" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 19, 2023

နေရပ်ပြန်လိုတဲ့ ရိုဟင်ဂျာစာရင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ထပ်မံကောက်ယူနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.18

၂၀၂၃ ၊ ဇန်န၀ါရီလ ၁၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်က ယာယီခိုလှုံရေးစခန်းတစ်ခုမှာ ဆေးစစ်ရန်တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက မြန်မာပြည်ပြန်လိုသူတွေစာရင်း ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မေလ ၁၇ ရက်နေ့ကစပြီး ထပ်မံကောက်ယူနေတယ်လို့ ဒုက္ခသည်တွေ က ပြောပါတယ်။

လွတ်လွတ်လပ်လပ်သွားလာခွင့်မပေးလို့ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးမှာ ရခိုင်ပြည်နယ်၊စစ်တွေမြို့က ရိုဟင်ဂျာ လေးရာကျော် သေဆုံးခဲ့ရတာမို့ လွတ်လပ်စွာသွားလာခွင့်ကို ရိုဟင်ဂျာတွေက ဦးစားပေး တောင်းဆိုနေကြပါတယ်

၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က စစ်တွေမြို့ အုန်းတောချေ ဒုက္ခသည်စခန်းမှာ ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ရိုဟင်ဂျာ ကလေးငယ်လေးတွေ ကိုတွေ့ရစဉ်။(Photo:AFP)



စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတစ်ထောင်ကျော်ကို နေရပ်ပြန်ပို့ဖို့ အချက်အလက်တွေ စိစစ်အ တည်ပြုပြီးနောက် မေလ ၁၇ ရက်နေ့မှာ နောက်ထပ်နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေရဲ့ အမည်စာရင်းကို ဘင်္ဂလား ဒေ့ရှ်အာဏာပိုင်တွေက ထပ်မံကောက်ယူနေတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ဘာလုခါလီဒုက္ခသည်စခန်းက ကျောင်းဆရာဦးကိုင်ရိုကတော့ သူတို့ မိသားစု ခြောက်ဦးလုံး နေရပ်ပြန်လိုကြောင်း စာရင်းပေးလိုက်တယ်လို့ RFA ကိုမေလ ၁၈ ရက်နေ့မှာ ပြောပါ တယ်။

“ကျွန်တော်တို့လည်း စာရင်းပေးလိုက်ပါတယ်။ ပြန်ချင်လို့ပေးတာပါ။ ကျွန်တော်တို့ကို စစ်ဖို့ခေါ်မယ်လေ။ကျွန် တော် တို့ နိုင်ငံသားဖြစ်ခွင့်ရယ်၊ ကျွန်တော်တို့ မူလနေရာရယ်၊သွားလာခွင့်ပေါ့။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ အဲ့ဒါတောင်းဆိုထားတာရှိပါတယ်။ သူတို့အဖွဲ့နဲ့သဘောတူရင် ကျွန်တော်တို့ ပြန်မှာပါ။”

လုပ်ငန်းစဉ်အရ နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေရဲ့ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို လွှဲပေး တဲ့ အခါ မြန်မာဘက်က ပြည်တွင်းမှာ အမှန်တကယ်နေထိုင်သူ ဟုတ်မဟုတ် စိစစ်ပြီး အတည်ပြုသူတွေကို ပြန်ခေါ်ဖို့ စီစဉ်မှာဖြစ်ပါတယ်။

ပထမအသုတ်အနေနဲ့ ဒီလထဲမှာ ရိုဟင်ဂျာ တစ်ထောင်ကျော်ကို ပြန်ခေါ်ဖို့ နှစ်နိုင်ငံကြား သဘောတူ ထားပါတယ်။

ဒါပေမဲ့ မုန်တိုင်းကြောင့် နေရပ်ပြန်ရေး ပထမအသုတ် အစီအစဉ်တွေ ဆိုင်းငံ့နေတယ်လို့ ဒုက္ခသည်တွေက ပြော ပါတယ်။

“ဒီလ ၂၂ ရက်နေ့ခေါ်မယ်လို့ အရင်တုန်းက စကားပြောထားတာရှိပါတယ်။ အခုတော့ လေမုန်တိုင်းနဲ့တော့ စကား ဘာမှ လာပြောတာမရှိပါဘူး။”

ဦးကိုင်ရိုပြောသွားတာပါ။

မိုခါဆိုင်ကလုန်းမုန်တိုင်းမကျရောက်ခင် နေရပ်ပြန်မယ့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ အယောက် ၂၀ ဟာ မေလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နဲ့စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ရခိုင်ပြည်နယ်၊ မောင်တောကို ကနဦးသွားပြီး သူတို့ကိုထားမယ့် ယာယီစခန်းတွေကို သွားကြည့်ခဲ့ကြပါတယ်။


၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့က ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်ကို သွားရောက်လေ့လာခဲ့သည့် ဘင်္ဂလားဒေ့ရှ်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူများ။(Photo:AFP)

အဲ့ဒီခရီးစဉ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေက နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီက National Verification Card (NVC) ကို ပထမဆင့်အနေနဲ့ပေးမယ်လို့ ပြောခဲ့ပါတယ်။

တစ်ဖက်မှာလည်း မိုခါမုန်တိုင်းကြုံလာချိန်မှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာမရွှေ့ပေးခဲ့လို့ ရိုဟင်ဂျာတွေ ရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ရိုဟင်ဂျာတွေက မေးခွန်းထုတ် လာပါတယ်။

ဒီဖြစ်ရပ်ကြောင့် နေရပ်ပြန်ဖို့ စိုးရိမ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလုခါလီ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ လုံခြုံ ရေးအရအမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦး ကပြောပါတယ်။

“မုန်တိုင်းမလာခင် ဒုက္ခသည်တွေကို ကုန်းမြင့်နေရာသော်လည်းကောင်း၊ မြို့ထဲသော်လည်းကောင်း၊ အခြား သော အဆောက်အဦများကို သော်လည်းကောင်း ရွှေ့ပြောင်းထားတယ်ဆိုရင် ဒီလူတွေက သေဖို့ လုံးဝအ ကြောင်းမရှိပါ ဘူး။ စစ်ကောင်စီဘက်က ဒီလူတွေကို လူသားဆိုပြီးမထင်ဘဲနဲ့ ဂရုမစိုက်တဲ့ ပုံစံထားလိုက်တဲ့ အ တွက်ကြောင့် လူ ပေါင်းရာဂဏန်းများစွာသေဆုံးခဲ့ရတာကို တွေ့ရပါတယ်။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းမှာ ရိုဟင် ဂျာတွေ စစ်တွေမြို့ မှာ လူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့တဲ့ ဥပမာအရ ကျွန်တော်တို့ရဲ့ ရှေ့ပြေးစီမံကိန်းလည်း ဒီလိုဖြစ်လာမှာကို ကျွန် တော်တို့က စိုးရိမ်ကြတာပါ။“

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပထမအကြိမ်ပြန်လာမယ့် ရိုဟင်ဂျာတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်း တွေ မှာ စိစစ်လက်ခံသွားမှာဖြစ်ပြီး လှဖိုးခေါင်ကြားစခန်းမှာ နှစ်လကြာ ယာယီထားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

အဲဒီကနေတစ်ဆင့် မောင်တောမြို့နယ်ကိုပြောင်းရွှေ့မှာဖြစ်ပြီး မောင်တောမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာ ၁၅ ရွာမှာ မြေကွက် ၇၅၀ စီစဉ်ထားပြီး အခြေခံ အဆောက်အအုံတွေလည်း ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ ယာယီစခန်းမှာ ဒုက္ခသည်တွေကို တစ်လပဲထားဖို့ ပြောထားတယ်လို့ ဒုက္ခသည် တွေက RFA ကို ပြန်ပြောပြပါတယ်။

စစ်တွေမြို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ တဲအိမ်တွေကြား ရပ်နေသည့် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို ၂၀၂၃ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။(Photo:AFP)


ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်ကတော့ ၂၀၁၂ ခုနှစ်ထဲက စစ်တွေက စခန်းတွေထဲထည့်ထားတဲ့ ရိုဟင်ဂျာတွေကို မုန်တိုင်းကြုံလာချိန်မှာတောင် စစ်ကောင်စီက နေရာမရွှေ့ပြောင်းပေးဘူးလို့ ထောက်ပြပြောပါ တယ်။

“မိုခါမုန်တိုင်းမှာတောင် စစ်ကောင်စီက ဒီလူတွေကို အလေးမထားဘူး။ ရွှေ့ပြောင်းထားလည်းရတယ်လေ။ စစ်တွေတက္ကသိုလ်ရှိတယ်။ တက္ကသိုလ်မှာ ထားရင်လည်းရတာပဲ။ ဒါပေမဲ့ သူတို့က ဒီလူတွေကို အလေး မထား ဘူး။ ဒုက္ခသည်စခန်းမှာနေထိုင်လာတာလည်း ၁၀ နှစ်ကျော်လာပြီ။ ဆယ်စုနှစ် တစ်ခုရှိလာတာမှာတောင် ဒီလူ တွေကို ပြန်လည်ပြီး နေရာချထားတာမရှိဘူး။”

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချရပြီး ပြန်နိုင်တဲ့အခြေအနေကောင်း တွေမရှိမချင်း နေရပ်ပြန်ပို့တဲ့ အစီအစဉ်ကို ရပ်ဆိုင်းဖို့ အလှူရှင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂ ပညာရှင်တွေက တောင်း ဆိုသင့်တယ်လို့ မေလ ၁၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ရိုဟင်ဂျာဒုက္ခသည်တွေ ရှိနေတာက ဝန်ထုပ်ဝန်ပိုးဖြစ်‌စေပေမယ့်ရက်စက်ကြမ်းကြုတ် တဲ့ မြန်မာစစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ပို့တာဟာ နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ အခြေအနေဖြစ်ရုံပဲရှိတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ရိုဟင်ဂျာဒုက္ခသည်တွေ ရှိနေတာက ဝန်ထုပ်ဝန်ပိုးဖြစ်‌စေပေမယ့်ရက်စက်ကြမ်းကြုတ် တဲ့ မြန်မာစစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ပို့တာဟာ နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ အခြေအနေဖြစ်ရုံပဲရှိတယ်လို့လည်း HRW ရဲ့ အာရှသုတေသီ Shayna Bauchner က ကြေညာချက်မှာ ထည့် သွင်းပြောထားပါတယ်။

ဒုက္ခသည်တွေက နေရပ်ပြန်တဲ့အခါ မူလနေရာမှာနေထိုင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ သူတို့ ဆုံးရှုံးခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို အလျော်ပြန်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလူခါလီဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့ ဦးကိုင်ရိုကတော့ ၁၂ ပေ ၇ ပေသာကျယ်တဲ့ ရိုဟင်ဂျာစခန်းက တဲအိမ်မှာ မိသားစု ၆ ယောက် စားဝတ်နေရေးအလုံးစုံကျပ်တည်းနေတာကနေ လွတ်မြောက် ပြီး မူလနေရပ် မြန်မာပြည်ကို ပြန်နိုင်ဖို့ နေ့စဉ်မျှော်လင့်နေတယ်လို့ ပြောပါတယ်။

သူ့အဘိုး၊ အဘွားတွေဟာ အမျိုးသားမှတ်ပုံတင်ကတ်ရှိထားခဲ့သူတွေမို့ သူသာ မြန်မာပြည်ပြန်ခွင့်ရရင် နိုင်ငံသား ကတ်လျှောက်မှာဖြစ်ပြီး ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ရန်ကုန်မြို့မှာ အခြေချပြီး သူ့သား၊သမီးတွေရဲ့ ဘဝကို တိုးတက်အောင် ကြိုးပမ်းသွားချင်တယ်လို့ ဦးကိုင်ရိုက သူ့ရဲ့ စိတ်ကူးတွေကို ရင်ဖွင့်ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */