" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 22, 2022

လေးလအတွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁၇ ဦးအပါအ ဝင် သေဆုံး၊ ဒဏ်ရာရသူ ၁၀၀ ကျော်ရှိ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.11.22
ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကြောင့် ဒဏ်ရာရသွားသည့် ဒေသခံအား ကျောက်တော်ဆေးရုံသို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က သယ်ဆောင်လာစဉ်။ဓာတ်ပုံ - ဖြူစင်မေတ္တာပရဟိတအသင်း ကျောက်တော်မြို့နယ်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဒီနှစ် ဇူလိုင်လ ၁၈ ရက်ကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးသံတမန် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၀ ခုနှစ်နိုဝင်ဘာလကစလို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲခဲ့တာပါ။ ၂၀၂၂ ခုနှစ် မေလမှာတော့ စစ်ကောင်စီတပ်နဲ့ AA အကြား အပြန်အလှန်ဖမ်းဆီးမှုတွေဖြစ်လာပြီး နှစ်ဖက်တပ်တွေအကြား တင်းမာမှုတွေကနေ ဇူလိုင်လ ၁၈ ရက်မှာတော့ တိုက်ပွဲပြန်ဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်မှာ တစ်ကျော့ပြန်တိုက်ပွဲဟာ လေးလပြည့်ခဲ့ပါတယ်။ RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ ဒီလေးလအတွင်းဒေသခံ ၃၃ ဦးသေဆုံးပြီး ၇၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေက ရိုဟင်ဂျာကိုးဦး သေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

"တစ်ယောက် သေသွားတယ်။ တစ်ယောက်က ခြေထောက်မှာဒဏ်ရာရတယ်။ မိန်းမတစ်ယောက်က လက်မှာဒဏ်ရာရတယ်”

ဘူးသီးတောင်မြို့နယ်၊ သရက်ကင်းမနုရွာထဲကို နိုဝင်ဘာလ ၅ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရိုဟင်ဂျာအမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးကျည်နဲ့ ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“သရက်ကင်းမနုရွာထဲကို လက်နက်ကြီးကျတာ။ လက်နက်ကြီးကျပြီးတော့ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ကြာမှ လက်နက်ငယ်အသံတွေကြားတယ်။ တစ်ယောက် သေသွားတယ်။ တစ်ယောက်က ခြေထောက်မှာဒဏ်ရာရတယ်။ မိန်းမတစ်ယောက်က လက်မှာဒဏ်ရာ ရတယ်”

အောက်တိုဘာလ ၈ ရက်တုန်းကလည်း ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာက ဦးရှေကုလ်အစ္စလာမ်ဟာ နေအိမ်မှာပဲ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။

ဒီအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းကိုထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာတချို့ ရှိခဲ့တယ်လို့ ရိုဟင်ဂျာအရေးကူညီသူ ဦးအိစ္စလာမ်က RFA ကို ပြောပါတယ်။

“မိသားစုနှစ်စုကဒီဘက် (ကုတုပါလောင် ဒုက္ခသည်စခန်း) ကို ထွက်ပြေးခိုလှုံလာတာ ရှိတယ်။ သူတို့က မိသား စု နှစ်စုပါ။ တစ်စုမှာသုံးယောက်၊ နောက်တစ်စုမှာ လေးယောက် ပါ။ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲကြားမှာ အပြစ်မဲ့ပြည်သူတွေက သေဆုံးနေ တာကို ကျနော်တို့ နေ့တိုင်းတွေ့မြင်နေရပါတယ်။ အဲဒီအပေါ်မှာ အင်မတန်မှ စိတ်မကောင်းပါဘူး”

ဒီအပြင် ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာက ရိုဟင်ဂျာတစ်ထောင်နီးပါး အနီးနားကျေးရွာတွေကို ထွက် ပြေးတိမ်းရှောင်နေရသလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
 

ရိုဟင်ဂျာလူငယ်များအစည်းအရုံးတည်ထောင်သူ ကိုခင်မောင်ကတော့ ရိုဟင်ဂျာ ကျေးရွာတွေကို ဦးတည်ပြီးတိုက်ပွဲမဖော်ဖို့ တောင်းဆိုပါတယ်။

“ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေက ဘယ်ဘက်ကိုမှမလိုက်ဘဲနဲ့ ရိုးရိုးသားသား သူတို့တက်နိုင်သမျှ သူတို့ဝမ်းစာရှာစားနေကြရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီလိုဘဝနဲ့ရုန်းကန်နေရတဲ့ လူတစ်စုကို ဒီလို လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုကြားမှာ ညှပ်ပြီးတော့ အသက်ဆုံး (သေဆုံး) နေတာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒါဟာ လူမဆန်တဲ့လုပ်ရပ်ပါ။ အဲဒီတော့ နှစ်ဖက်စလုံးကို ကျနော်တို့ မေတ္တာရပ်ခံလိုတာက ရိုဟင်ဂျာကျေးရွာကို အခြေပြုပြီးတော့ တိုက်ပွဲအတွက် သားကောင်ဖြစ်အောင် မလုပ်ပါနဲ့”

နဂိုကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံစားနေရတဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေက ပိုပြီးထိခိုက်စေတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ရက္ခိုင့်တပ်တော်အနေနဲ့ မွတ်စလင်တွေကို ဦးတည်တိုက်ခိုက်တာ မရှိဘူးလို့ RFA ကို စက်တင်ဘာလအတွင်းက ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်ပြည်နယ်က ဒေသခံတွေ တိုက်ပွဲတွေကြောင့် ထိခိုက် သေဆုံးနေတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက ဘင်္ဂလားဒေရှ့်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ်လို့ ပြောဆိုနေပါတယ်။

မောင်တောမြို့နယ် ဂြစ်ချောင်းရွာမှ ဒဏ်ရာရလူနာများအား စစ်တွေဆေးရုံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ - မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း)

ရသေ့တောင်မြို့နယ်က ဒေသခံရိုဟင်ဂျာတစ်ဦးကလည်း လက်ရှိ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေတောင် ကျေးရွာတွေနဲ့ နေအိမ်ခြံဝန်းတွေထဲမှာ ဗုံးခိုကျင်းတွေ တူးထား ရတယ်လို့ RFA ကို ပြောပါတယ်။

“အခုကလေ ကျနော်တို့ရွာထဲမှာ ဗုံးတွေမထိခိုက်အောင် အုတ်ပုံနဲ့တော့ (ဗုံးခိုကျင်း) တည်ထားတယ်လေ။ စပါးအိတ်နဲ့ပေါ့။ ကျနော်တို့ နေဖို့အတွက်ပေါ့။ အစီအစဉ် လုပ်ထားတာရှိတယ်။ အခုချိန် ကျနော်တို့နေတဲ့နေရာမှာ တိုက်ပွဲဖြစ်ရင် စပါးတွေရှိသေးတယ် (စပါးမရိတ်ရသေး)။ မိုးသောက်ခါ (မိုးလင်းခါနီးဆိုရင်) လက်နက်ကြီးသံ ကြားနေရတယ်”

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံ ရိုဟင်ဂျာခုနစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေမှာ အခုချိန်အထိ နေထိုင်နေရဆဲဖြစ်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံအစီအစဉ် တွေအတိုင်း ရခိုင်ပြည် နယ်က နေရပ်စွန့်ခွာသူတွေကို စိစစ်လက်ခံဖို့ အဆင်သင့်ရှိတယ်လို့ နိုဝင်ဘာလ ၁၈ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒုက္ခသည်အရေးလှုပ်ရှားသူတွေကတော့ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ကြောင့် ရိုဟင်ဂျာတွေ အပါအဝင် ဒေသခံ အရပ်သားတွေ သေဆုံးထိခိုက်မှုမြင့်တက်နေလို့ ဒုက္ခသည်တွေ နေရပ်ပြန်လာဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */