" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 28, 2022

မြန်မာနိုင်ငံရဲ့ ခေတ္တဘုရင်ခံဖြစ်ခဲ့သူ ဆာဂျေအေ မောင်ကြီး


ကိုလိုနီခေတ် အင်္ဂလိပ်လက်ထက် (၁၉၃၀-၁၉၃၁ ခုနှစ်အတွင်း) မြန်မာ တိုင်းရင်းသားတွေထဲက မြန်မာပြည်ရဲ့ ပထမဆုံးဘုရင်ခံ ဆာဂျေအေ မောင်ကြီး (Sir Joseph Augustus Maung Gyi) ဟာ မော်လမြိုင်သားတစ်ယောက်ဖြစ်ပါတယ်။

ဆာဂျေအေမောင်ကြီးကို မွန်တိုင်းရင်းသား အနွယ်တွေဖြစ်ကြတဲ့ ဦးခင်နှင့် ဒေါ်ရင်တို့မှ ၁၈၇၁ ခုနှစ် ဒီဇင် ဘာ လ ၁၂ ရက်နေ့တွင် မော်လမြိုင်မြို့မှာ မွေးဖွားခဲ့ပါတယ်။
 
ငယ်နာမည်မှာ မောင်ကြီး ဖြစ်သော်လည်း ကျောင်းနေ စဉ်ကာလ အင်္ဂလိပ်ကျောင်း (စိန်ပေါကျောင်း) ဖြစ်သော ကြောင့် ဂျေအေမောင်ကြီးဖြစ်ခဲ့ရတာပါ။ ဂျေအေမောင်ကြီး ဆိုတဲ့စကားမှာ ဂျိုးဇက် အော်ဂပ်စတပ် မောင်ကြီးဖြစ်သည်။

သူ့ရဲ့ဖခင် ဦးခင်ဟာ ရန်ကုန်မြို့ ဗူးလော့ဘုရားသား ကုမ္ပဏီမှာ အလုပ်လုပ်ရာ အင်္ဂလိပ်ကုန်သည်လောကမှာ ထင်ရှားပြီး သြဇာရှိတဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်။
 
၁၈၈၄ ခုနှစ် – ဂျေအေမောင်ကြီး အသက် ၁၃ နှစ် အရွယ်မှာ စိန့်ပေါလ်ကျောင်းကနေ ဆယ်တန်းစာမေးပွဲအောင် မြင်ခဲ့ပြီး ရန်ကုန်ကော လိပ်မှာ ဆက်လက် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
 
အဲဒီကမှ တဆင့် ဂျေအေမောင်ကြီးဟာ ၁၈၈၆ ခုနှစ်မှာ အင်္ဂလန်ကို ပညာသင်ထွက်ခွာ ခွင့်ရရှိခဲ့ပြီးတော့ လန် ဒန်မက်ထရစ် စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက် စိန့်မေရီကောလိပ်၊ အောက်စ်ဖို့ဒ်တက္ကသိုလ်၊ ဘရပ်ဆဲကောလိပ် တို့မှာ ဆက်လက်ပညာသင်ယူခဲ့ပါတယ်။
 
ထိုမှတဆင့် လန်ဒန်ဂရေးအင်း ဥပေဒသင်တန်း ကျောင်းသို့ တက်ရောက်ခဲ့ပြီး ဘာရစ်စတာဥပဒေ ဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၉၀၀-၀၁ မှာ အင်္ဂလန်ကနေ မြန်မာပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ဂျေအေမောင်ကြီး ဟာ ရန်ကုန်မြို့မှာ ၁၁နှစ်ကြာ ဝတ်လုံအလုပ်နဲ့ အသက်မွေးဝမ်း ကျောင်းပြုခဲ့ပါတယ်။

၁၉၁၁ ခုနှစ်မှာတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဗြိတိသျှသစ်ကုမ္ပဏီရဲ့ ဥပဒေအကြံပေးလုပ်ရင်း ထိုင်းနိုင်ငံ ချင်းမိုင် လန်ပန်းမြို့က ဒေါ်ဖွားမေနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဂျေအေမောင်ကြီးနဲ့ ဇနီးဒေါ်ဖွားမေတို့မှ တစ်ဦးတည်းသောသမီး ဒေါ်ခင်မြင့်ကို ဖွားမြင်ခဲ့ပါတယ်။

၁၉၁၄ခုနှစ်မှာ ဂျေအေမောင်ကြီးတို့မိသားစု မြန်မာပြည်ကိုပြန်လာခဲ့ကြပါ တယ်။

အဲဒီကာလမှာလည်း ဂျေအေမောင်ကြီးဟာ ဝတ်လုံအဖြစ်ပဲ ဆက် လက်အသက်မွေးခဲ့ပါတယ်။ ၁၉၁၇ ခုနှစ်မှာတော့ ဗြိတိသျှအစိုးရက ဂျေအေမောင်ကြီးကို ဘုရင်ခံရဲ့ အတိုင်ပင်ခံရာထူးခန့်အပ်လိုက်ပါတယ်။
 
အဲဒီအချိန်ကစပြီး ဂျေအေမောင်ကြီးဟာ ဝတ်လုံလောကကနေ နိုင်ငံရေးလောကကို ရောက်ရှိခဲ့ပါတယ်။
၁၉၂၁ ခုနှစ်မှာ ဝိုက်ကော်မတီ ရောက်ရှိလာစဉ် စစ်ဆေးခံခဲ့ပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံခဲ့ရစဉ်မှာ သစ် တောရေးရာဝန်ကြီး ရာထူး လက်ခံရရှိခဲ့ပါတယ်။

၁၉၂၃ ခုနှစ်မှာ အရှေ့ပိုင်းအမတ်နှစ်နေရာအတွက် ရွေးချယ်တဲ့အခါမှာလည်း ငါးထောင်စား အမတ်ဖြစ်ခဲ့ပါတယ်။

သစ်တောရေးရာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ် ကာလမှာ သစ်တော ဌာနတိုး တက်အောင် စွမ်းဆောင်ခဲ့ပါတယ်။

၁၉၂၄-၂၆ခုနှစ်များမှာတော့ ဂျေအေမောင်ကြီးဟာ ဟိုက်ကုတ်တရားသူကြီး၊ ၁၉၂၆ ခုနှစ်မှာတော့ ပြည်ထဲရေးဝန်ကြီးချုပ် ရာထူးတွေရရှိခဲ့ပါတယ်။

၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ ဗြိတိသျှအစိုးရက ဂျေအေမောင်ကြီးကို ကေဒီအိုင် ခေါ် ဆာဘွဲ့ (Knight Bachelor) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒါကြောင့် ဆာဂျေအေမောင်ကြီးလို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။၁၉၃၀
 ပြည့်နှစ် သြဂုတ်လမှာ မြန်မာပြည်ဘုရင်ခံ ဆာ ချားလ်စ်အင်းနစ် ကျန်းမာရေးအခြေအနေကြောင့် အင်္ဂလန်ကို ပြန်သွားတာကြောင့် ဆာဂျေအေမောင်ကြီးကို ခေတ္တဘုရင်ခံ ရာထူး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ခေတ္တဘုရင် ခံလို့ဆိုပေမယ့် ဘုရင်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လုပ်ဆောင်ခဲ့ရတာပါ။

ထိုနှစ်မှာပဲ သာယာဝတီမြို့ ဒါဘာပွဲမှာ တောင်သူလယ် သမားတွေရဲ့ မြေတော်ခွန်လျှော့ချရေးအသနားခံလွှာကို ပယ်ချခဲ့တာကြောင့် ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားပုန်ကုန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နာမည်ကျော်ခဲ့တဲ့ ၉၁ဌာန အုပ်ချုပ်ရေး ကာလမှာလည်း (၁၉၃၂-၂၄) သစ်တောရေးဝန်ကြီး (ပူးတွဲ) ပညာရေးဝန်ကြီးဖြစ်ခဲ့ပါတယ်။
 
၁၉၃၄ ခုနှစ် လွှတ်တော်မှာ သံဃာ့ဝိနိစ္ဆယဥပဒေကျမ်းကို တင်သွင်းခဲ့ပေမယ့် မဲခွဲ ဆုံးဖြတ် ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၃၆ခုနှစ်မှာလည်း ဥပဒေပြု ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ဒါပေမယ့် ၁၉၃၇ ခုနှစ်ကနေ ၁၉၄၀အထိ ဘုရင်ခံက ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ အမတ်အဖြစ်ဆောင်ရွက်ခဲ့ရပြီး ၁၉၄၀-၁၉၄၂ မှာ အထက်လွှတ်တော်ဥက္ကဌဖြစ်ခဲ့ပါတယ်။ ဂျပန်ခေတ်မှာတော့ နိုင်ငံရေးလော ကမှ အနားယူခဲ့ပါတယ်။

နိုင်ငံရေးလောကမှ အနားယူပြီးချိန်ကနေ ကွယ်လွန်ချိန်ထိ ဘာသာရေးနှင့် စာပေများကိုသာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဆာဂျေအေမောင်ကြီး ဟာ အင်္ဂလန်မှာ နေစဉ်ကတည်းက ပန့်(ချ)လို့ခေါ်တဲ့ အင်္ဂလိပ် မဂ္ဂဇင်း မှာ ဆောင်းပါးတွေ ကဗျာတွေ ရေးသားခဲ့ပါတယ်။ မြန်မာမှုကို မြတ်နိုးပြီး ဒေါက်တာစတူးဝပ်နဲ့အတူ မြန်မာ့ဇာတ်သဘင်အ ကြောင်းသုတေသန စာတမ်းတစ်စောင် ရေးသားခဲ့ပါသေးတယ်။

ဆာဂျေအေမောင်ကြီးဟာ ဘာသာစကား ၅ မျိုးကိုလဲ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ပါတယ်။

ဗုဒ္ဓသာသနာတော်ကို စွဲမြဲစွာ ယုံကြည်ခဲ့ပြီး နေအိမ်မှာ ဘုရားခန်းကို ကြီးကျယ်စွာထားလေ့ရှိပြီးတော့ ဘုရင်ခံဘဝကတည်းက တစ်နေ့ကို ဂုဏ်တော်တစ်ထောင် ပုတီးစိပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
 
သထုံမြို့၊ ဇင်းကျိုက်တောင်မှာလည်း ရှစ်တောင်မြင့်တဲ့ တင်ပျဉ်ခွေ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဝိနည်း ပိဋကတ်တော်တွေကို သေချာစွာလေ့လာပြီး လယ်တီဆရာတော်ကြီးရဲ့ ပိဋကတ်မြန်မာပြန် လုပ်ငန်းများကို များစွာအကူအညီပေးခဲ့ပါတယ်။

အင်္ဂလန်မှာပညာ သင်ကြားစဉ်ကာလတုန်းကလည်း အင်္ဂလိပ်အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျဖူးပါသေးတယ်။

သံဃဝိနိစ္ဆယ ဥပဒေကြမ်းကို ဥပဒေပြုလွှတ်တော်မှာ တင်စဉ်က မလိုသူတွေ က ဆာဂျေအေမောင်ကြီးကို ခရစ် ယာန်လို့ စွပ်စွဲကြပေမယ့် တကယ်တမ်း မှာတော့ ဆာဂျေအေမောင်ကြိးဟာ ငယ်စဉ်ကတည်းက ကွယ်လွန်တဲ့ထိ ဗုဒ ္ဓအယူဝါဒကို အလွန်ရိုသေကိုင်းရှိုင်းခဲ့သူဖြစ်ပါတယ်။

နိုင်ငံရေးက အနားယူတဲ့ အခါ ဗုဒ ္ဓအယူဝါဒကို အထူးလေးစားပြီး သူ့အိမ်ရဲ့ အိမ်ဦးခန်းကို ဘုရားရှိခိုး ခန်းပြု လုပ်ပြီး နေ့စဉ်ဝတ်ပြုခဲ့ပါတယ်။

မကွယ်လွန်ခင်တစ်လလောက်ကစပြီး မူးမေ့လဲရာကနေ ဆရာဝန်ကြီးတွေနဲ့ ကုသပေမယ့် အသက်အရွယ် ကြီး ရင့်လာပြီဖြစ်လို့ သက်သာရာမရဘဲ ၁၉၅၅ခုနှစ် မတ်လ ၉ ရက် (၁၃၁၆ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်) အသက် ၈၃နှစ်မှာ ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းက နေအိမ်မှာပဲ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

#crd_to_owner Zaw page
#နော်ဂဲလယ်ထူး (စာပေပရဟိတ)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */