" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 19, 2023

မြန်မာစစ်ကောင်စီအဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဆွေးနွေးပွဲ UNHCR မပါဝင်

RFA
RFA Burmese
2023.03.19
၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်၊ တက္ကနပ်မြို့တွင် မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။
Benar News

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အလားအလာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်- မြန်မာနှစ်နိုင်ငံ ရှေ့ပြေး စီမံချက်အတွက် ဒုက္ခသည်အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံဖို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့တာကို UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက သိရှိတဲ့အကြောင်း၊ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေမှာ UNHCR ပါဝင်ပတ်သက်မှု မရှိကြောင်း မတ် ၁၉ ရက် မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံပြန်နိုင်ရေးအတွက် UNHCR ရဲ့ရပ်တည်ချက်က အပြောင်းအလဲမရှိဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့ UNHCR ရဲ့ အကဲခတ်ချက်အရဆိုရင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်နိုင်လောက်တဲ့ အနေအထားမှာ မရှိသေးဘူးလို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဒုက္ခသည်တိုင်း ပြန်ရင် ရရှိမယ့် အကျိုးနဲ့ အန္တရာယ်ရှိတာအပါအဝင် အခြေအနေအရပ်ရပ်ကို အခြေခံ ဆုံးဖြတ်ပြီး မူရင်းနိုင်ငံကို ပြန်ခွင့်ရှိတာကို UNHCR က ထပ်လောင်းပြောကြားကြောင်း၊ ဒါပေမဲ့ ဘယ်ဒုက္ခသည်ကိုမှ အတင်းအကြပ် မလုပ်သင့်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

လက်ရှိပြဿနာစကတည်းက ဒုက္ခသည်တွေ မိမိသဘောဆန္ဒအလျောက် ပြန်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်က အစဉ်တစိုက် ပြောကြားတဲ့ အကြောင်းလည်း ဖော်ပြပါတယ်။

ဒုက္ခသည်တွေ ပြန်နိုင်ရေးကြိုးပမ်းချက်ကို အထောက်အကူပြုတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ပါဝင်ပတ်သက်သူအားလုံး ညှိနှိုင်းဆွေးနွေးဖို့ UNHCR က ထည့်သွင်းစဉ်းစားတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ရခိုင်ပြည်နယ်က အခြေအနေနဲ့ဆက်စပ်ပြီး အကျိုးရှိတာနဲ့ အန္တရာယ်ရှိတာအပါအဝင် အခြေအနေအရပ်ရပ်ကို ဒုက္ခသည်တွေ ဆုံးဖြတ်ဖို့နဲ့ အသိုင်းအဝိုင်းကြား ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးပါတယ်လို့ UNHCR က သုံးသပ်ပါတယ်။

ဒုက္ခသည်အတော်များများဟာ အခြေအနေပေးရင် မြန်မာနိုင်ငံကို ပြန်ဖို့ မျှော်လင့်တဲ့အကြောင်း အကြိမ်ကြိမ် ပြောကြားတဲ့အတွက် ဒီအချက်က အထူးအရေးကြီးတယ်လို့ UNHCR ကြေညာချက်မှာ ပါရှိပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာစစ်ကောင်စီ လုပ်နေတဲ့ ရှေ့ပြေးစီမံကိန်းမှာ ကုလသမဂ္ဂဘက်က ပါဝင်ပတ်သက်တာ လုံးဝမရှိဘူးလို့ ကုလပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရက် (Stephane Dujarric) က မတ် ၁၇ ရက်မှာ ကျင်းပတဲ့ ကုလသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

AFP သတင်းမှာတော့ ရိုဟင်ဂျာတွေ ပြန်ဖို့ မြန်မာနိုင်ငံအခြေအနေက စိတ်မချရသေးပေမယ့် ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် စစ်ကောင်စီတာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်သွားရောက်ဖို့ UNHCR က ကူညီခဲ့တဲ့အကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူနှစ်ယောက်က ပြောကြားတယ်လို့ မတ် ၁၈ ရက်က ဖော်ပြပါတယ်။

ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေး အလားအလာအတွက် ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီလူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့အဖွဲ့ဝင် ၁၇ ယောက်ပါဝင်တဲ့အဖွဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က တက္ကနပ်မြို့ကို မတ် ၁၅ ရက်က ရောက်ရှိခဲ့ပါတယ်။

လောလောဆယ် အုပ်ချုပ်နေတဲ့ စစ်ကောင်စီ အာဏာပိုင်တွေနဲ့ ဒုက္ခသည်တွေ အပြန်အလှန် တုံ့ပြန်ရေး အထောက်အကူ အဖြစ် မြန်မာစစ်ကောင်စီတာဝန်ရှိသူ တချို့ကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်သွားရောက်နိုင်ရေး အဆင်ပြေ ချောမွေ့စေဖို့ UNHCR က ပံ့ပိုးပေးခဲ့တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ UNHCR ပြောခွင့်ရသူက AFP သတင်းဌာနကို နောက်တစ်ရက်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ UNHCR နဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က စစ်ကောင်စီတာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်လာဖို့ ရေယာဉ်တွေ စီစဉ်ပေးတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကုလအကြီးတန်းတာဝန်ရှိသူတစ်ယောက်က AFP ကို မတ် ၁၇ ရက်နေ့မှာ အတည်ပြုပြောကြားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */