" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, July 31, 2023

အကူအညီ ထပ်လျှော့ချတဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ အခက်အခဲကြီးစွာ ကြုံရ

RFA
ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.07.30 

၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။ AFP
 

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပေးနေတဲ့ စားနပ်ရိက္ခာတွေထဲက ရန်ပုံငွေ မလုံလောက်တာ ကြောင့် ဒုတိယအကြိမ် ထပ်ပြီး လျှော့ချဖြတ်တောက် ထားရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့် ရ Stéphane Dujarric က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ပြောဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ဒုက္ခ သည်တွေအတွက် အခုနှစ်ကုန်အထိ စားနပ်ရိက္ခာ အကူအညီပေးနိုင်ဖို့ အခက်အခဲ တွေ့နေပါတယ်။

ဒါကြောင့် လူတစ်ဦးကို တစ်လမှာ အမေရိကန် ဒေါ်လာ ၁၂ ဒေါ်လာနှုန်း အစားအသောက် အကူအညီတွေပေးနေ ရာကနေ ပြီးခဲ့တဲ့ မတ်လမှာ ဆယ်ဒေါ်လာအထိ လျှော့ချခဲ့ပြီး ဇွန်လမှာ ရှစ်ဒေါ်လာအထိ ထပ်မံ လျှော့ချခဲ့ပါတယ်။

"ဒုက္ခသည်တွေအားလုံးက စဉ်းစားနေတာ နေရပ်ပြန်လိုက်ရင် ပိုပြီးတော့ ကောင်းမှာလို့"


ဒီလိုလျှော့ချတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေမှာ စားဝတ်နေရေး ပိုမို ကျပ်တည်းတာတွေ ဖြစ်လာနိုင်ပြီး နောက် ဆက်တွဲ ဆိုးကျိုးတွေ များလာနိုင်တယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့သူတွေက ပြောကြပါတယ်။

"ကျွန်တော်တို့ကို အစကတည်းက ပေးနေတာတောင် လုံလောက်မှုမရှိဘူး၊ နောက်တစ်ခါ ထပ်လျှော့မယ်ဆိုရင် မ ပေးတာနဲ့ အတူတူပဲ၊ အဲလိုမပေးရင်လည်း ရတဲ့ပုံစံ ဖြစ်သွားမယ်၊ မိသားစုတစ်စုအတွက် ဒါကာရှစ်ရာကျော် နဲ့ တစ် လ လည်ပတ်လို့ရတယ်ဆိုတာ ဘယ်လိုမှ ယုံလိုရမှာမဟုတ်ဘူး၊ ကျွန်တော်တို့အတွက် အင်မတန်မှ နစ် နာ မှာ ပါ၊ ပြောနိုင်တဲ့ အကြောင်းပြချက်တောင် မရှိဘူး၊ အစစအရာရာ အခက်အခဲနဲ့ ရင်ဆိုင်ရမှာပါ"

ကော့ဘဇားမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင် ပြောသွားတာပါ။

ဒုက္ခသည်တွေအတွက် လုံးဝမလောက်တော့ဘူးလို့ ကော့ဘဇား ဒုက္ခသည်စခန်းမှာနေတဲ့ မမီနာရက ပြောပါတယ်။

"ဘယ်လုံလောက်မှာလဲ တစ်မိသားစုကို ဆယ်ယောက်ရှိတယ်ဆို မလောက်ဘူး၊ ဆန်ရယ်၊ ဆေးရယ်၊ ဆီရယ် သုံး ခုလောက်ပဲ ဝယ်လောက်တာ၊ နောက်ထပ်ပြီး ဝယ်လို့မရဘူး၊ ဒုက္ခသည်တွေအားလုံးက စဉ်းစားနေတာ နေရပ်ပြန် လိုက်ရင် ပိုပြီးတော့ ကောင်းမှာလို့၊ ဒီလို ဒုက္ခခံနေရတာလည်း တစ်မျိုး ဂျီနိုဆိုက်လေ " 

 

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းထဲမှာ ပညာသင်ကြားခွင့် ကောင်းစွာမရတာ၊ အလုပ်လုပ်ခွင့်မရတာ၊ ရိက္ခာလည်း လောက်ငှအောင်မရတာကြောင့် မိသားစု ထောက်ပံ့နိုင်ဖို့ ထိုင်းနဲ့မလေးရှားကို နည်းလမ်းပေါင်းစုံနဲ့ ထွက်သွားနိုင်သလို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေက သယ်ပေးတဲ့သူတွေအဖြစ် အသုံးချတာ၊ ကိုယ့်ကိုယ်ကို သတ်သေတာ အပါအဝင် အခြားဆိုးကျိုးတွေ ပိုများလာနိုင်တယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အမျိုးသမီးတစ်ဦးဆိုရင် ရိက္ခာလျှော့ချလိုက်တာကြောင့် ကလေးတွေနဲ့ မလောက်ငှလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ကုတုပါလောင် ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။

" အမျိုးသမီးမှာ ကလေးနှစ်ယောက်ရှိတယ် ယောက်ျားက မလေးရှားမှာပါ၊ ယောက်ျားကလည်း မထောက် ပံ့ဘူး၊ WFPက ထောက်ပံ့တာလည်း မလုံလောက်ဘူးဆိုတော့ သူက ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တာ ရှိပါ တယ် ဒီအပေါ်ခံစားပြီးတော့ "

အခုလို အကူအညီတွေ လျှော့ချလိုက်ရတဲ့အတွက် ဒုက္ခသည်စခန်းတွေထဲမှာ ငတ်မွတ် ခေါင်းပါးမှုတွေ တိုးလာနေ သလို လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေက အရေးပေါ်လိုအပ်တဲ့ အကူအညီလောက်ပဲ ပေးနေရပြီး အခြေခံလိုအပ်ချက်တွေအတွက် မပေးနိုင်ဘဲ ဖြစ်နေတယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသည့် ရိုဟင်ဂျာများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လုံလောက်တဲ့ အလှူရှင်တွေ မရှိတာကြောင့် အကူအညီပေးရာမှာ လျှော့ချတာ တွေ ဖြစ်လာမယ်ဆိုရင် အစာအာဟာရ ချို့တဲ့တာတွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူအ ခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"အလုပ်အကိုင် အခွင့်အလမ်း မရှိတာရယ်၊ ရိက္ခာဖြတ်တောက်လိုက်တာကြောင့် အစာအာဟာရ ချို့တဲ့မှုပေါ့ အ ထူး သဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေရဲ့ အသက်ရှင်သန် နေထိုင်မှုအပေါ် အများကြီး သက် ရောက်မှုတွေ ရှိသွားနိုင်တယ်၊ ဒါ့အပြင် မလိုလားအပ်တဲ့ ရာဇဝတ်မှုတွေ မဖြစ်သင့်တဲ့ ရာဇဝတ်မှုတွေ တိုးလာ နိုင်တယ် "

စားဝတ်နေရေး မလောက်ဘူးဆိုရင် ထွက်ပေါက်အနေနဲ့ တခြားနိုင်ငံတွေကို နည်းလမ်းပေါင်းစုံနဲ့ သွားလာဖို့ လုပ် နေတာတွေ တစ်ရက်ထက်တစ်ရက် ပိုများလာတာ တွေ့နေရတယ်လို့လည်း ဦးအောင်ကျော်မိုးက ပြောပါတယ်။

လက်ရှိ ရိုဟင်ဂျာစခန်းတွေမှာ ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိတာကြောင့် လူငယ်တွေဟာ လူကုန်ကူးတဲ့ သူတွေရဲ့ ပစ်မှတ်ထားတာ ခံနေရပြီး ထိုင်းနဲ့မလေးရှားကို နေ့စဉ်ထွက်ခွာနေကြတယ်လို့လည်း ဒုက္ခသည်တွေကပြောကြပါတယ်။

ဒီရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်ကောင်စီတပ်ရဲ့ နယ်မြေ ရှင်းလင်းမှုတွေကြောင့်ရခိုင်ပြည်နယ်မြောက် ပိုင်း ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာခဲ့ကြရသူတွေ ဖြစ်ပါ တယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */