" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 15, 2023

ရိုဟင်ဂျာနေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံစီစဉ်

VOA
ဗီွအိုအေမြန်မာပိုင်း
ရဲမွန်
၁၆ မတ် ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ယခင်မှတ် တမ်းဓာတ်ပုံ)
 

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံသဘောတူ ညီ ချက်အရ မြန်မာစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ပြန်လည်လက်ခံမယ့်သူတွေကို မြေပြင် ကွင်းဆင်းစစ်ဆေးဖို့ ရောက်နေတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာပြည်ပြန်ဖို့ သဘောတူလက်ခံထားတဲ့ ဒုက္ခသည်တွေစခန်းအတွင်း တွေ့ ဆုံ ခဲ့တယ်လို့လည်းသိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကိုအခြေခံပြီး ကိုရဲမွန်အောင်က တင်ပြပေးထား ပါတယ်။

ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့မှာ ၁၀ ယောက် ကျော်ပါဝင်တယ်လို့ သိရပါ တယ်။ မောင်တောကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာကို မတ်လ ၁၅ ရက် မနက်ပိုင်းက ရောက်လာ ကြပြီး အဲဒီမှာ ၂ ရက် ၃ ရက်လောက်နေသွားဖို့ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းကတော့ ၂ နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံမယ့်သူတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးဖို့ ရောက် နေ တာလို့ အတည်ပြုပါတယ်။

“ကျနော်တို့ဆီက ဝန်ကြီးအဆင့်သွားတာတော့မဟုတ်ဘူး။ ရခိုင်ဘက်က လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ သွား နေပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ဟိုဘက်က ပို့ပေးတဲ့ စာရင်းတွေ ရှိတယ်။ ဟိုဘက်က စာရင်းတွေ လုပ် တာမှာ မြန်မာနဲ့တိုက်စစ်တာမှာ တချို့က နာမည်တွေကွဲတာ ရှိတယ်။ တချို့သောလူဝင်မှုကြီး ကြပ်ရေးနဲ့ဆိုင် တာတွေရှိတယ်။ အဲဒါ ကြောင့်ပါ။”

ပြန်လည်လက်ခံမယ့်ရက်အတိအကျကိုတော့ ဒီစိစစ်မှုတွေပြီးစီးမှသာ ထုတ်ပြန်နိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီ ဘက် ကပြောပါတယ်။ နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာဘက်က ပြန်လည်လက်ခံဖို့သဘောတူထားတဲ့ ဒုက္ခ သည်တွေနဲ့ တက္ကနာမြို့အနီး ဒုက္ခသည်စခန်းထဲမှာ တွေ့ဆုံနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ကူညီပေးနေ သူတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“အဲမှာသွားတဲ့သူတွေက အပြင်ကလူတွေကို ဝင်ခွင့်မပေးဘူး။ list ထဲပါတဲ့သူတွေပဲ ဝင်ခွင့်ပေးတယ်။ တွေ့ခွင့်ပေး တယ်။ သူတို့နဲ့ပဲ စကားပြောတယ်။ list က ဘင်္ဂလားဒေ့ရှ်ထဲက ပြန်ပို့မယ့်လူ၊ အဲထဲက သူတို့ ရွေးထားတဲ့သူ တ ထောင်ကျော်လောက်ပဲ ရှိတယ်။ အဲဒီလူတွေကိုခေါ်တွေ့တာ။ ဘယ်စခန်းကလဲဆို တက္ကနာဘက်နဲ့ ဘာလူ ဟားရီး နားကြားထဲမှာရှိတဲ့လူတွေပါတယ်။ အဲဒါစခန်းသေးသေးလေးတွေပဲ။ ကိုယ်စားလှယ်က ၂၂ ယောက်လာတယ်။ အဲဒီမှာ ရိုဟင်ဂျာပွဲစားတွေ ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေထဲက နေရပ်ပြန်ဖို့ စာရင်းပေးထားကြတာတွေရှိနေပြီးအဲ့ဒီ လူတွေစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကိုပေးပို့ထားသလို မြန်မာဘက်ကလည်း လက်ခံနိုင်တဲ့လူ တွေရဲ့စာရင်းတွေကို တဘက်အစိုးရဆီ ပေးပို့ထားပြီးဖြစ်ပါတယ်။ အခုတွေ့ဆုံသူတွေက မြန်မာဘက်က နောက် ဆုံး ပေးပို့ထားတဲ့ ပြန်လည်ခံနိုင်တဲ့လူစာရင်းထဲက ဒုက္ခသည်တွေဖြစ်ပါတယ်။ 

အပြန်အလှန်ပေးပို့ထားတဲ့လူဦးရေစာရင်း အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

တွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးနေလဲမသိရသေးပါဘူး။ တွေ့ဆုံသူတော်တော်များများဟာ နှစ်နိုင်ငံပြန်လည်လက်ခံ ဖို့ သဘော တူထားတဲ့ ဒုက္ခသည်တွေဖြစ်ပြီး သူတို့နဲ့တွေ့ဆုံတာမှာ ကြားတဆင့်ခံ အကျိုးဆာင်တွေကနေတဆင့် ပြောဆိုညှိနှိုင်းနေတာဖြစ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ကူညီပေးနေသူကပြောပါတယ်။

စစ်ကောင်စီဝန်ကြီးဦးအောင်မျိုးနဲ့အတူ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်းနဲ့ တခြားဌာနဆိုင်ရာ တာဝန်ရှိ သူတချို့လည်း ပါဝင်ပါတယ်။

လက်ခံမယ့်စာရင်းတွေထဲမှာ တဘက်နိုင်ငံကိုရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်ဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ သိ ရပါတယ်။ အခုရောက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာလည်း ဟိန္ဒူဘာသာဝင်ကိုယ်စားလှယ်တွေ ပါဝင်ပါ တယ်။

ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တဦးကတော့ ဂုဏ်သိက္ခာရှိရှိနေရပ်ပြန် လာနိုင်ရေးအတွက် လိုအပ်မှုတွေရှိနေသလို ပြန်လာသူတွေအတွက် လုံခြုံရေးစိတ်ပူစရာအခြေအနေရှိနေတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့တောင်းဆိုထားတဲ့ တန်းတူအခွင့်အရေးပေးမယ်ဆိုတာမျိုး၊ ပေးမယ်ဆိုတာ ဒီနေ့ချိန်ထိ သူတို့မပြော သေးပါဘူး။ ယနေ့ချိန်ထိမကြားသေးတော့ ကျနော်တို့စိုးရိမ်တယ်။ သူတို့က အခု ၃ နိုင်ငံသဘောတူညီချက်ဆိုပြီး ကျနော်တို့ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့မဆွေးနွေးဘဲနဲ့ ဒီလိုပရမ်းပတာခေါ်ယူတာက ဟန်ပြသဘောယူဆတယ်။ အမှန်တကယ် ကျနော်တို့ကိုခေါ်မယ်ဆို ကျနော်တို့က ဂျီနိုဆိုဒ်ကျူးလွန်ခံရတဲ့လူနည်းစု ဖြစ်တယ်။ နောက်ထပ် ဂျီနိုဆိုက်မခံရအောင် တာဝန်ခံမှုတာဝန်ယူမှုဆိုတာ ရှိစေရမယ်။ ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေး ဖြစ်ဖို့အရေးကြီး ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင် ၁,၀၀၀ နီးပါးကို ပြန် လည်လက်ခံသွားဖို့ စစ်ကောင်စီပြောခွင့်ရက အတည်ပြုပြောဆိုထားပါတယ်။ အဲ့ဒီဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းဖြစ်စဉ်မှာ တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြ သူတွေ ဖြစ် ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် မြန်မာစစ်တပ်နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက် ပြေးတိမ်း ရှောင် ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

 Link : Here


#ရိုဟင်ဂျာဒုက္ခသည် #နေရပ်ပြန်ပို့ရေး #ကော့ဇ်ဘဇား #လူမှုရေးဝန်ကြီး #ဦးအောင်မျိုး #ရခိုင်ဒုက္ခသည်အရေး






No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */