" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 13, 2022

သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း

သန်းဝင်းလှိုင်
မေ ၁၃၊ ၂၀၁၂

မြန်မာပြည်တွင် နာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့် ကွယ်လွန်သူ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ သမ္မ တဟောင်းနှင့်စစ်အာဏာရှင် အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်းသည် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးမှ အဖွဲ့ဝင် ဖြစ်ပြီး၊ ဂျပန်စစ်ပညာသင် စတုတ္ထအသုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။

အငြိမ်းစားဗိုလ််ချုပ်ကြီးနေဝင်း၏ အမည်အရင်းမှာ ကိုရှုမောင်ဖြစ်သည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်လာသောအခါ သခင်ရှုမောင်ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ တကာစုဂိစုစုမု (Takasugi Susumu) ဖြစ်သည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၆ ရက်နေ့၌ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်နေဝင်းဖြစ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုဖျက်သိမ်း​၍ နိုင်ငံတော်ကောင်စီစတင်ဖွဲ့စည်းချိန်တွင် ဦးနေဝင်းဖြစ် လာသည်။                                                                         ဦးနေဝင်းကို ၁၉၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ် ချောင်ေးဂါင်းရွာ၌ ဖွားမြင်ခဲ့သည်။ ဦးနေဝင်း ၏မွေးသက္ကရာဇ်ကို Who’s Who in Burma စာအုပ်နှင့် ဒေါက်တာမောင်မောင်ရေးသားသော ‘မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း’ စာအုပ် စာမျက်နှာ ၆၉ ၌ - ၁၉၁၁ ခုနှစ် မေလ ၂၄ ရက်ဟူ၍ဖော်ပြထားသလို၊ ဦးနေဝင်းကွယ်လွန်ပြီး သုံးရက်အကြာ ၂၀၀၂ ခုနှစ် ဒီဇင် ဘာလ ၇ ရက်နေ့၌ အစိုးရပိုင်သတင်းစာများ နာရေးကြော်ငြာတွင်လည်း ယင်းအတိုင်းပင်ဖော်ပြထားသည်။ အချို့စာအုပ်များ၌ ဦးနေဝင်း ၏ မွေးသက္ကရာဇ်ကို ၁၉၁၁ ခုနှစ် မေလ ၁၄ ရက် တနင်္ဂနွေ နေ့ဟူ၍ ဖော်ပြထားသည်။ သို့သော် ဦးနေဝင်း၏ ဇာတာကို အမြဲတမ်းစစ်ဆေးပေးသော ဝေဒပညာရှင် ဒေါက်တာဖေဉာဏ်က အဆိုပါခုနှစ်များမှာ မမှန်ဟုဆိုပြီး၊ ၁၉၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့သာ အမှန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံစစ်အစိုးရလက်ထက် အဆက်ဆက်ထုတ်ဝေသောစာအုပ်များ၌ ဦးနေဝင်း၏မိဘအမည်ကို အဖဦးဖိုးခ၊ အမိ ဒေါ်မိ လေး ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဟုဖော်ပြနေသောလည်း ဦးဖိုးခမှာ တရုတ်ပြည် ကွမ်တုံဒေသမှ ဟပ်ကလူမျိုးဖြစ်ပြီး ဝက်ကုန်သည်ဟု ဝါ ရင့်နိုင်ငံရေးသမားကြီးနှင့် ဗဟိုတရားရုံးချုပ်ရှေ့နေကြီး မွန်ဦးဖိုးချိုက စာရေးသူအားပြောပြဖူးသည်။ ဦးနေဝင်း၏မိခင် ဒေါ်မိလေးမှာ ပေါင်း တလည်နှင့်မလှမ်းမကမ်းမှပေါက် ခေါင်းသူဖြစ်သည်။ ဒေါက်တာမောင်မောင်၏ ‘မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း’ စာအုပ် စာမျက် နှာ ၇၀ ၌ ...

“အိမ်ထောင်ကျပြီးသောအခါ ဦးဖိုးခက ဇနီးကို ပေါင်းတလည်အစွန် ‘အောင်သွယ်မရှာ’ ရွာတွင် အိုးအိမ်ထူပေး သည်။ သားဦးကိုမွေးဖွား ခဲ့သောအိမ်သည် ယခုမရှိတော့ပြီ။ အိမ်နေရာ၊ ပန္နက်နှင့် ဆူးခြုံဖုံးသော ပေပင်ငုတ်တိုတို့သာ ကျန်သည်။ အောင်သွယ်မရှာရွာမှ အိမ်ထောင် များသည် မောင်ရှုမောင်တို့ ခပ်ငယ်ငယ်ကပင် ပေါင်းတလည်သို့ရွှေ့ကြသည်။ ဦးဖိုးခ ဒေါ်မိလေးတို့လည်း ရွှေ့ပြောင်းရာတွင်ပါသည်” ဟူ ၍ဖော်ပြထားသည်။ ဦးနေဝင်း၏ငယ်မည် “ရှုမောင်” ကိုလည်း ဒေါက်တာမောင်မောင်စာအုပ်၌ သားဦးကိုချစ်၍လည်းမဆုံး၊ မော်၍လည်း မဆုံး ဖခင်မိခင်တို့၏ မျက်ရှုဟူသောအဓိပ္ပါယ်ဖြင့် ‘ရှုမောင်’ ဟုခေါ်ခြင်း”ဟု ရေးသားထားသော်လည်း ဦးဖိုးခက ၎င်း၏ရုပ်ရည်သန့်ပြန့်သည်ဟူ သော တရုတ်ဝေါဟာရဖြင့် “ရှု”ထည့်ကာ ရှုမောင်ဟုမှည့်ခေါ်ခဲ့ခြငး်ဖြစ်သည်ဟုဆိုသည်။

ထို့နောက် မောင်ရှုမောင်သည် ပေါင်းတလည်မြို့ မြန်မာစာသင်ကျောင်း၊ ပြည်အမျိုးသားအထက်တန်းကျောင်း၊ ပြည်အစိုးရ အထက်တန်း ကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ၁၉၂၉-၃၁ တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာ သင်ကြားခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ဥပစာသိပ္ပံ (ခ) တန်းစာမေးပွဲ၌ ပါဏဗေဒ (ယခင်ခေတ် ဇီဝဗေဒ) ဘာသာရပ်တွင် ကျရှုံးခဲ့သဖြင့် ကျောင်း ထွက်ခဲ့ရသည်။

ယင်းနောက် ၁၉၃၁ ခုနှစ်တွင် ကိုရှုမောင်သည် ရန်ကုန်မြို့ ၃၅ လမ်းတွင် သူငယ်ချင်းများနှင့်အခန်းငှား၍ ရန်ကုန်မီးရထား စာတိုက်ဋ္ဌာန၌ စာရေးအဖြစ် တစ်နှစ်ခန့်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် စာတိုက်နှင့်ကြေးနန်းဋ္ဌာနစာရေးအဖြစ် ၁၉၃၆ ခုနှစ်အထိ အမှုထမ်း ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဦးလေးသခင်ညီကိုအကြောင် းပြု၍ တို့ဗမာအစည်းအရုံးဝင် သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့နှင့် ရင်းနှီးရာမှ တို့ဗမာအစည်းအရုံးဝင်ခဲ့ရာ သခင်ရှုမောင်ဖြစ်လာသည်။ ၁၉၃၈ ခုနှစ် နိုဝင်ဘာလတွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသောအခါ သခင်ဗစိန်၊ သခင်ထွန်းအုပ် အုပ်စု တို့ဗမာအစည်းအရုံး၌် ပါဝင်ခဲ့သည်။

ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန်အတွက် ၁၉၄၁ ခုနှစ် ဇူလိုင်လ၈ရက်နေ့တွင် ကိုရိယုမာရူး (Koriyu Maru) သဘောင်္ဖြင့် ဂျပန်သို့ စေလွှတ် သော မြန်မာမျိုးချစ်လူငယ်စတုတ္ထအသုတ်တွင် သခင်ရှုမောင်သည်ပါဝင်ခဲ့သည်။ ယင်းအသုတ်သည် ရဲဘော် သုံးကျိပ်၏ နောက်ဆုံးအသုတ် ဖြစ်သည်။ ယင်းအဖွဲ့၌ သခင်ထွန်းအုပ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင် သစ် (ဗိုလ်စောနောင်)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သန်းညွန့် (ဗိုလ်ဇင်ယော်) တို့ပါဝင်သည်။

ဂျပန်စစ်ပညာသင်ရဲဘော်သုံးကျိပ်အဖွဲ့တွင် အဓိကသခင်အဖွဲ့ကြီးနှစ်ဖွဲ့ ပါဝင်သည်။ ကျန်ပုဂ္ဂိုလ်များမှာ ကျောင်းသားအဖွဲ့မှဖြစ်ပြီး၊ တသီး ပုဂ္ဂလတစ်ဦး ပါဝင်သည်။

• သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးဝင် ရဲဘော်သုံးကျိပ်ဝင်များ

(၁) သခင်အောင်ဆန်း - ဗိုလ်တေဇ(ဗိုလ်ချုပ်အောင်ဆန်း)
(၂) သခင်လှမြိုင် - ဗိုလ်ရန်အောင်
(၃) သခင်လှဖေ - ဗိုလ်လက်ျာ
(၄) သခင်အေးမောင် - ဗိုလ်မိုး
(၅) သခင်စောလွင် - ဗိုလ်မင်းခေါင်
(၆) သခင်စိုး - ဗိုလ်မြင့်အောင်
(၇) သခင်တင်အေး - ဗိုလ်ဘုန်းမြင့်
(၈) သခင်ထွန်းရွှေ - ဗိုလ်လင်းယုန်
(၉) သခင်သန်းတင်(၂) - ဗိုလ်မြဒင်
(၁၀) သခင်ခင်မောင်ဦး - ဗိုလ်တာရာ
(၁၁) သခင်စံမြ - ဗိုလ်တောက်ထိန်
(၁၂) သခင်ထွန်းလွင် - ဗိုလ်ဗလ
(၁၃) သခင်စံလှိုင် - ဗိုလ်အောင်
(၁၄) သခင်မောင်မောင် - ဗိုလ်ဉာဏ
(၁၅) သခင်လှ - ဗိုလ်မင်းရောင်
(၁၆) သခင်သန်းညွှန့် - ဗိုလ်ဇင်ယော်
(၁၇) သခင်ဘဂျမ်း - ဗိုလ်လရောင်

သခင်ဗစိန်၊ သခင်ထွန်းအုပ် တို့ဗမာအစည်းအရုံးဝင် ရဲဘော်သုံးကျိပ်ဝင်များ

(၁၈) သခင်ထွန်းအုပ် - အုပ်ချုပ်ရေးပညာသင်ကြား၍ ဗိုလ်ဘွဲ့မခံ
(၁၉) သခင်အောင်သန်း - ဗိုလ်စကြာ
(၂၀) သခင်ရှုမောင် - ဗိုလ်နေဝင်း
(၂၁) သခင်ထွန်းခင် - ဗိုလ်မြင့်ဆွေ
(၂၂) သခင်ငွေ - ဗိုလ်စောအောင်
(၂၃) သခင်သစ် - ဗိုလ်စောနောင်
(၂၄) သခင်ကျော်စိန် - ဗိုလ်မိုးညို
(၂၅) သခင်သန်းတင် (၁) - ဗိုလ်ဘွဲ့မရမီတိုင်ပေဆေးရုံတွင်ကွယ်လွန်

• ကျောင်းသားအဖွဲ့
(၂၆) ကိုလှမောင် - ဗိုလ်ဇေယျ
(၂၇) ကိုရွှေ- ဗိုလ်ကျော်ဇော
(၂၈) ကိုထွန်းရှိန် - ဗိုလ်ရန်နိုင်
(၂၉) ကိုအောင်သိန်း - ဗိုလ်ရဲထွဋ်

• တသီးပုဂ္ဂလအဖွဲ့

(၃၀) ကိုဆောင်း - ဗိုလ်ထိန်ဝင်း (တိုကျိုမြို့လက်မှုပညာအတတ်သင်တက္ကသိုလ်တွင် ပညာသင်ကြားနေသူ)

သခင်ရှုမောင်တို့ပါဝင်သော စတုတ္ထအသုတ်သည် ရှန်ဟိုင်းသို့ ၁၉၄၁ခုနှစ် ဇူလိုင်လ၂၂ရက်နေ့တွင်ရောက်ရှိပြီး ရှန်ဟိုင်းမှ လေယာဉ်ဖြင့် ဂျ ပန်သို့ ဆက်လက်ထွက်ခွာရာ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါဆာကီမြို့အနီးရှိ ရေတပ်စခန်းသို့ ရောက်ခဲ့သည်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ဟိုင်းနန်ကျွန်းသို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာရပ်များ သင်ကြား ခဲ့သည်။

ရဲဘော်သုံးကျိပ်များကို တပ်ဖွဲ့(၃) ဖွဲ့ခွဲ၍ ၁၉၄၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှစ၍ ဟိုင်နန်ကျွန်းရှိ ခန်းယ စစ်ပညာသင်တန်းကျောင်းတွင် သင် ကြားပေးခဲ့သည်။ သခင်ရှုမောင်ကို တပ်မတော်သမိုင်းစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့၏တပ်ဖွဲ့ (၃) တွင် ထည့်သွင်းထားသော်လည်း ဗိုလ်မှူးချုပ်ကျော်ဇောက ၎င်း၏ကိုယ်တိုင်ရေးအတ္ထုပ္ပ တ္တိစာအုပ်၌ တပ်ဖွဲ့ (၂)၊ ပြည်တွင်းသူပုန်အဖွဲ့၌ သာ ပါရှိသည်ဟူ၍ ဖော်ပြထားပါသည်။

တပ်ဖွဲ့(၂)တွင်ပါဝင်ခဲ့သော အရှေ့ရန်ကင်းဂျူပလက် အမှတ်၁၄၀(က)နေ ဗိုလ်တာရာကလည်း သူတို့တပ်ဖွဲ့တွင် သခင်ကျော်စိန် (ဗိုလ်မိုး ညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်သန်းတင် (၂) (ဗိုလ်မြဒင်)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း) နှင့် သူ (ဗိုလ်တာရာ) ပါဝင်ကြောင်း၊ အခြေခံစစ်ပညာ၊ ဖောက်ခွဲဖျက်ဆီးရေးနည်းပညာများ ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေးပညာရပ်များ အလေးထားသင်ယူရပြီး သင်တန်းဆရာမှာ ဗိုလ်တာရာဖြစ်သည်ဟုဆိုသည်။ ဗိုလ်နေ ဝင်းသည် မွေးရာပါ ဖျက်ဆီးရေးသမားဖြစ်သည်။ ကလေးဘဝကပင် အကြမ်းဖက်မှုနှင့်ဖျက်ဆီးရေးတို့တွင် သူ့အစွမ်းအစကိုပြသခဲ့သည်။ ပေါက်ခေါင်းတွင် သူတက်နေသောမူလတန်းကျောင်းကို မီးရှို့ဖျက်ဆီးရန်ကြိုးစားခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောင်း ပညာကိုမသင်လိုသောကြောင့်ဟု ဆိုသည်။ ဟိုင်နန်ကျွန်းတွင်လည်း အဖျက်အမှောင့်လုပ်ငန်း (Sabotage)၊ ဖျက်လိုဖျက်ဆီးအနှောင့်အယှက်ပေးရန် သွေးဆောင်နိုင်စွမ်း (Subversion) ကို ပြသခဲ့သည်။

ယင်းနောက် ရဲဘော်သုံးကျိပ်ဝင်များအားလုံး စန်းယစစ်ပညာသင်တန်းကျောင်းမှ တရုတ်တိုင်ပေကျွန်း တာမာ ဆာတိုမြို့ (Tamasato) ဗိုလ် သင်တန်းကျောင်းသို့ ပြောင်းရွှေ့၍ တပ်စု၊ တပ်ခွဲတိုက်ပွဲများ၊ ညတိုက်ပွဲများ၊ စစ်မြေပုံတိုက်ပွဲများ၊ တပ်ရင်း၊ တပ်မဟာ၊ တပ်မတိုက် ပွဲများ၊ လက်နက်ငယ်၊ လက်နက်ကြီး (စိန်ပြောင်း၊ အလတ်အကြီး၊ တင့်ကားပစ်အမြောက်) ပစ်ခတ်နည်းများ၊ အင်ဂျင်နီယာလုပ်ငန်း (တံ တားဆောက်မိုင်းများခွဲခြင်း) များနှင့် ရေကူးသင်ခြင်း၊ ကင်ဒို (ဓားသိုင်း)၊ ဂျူဒို၊ လှံစွပ်ထိုးစသည့် လေ့ကျင့်ခန်းများကို အခြေခံမှစ၍ သင် ကြားခဲ့ရသည်။

ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရဲဘော်သုံးကျိပ်ဝင်များအားလုံး မီနာမီကန်၏အစီအစဉ်ဖြင့် အသုတ်လိုက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီကိုသိမ်းယူကာ ဋ္ဌာနချုပ်ပြုလုပ်၍ မြန် မာလူမျိုးများ မျက်စိအထူးကုဆရာဝန်ကြီး ဦးထွန်း ဖေအိမ်တွင် ဗိုလ်ဘွဲ့ခံယူရာ သခင်ရှုမောင်သည် ဗိုလ်နေဝင်းဖြစ်လာသည်။

ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာပြည်အတွင်းသို့မဝင်မီ ဗိုလ်နေ ဝင်းအား ပြည်တွင်းသူပုန်တပ်ဖွဲ့ကိုဦးဆောင်ကာ မြန်မာပြည်တွင်းသို့ဝင်ရောက်၍ တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမိန့်ထုတ်ပြန် ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဗိုလ်နေဝင်းခေါင်းဆောင်သည့် ပြည်တွင်းသူပုန်တပ်ဖွဲ့သည် ရဟိုင်းမှတဆင့် ထိုင်း-မြန် မာနယ်စပ်ရှိ သာဆောင်ရမ်းကိုဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ၎င်းတို့အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်တွင် ပြည်သူ့အရေးတော်ပုံပါတီမှ ကိုကျော်ငြိမ်း (ဆိုရှယ်လစ်ပါတီ အထွေထွေအ တွင်းရေးမှူး) နှင့်တွေ့ဆုံ၍ ပဲခူး ဘက်၌ စစ်ပညာသင်တန်းပေးခြင်း၊ စစ်လက်နက်ငယ်ပစ်ခတ်နည်းအပါအဝင် မြေအောက်တော်လှန်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့ သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်မ ၅၅ တို့ ၁၉၄၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ကိုသိမ်း ပိုက်ပြီးနောက် ဗိုလ်နေဝင်းသည် ဘီအိုင်အေတပ်မကြီး (၂) ၏တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်မှူးအဆင့်ဖြင့် ဘီဒီအေ တပ်ရင်း ၁ ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်သည်။ ယင်းနောက် ဗိုလ် မှူးကြီးအဆင့်ဖြင့် ဗမာအမျိုးသားတပ်မတော် (Burma National Army) ၌ စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့ထံမှ လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အစို းရ အဖွဲ့တွင် စစ်ဝန်ကြီး (ကာကွယ်ရေးဝန်ကြီး) ဖြစ်လာပြီး ဗမာ့တပ်မတော်အုပ်ချုပ်ရေးတွက် စစ်ဝန်ကြီးရုံးပေါ်လာသည်။ ၎င်း၏လက်အောက်တွင် စစ်ဦးစီးချုပ်ရုံး လည်း ပေါ်လာသည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့တောင်းဆိုချက်အရ ညီညွတ်ရေးအတွက် ထိုစဉ်က ၎င်းတို့၏ သခင်ဂိုဏ်းမှ ဗိုလ်မှူး ကြီးနေဝင်းကို စစ်ဦးစီးချုပ်ရုံးတွင် စစ်ဦးစီးဋ္ဌာနချုပ်မှူးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ခန့်အပ်ခဲ့သည်။

သို့သော် ဗိုလ်နေဝင်းသည် တာဝန်နှင့်ဝတ္တရားကိုကောင်းစွာမလုပ်ဘဲ အပျော်အပါးလိုက်စားကာ လောင်းကစားဝိုင်းများ၌သာ အချိန်ဖြုန်းနေ သဖြင့် စစ်ဦးစီးဋ္ဌာနချုပ်မှူးရာထူးမှဖြုတ်ချပြီး စစ်ဝန်ကြီးရုံးလက်အောက်ရှိ ရိက္ခာနှင့်ထောက်ပံ့ရေးဋ္ဌာန ကြီးမှူးနေရာသို့ အဆင့်ချ၍ ပြောင်း ရွှေ့လိုက်သည်။ ၎င်း၏မူလရာထူးနေရာကိုမူ ဗိုလ် မှူး ကြီးဇေယျသို့ လွှဲပြောင်းခဲ့သည်။

၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ယခုနတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ် ချုပ်အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ကွန်မြူ နစ်ပါတီခေါင်းဆောင်များ ဖက်ဆစ်တိုက်ဖျက် ရေးပြည်သူ့ အဖွဲ့ချုပ် (A.F.O) ဖွဲ့စည်းရေးအစည်းအဝေးပြု လုပ်ရာ ဗိုလ်မှူးကြီးနေဝင်းသည် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ သည်။

၁၉၄၄ခုနှစ်စက်တင်ဘာလ၁၄ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ဆန္ဒအရ ဗိုလ်မှူးကြီးနေဝင်းအား ဗိုလ်မှူးရဲထွဋ် ပြည်သူ့အရေးတော်ပုံပါ တီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဒေးဒရဲရှိ သခင်စိုးထံ လျှို့ဝှက်သွားရောက် ၍ ဖွဲ့စည်းပြီးဖြစ်သော ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရေး၊ တပ်မတော်အတွင်းရှိလက် ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တစ်ပါတီ တည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်စည်းရုံးမှုလုပ်ငန်းများဆွေးနွေးရန် စေခိုင်းခဲ့သည်။

၁၉၄၅ ခုနှစ်၊ မတ်လ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးတွင် ဗိုလ်နေဝင်းအား တိုင်း (၂) မြစ်ဝကျွန်းပေါ်အရှေ့ပိုင်း (ဟံသာဝတီ၊ ဖျာပုံ၊ မအူပင်)တိုင်းမှူး၊ စစ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူစေခဲ့သည်။ သို့သော် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း တော်လှန်ရေးအတွက် ပေးထား သောတာဝန်ကို လုံးဝမလုပ်ဘဲ အပျော်အပါးလိုက်မှု၊ စာရိတ္တပျက်ပြားမှု၊ တပ်တွင်းဂိုဏ်းခွဲလုပ်ဆောင်မှု၊ ၎င်းတာဝန်ကျရာဒေသ၌ ဒေသခံ နိုင်ငံရေးကေဒါများနှင့် မပြေလည်မှု၊ ပြဿနာအကြိမ်ကြိမ်တက်မှုတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အတော်ပင်မကျေမနပ်ဖြစ်ကာ စစ်တပ်မှထုတ်ပယ်ရန် အခြားခေါင်းဆောင်များနှင့်တိုင်ပင်ခဲ့သည်။ တော်လှန်ရေးကာလမပြီးဆုံးမီ ဗိုလ်နေဝင်းအားထုတ်ပယ်ပစ်ပါက နယ် ချဲ့တို့နှင့်ပူးပေါင်း၍ အာဏာရှင်စနစ်ဂိုဏ်းခွဲရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများရှုပ်ထွေးလာနိုင်သဖြင့် ခေတ္တသည်းခံရန် ဗိုလ် ချုပ်ဖြောင်းဖျခဲ့မှုကြောင့် မထုတ်ပစ်ခဲ့ချေ။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက နောင်တွင် သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ အောက်ပါအတိုင်းရေးသားဖော်ပြ ထားလေသည်။

“ကျနော် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးနယ်ရောက်ပြီး နှစ်အတော်ကြာပြီးနောက်ပိုင်း ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်ကလည်း စကားစပ်မိပြီး ကျနော့်ကိုပြောတာက ဖက်ဆစ်တော်လှန်ရေးပြီးခါစ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းအပေါ် အတော်တူးတူးခါးခါးမကျေ နပ်မှုတွေဖြစ်ပြီး စစ်တပ်က အပြီးအပိုင်ဖယ်ရှားထုတ် ပယ်ချင်နေတာကို နိုင်ငံရေးခေါင်းဆောင်အချို့နှင့် တိုင်ပင်ကြောင်းကို သခင်သန်းထွန်း က ဗဟိုကော်မတီဝင်အချို့ကို ပြောခဲ့ကြောင်းပြောပြသည်ကို ကျနော်မှတ်မိနေပါသည်။

ဒီလိုထုတ်ပစ်လိုက်ဖို့ စိုင်းပြင်းနေရင်းနောက်ပိုင်း မထုတ်ပစ်နိုင်ခဲ့ချေ။ ယင်းတွင် အကြောင်းအရင်း (၂) ခုရှိသည်ဟု ထင်ရသည်။ ပထမအ ကြောင်းက ဗိုလ်နေဝင်းရဲ့အကင်းပါပြီး ကောက်ကျစ်လှည့်စားနိုင်မှုဖြစ်သည်။ ဘယ်အချိန် ဘယ်သူတွေနှင့်ပေါင်းပြီး ဘယ်သူတွေကို ခွာရ မည်။ ဘယ်သူတွေကို ကန်ထုတ်နင်းချေရမည်တို့ကို နား လည်ကျင့်သုံးတတ်သူဖြစ် ခြင်းတို့ကြောင့်ဖြစ်သည်။

ဗိုလ်နေဝင်းကိုမထုတ်ပစ်နိုင်သည့်အကြောင်းနှစ်ခုအနက် အခြားအကြောင်းတစ်ခု ကျနော့်အထင် ထိုအချိန် ဗိုလ် ချုပ်အောင်ဆန်းမှာ တော် လှန်ရေးအပြီး ရန်ကုန်ပြန်ရောက်တော့ နေစရာအိုးအိမ်မရှိဘဲ အိမ်ထောင်နှင့်ကလေးတွေနှင့် များစွာအခက်အခဲဖြစ်နေသည်။ ထိုအချိန်က ဗိုလ်နေဝင်းမှာ သူစစ်ဦးစီးချုပ်ဘဝက တိုက်အိမ်ကြီးနှစ်လုံးကို ဘယ်လိုနည်းနှင့် ပိုင်ဆိုင်ထားသည်မသိ။ တစ်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့၍ ယခု ဗိုလ်ချုပ်ပြတိုက်လုပ်ထားသော တာဝါလိန်းလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) က တိုက်အိမ်ကြီးဖြစ်ပြီး၊ ဖက်ဆစ်တော်လှန်ရေးပြီးခါစက သူတက်နေသည်။ နောက်တစ်လုံးမှာ ထိုတာဝါလိန်းကုန်းအိမ်ကြီး၏ခြေရင်း ကားလမ်းဘေးရှိ တိုက်အိမ် ဖြစ်သည်။ ၎င်းအိမ်မှာ အပေါ်အိမ်ကြီးလောက် မကောင်းပေ။ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကိုဆွဲခေါ်လာပြီး တာဝါလိန်းကုန်းပေါ်ရှိ တိုက်အိမ်ကြီးကိုအတင်းထိုးပေးပြီး သူကိုယ်တိုင်က ထိုအိမ်လောက်မကောင်းသော ကုန်းအောက်ခြေကတိုက်အိမ်တွင်ဆင်းနေသည်။

ဤတွင် ရိုးသားသောဗိုလ်ချုပ်အောင်ဆန်းအဖို့ ဗိုလ်နေဝင်းသည် စိတ်ရင်းမဆိုး မကောင်းသည့်အကျင့်စရိုက်အချို့ကြောင့် တချို့အားနည်းချက်တွေရှိနေတာဖြစ်သည်။ ပြုပြင်သွားရင် ရနိုင်သည်။ အထူးသဖြင့် သူ့အပေါ် ဒီလောက်လေးစားသဖြင့် သူကြိုးကိုင်သွားလို့ ရနိုင်သည်။ စွန့်ပစ်လိုက်ရအောင်အထိမဆိုးဟု တွက်ချက်ပုံရသွားသည်ဟု ထင်ရသည်။

ထိုအကြောင်းနှစ်ခုကြောင့် ဗိုလ်နေဝင်းကို ထိုစဉ်က တပ်ကထုတ်ပစ်ရေးကိုမလုပ်ဖြစ်ကြတာဟု ယူဆပါသည်။”

ထို့နောက် ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့တွင် ဗမာ့မျိုးချစ်တပ်မတော် (ဘီအင်န်အေ) သည် ရန်ကုန်မြို့ကိုသိမ်း ယူခဲ့သည်။ မေ ၇ ရက်တွင် ရေဒီယိုမှတဆင့် ရန်ကုန်မြို့ကိုသိမ်းယူခဲ့ကြောင်း ဗိုလ်နေဝင်း စစ်ဦးစီးချုပ်ရာထူးဖြင့် အသံလွှင့်ကြေညာခဲ့သည်။ ယင်းအသံလွှင့်ကြေညာ ချက်မှာ ဗိုလ်အောင်ကြီးနှင့်ဦးကျော်ငြိမ်းတို့တိုင်ပင်စီစဉ်၍ ဦးခင်မောင်လတ် (တော်လှန်ရေးကောင်စီအစိုးရလက်ထက် လုပ်သားပြည်သူ့နေ့ စဉ်အင်္ဂလိပ်သတင်းစာ အယ် ဒီတာချုပ်) က အင်္ဂလိပ်လိုရေးသားခြင်းဖြစ်သည်။ မိန့်ခွန်းပါရာထူးအဆင့်ကို အကြောင်းပြု၍ တာဝန်မဲ့လုပ်ရပ် ဟု ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗြိတိသျှစစ်တပ်အား ဝန်ခံခဲ့ရသည်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော နေသူရိန်လူထုအစည်းအဝေးတွင် ဗိုလ်နေဝင်းသည် ဖဆပလအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင်စတင်တည် ထောင်သော ပြည်သူ့လွတ်လပ်ရေးပါတီ (ဆိုရှယ်လစ်ပါ တီ၊မြန်မာပြည်) တွင်လည်းကောင်း ပါဝင်ခဲ့သည်။

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် တပ်မတော်ရေးရာဆွေးနွေးရန် သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ) ကန္ဒီမြို့သို့ သွားရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည်။

ကန္ဒီစာချုပ်သဘောတူညီချက်အရ ပြန်လည်ဖွဲ့စည်းသည့် ဗမာ့တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် ဗမာ့သေ နတ် ကိုင် တပ်ရင်း (၄) ဒုတိယ တပ်ရင်းမှူး၊ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး၊ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ဗိုလ်မှူးချုပ်၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။

၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်၌ စတင်ဖွဲ့စည်းသည့် လက်ဝဲညီညွတ်ရေးကောင်စီတွင် ဗိုလ်မှူးချုပ်နေဝင်းသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ သည်။ အတွင်းရေးမှူးမှာ ဦးသိန်းဖေမြင့်ဖြစ်သည်။ သို့သော် လက်ဝဲညီညွတ်ရေးကောင်စီ၏ အာဏာသိမ်းရေးအစီအစဉ်ကို ငြင်းပယ်ခဲ့သည်။ ထို့နောက် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဗမာ့တပ်မတော်ဒုတိယစစ်ဦးချုပ်၊ ဒုတိယစစ်သေနာပတိ၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်ဖြစ်လာသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ကေအင်ဒီအို) အရေးအခင်းကြောင့် အစိုးရက တပ်မတော်စစ်ဦးစီးချုပ် ဗိုလ် ချုပ်စမစ်ဒွန်းအား ရာထူးမှဖယ်ရှား၍ ဗိုလ်ချုပ်နေဝင်းအား ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗမာ့တပ်မတော်စစ်ဦးစီးချုပ်၊ စစ်သေ နာပတိ ခန့်အပ်ခံရသည်။

လွတ်လပ်ရေးရပြီးစ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရောင်စုံသူပုန်များ၏ ဆူပူသောင်းကျန်းမှုများကြောင့် မြန်မာအစိုးရသည် ရန်ကုန်အစိုး ရဟုခေါ်ရလောက်အောင် အခြေအနေဆိုးရွားလာခဲ့သည်။ ထိုသို့နိုင်ငံရေးအခြေအနေ ဆိုးရွားနေသည့်အတွက် ဖဆပလအစိုးရက ဗိုလ်ချုပ် နေဝင်းအား တိုင်းပြည်အခြေအနေကို ဝင်ရောက်ထိန်း သိမ်း ပေးရန်အတွက် အစိုးရအဖွဲ့သို့ဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် ၁၉၄၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ၌ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၉ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းအား အစိုးရက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ ယင်းနောက် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အစိုးရအဖွဲ့မှ ပြန်လည်နှုတ်ထွက် ၍ စစ်တပ်သို့ ပြန်သွားခဲ့သည်။

၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရသည်။ ၁၉၅၈ ခုနှစ် မေလ ၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်သည် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလဟူ၍ နှစ်ခြမ်းအတိအလင်းကွဲခဲ့သည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန်ပြည်သူ့လွှတ်တော်အထူးအစည်းအဝေးတွင် တည်မြဲဖဆပလမှ ဦးဗဆွေက ဦးနုခေါင်းဆောင်သောအစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ရာ အဆိုကို ထောက်ခံသူ ၁၁၉ မဲ၊ ကန့်ကွက်သူ ၁၂၇ မဲရရှိပြီး ကန့်ကွက်သည့်ဘက်က ၈ မဲအသာဖြင့် ရှုံးနိမ့်သွားသည့် အ တွက် ဦးနုအစိုးရသည် ဆက်လက်အာဏာတည်မြဲခဲ့သော်လည်း သန့်ရှင်း တည်မြဲဖဆပလ နှစ်ဖက်အုပ်စုကွဲပြားမှုဂယက်ကြောင့် နိုင်ငံ ရေးအခြေအနေများ တနေ့တခြား တင်းမာလာခဲ့သည်။ ထိုအခြေအနေကို အခွင့် ကောင်းယူ၍ ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်ဦးနုအား အာဏာလွှဲပြောင်းပေးရန် ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့မှတဆင့်တောင်းဆိုခိုင်းရာ ဦးနုက စစ်တပ်မှ အာဏာသိမ်း ရေးအစီအစဉ်ကိုလက်မခံဘဲ လွှတ်တော်မှတဆင့် အာဏာလွှဲပြောင်းပေးမှုအဖြစ် နိုင်ငံရေးကုလားဖန်ထိုးကာ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် အစိုးရအဖွဲ့သစ်တစ်ဖွဲ့ကိုဖွဲ့စည်းပြီးလျှင် ၁၉၅၉ ခုနှစ် ဧပြီလမကုန်မီအ တွင်း လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပနိုင်အောင် လိုအပ်သည့်အစီအစဉ်များကို ဆောင်ရွက်ပေးရန် ပန်ကြားထားသည့်စာကိုပေးပို့ခဲ့သည်။ ယင်းနေ့မှာပင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုထံ အစီအစဉ်ကိုလက်ခံသည့် ပြန် ကြားစာကို ပေးပို့ခဲ့သည်။ သို့သော် အဆိုပါပေးစာနှစ်စောင်စလုံးကို ဝန်ကြီးချုပ်ဦးနုပင် ရေးသားခဲ့ကြောင်း သိရှိရပေသည်။

ယင်းနောက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) အပါအဝင် အတိုက်အခံနိုင်ငံရေးသမားများက ကန့် ကွက်နေသည့်ကြားမှပင် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ် ချုပ်ကြီးနေဝင်းခေါင်း ဆောင်သော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို၍ နိုင်ငံတော်သမ္မတဦးဝင်းမောင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပဒေပုဒ်မ ၅၆ (၂) အရ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ခန့်အပ်သည်။

အစိုးရအဖွဲ့ယင်ဝန်ကြီးများမှာ ..

(၁) ဗိုလ်ချုပ်ကြီးနေဝင်း - နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ အမျိုးသားစီမံကိန်းဌာန။
(၂) အဂ္ဂမဟာသရေစည်သူသတိုးသီရိသုဓမ္မ ဦးသိမ်းမောင် - ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဌာန၊ သာသနာရေးဌာန၊ ကျန်းမာရေးဌာန၊ ပြည်သူ့ဝန်ထမ်းဌာန။
(၃) စဝ်ဝဏ္ဏ - ကယားပြည်နယ်ဌာန။
(၄) မဟာသရေစည်သူဦးခင်မောင်ဖြူ - ပည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒီမိုကရေစီဒေသန္တရအဖွဲ့များ ဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန။
(၅) သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင် - တရားရေးဝန်ကြီးဌာန။
(၆) ဦးကျော်ငြိမ်း - ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။
(၇) စည်သူဦးဘကြား - ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေး ဝန်ကြီး ဌာန။
(၈) သရေစည်သူ ဦးစံညွန့် - သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေး နှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၉) ဦးကာ - ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန။
(၁၀) သီရိပျံချီ ဦးချစ်သောင် - စက်မှုလက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းနှင့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန တို့ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော အိမ်စောင့်အစိုးရသည် (၆) လပြည့်သည့်တိုင်အောင် ရွေးကောက်ပွဲကျင်းပမပေးနိုင်၍ ပါလီ မန်အမတ်မဟုတ်သူတစ်ယောက် (၆) လထက်ကျော်လွန်ပြီး ဝန်ကြီး (သို့မဟုတ်) ဝန် ကြီးချုပ်လုပ်ခွင့်မပြုဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ (၁၁၆) ကိုပြင်ဆင်၍ နောက်ထပ် (၆) လတိုးပေးရန်တောင်းဆိုခဲ့ရာ ပါလီမန်၌ အတိုက်အခံများ၏ အပြင်းအထန်ကန့်ကွက်ခြင်း ခံရသည်။ ယင်းနောက် ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်သမ္မတထံ ဝန်ကြီးချုပ်ရာ ထူးမှ နှုတ်ထွက်လွှာတင်သွင်းသည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ကျင်းပသော ပါလီမန်ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် လွှတ်တော် ၂ ရပ် တွဲဖက်ညီ လာခံတွင် သိမ်ဖြူတောင်ပိုင်းအမတ် ဦးကျော်ငြိမ်းက အခြေခံဥပဒေပုဒ်မ (၁၁၆) ကိုပြင်ဆင်ရန် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့်ရေးဆွဲထား သည့် ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ဥပဒေကြမ်းကို သဘောတူသူ ၃၀၄မဲ၊ ကန့်ကွက်မဲ ၂၉ မဲဖြင့် အဆိုကိုအတည်ပြုခဲ့သည်။

ဤသို့ဖြင့် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါလီမန်တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရပြီး ညနေ ၅ နာရီတွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အစိုးရသစ်ဝန်ကြီးများ ကျမ်းသစ္စာကျိန် ဆိုခဲ့သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၀ ပြည့်နှစ် ဧပြီလအထိ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်-မြန်မာနှစ်နိုင်ငံနယ်နိမိတ်ပြဿနာဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲကိုကျင်းပပြီးနောက် အနိုင်ရရှိသော သန့်ရှင်းဖဆပလအဖွဲ့(နောင်ပထစပါတီ) အား အာဏာလွှဲပြောင်းပေးခဲ့သည်။

အာဏာလွှဲအပ်ပြီး ၁ နှစ် ၁၀ လ ၂ ရက်အကြာ ၁၉၆၂ ခု နှစ်မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေး ကောင်စီက ပထစအစိုးရကိုဖြုတ်ချဖယ်ရှားကာ နိုင်ငံတော်အာဏာကို ဒုတိယအကြိမ်သိမ်း ယူခဲ့သည်။ တော်လှန်ရေးကောင်စီသည် နိုင်ငံ တော်အာဏာသိမ်းယူပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကိုဖျက် သိမ်း၍ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို စတင်တည်ထောင်၍ ပါတီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ၁၉၇၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အငြိမ်းစား ယူ၍ ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲအတည်ပြုပြဋ္ဌာန်း၍ တစ်ပါတီအာဏာ ရှင်စနစ်ဖြင့် ဆို ရှယ်လစ်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ရာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိလည်းကောင်း၊ မဆလပါတီ ဥက္ကဋ္ဌအဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိလည်းကောင်း၊ နိုင်ငံ တော်ကောင်စီဥက္ကဋ္ဌအဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိလည်းကောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိလည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဦးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါ် တစ်ပါတီအာဏာရှင်ခေတ်အတွင်း လေးနှစ်စီမံ ကိန်းများဖြင့် အကောင်အ ထည်ဖော်ခဲ့သော်လည်း အောင်မြင်မှုမရရှိခြင်း၊ ပြည်ပစျေးကွက်သို့ ပို့ကုန်များတိုးချဲ့မတင်ပို့နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုခွဲဝေပုံမှားယွင်းခြင်း၊ အုပ်ချုပ်ရေးညံ့ဖျင်းခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလိုငွေကြီးမားလာခြင်း၊ ပြည်ပကြွေးမြီများ အဆမတန် မြင့်မားလာခြင်း၊ ပြည်သူလူထုစားဝတ်နေရေးတဖြည်းဖြည်းကျပ် တည်းလာခြင်း၊ အကျင့်ပျက်ခြစားမှုများမသမာမှုများ၊ ကိုယ်ကျိုးရှာမှုများတိုးပွားလာကာ ပြည်သူလူထုသည် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံ ဒုက္ခဆင်းရဲမှုမျိုးစုံ ကြုံတွေ့လာခဲ့ရသည်။ ဤသို့ဖြင့် သယံဇာတပေါကြွယ်ဝလှသော မြန်မာနိုင်ငံသည် မဆလ၂၆ နှစ်တာကာလအတွင်း ဒုက္ခဆင်းရဲတွင်း နက်သည်ထက်နက်ကာ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာ လ၁၁ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေညီ လာခံတွင် (၉၆) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် (၄၂/၄၈) အရ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် စာရင်းဝင်သွားခဲ့ရပေသည်။

ဤသို့ လူထုတရပ်လုံးဆင်းရဲတွင်းနက်နေစဉ်အတွင်း ‘ဗူးလေးရာဖရုံဆင့်ပမာ’ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တနိုင်ငံလုံး၌ လှည့် ပတ်သုံးစွဲလျက်ရှိသော ကျပ် ၁၀၀ တန်၊ ၂၅ ကျပ်တန်၊ ၂၀ တန်တို့ကိုလည်းကောင်း၊ ပြည်ထောင်စုဘဏ်မှ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်ထုတ်ဝေထားသော ၇၅ ကျပ်တန်၊ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ငွေစက္ကူများကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်မှုကြောင့်လည်းကောင်း လူထုတရပ်လုံး ချွေးနဲစာဖြင့် စုဆောင်းသိမ်းဆည်းထားသောငွေစက္ကူများသည် စက္ကူစုတ်ဖြစ်ကာ မကျေနပ်မှုများ ပေါက်ကွဲအုံကြွလာတော့သည်။

ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ်အတွင်း ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ကြို့ကုန်း ဘူတာအနီး စန္ဒာဝင်းလ္ဘက်ရည်ဆိုင်၌ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားနှင့် ရပ်ကွက်ကောင်စီဥက္ကဋ္ဌ၏သားတို့ ခိုက်ရန်ဖြစ်ပွားရာမှစ၍ အထွေထွေမကျေနပ်မှုစတင်ပေါက်ကွဲကာ လူထုအုံကြွသော ရှစ်ဆယ့်ရှှစ်ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေး တော်ပုံဖြစ်ပွားနေစဉ်၊ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အရေးပေါ်ပါတီညီလာခံကျင်းပ၍ တစ်ပါတီစနစ်မှ ပါတီစုံ စနစ်အဖြစ်ပြောင်းလဲရန်ကြေညာပြီး ပါတီဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ခဲ့သည်။ နှုတ်ထွက်သည့်နေ့၌ ပါတီညီလာခံတွင် ဦးနေဝင်းက “နောက် ကို လူစုလူဝေးနဲ့ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာမှတ်ပေတော့လို့ ကျွန်တော် ဒီကနေ့ ပြောပါတယ်” ဟူ၍ပြောကြားကာ တပ်နှင့်ပြည်သူကို သွေးခွဲခဲ့လေသည်။

ဦးနေဝင်းသည် ၎င်း၏ဘဝတလျှောက် တရားဝင်အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့်ကျခဲ့ပြီး ပထမဆုံးအိမ်ထောင်အဖြစ် ဒေါ်သိန်းညွန့်နှင့်လက် ထပ်၍ သားကျော်သိန်း (တာတီး) ထွန်းကားခဲ့သည်။ ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၃၅ ခုနှစ်တွင် ဒုတိယအိမ်ထောင်ပြုကာ သားငွေစိုးနှင့် အေးအောင်တို့ ထွန်းကားသည်။ ယင်းနောက် ခွဲစိတ်ကုသမားတော်ကြီးဒေါက်တာဘသန်း၏သမီး ကစ်ကီဘသန်းခေါ် ဒေါ်ခင်မေသန်းနှင့် ၁၉၅၀ ခုနှစ်တွင်ထိမ်းမြားလက်ထပ်၍ သမီးစန္ဒာဝင်း၊ ကြေးမုံဝင်း၊ ဖြိုးနေဝင်းတို့ထွန်းကားခဲ့သည်။ ဒေါ်ခင်မေသန်း၏ ပထမအိမ်ထောင်မှာ ဒေါက်တာတောင်ကြီး (ဝန်ကြီးချုပ်ဦးနုသမီး ဒေါ်စန်းစန်းနု၏ခင်ပွန်း ဗိုလ်မှူးသက်တင်၏အစ်ကို) ဖြစ်ပြီး ၎င်းနှင့် သမီးလီလီဝင်းနှင့် အမြွှာ သမီးများဖြစ်ကြသော သီတာဝင်း၊ သော်တာဝင်းတို့ ထွန်းကားခဲ့သည်။

 ဒေါက်တာတောင်ကြီးနှင့် တရားဝင်ပြတ်စဲခြင်းမရှိဘဲ ဒေါ်ခင်မေ သန်းအားလက်ထပ်ခဲ့မှုကြောင့် တပ်မတော်ဥပဒေဖြင့် ဝန်ကြီးချုပ်ဦးနုက ဦးနေဝင်းအား ကာကွယ်ရေးဦးစီးချုပ်ရာထူးမှဖယ်ရှားရန် စီစဉ်နေ စဉ်အတွင်း ဝိဓူရသခင်ချစ်မောင်အပါအဝင် အခြားနိုင်ငံရေးခေါင်းဆောင်များ ဝိုင်းဝန်းတာမြစ်ခဲ့သဖြင့် မဖြုတ်ပစ်ခဲ့ရပေ။ ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီးနောက် ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့သည်။ ဒေါ်နီနီမြင့်နှင့် သားသမီးမထွန်းကားခဲ့ပေ။ ယင်းနောက် ဒေါ်နီနီမြင့်နှင့် ကွာရှင်းပြီးနောက် June Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏မြစ် ရတနာနတ်မယ်နှင့် ၁၉၇၅ ခုနှစ် မတ်လ ၂၅ ရက်နေ့ တွင် ထိမ်းမြားလက်ထပ်ခဲ့သည်။ ရတနာနတ်မယ်၏မိခင်မှာ လင်းပင်မင်းသားကြီး၏ သမီးတော် ထိပ်တင်မလတ်ဖြစ်ပြီး ဖခင်မှာ သြစတြေးလျနိုင်ငံသား အင်္ဂလိပ်လူမျိုး ဘွတ်ကီမြင်းပွဲဒိုင် Mr. Herbert Bellamy ဖြစ်သည်။ ရတနာနတ်မယ်နှင့် ဦးနေဝင်းသည် သားသမီး မထွန်းကားခဲ့သော်လည်း ရတနာနတ်မယ်၏ပထမအိမ်ထောင်မှာ အီတာလျံလူမျိုးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာပြည်တွင်တာဝန်ကျ နေသောဆရာဝန်ဖြစ်ပြီး ယင်းနှင့်သားနှစ်ယောက်ရခဲ့သည်။ ရတနာနတ်မယ်နှင့် တစ်နှစ်အကြာတွင် အိမ်ထောင်ရေးပြိုကွဲကာ ဒေါ်နီနီမြင့် (ရန်ကုန်တက္ကသိုလ်သမိုင်းသုတေ သန ညွှန်ကြားရေးမှူးချုပ်ဟောင်း) နှင့် ပြန်လည်ပေါင်းသင်းခဲ့သည်။ ယခုအခါ ရတနာနတ်မယ်သည် အီ တလီနိုင်ငံ၌ ပြန်လည်နေထိုင်လျက်ရှိသည်။ ထို့နောက် ၎င်းအသက် ၇၇ နှစ်တွင် အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသ မီး ဒေါ်ကြာဆန်အား လက်ထပ်ခဲ့ပြန်သည်။

ဦးနေဝင်းသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကို ထူထောင်ကာ (၂၆) နှစ်တိုင် လူထုအား နည်းမျိုးစုံဖြင့် နှိပ် ကွပ်ဖိနှိပ် စိုးမိုးအုပ်ချုပ်ကာ သံယံဇာတပေါကြွယ်ဝ၍ လူသားအရင်းအမြစ်ဖွ့ံဖြိုးနေသောနိုင်ငံတော်အား ကမ္ဘာ့အဆင်းရဲဆုံနိုင်ငံ စာရင်းဝင်ဖြစ်အောင် ထူးချွန်ပြောင် မြောက်စွာ ဆောင်ရွက်သွားခဲ့သည်။ သူ၏အာဏာသက် တမ်းတလျှောက် မည်ကဲ့သို့သောစိန်ခေါ်မှုမျိုးနှင့် သူ့အားဆန့်ကျင်သူမှန်သမျှကို လက်ဦးမှုယူကာ အကွက်ကျကျဖြိုခွင်းသွားနိုင်ခဲ့သဖြင့် ကမ္ဘာ့အာဏာရှင်များကပင် အံ့သြခဲ့ရပေသည်။

ဦးနေဝင်းသည် ၈၈ အရေးတော်ပုံကြီးကြောင့် မဆလပါတီမှနှုတ်ထွက်သွားရပြီးနောက် ခေတ္တတိမ်မြှုပ်နေခဲ့သည်။ ယင်းနောက် ၁၉၈၉ ခု နှစ် မတ်လ ၂၇ ရက် (၄၄) နှစ်မြောက်တော်လှန်ရေးနေ့တွင် စစ်ဝတ်စုံအပြည့်ဝတ် ၍ တပ်မတော်ညစာစားပွဲတွင် တပည့်လက်သားသွား လေသူ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေနှင့် အခြားကြည်းရေလေ တပ်မတော်ခေါင်းဆောင်အချို့နှင့် စားပွဲဝိုင်းတွင်အတူ ထိုင်ကာ လူထုအားရယ်သွမ်းပြနေပုံကို ပထမဆုံးတွေ့မြင်ခဲ့ရသည်။ တဖန် ၁၉၉၇ ခုနှစ် စက်တင်ဘလတွင် အင်ဒိုနီးရှားသမ္မတဆူဟာတိုထံ ခေတ္တအလည်သွားပြီးနောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြန်သည်။ ထို့နောက် ဆေးစစ်မှုခံယူရန်အကြောင် းပြချက်ဖြင့် စင်္ကာပူသို့သွား ရောက်ခဲ့သည်။ သူ၏နောက်ဆုံးပြည်ပခရီးစဉ်အဖြစ် ထိုခရီးစဉ်၏သတင်းဓာတ်ပုံတွင် ဇရာထောင်း၍ ဖွတ်ဖွတ်ကြေနေသည့် သူ၏ရုပ်သွင်၌ အတ္တ၊ မာနတို့ လုံးဝမကျသေးကြောင်း ပေါ်လွင်နေသည်။

သူသည် ပညာဉာဏ်နည်းပြီး လောဘသက္ကယကြီးသူဖြစ်သည်နှင့်အညီ သင်္ခါရတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဂမ္ဘီရဆန်ဆန် အယူသီးမှုများနှင့် လုံးထွေးရစ်ပတ်နေပြန်သည်။ သူသည် ဂဏန်းဗေဒင်အရ ‘၆’ဂဏန်းသမားဖြစ်ရာ ‘၉’ ဂဏန်းကို သူ့ဘဝ၏ အရေးပါအရာ ရောက်သော ကျိုးပေးဂဏန်းဟု မှတ်ယူထားထားပုံရသည်။ ဗိုလ်ချုပ်စောမောင်ကို အာဏာသိမ်းခိုင်းစဉ်မှာပင် ‘၉’ဂဏန်းသက်ရောက်စေရန် ‘နဝတ’ ဟု အမည်ပေးခဲ့သည်။ (န=၇ + ဝ=၄ + တ=၇) ထို့အပြင် ဒီမိုကရေစီအရေးတော်ပုံကြီးအား စက်တင်ဘာလ ၁၈ ရက်နေ့တွင် သူ ကိုယ်တိုင်တွက်ချက်၍ အာဏာသိမ်းခိုင်းသည်။ သူ့အသက် ၇၇ နှစ်တွင် အသက် ၉၉ နှစ်အထိ ဆွဲဆန့်လိုသဖြင့် ၁၉၈၇ ခုနှစ် စက် တင်ဘာလ ၂၂ ရက်နေ့တွင် မည်သည့်နိုင်ငံမှမထုတ်ဝေဘူးသော ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် ငွေစက္ကူကို ထုတ်ဝေခိုင်းခဲ့သည်။ တဖန် သူ့အသက် ၉၀ တွင် အသက် ၉၉ နှစ်အထိဆွဲဆန့်လိုသဖြင့် အား လုံးပေါင်းလျှင် ‘၉’ ဂဏန်းကျရောက်သော ၂၀၀၁ ခုနှစ် မတ်လ ၂၁ ရက် နေ့တွင် ဆီဒိုးနားဟိုတယ်ကြီး၌ သိက္ခာရင့်ဝါကြီးဆရာတော်ကြီး (၉၉) ပါးကိုပင့်ဆောင်ပြီး ဆွေမျိုးများနှင့် မဆလခေတ်တပည့် တပန်းများ အပါအဝင် ဧည့်သည်တော် (၅၀၄) ယောက်ကိုဖိတ်ခေါ်၍ ဆွမ်းကပ်ခဲ့ပြန်သည်။ လောကီအစီအမံများဖြင့် သူ့အသက်ကို ၉၉ နှစ်ဆွဲဆန့်ခဲ့ သော်လည်း သူ့ဆန္ဒမပြည့်ဝဘဲ ၉၂ နှစ်သာ အသက်ရှည်ခဲ့ရသည်။ မည်သို့ဆိုစေ ဓမ္မပဒလာ “ပညာလည်းမရှိ၊ တည်ကြည်ခြင်းလည်း မရှိသောသူ၏ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ခြင်းထက် ပညာရှိ၍ ကမ္မဋ္ဌာန်းရှုသောသူ၏ ၁ ရက်တာမျှ အသက်ရှည်ခြင်းသည် သာ၍ မြတ်၏” ဟူသောတရားစကားကို သူသည် သိပုံမပေါ်ချေ။

ယင်းနောက် ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ကျင်းပပြုလုပ်သော သူ့သမီးခင်စန္ဒာဝင်း၏လက်ထပ်မင်္ဂ လာ (၂၆) နှစ်မြောက် အ ခမ်းအနားတွင် သူ့ကို မမြင်ချင်အဆုံး တဖန်တွေ့ရပြန်သည်။ သူတို့၏ အလျှံပယ်ကျွေး မွေးဧည့်ခံမှုနှင့် ပျော်ရွှင်မြူးတူးကခုန်မှုများက မြန် မာပြည်တဝှမ်းတွင် ငတ်မွတ်ခေါင်းပါးကာ ဆင်းရဲတွင်းနက်နေသော ပြည်သူလူထု၏ ခံစားမှုဝေဒနာအပေါင်းကို ပြက်ရယ်မှုပြုသကဲ့သို့ ဖြစ် နေခဲ့ပြန်သည်။

ထို့နောက် မြန်မာစစ်အာဏာရှင်တို့၏ ခေါင်းဆောင်ကြီးဦးနေဝင်းသည် သူ့ထက်လက်စောင်းထက်ခဲ့သော စစ်အာဏာရှင်လက်သစ် ဗိုလ် ချုပ်မှူးကြီးသန်းရွှေလက်ထက်၌ ၂၀၀၁ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မအောင်မြင်သော အာဏာသိမ်းရန်ကြံစည်မှုဖြင့် ဦးနေဝင်းအပါအဝင် သူ၏အချစ်ဆုံးသမီးခင်စန္ဒာဝင်း၊ ၎င်း၏သားမက်အေးဇော်ဝင်းနှင့် သူ၏မြေးချစ်များဖြစ်သည့် အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့သည် ဖမ်းဆီးအရေးယူခံရသည်။ ယင်းအမှုတွင် ခင်စန္ဒာဝင်းသည် အတွင်းကျကျပါဝင်ပတ်သက်ခဲ့သည်ဆိုသော်လည်း အစွပ်အစွဲခံ သူ့ယောက်ျား နှင့် သားများထောင်ကျခဲ့ရသော်လည်း ခင်စန္ဒာဝင်းနှင့်သူ့ဖခင် ဦးနေဝင်းတို့မှာ အိမ်တွင်းအကျယ် ချုပ်ချခံရသည်။ တန်ခိုးအာဏာ တချိန်က မည်မျှပင်ကြီးထွားစေခဲ့ပါမူ တနေ့တွင် တန်ပြန်ခံရပြီး၊ မကောင်းမှုစိတ်ဖြင့် ပြုလုပ်ခဲ့မှုအစုစုသည် လှည်းဘီးသည် ဝန်ကိုဆောင်သော နွား၏ ခြေရာသို့ အစဉ်လိုက်သကဲ့သို့ မ ကောင်းမှုသည် အစဉ်လိုက်သည်ကို သူသိရှိသွားမည်ထင်ပါသည်။

ဤသို့ဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘဝဖြင့် ဦးနေဝင်းသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ သူ့အသက ်၉၂ နှစ်တွင် နောက်ဆုံးဇီဝိန်ချုပ် သွားခဲ့ရလေသည်။ သွားလေသူ ဆရာ့ဆရာကြီးဦးနေဝင်း၏အသုဘကို နိုင်ငံတော်စျာပနလုပ်ဖို့ဝေးစွ နဝတစစ်ခေါင်းဆောင်များ မည်သူမျှ လာရောက်မေးမြန်မှုပင် မပြုခဲ့ကြချေ။ သူ၏နာရေးသတင်းကို အစိုးရက တရားဝင်ထုတ်ပြန်ကြေညာမှုမပြုခဲ့သည့်အပြင် သူ၏နာရေးသ တင်းကို အစိုးရထုတ်သတင်းစာများ၌ သူကွယ်လွန်ပြီး (၃) ရက်အကြာ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလရရက်နေ့ကျမှ စာပေစိစစ်ရေး၏ ဖြတ် တောက်မှုဖြင့် မိသားစုက ထုတ်ပြန်ခွင့်ရခဲ့သည်။

နာရေးသတင်းမှာ-

ဦးနေဝင်း (အသက်၉၃နှစ်) [၁၉၁၁ ခု၊ မေလ၂၄ ရက်နေ့ဖွား] အမှတ် (၁၉) မေခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းနေ ဒေါ်ခင်မေသန်း (ကွယ်လွန်) ၏ခင်ပွန်း၊ ဦးသိန်းညွှန့်၊ ဦးငွေစိုး၊ ဦးအေးအောင်၊ လီလီဝင်း၊သီတာ ဝင်း၊ ဒေါက်တာသော်တာဝင်း၊ ခင်စန္ဒာဝင်း၊ ကြေးမုံဝင်း၊ ဖြိုးနေဝင်းတို့၏ဖခင်။ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့၏အဖိုးသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်သူ၏ဆန္ဒအရ သူ၏ရုပ်အလောင်းကို ရေဝေးသုဿန်၌ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် မီးသင်္ဂြိဟ်ခဲ့ပြီးဖြစ် ကြောင်း။ လိုက်ပါပို့ဆောင်သူများ၊ သူ့မကျန်းမမာစဉ်နှင့် ကျေးဇူးရှင်ဖခင်၏ အသုဘအစီအစဉ်တွင် ကူညီမှုပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ကျန်ရစ်သူမိသားစု။

မည်သို့ဆိုစေ… ၉ ဂဏန်းကို မြတ်နိုးစုံမက်လှသော သူ၏နောက်ဆုံးခရီး၌ ကား ‘၉’ စီး၊ မိသားစုဝင် ‘၉’ ဦးဖြင့် မလှမပပို့ဆောင်ခဲ့သည်ကို တွေ့ရ၍ တိုက်ဆိုင်မှုပင်လော။ သို့တည်းမဟုတ် အာဏာရှင်တို့၏ နောက်ဆုံးဇာတ်သိမ်းပိုင်းသည် ဤသို့ပင်ဖြစ်ခဲ့ရသည်ပါတကားဟု သံ ဝေဂရရှိနေမိပါတော့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */