" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 5, 2023

စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးအစီအမံကို ရိုဟင်ဂျာ အချို့ လာရောက်ကြည့်ရှု

Myanmar Now
မျိုးသစ်
May 5, 2023

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် ICJ တရားရုံးတွင် တရားစွဲဆိုခံရမှုအတွက် ကန့်ကွက်လွှာ တင် သွင်းရတော့မည့်ရက် နီးကပ်လာချိန်တွင် စစ်ကောင်စီအစီအစဉ်အဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ တာဝန်ရှိသူ အချို့နှင့် ရိုဟင်ဂျာ ၂၀ ခန့် မောင်တောမြို့နယ်သို့ ရောက်ရှိလာသည်။ 

စစ်ကောင်စီ၏ အစီအစဉ်များကို လေ့လာရန် မောင်တောဒေသသို့ ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် ရိုဟင်ဂျာများကို ယနေ့ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)
 

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခံထားရမှု အတွက် ကန့်ကွက်လွှာ တင်သွင်းရတော့မည့်ရက် နီးကပ်လာချိန်တွင် စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်အစိုးရ တာ ဝန်ရှိသူအချို့နှင့် ရိုဟင်ဂျာတချို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဖိတ်ခေါ်ပြသသည်။

ယနေ့ (မေ ၅) နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတာဝန်ရှိသူအချို့နှင့် ရိုဟင်ဂျာ ၂၀ ခန့် ရခိုင်ပြည်နယ် မြောက် ပိုင်း မောင်တောမြို့နယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုအဖွဲ့သည် ပြန်လည်လက်ခံရေးစခန်းများဖြစ်သော လှဖိုးခေါင်၊ ငါးခူရ၊ တောင်ပြိုလက်ဝဲနေရာများသို့ သွား ရောက်ကြည့်ရှုမည်ဖြစ်ပြီး အမှန်တကယ် ဒုက္ခသည်များကို ကိုယ်စားပြုသူများ မပါဝင်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသား ကိုအောင်မြိုင်က ပြောသည်။

“မြန်မာဘက်က လက်ခံဖို့ ရှေ့ပြေးစီမံချက်နဲ့ အတည်ပြုထားခဲ့တဲ့ လူတချို့ရှိတယ်။ အဲဒီထဲကပဲ လူ ၂၀ ကို ခေါ်ပြီး တော့ အကဲဖြတ်ဖို့၊ လေ့လာဖို့၊ သွားကြည့်ဖို့ လုပ်နေတာ။ အမှန်တကယ် ဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့သူတွေ ကို လေ့လာဖို့ ခေါ်တာ မပါဘူး” ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာများနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် စစ်ကောင်စီက ယခုလ ၂၄ ရက်နေ့ နောက် ဆုံး ထားကာ ကန့်ကွက်လွှာတင်သွင်းရမည်ဖြစ်သည်။ နောက်နှစ် ဖေဖော်ဝါရီမှသာ ကန့်ကွက်လွှာ တင်သွင်းလို ကြောင်း စစ်ကောင်စီက လျှောက်ထားခဲ့သော်လည်း ပယ်ချခံရသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ချေပရေးအတွက် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကိုလည်း ယခုနှစ်ဆန်းပိုင်းတွင် ခေါ်ယူစည်းရုံးခဲ့သည်။

ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးအတွက် မတ်လအတွင်း စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ကာ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများကို ခေါ်ယူပြီး ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူများ ဟုတ်မဟုတ် စစ်ဆေးခဲ့သည်။

စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးအစီအစဉ်ကို အယုံအကြည်မရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ များ က ထုတ်ဖော်ပြောဆိုထားသည်။

ရှေ့ပြေးစမ်းသပ်စီမံကိန်းအဖြစ် ရိုဟင်ဂျာ ၁၅၀၀ ခန့်ကို စတင်လက်ခံမည်ဖြစ်ကာ ၎င်းတို့ ပြန်ဝင်လာပါက နောက် ထပ် လူ ၅၀၀၀ ကျော်ကို ဆက်လက်လက်ခံရန် ပြင်ဆင်ထားသည်ဟု စစ်ကောင်စီတာဝန်ရှိသူက မတ်လအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

ပြန်ဝင်လာသူများကို စိစစ်လက်ခံပြီးနောက် လှဖိုးခေါင်ကြားစခန်း၌ နှစ်လခန့် ထားမည်ဖြစ်ကြောင်း၊ ထို့နောက် မောင်တောမြောက်ပိုင်းရှိ ကျေးရွာ ၁၅ ရွာတွင် နေရာချထားပေးမည်ဟု စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက ပြောသည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့သူတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးက မွေးဖွားကြောင်း ထောက်ခံချက် နဲ့ ကျွန်တော်တို့နိုင်ငံမှာ နေခဲ့ဖူးတဲ့မိဘတွေက မွေးတယ်ဆိုရင် ကျွန်တော်တို့ လက်ခံမှာပါ”

ကနဦးလက်ခံမည့် စခန်းများသည် အရပ်သားအစိုးရ (NLD) လက်ထက် ၂၀၁၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ သော ယာယီစခန်းများဖြစ်ပြီး လက်ရှိအနေအထားကို အသေးစိတ် မသိရပေ။

ယခုအစီအစဉ်မှာ ICJ ရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းအပေါ် တုံ့ပြန်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၊ အကြံပေး ဦးအောင်ကျော်မိုး က Myanmar Now ကို ယနေ့ ပြောသည်။

“ICJ ရက်နီးတာနဲ့အမျှ ဖိအားလျော့အောင်၊ လာမည့်ကြားနာပွဲမှာ တင်ပြစရာ တစ်ခုခုရှိအောင် နိုင်ငံရေးအကျိုး အမြတ်အတွက် စကစက လုပ်နေတာဖြစ်ပါတယ်”

စစ်ကောင်စီသည် မတ်လအတွင်းကလည်း တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲ များ အပါအဝင် နိုင်ငံတကာသံတမန်များကို မောင်တောဒေသရှိ ပြန်လည်လက်ခံရေးစခန်းများသို့ ဖိတ်ခေါ်ပြ သခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကလည်း ရိုဟင်ဂျာပြန်လည်လက်ခံရေး ကြိုးပမ်းဆောင်ရွက်ခဲ့ဖူးသည်။ သို့သော် ရိုဟင်ဂျာတစ်ဦးတစ်ယောက်မျှ ပြန်ဝင်လာခြင်းမရှိခဲ့ပေ။​

ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး နှစ်ကြိမ်ကြားနာပြီးနောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း ICJ က ကြားဖြတ်အမိန့် ချမှတ်ထားသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့ပြီး စစ်ကောင်စီလက်ထက်တွင် စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင် ဦးဆောင်၍ ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီလအတွင်း သွားရောက်ဖြေရှင်းခဲ့သည်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */