်ကလည်း ပြည်သူတွေကို ငဲ့ညှာတဲ့အတွက် တိုက်ပွဲဖော်မှာ မဟုတ်ဘူး။ ဒါကြောင့် တော်ရုံကိစ္စနဲ့တော့ တိုက်ပွဲပြန်ဖြစ်မယ်မထင်ဘူး။ သည်းမခံနိုင်တဲ့အဆုံးမှာတော့ ဖြစ်လာမှာပေါ့။ စစ်ရေးပြင်ဆင်မှု နှစ်ဖက်စလုံးက ရှိနေပေမဲ့ တိုက်ပွဲကတော့ ဘယ်ဘက်ကမှ တိုက်ချင်တဲ့ပုံမပေါ်ဘူး” ဟု ဆိုသည်

မုန်တိုင်းပြီးနောက် သဟဇာတ

မကြာသေးမီက ဖွင့်လှစ်ထားသော အိန္ဒိယရေနက်ဆိပ်ကမ်းနှင့် အတူယှဉ်တွဲတည်ရှိနေသည့် စစ်တွေစျေး ဖောင် ဆိပ် တွင် လူအများ တိုးဝှေ့နေကြသည်။ “တစ်သောင်း၊ တစ်သောင်းနှစ်ထောင်၊ တစ်သောင်းခွဲ” စသည်ဖြင့် ငါး လေလံ မျက်မြင်ဆွဲသူများ၊ ငါးရောင်းလာသူများဖြင့် စစ်တွေစျေး ဆိပ်ဖောင်တော်တွင် နံနက်ပိုင်း လူစည်နေသည်။

ထိုလူစုလူဝေးတွင် ရခိုင်လူမျိုးများသာမက မွတ်စလင် အမျိုးသား၊ အမျိုးသမီးများပါ ငါးဝယ် ငါးရောင်းနေကြ သည်။ ယခုကဲ့သို့ မြင်ကွင်းမှာ ၂၀၁၂ ခုနှစ် စစ်တွေပဋိပက္ခမတိုင်မီ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့် အချိန်ကို ပြန် အမှတ်ရစေသည်။ ယခုကဲ့သို့ ရခိုင်နှင့် မွတ်စလင်တို့ အတူတိုးဝှေ့ရောင်းဝယ်နေသည်ကို မိုခါမုန်တိုင်းပြီးစ နံနက် ခင်းတိုင်း မြင်တွေ့လာရသည်။

အိန္ဒိယရေနက်ဆိပ်ကမ်းနှင့် စစ်တွေဖောင်တော်အကြားတွင် ငါးဖမ်းလှေများ ရပ်နားထားကြပြီး အများစုမှာ မွတ်စ လင်ငါးဖမ်းလှေများဖြစ်ကြသည်။

“ပေါက်တော၊ စစ်တွေ ကယ်ဆယ်ရေးစခန်းတွေက မွတ်စလင်တွေ ဒီမှာလာပြီး ငါးရောင်းတာ ငါးဝယ်တာ ရှိ လာတယ်။ အခုတော့ ဘာပြဿနာမှ မဖြစ်ခဲ့သလို အဆင်ပြေနေကြပြီ။ လွတ်လွတ်လပ်လပ် ရောင်းဝယ်လို့ ရ နေပြီ။ တစ်ယောက်နဲ့ တစ်ယောက် စကားအတင်အချ ရှိရင်လည်း အားလုံးဝိုင်းထိန်းကြတယ်” ဟု ငါးလေလံ ဒိုင်လုပ်သူ ရခိုင်တစ်ဦးက ပြောသည်။

စစ်တွေစျေးကြီး ဖောင်တော် မျက်မြင်ငါးလေလံစျေးကို ဇူလိုင်လ ဒုတိပတ်အတွင်းက တွေ့ရစဉ်။


၂၀၁၂ ပဋိပက္ခတွင် ရခိုင်နှင့် မွတ်စလင်ကြား အမုန်းတရားများဖြင့် သွေးချောင်းစီးခဲ့ရပြီး ကြီးမားသော ဆုံးရှုံး နစ်နာမှုများ ဖြစ်စေခဲ့သည်။ ယင်းပဋိပက္ခကြောင့်ပင် ယုံကြည်မှု ပျက်ပြားပြီး အတူယှဉ်တွဲနေထိုင်၍ မရတော့ဘဲ သီးခြား နေထိုင်ခဲ့ကြရသည်။

သို့ရာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ကတည်းက စစ်တွေမြို့တွင်းသို့ မွတ်စလင်များ ဝင်ထွက်သွား လာခဲ့ကြပြီး မြို့ခံများကလည်း ပြဿနာကို ရှောင်ရှားလာကြသည်။

အထူးသဖြင့် မိုခါမုန်တိုင်းအလွန် နှစ်လခန့်အကြာတွင် စစ်တွေမြို့စျေးကြီးဖောင်တော်ပေါ်ရှိ ငါးလေလံစျေးတွင် ရခိုင်နှင့် မွတ်စလင်များ ရောနှောပြီး အရောင်းအဝယ်ပြုလုပ်လာနိုင်သည်အထိ ယုံကြည်မှုရှိလာခဲ့သည်ဟု ဆိုရ မည်ဖြစ်သည်။

ယခုနှစ် မေ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း၏ ဆိုးဝါးသောဒဏ်ကို တစ်ပြေးညီ ခံစားခဲ့ရသည်။ ပင် လယ်ကမ်းနားတွင် တည်ရှိနေသည့် ကျေးရွာအများအပြား မုန်တိုင်းဒဏ်ကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် စစ်တွေစျေးကြီးတွင် အတူတကွ စျေးရောင်း၊ စျေးဝယ် သွားလာလှုပ်ရှားနေကြ သည့် ရခိုင်နှင့် ရိုဟင်ဂျာများကို တွေ့ရသကဲ့သို့ အပြန်အလှန်ကူညီမှုများကိုလည်း တွေ့မြင်ရသည်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရခိုင်ရွာ၊ ရိုဟင်ဂျာရွာများကို လူ့အသိုင်းအဝိုင်းနှစ်ခုမှ ပုဂ္ဂိုလ်များက သွား ရောက်ကာ ကူညီကယ်ဆယ်ပေးမှုများလည်းရှိသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူဦးသန်း နိုင်က ပြောသည်။

“ကျွန်တော်တို့ သွားလို့လှူတဲ့အခါမှာလည်း ဒီမွတ်စလင်ကျောင်းသားတွေအနေနဲ့လည်း ပါဝင်ပြီးတော့ ကူညီ လုပ်ဆောင်ပေးတာတွေရှိတယ်။ နောက် ငွေအားနဲ့ လူအားပေါ့၊ ငွေဆိုလည်း တတ်နိုင်သလောက် ကျွန်တော် တို့ သမဂ္ဂနဲ့ အလှူထည့်ပြီးတော့ စားနပ်ရိက္ခာ ဆန်တွေ၊ ဆားတွေအပြင် ရေလှူတာတွေမှာလည်း တက်တက် ကြွကြွ ပါဝင်လုပ်ဆောင်တာတွေရှိပါတယ်”

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */