Tuesday, March 7, 2023

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်

ဧရာဝတီ
6 March 2023
မတ်လ ၅ ရက်နေ့တွင် လောင်သောမီးသည် တဲအိမ်အနည်းဆုံး ၂,၀၀၀ ကို လောင်ကျွမ်းပြီး လူထောင်ပေါင်းများစွာကို အိုးအိမ်မဲ့ဖြစ်စေသည် / UNHCR

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ လူပြည့်ကျပ်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုတွင် မီးအကြီးအကျယ်လောင် သောကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်သွားကြောင်း မီးသတ်အရာရှိတဦးနှင့် ကုလသမဂ္ဂတို့က ပြောကြားသည်။

မတ်လ ၅ ရက်နေ့တွင် လောင်သောမီးသည် တဲအိမ်အနည်းဆုံး ၂,၀၀၀ ကို လောင်ကျွမ်းပြီး လူထောင်ပေါင်းများစွာကို အိုးအိမ်မဲ့ဖြစ်စေကြောင်း ဘာလူခါလီ မီးသတ်ဌာန အရာရှိများက အယ်လ်ဂျာဇီးယား သတင်းဌာနသို့ ပြော သည်။

ရိုဟင်ဂျာ တသန်းကျော်နေထိုင်နေသော နယ်စပ် ကော့ဘဇားမှ စခန်းအမှတ် ၁၁ တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည် / UNHCR

၂၀၁၇ ခုနှစ်က မြန်မာမှ စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာသူ အများစု ပါဝင်သည့် ရိုဟင်ဂျာ တသန်းကျော်နေထိုင်နေသော နယ်စပ် ကော့ဘဇားမှ စခန်းအမှတ် ၁၁ တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။

ဘာလူခါလီစခန်းသည် ကော့ဘဇားမှ ဒုက္ခသည်စခန်း ၃၂ ခုအနက် တခုဖြစ်ကြောင်း အယ်လ်ဂျာဇီးယားမှ တန်ဗာ ချောင်ဒရီက ပြောသည်။

“တဲတခုမှာ မိသားစု လေးယောက်၊ ငါးယောက်နေထိုင်တယ်။ အနည်းဆုံး ထက်ဝက်က အမျိုးသမီးတွေနဲ့ က လေးတွေပဲ”

ဟု ချောင်ဒရီပြောပြီး လက်ရှိအချိန်အထိ ထိခိုက်သေဆုံးမှု မတွေ့သေးသော်လည်း ဆက်လက် ရှာဖွေနေကြောင်း မီးဘေးကယ်ဆယ်ရေး အရာရှိများကို ကိုးကားပြီး သူက ပြောသည်။

မီးလောင်သောဒေသသည် တောင်ထူထပ်သော ဒေသဖြစ်ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရန်နှင့် မိ သားစုများ လွတ်မြောက်ရန် ခက်ခဲသော ဒေသဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“အဲဒီဒေသက ဆေးရုံတွေအနေနဲ့ တုံ့ပြန်ဖို့ လုံလောက်မှာ မဟုတ်ဘူး။ နယ်လှည့်ဆေးရုံတွေ ရှိပေမယ့် လူ ၁ ဒသမ ၂ သန်းအတွက် လုံလောက်မှာ မဟုတ်ဘူး” ဟု ချောင်ဒရီက ပြောသည်။

ထိုစခန်းမှ တဲအများစုကို ဝါးများ၊ တာပေါ်လင်တို့နှင့်သာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခ သည် အေဂျင်စီမှ ရက်ဂျီနာ ဒီ လာ ပေါ့တီလာက အယ်လ်ဂျာဇီးယားသို့ ပြောသည်။

“စခန်းတွေမှာ ကျမတို့သုံးတဲ့ ပစ္စည်းတွေက မီးလောင်လွယ်တာတွေချည်းပဲ။ စခန်းကလည်း ကျပ်နေတော့ မီးကူးတာ အရမ်းမြန်တယ်” ဟုလည်း သူပြောသည်။

စိတ်ဒဏ်ရာများ ရင်ဆိုင်နေရ

ဒေသခံစေတနာ့ဝန်ထမ်းများ အကူအညီဖြင့် မီးသတ်သမားများသည် မီးကိုထိန်းချုပ်နိုင်ခဲ့သော်လည်း စခန်းမှ လူဦးရေ သုံးပုံတပုံသည် နေအိမ်များနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ကြောင်း၊ ကုလသမဂ္ဂသည် စိတ်ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေကြောင်း ပေါ့တီလာက ပြောသည်။

“ရှေးဦးသူနာပြုနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ လေ့ကျင့်ပေးထားတဲ့ (ဒုက္ခသည်အပါအဝင်) ရပ်ရွာကျန်းမာ ရေးလုပ်သား ၉၀ ကို တာဝန်ပေးအပ်ထားတယ်။ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ကုစားဖို့ ကျန်းမာ ရေးဌာနကို လွှဲပြောင်းပေးတယ်” ဟုလည်း ၎င်းကပြောသည်။

ရိုဟင်ဂျာ တသန်းကျော်နေထိုင်နေသော နယ်စပ် ကော့ဘဇားမှ စခန်းအမှတ် ၁၁ တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည် / UNHCR

မီလောင်ဆုံးရှုံးသောသူများအတွက် နေထိုင်စရာ မည်သို့စီစဉ်ပေးမည်ကို ရှင်းလင်းစွာ မသိရသေးပေ။

၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မြန်မာစစ်တပ်က အကြမ်းဖက် နှိမ်နင်းသောကြောင့် ထွက်ပြေးလာသူ ၇၄၀,၀၀၀ အပါအဝင် ရိုဟင်ဂျာ တသန်းကျော်သည် ဆယ်စုနှစ်များစွာအတွင်း မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအခြေအနေသည် ဆိုးရွားနေပြီး ၎င်းတို့ နေရပ်ပြန်ရေးအတွက် အားထုတ်မှုများ မအောင်မမြင်ဖြစ်ရသည်။

စစ်တပ်က ထိုလူမျိုးစုများကို စနစ်တကျစစ်ဆင်ရာတွင် အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် ရက်စက်မှုများကို အမေရိကန် အာဏာပိုင်များ အတည်ပြုနိုင်ခဲ့ပြီးနောက် မြန်မာမှ ရိုဟင်ဂျာများကို ဖိနှိပ်မှုများသည်လူမျိုး တုံးသတ်ဖြတ်မှုဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောသည်။

ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာအများစု မြန်မာတွင် ကျယ်ပြန့်သော ခွဲခြားဆက်ဆံမှုခံရပြီး နိုင်ငံသားဖြစ်ခွင့်နှင့် အခြားအခွင့်အရေးများ ဆုံးရှုံးနေသည်။

ကိုးကား ။ ။ Al Jazeera သတင်း Fire blazes through crowded Rohingya refugee camp in Bangladesh

You may also like these stories:


Topics: UNHCR, ကုလသမဂ္ဂ, ကော့ဘဇား, စစ်အာဏာသိမ်းမှု, ဒုက္ခသည်စခန်း, ဘင်္ဂလားဒေ့ရှ်, မီးလောင်မှု, ရိုဟင်ဂျာ, လူမျိုးတုံးသတ်ဖြတ်မှု, အမေရိကန် ပြည်ထောင်စု, အိုးအိမ်မဲ့

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */