" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 29, 2022

ARSA ခေါင်းဆောင်နှင့် အခြားသူများကို ဘင်္ဂလားဒေ့ရှ် အမှုဖွင့်

ဧရာဝတီ
By Muktadir Rashid
29 November 2022 

အောက်တိုဘာလက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုအတွင်း ရာဇဝတ်မှုနှင့် စစ်သွေးကြွ သံသယရှိသူများကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးစဉ် / AFP 
 
ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအရာရှိတဦး သေဆုံးရသည့် ယခုလအစောပိုင်းက မြန်မာနယ်စပ်တွင် အပြန်အလှန်ပစ် ခတ်မှုနှင့် ပတ်သက်ပြီး ရိုဟင်ဂျာ စစ်သွေးကြွအုပ်စုတခုမှ လူ ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စုံစမ်းစစ်ဆေးနေ သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က ဘန်ဒါဘန် တောင်တန်းခရိုင်မှ မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ထောက်လှမ်းရေးတပ်ဖွဲ့များ ညွှန်ကြားရေးမှူးချုပ်ရုံး (DGFI) မှ အရာရှိ ရစ်ဇ်ဝန် ရပ်ရှ်ဒီ သေဆုံးခြင်းနှင့် လျှပ်တ ပြတ် တိုက်ခိုက်ရေးတပ်မှတဦး ဒဏ်ရာရခြင်းအတွက် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) စစ်ဘက် အကြီးအကဲ အတော်လာ အဘူ အမ်မာ ဂျန်နန်နီနှင့် အခြားသူ ၆၅ ဦးအား စုံစမ်းစစ်ဆေးမှုကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စတင်လိုက်သည်။

သတ်ဖြတ်မှု၊ အခြား ထိခိုက်နာကျင်စေမှု အမှုများဖြင့် ကော့ဘဇားမှ ထောက်လှမ်းရေးအရာရှိ မိုဟာမက် အန်န ဝါ ဟိုစိန်က အသက် ၄၈ နှစ်အရွယ် အတော်လာ၊ အခြားသူ ၃၁ ဦးနှင့် အခြားအမည်မဖော်ပြသူ ၃၅ ဦးတို့ကို စွဲဆို ခြင်းဖြစ်သည်။

မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်အခြေစိုက်သော ARSA သည် ပါကစ္စတန်မှ အစ္စလမ်မစ် အုပ်စုများနှင့် အဆက် အသွယ်ရှိပြီး ရိုဟင်ဂျာ အခွင့်အရေးများအတွက် တိုက်ခိုက်နေသည်ဟု ဆိုသည်။ ထိုအဖွဲ့သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှ စစ်တပ်နှင့် ရဲစခန်း ၂၄ ခုကျော်ကို တပြိုင်နက် ချိန်ကိုက်တိုက်ခိုက်ခဲ့သည်။

ထိုအမှုတွင် အူစတက် ခါလက်၊ မော်လန်နာ မော့စတာဖာ၊ ဒေ မိုဟာမက်နှင့် မော်လဗီ အရစ်ဖ် အာမက်တို့ကို လည်း သံသယရှိသူများအဖြစ် ဖော်ပြထားသည်။

ဒေ မိုဟာမက်က သူ့ကို မည်သည့်အတွက် ထိုအမှုတွင် ထည့်သွင်းရသနည်းဟု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မေး ခွန်းထုတ်သည်။

“အမှားအယွင်းဖြစ်တာ။ ကျနော့်မိတ်ဆွေ အရစ်ဖ်ကိုလည်း ဖော်ပြထားတယ်။ ကျနော်တို့က ဘင်္ဂလားဒေ့ရှ် အစိုးရ နဲ့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်တယ်” ဟု သူကပြောသည်။

အတော်လာသည် နိုင်ခရံချာရီမှ ဂန်ဒန်အနီး နယ်စပ်တွင် နေထိုင်သည်ဟု ဆိုသည်။

“အမှုကို စွဲတင်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်” ဟု ချက်တိုဂရမ်မှ ရဲအရာရှိ အန်နဝါ ဟိုစိန်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောသည်။ မည်သည့် ဖမ်းဆီးမှုကိုမျှ မလုပ်ဆောင်သေးပေ။

ထိုစဉ်က ပစ်ခတ်မှုဖြစ်စဉ် အုပ်စုမှူး ရစ်ဇ်ဝန်၏ မှတ်ပုံတင်ကတ်နှင့် ကြိုးမဲ့ ဆက်သွယ်ရေးစက် ပျောက်ဆုံးနေ သည် ဟု ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးက ပြောသည်။

စစ်ဘက်ရဟတ်ယာဉ်မောင်းသူ ရစ်ဇ်ဝန်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ကိုနာပါရာ-တန်ဘရူ နယ်စပ်တွင် စစ်ဆင် ရေး အပြီး နာရီအတန်ကြာ၌ သေဆုံးလျက်တွေ့ရသည်။

ရစ်ဇ်ဝန်သည် မေလကစတင်ပြီး အထက်ပါ ထောက်လှမ်းရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း အာဏာ ပိုင်များက ပြောသည်။

ထိုကိစ္စအတွက် ဒါကာက ARSA နှင့် ဆက်စပ် လက်နက်ကိုင် အုပ်စုတခုကို စွပ်စွဲသည်။

အပြန်အလှန်ပစ်ခတ်စဉ် အသက် ၂၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး ဆာဂျီဒါ ဘီဂမ် သေဆုံးသွားကြောင်း ရိုဟင် ဂျာ လူမှုအသိုက်အဝန်း ခေါင်းဆောင်များက ပြောသည်။ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွင် သူ၏အမည်ကို ဖော်ပြ ထားခြင်း မရှိပေ။

မကြာသေးမီက ဖွဲ့စည်းလိုက်သည့် အာရကန် ရိုဟင်ဂျာ အမျိုးသားမဟာမိတ် (ARNA) လူ့အခွင့်အရေး အုပ်စုက လည်း ရာဇဝတ် မူးယစ်ဂိုဏ်းများ၏ သတ်ဖြတ်မှုများကို ယခုအပတ်အတွင်း ရှုတ်ချခဲ့သည်။

ARSA က တစုံတရာပြောကြားခြင်း မပြုပေ။

ARSA သည် ကော့ဘဇားရှိ ဒုက္ခသည် စခန်းများမှ သတ်ဖြတ်မှုများ၊ တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများ အ တွက် တာဝန်ရှိကြောင်း အောက်တိုဘာလ နှောင်းပိုင်းတွင် ထောက်လှမ်းရေး အစီရင်ခံစာတစောင်က ဖော်ပြ သည်။

လက်နက်များကို တမ်ဘရူနယ်စပ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခိုးသွင်းနေကြောင်းနှင့် ရဲစခန်းတခု ထူထောင် ရန် လိုကြောင်း ထိုအစီရင်ခံစာက ဖော်ပြသည်။

ယခုနှစ် သြဂုတ်လမှ အောက်တိုဘာလအတွင်း တိုက်ခိုက်မှု ၃၀ တွင် ARSA သည် ဒုက္ခသည်များအကြား အ ကြောက်တရားဖန်တီးရန် ပစ်ခတ်ခြင်း၊ ခုတ်ထစ်ခြင်းနှင့် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက်ခြင်းတို့ကို လုပ်ဆောင်ကာ ရိုဟင်ဂျာများကို သတ်ဖြတ်၊ ထိခိုက်စေသည်ဟု ဖော်ပြထားသည်။

“နယ်စပ်တလျှောက်မှာ ARSA အဖွဲ့ဝင် အနည်းငယ်ရှိနေတဲ့ လက္ခဏာတွေ့နေရတယ်။ ဒါကြောင့်မို့ ကျနော် တို့က နယ်စပ်ပိတ်ထားတာ” ဟု ပြည်ထဲရေးဝန်ကြီး အဆာဒတ်ဇမန် ခန်းက နိုဝင်ဘာလ အစောပိုင်းတွင် Daily New Age သို့ ပြောသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လက စတင်သည့် ရိုဟင်ဂျာများကို စစ်ဆင်ဖြိုခွဲမှုကြောင့် ရိုဟင်ဂျာ တသန်းနီးပါး မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကာ အခြား ရိုဟင်ဂျာထောင်ပေါင်းများစွာနှင့် ဒုက္ခသည် စခန်းများတွင်သွား ရောက် နေ ထိုင်ရသည်။ အများစုသည် နယ်စပ်တလျှောက်တွင် ခိုလှုံနေဆဲဖြစ်သည်။

(ဒါကာမြို့အခြေစိုက် ဧရာဝတီသတင်းထောက် Muktadir Rashid မှ ပေးပို့သော Bangladesh Launches Police Probe on ARSA Chief and Others Over Intelligence Officer’s Death ကို ဘာသာပြန်သည်။)

You may also like these stories:


Topics: ARNA, ARSA, ဒုက္ခသည်, ဘင်္ဂလားဒေ့ရှ်, ဘင်္ဂလားဒေ့ရှ်နယ်စပ်, ရာဇဝတ်မှု, ရိုဟင်ဂျာ, အကြမ်းဖက်မှု

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */