" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 23, 2023

ရိုဟင်ဂျာတွေကို စောင့်ရှောက်ပေးဖို့ တာဝန်ယူထားတဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့တွေ အာဏာအလွဲသုံးစားပြုနေ

VOA
ဗွီအုအေမြန်မာပိုင်း
၂၂ ဇန်နဝါရီ၊ ၂၀၂၃
ဆုမွန်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်တွေက ဒုက္ခသည်တွေကို ဖမ်းဆီး၊ ငွေညှစ်မှုတွေနဲ့ ညှင်းပမ်းနှိပ်စက်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ မြန်မာပြည်ကနေ အသက်ဘေးအန္တရာယ် စိုးရိမ်ရလို့ ဘေးလွတ်ရာကို တိမ်းရှောင်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် စခန်းတွေထဲ လူကုန်ကူးမှု မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပါအဝင် ဒုစရိုက်ရာဇဝတ်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေနဲ့ရော အခုလို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တချို့ရဲ့ မတရားဆောင်ရွက်မှုတွေကိုပါ နေ့စဉ်ရင်ဆိုင်နေကြရတဲ့အတွက် ဒုက္ခသည်တွေအတွက် ဒီ့ထက်လုံခြုံကောင်းမွန်တဲ့ လုံခြုံရေးစနစ်တွေနဲ့ အသက်အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုလိုက်ကြပါတယ်။ အကြောင်းစုံ ရိုဟင်ဂျာဒုက္ခသည်တွေကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာပြည်ကနေ အသက်ဘေးအန္တရာယ်စိုးရိမ်ရလို့ ဘေးလွတ်ရာကို တိမ်းရှောင်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကာကွယ်ပေးဖို့ တာဝန်ပေးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဝင်တွေဟာ ငွေညစ်တာ၊ အနှောက်အယှက်ပေးတာ၊ မလိုအပ်ဘဲ ဖမ်းဆီးပြီး နှိပ်စက်ညှင်းပမ်းအနိုင်ကျင့်မှုတွေ လုပ်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဒီသီတင်းပတ်ထဲ ဇန်နဝါရီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အရင်တုန်းက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က လုံခြုံရေးတာဝန်ယူပေးခဲ့တာပါ နောက်ပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ The Armed Police Battalion (APBn) က တာဝန်ယူခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ကနေ စခန်းလုံခြုံရေးအတွက် သူတို့ တာဝန်စယူတဲ့အချိန်ကစလို့ အဲဒီလို နှိပ်စက်အနိုင်ကျင့်မှုတွေ ပုံမှန်ဖြစ်ပေါ်လာနေတယ်လို့ စာနာမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေက HRW ကို ပြောကြားခဲ့ပါတယ်။ အဖမ်းဆီးခံရတဲ့ ဒုက္ခသည်တွေဆီကနေ လုံခြုံရေးရဲတပ်ဖွဲ့တွေက ငွေညစ်ပြီး တောင်းတဲ့ငွေကို မပေးရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက် ပြောဆိုတာကြောင့် တချို့မိသားစုဝင်တွေက ရှိတဲ့လက်ဝတ်လက်စားတွေရောင်းချပြီး ပေးကြရတယ်လို့ HRW က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

အခုလို ဒုက္ခသည်စခန်းတွေထဲ ဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတာဝန်ရှိသူတွေထံကို ဒုက္ခသည်တွေက အကြောင်းကြားတိုင်ကြားတာမျိုးတွေ ရှိပေမဲ့၊ ထိရောက်တဲ့ အရေးယူ စုံစမ်းမှုမရှိဘူးလို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခ သည်စခန်းတွေထဲ နိစ္စဓူဝ နေ့စဉ်ဖြတ်သန်းမှုတွေကြား အသွားအလာအကန့်အသတ် အတားဆီးတွေနဲ့ နေထိုင်နေရတဲ့ ဒုက္ခသည်တွေကြား၊ ပြဿနာမျိုးစုံ အခက်အခဲမျိုးစုံ အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် လူကုန်ကူးမှု မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပါအဝင် ဒုစရိုက်ရာဇဝတ်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေနဲ့ နေ့စဉ်ရင်ဆိုင်နေကြရပါတယ်။ ဒုက္ခသည်တွေကို ခြိမ်းခြောက်ပြီး ငွေညှစ်တာ အနိုင်ကျင့်တာတွေအပြင် အမျိုးသမီးငယ်လေးတွေကိုပါ နှုတ်အမှုအယာတွေနဲ့ မဖွယ်မရာ ထိပါးစော်ကားတာမျိုးတွေအထိလည်းရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်က ပြောပြပါတယ်။

“ဒါက UNHCRက အသိဆုံးပါ UNHCRကို တင်ပြတာလည်း ရှိတယ်။ ဒါပေမဲ့ UNHCRရဲ့ ဝန်ထမ်းတွေလည်း စခန်းအလိုက် ရှိတယ်။ သူတို့ကို ဒုက္ခသည်တွေက တင်ပြတာလည်း ရှိတယ်။ ဒါပေမဲ့ ဘာမှ ပြောင်းလဲလာတာလည်း မရှိဘူး။ ဒီ The Armed Police Battalion (APBn) ဆိုတဲ့ ရဲတွေက လူသတ်မှု အမှန်တကယ်ကျူးလွန်တဲ့သူတွေ မူးယစ်ဆေးဝါး အမှန်တကယ် ရောင်းဝယ်ဖောက်ကားတဲ့ သူတွေနဲ့ကျတော့ အဲ့ဒီ့ရဲတွေက ညီအကိုလိုပါပဲ။ သူတို့ကိုကျတော့ အရေးယူမှု အားနည်းတယ်။ ဒါပေမဲ့ အပြစ်မရှိတဲ့သူတွေကိုကျတော့ သူတို့က မကျေနပ်ဘူးဆိုရင် အဲ့ဒီ့လူတွေကို ဟိုလူသတ်မှုမှာ ပါတယ် ဒီလူသတ်မှုမှာပါတယ်။ မူးယစ်ဆေးဝါးတွေမှာ ပါတယ်ဆိုတော့ မူးယစ်ဆေးဝါးတွေ သေနတ်တလက် နှစ်လက်ယူပြီးတော့ အဲ့လိုလုပ်တာလည်း ရှိတယ်။ APBn ဆိုတဲ့ရဲတွေက။ ပြီးတော့ စခန်းအဝင်အထွက် လုပ်တဲ့အချိန်တွေမှာ ငွေညှစ်တာလည်း ရှိတယ်။ ဒုက္ခသည်တွေဆီက။ နောက်ပြီး ကျနော်တို့က ဖုန်းတွေ ဘာတွေကိုင်သွားရင် စစ်ဆေးတယ် စစ်ဆေးပြီးတော့ မမှန်မကန်စွပ်စွဲပြီးတော့ မင်းက ဟိုလို ဒီလိုဆိုပြီးတော့ ငွေညှစ်တာ ရှိတယ်။ သူတို့ လူတိုင်းကို ငွေညှစ်တယ် ညှင်းပမ်းနှိပ်စက်တယ်။ ခြိမ်းခြောက်တယ် ပြီးတော့ အမျိုးသမီးတွေ ဆိုလို့ဆိုရင်လည်း နှုတ်အမူအယာအရသော်လည်းကောင်း ပြီးတော့ မဖွယ်မရာ စသဖြင့် Abuse လုပ် ကျူးလွန်စော်ကားတာ ရှိတယ်။ Sexual Harassment နေ့စဉ်လုပ်တယ်။ နေ့စဉ်ငွေညှစ်တယ် ဒါက ကမ့်ထဲက နေ့စဉ်ပုံမှန်ပါပဲ။”

အခုလို ဒုက္ခသည်စခန်းတွေထဲ လုံခြုံရေးတာဝန်ခံရဲအဖွဲ့ဝင်အချို့နဲ့ ကမ့်တာဝန်ခံတွေက အဂတိလိုက်စားမှု ငွေညှစ်မှုတွေနဲ့ လုံခြုံရေးပိုင်းလျော့ရဲနေတဲ့ ဒုက္ခသည်တွေလက်ရှိ ရင်ဆိုင်နေကြရတဲ့အခြေအနေတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးစောလွင်ကလည်း သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ရှင်းပြပါတယ်။

“ကျနော်က The Armed Police Battalion (APBn) ရဲတွေ ကျနော်တို့ကို ဘယ်လိုညှင်းပမ်းနှိပ်စက်သလဲဆိုတာ ရှင်းပြချင်ပါတယ်။ နံပါတ်တစ်က ကျနော်တို့ကို စခန်းတိုင်းမှာ လူ(၄) ဦးစီ ညဘက် ကင်းချထားတာတခု။ နောက်တခုက (APBn) ရဲတွေအတွက် အယောက်(၂၀) စီ ကင်းချပေးထားရတာကလည်းတခု။ တကယ်တော့ (APBn) ရဲတွေဆိုတာ ကျနော်တို့ ဒုက္ခသည်တွေကို စောင့်ပေးဖို့အတွက် လာခဲ့တာ။ ဒါပေမဲ့ ကျနော်တို့က သူတို့ကိုပြန်ပြီး စောင့်ပေးနေရတာ။ ဘယ်လိုသဘောလည်းဆိုတာလည်း ကျနော်တို့ နားမလည်နိုင်တော့ပါဘူး။ နောက်တခုက သူတို့က သွားပြီးဖမ်းတယ်။ ဖမ်းတယ်ဆိုရင် ပိုက်ဆံညှစ်တယ်။ ငါးသောင်း၊ လေးသောင်း၊ နှစ်သောင်း၊ ငါးသိန်း နှစ်သိန်း အဲ့လိုငွေညှစ်တယ် ဒီမှာ စီးပွားရေးသမားတွေရှိတယ်။ နောက် မူးယစ်ဆေးဝါးရောင်းတဲ့သူတွေရှိတယ် သူတို့ကို မဖမ်းဘူး ပိုက်ဆံပဲယူတယ်။ ပိုက်ဆံကိုပဲယူပြီး တရားခံကို ဖမ်းမပေးဘူး နောက်တခုက လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်သမားတွေရှိတယ်။ အဲ့အကြမ်းဖက်သမားတွေဆီကလည်း ပိုက်ဆံတွေကို သိန်းနဲ့ချီ ယူထားတာရှိတယ်။ သူတို့နဲ့ ညှိထားပြီးတော့ သူတို့နဲ့ ၃လဖြစ်ဖြစ် ၄ လဖြစ်ဖြစ် အချိန်တခုပေးထားတယ် အဲ့ဒီ့ကန့်သတ်ချက်နဲ့ အချိန်ပေးထားပြီးတော့ နောက်တဖွဲ့ဆီကလည်း ထပ်ပိုက်ဆံယူတယ်။ ဒီလိုအကြမ်းဖက်အဖွဲ့ ၃ ၄ဖွဲ့ရှိတယ်ဆိုရင် ပတ်လည်ပဲ သူတို့က ငွေကိုလိုက်ကောက်နေတာပဲရှိတယ်။ နောက် စီးပွားရေးသမားတွေဆီကလည်း ပိုက်ဆံယူတယ် နောက် ကမ့်မာဆီတွေရှိတယ်။ ကမ့်တာဝန်ခံတွေပေါ့ သူတို့တွေနဲ့ပါ ညှိပြီး လုပ်နေကြတာ ဖြစ်တယ်။”

ရိုဟင်ဂျာဒုက္ခသည် စခန်းပေါင်း (၃၄) ကမ့်နဲ့ ဘာဆန်ချာကျွန်း ဇီရိုးလိုင်းစခန်းစတဲ့ နေရာတွေမှာ လုံခြုံရေးအဆင့်ဆင့် တာဝန်ယူထားတဲ့အခြေအနေကို အမည်မဖော်လိုတဲ့ ဒုက္ခသည်တဦးကပဲ အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ စခန်းထဲမှာ စခန်းတာဝန်ခံအကြီးဆုံး ရှိတယ်။ သူ့ရဲ့လက်အောက်ကနေ သက်ဆိုင်ရာ စခန်းအလိုက် အဆင့်ဆင့် တာဝန်ပေးထားတဲ့ စခန်းတာဝန်ခံတွေ ရှိတယ်။ ၃၄ ကမ့်မှာ လုပ်တာပါ ဘာဆန်ချာမှာဆိုရင် တော့ လုံခြုံရေးတာဝန်ခံက ရေတပ်လည်း ရှိတယ်။ ရဲလည်းရှိတယ် ပြီးတော့ အဲ့မှာ ကမ့်တာဝန်ခံတွေ ရှိတယ်။ ပြီးတော့ ဇီးရိုးလိုင်းမှာဆိုရင်တော့ မြန်မာဘက်ကလည်း စီမံခန့်ခွဲတာမရှိဘူး ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မရှိဘူး။ အဲ့မှာ NGO INGO အန်ဂျီအို အိုင်အိုဂျီအိုတွေလည်း ဝင်လို့မရဘူး။ ICRC အိုင်စီအာဆီကတော့ ဇီးရိုးလိုင်းကသူတွေနဲ့ ကော်မတီဖွဲ့ပေးထားပြီး အဲ့ကော်မတီကနေတဆင့် သူတို့ထောက်ပံ့ပေးတယ် ရိက္ခာတွေ ပို့ပေးပါတယ်။ ပြီးတော့ ဘဂ်လားဒေ့ရှ်ဘက်မှာတော့ နယ်ခြားစောင့်တပ်ရှိတယ်။ နယ်ခြားစောင့်တပ်ကတော့ စခန်းထဲ စီမံခန့်ခွဲလို့ မရဘူး။ ကျနော်တို့တွေ ရောက်ခါစက ဘင်္ဂလားဒေ့ရှ်စစ်တပ်ကနေ ယာယီထိန်းပေးထားတာ ရှိတယ်။ ရဲတွေဆိုရင်တော့ အူကီယားရဲစခန်း၊ တပ်ခ်နပ်ရဲစခန်း၊ အဲ့ဒီ့ရဲစခန်းတွေကပဲ ကျနော်တို့ကို ကိုင် တွယ်တာပါ။ နောက်ပိုင်းမှာ စစ်တပ်ကို ရုပ်သိမ်းလိုက်တယ် ပြီးတော့ ရဲစခန်းတွေဘက်ကလည်း သိပ်မပိုင်တော့ဘူး။ နောက်ပိုင်းမှာ UNHCRရဲ့ ရန်ပုံငွေနဲ့ The Armed Police Battalion (APBn) ရဲတပ်တွေဆိုပြီး ချပေးတာ ရှိတယ်။ အဲ့ဒီ့ The Armed Police Battalion (APBn) ရဲတွေကပဲ ကျနော်တို့ကို လုံခြုံရေးတာဝန်ယူပေးခဲ့တာပါ။ စခန်းတွင်းထဲရော စခန်းအဝင်အထွက်ရော လုံခြုံရေးအဓိက ကျတော့ စခန်းအဝင်အထွက်တွေ သူတို့စစ်ဆေးပါတယ်။ နောက်ပြီးတာ့ လက်နက်မှောင်ခိုမှုတို့ လက်နက်ကိုင်ဆောင်မှုတွေကို တိုက်ရိုက်ကိုင်တဲ့အဖွဲ့ Rapid Action Battalion, or RAB လည်းရှိတယ်။ တခါတလေ သူတို့ဝင်စီးတာ ရှိတယ်။ မူးယစ်ဆေးဝါးတို့ Rapid Action Battalion, or RAB တို့ ပြီးတော့ ရဲတွေနဲ့ပူးပေါင်း ဝင်တာလည်း ရှိတယ်။ ဒါပေမဲ့ စခန်းတခုလုံးရဲ့ အစစ အရာရာ မူခင်းဆိုင်ရာ တခုလုံးကိုကျတော့ The Armed Police Battalion (APBn) ရဲတွေကပဲ လုံခြုံရေး အဓိ က တာဝန်ယူထားတာပါ။“

အခုလို လုံခြုံရေးကို တာဝန်ယူပေးထားတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က ကျူးလွန်နေတဲ့ ကိစ္စတွေအပေါ်ကို သက်ဆိုင်သူတွေက စုံစမ်း စစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ HRW အာရှဒေသဆိုင်ရာ သုတေသီ Shayna Bauchner ကလည်း တိုက်တွန်းပြောဆိုထားပါတယ် ဒုက္ခသည်တွေဘက်ကတော့ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ လက်တွေ့ကျတဲ့ လုံခြုံရေးအစီအမံတွေ စီစဉ်ဆောင်ရွက်ပေးပါလို့ တောင်းဆိုပါတယ်။

“အဓိက ဒီကိစ္စမှာ UNHCR ရဲ့ လုပ်ဆောင်ချက်တွေ က အားနည်းတယ်လို့ ပြောရပါမယ်။ အဓိက UNကနေ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကိုအဖွဲ့တခုဖွဲ့ပြီးတော့ UNကနေ တိုက်ရိုက် စုံစမ်းစစ်ဆေးရပါမယ်။ ပြီးတော့ ဒီ (APBn) ရဲတွေရဲ့ လုပ်ရပ်တွေကို UN နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီး၊ သူတို့ရဲ့ အဂတိလိုက်စားမှုတွေ အကျင့်ပျက်ခြစားမှုတွေ မဖြစ်လာအောင် မတရားမှုတွေ ဖြစ်မလာအောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်မလာအောင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ UN နဲ့ ပူးပေါင်းပြီးတော့ စစ်တပ်ရော၊ လဝကရော၊ ထောက်လှမ်း ရေးရော ပူးပေါင်းအဖွဲ့တဖွဲ့ဖွဲ့ပြီး လုပ်ရင်ကောင်းမယ် ထင်ပါတယ် နောက် UN ကနေပြီး ဂျနီဗာကနေဖြစ်ဖြစ် တိုက်ရိုက်ပေါ့ ဒုက္ခသည်တွေရဲ့အသံကို တိုက်ရိုက်နားထောင်လို့ရအောင် ချက်ခြင်းအရေးယူဖြေရှင်းနိုင်မယ့် စနစ်တခုလည်း လုပ်ရင်ပိုပြီးတော့ ကောင်းမှာပါ။”

ရခိုင်မြောက်ပိုင်းမှာ အာဆာအဖွဲ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြား အသက်အန္တရာယ်စိုးရိမ်ရလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းဆီကို အ သက်လုပြေးရှောင်ခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာ၊ နေစရာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီထောက်ပံ့မှုတွေနဲ့ တာဝန်ယူဖြေရှင်းပေးနေရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာတို့ လုံခြုံရေးအာမခံချက် ပေးနိုင်ဖို့အတွက်ကိုလည်း လုံခြုံရေးအစီအမံတွေနဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ရောက်ရှိခိုလှုံနေထိုင်နေချိန် ငါးနှစ်ကျော်ကာလ ရောက်ရှိလာချိန်မှာတော့ ကမ့်တွေထဲမှာ နေ့စဉ်လို သတ်ဖြတ်မှုတွေ မူးယစ်ဆေးဝါး လူကုန်ကူး လက်နက်ရောင်းဝယ်မှုလို ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒုက္ခသည်တွေရဲ့ နေ့စဉ်လုံခြုံရေးခြိမ်းခြောက်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်ရှင်။

Link: Here

No comments:

Post a Comment