" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 6, 2023

ရိုဟင်ဂျာတွေအရေး စစ်ကောင်စီပြင်ဆင်

B B C

ဘီဘီစီမြန်မာပိုင်း
2023-02-06
စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ စစ်တွေရောက်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေး အပါအဝင် ကိစ္စရပ်တွေ အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ပြည် ထောင် စုဝန်ကြီး အဖွဲ့ ရခိုင်ပြည်နယ်မှာ ရောက်နေပါတယ်။

အဲဒီအဖွဲ့မှာ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်တို့ပါဝင်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့ကို ရောက်လာကြာတဲ့ အဲဒီ ဝန်ကြီးတွေ အဖွဲ့ဟာ ၂၀၁၇ ခုနှစ်က မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်တို့မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဒေသ အာဏာပိုင် တချို့နဲ့ တွေ့ဆုံကြဖို့ရှိတယ်လို့ ပြည်နယ်ကောင်စီနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

ဒါအပြင် ၂၀၁၇ ခုနှစ် ဖြစ်စဉ် အတွင်း အခြေအနေတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ဟိန္ဒူနဲ့ မွတ်စလင် အသိုင်းအဝိုင်းထဲက လူ တချို့ကိုလည်း စစ်ကောင်စီ ဝန်ကြီးအဖွဲ့က တွေ့ဆုံဖို့ရှိနေတယ်လို့ တွေ့ဆုံဖို့ ပြောထားသူတွေက ဘီဘီစီကို ပြန်ပြောပြပါတယ်။

စစ်တွေမြို့က မွတ်ဆလင် ဒုက္ခသည်တစ်ယောက်ကလည်း မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်က ရိုဟင်ဂျာတွေ အပါအဝင် လူ ၂၀ ကို တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေ့မှာ ဘယ်သူတွေကို တွေ့မယ်၊ ဘာတွေ မေးမြန်းမယ် ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရပါဘူး။

စောစောက ပြောခဲ့တဲ့ စစ်တွေက မွတ်ဆလင် ဒုက္ခသည်ကတော့ စစ်ကောင်စီဝန်ကြီးတွေ ဒီလို လာရောက်တာ တွေ့ဆုံမှုတွေ အရ သူတို့အတွက် တစုံတရာ ထူးခြားပြောင်းလဲမှုတွေ ရှိလာနိုင်မှာ မဟုတ်ဘူးလို့ ယူဆမှုတွေရှိပါတယ်။

အခုလိုလာရောက်တာဟာ မြန်မာ နိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့ အမှု အတွက် သူတို့ဘက်က တင်ပြနိုင်အောင် စစ်ကောင်စီဘက်က အကွက်ထွင်တာ လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တုန်းကလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန် ကြီး  ဒေါက်တာ သက်သက်ခိုင်၊ အဲဒီတုန်းက စစ်ကောင်စီအဖွဲ့ ထဲက အရပ်သား အဖွဲ့ဝင် ဒေါ်အေးနုစိန် အပါ အဝင် အဖွဲ့ဝင်တချို့ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ် မောင်တောမြို့ကို သွားရောက်ပြီး ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး စခန်းတွေကို သွားရောက် ကြည့်ရှု နေရပ်ပြန်ခေါ်ရေး ကြိုးပမ်းခဲ့ကြတာ ရှိခဲ့ပြီး အခုအချိန်အထိ ပြန်မခေါ်နိုင်ခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းက ကလေးများ

၂၀၁၇ ခုနှစ်က အာဆာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က နယ်စပ်က လုံခြုံရေး ကင်းစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တန်ပြန် တဲ့အနေတဲ့ ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာတွေ အများစု နေထိုင်ရာမြို့နယ် တွေမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း ရိုဟင်ဂျာတွေ ထောင်နဲ့ချီသေဆုံး ခဲ့ရတဲ့အပြင် သိန်းနဲ့ချီ ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလ သမဂ္ဂရဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။

အဲဒါတွေနဲ့ပတ်သက်လို့ အချက်အလက်တွေရရှိရေး အခုအချိန်မှာ လာရောက်ကြိုးပမ်းတာဟာ စစ်ကောင်စီက ကြံဖန်ပြီး ထွက်ပေါက်ရှာနေတဲ့ သဘောဖြစ်နေတယ်လို့ ဘူးသီးတောင်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်ကျော်ဇံ က သုံးသပ်ပါတယ်။

ICJ ကို ဘယ်လိုအချက်အလက်တွေနဲ့ ဘယ်လိုပဲ တင်ပြလျှောက်ထားပါစေ ICJ က ဂရုစိုက်မှာ မဟုတ်သလို ထိရောက်မှုလည်း ရှိမှာ မဟုတ်ဘူးလို့ သူက မြင်ပါတယ်။

ICJ မှာတရားစွဲဆိုမှု မြန်မာကန့်ကွက်ခဲ့

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ICJ ကြားနာပွဲကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက် ခုခံချေပ

ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ အမှုကို ICJ တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ကတည်းက မြန်မာဘက်က ကနဦး ကန့်ကွက်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး နှစ်ဖက် လျှောက်လဲချက်တွေကို စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ကြားနာခဲ့ပါတယ်။

အဲဒီ ကြားနာပွဲကို မြန်မာဘက်က စစ်ကောင်စီရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

မြန်မာဘက်က တင်ပြခဲ့တဲ့ ကနဦး ကန့်ကွက်ချက် လေးချက်စလုံးကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက် က တရားရုံးက ပယ်ချကြောင်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကို ဆက်ရင်ဆိုင်ရဖို့ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးမှာ နောက်တကြိမ် ချေပလျှောက်လဲချက်ကို အခုနှစ် ၂၀၂၃ ခုနှစ် ဧပြီလမှာ တင်သွင်းရဖို့ ရှိပါတယ်။

Link ; Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */