" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 12, 2022

ရက္ခိုင်ပြည်နိုင်ငံရေးအလှုပ်အယမ်းနှင့် နောက်ထပ်စစ်ပွဲ တစ်ခု ဖြစ်နိုင်ခြေ

tni
12 October 2022

နစက အစိုးရ နှင့် ရက္ခိုင့်တပ်တော်ကြားတွင် အလွတ်သဘောအပစ်အခတ်ရပ်စဲမှု (de facto ceasefire) လုပ်ထားသော ရက္ခိုင်ပြည်ထဲတွင် တင်းမာမှုများမှာ မြင့်တက်လျက်ရှိသည်။ အမြင်အားဖြင့်ပြောရလျှင် လွန်ခဲ့ သောနှစ် စစ်အာဏာသိမ်းပြီးကတည်းက စတင်ဖြစ်ပေါ်လာသော တစ်နိုင်ငံလုံးအတိုင်းအတာ မတည်မငြိမ်မှု များ နှင့် ရက္ခိုင်ပြည်ထဲ၌ အတိုင်းအတားတစ်ခုထိ တည်ငြိမ်မှုမှာ ပြောင်းပြန်ဖြစ်လျက် ရှိသည်။ 
 
ယခုရေးသားချက်တွင် ကျော်လင်းမှ ပြောင်းလဲနေသော အခင်းအကျင်းများကို ဆန်းစစ် ထားပြီး၊ နှစ်ဖက်ထိပ် တိုက်တိုးမှုများ ခပ်စိပ်စိပ်ရှိလာသော် လည်း ပြင်းထန်သော အကန့်အသတ်မဲ့ အဆုံးအဖြတ်တိုက်ပွဲများအတွက် နှစ်ဖက်စလုံးမှ အဆင် သင့်မဖြစ်သေးကြောင်း ဆိုထားသည်။ သို့သော် လက်တုန့်ပြန်တိုက်ခိုက်မှုများမှာ မြင့် တက် လျက်ရှိပေသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ပြည်တွင်း စစ်ဘေးရှောင်စခန်းတစ်ခု/ ဓါတ်ပုံ-TNI / Photo credit TNI

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား အလွတ်သဘောအပစ်အခတ်ရပ်စဲမှုအပြီး လပေါင်း (၂၀) ခန့်အကြာ တွင် ရက္ခိုင်ပြည်၏ လူမှု-နိုင်ငံရေးတည်ငြိမ်မှုမှာ ဆိုးရွားစွာကျဆင်းလျက်ရှိပြီး၊ ဒေသခံ ပြည်သူလူထုများမှ လည်း အနာဂတ်အတွက် စိုးရိမ်ပူပန်ကြလျက်ရှိသည်။ ၂၀၂၁ ဖေဖော်ဝါရီ တွင် နစကမှ စစ်အာဏာသိမ်းမှု ကြောင့် သာမက ရက္ခိုင်ပြည်တွင်းတွင် ယခု အပစ်အခတ်ရပ်စဲပြီးချိန်မှစပြီး အပြောင်းအလဲပေါင်းများစွာလည်း ဖြစ်ပေါ်နေခဲ့သည်။ ယခုအချိန်တွင် နှစ်ဖက် လက်နက်ကိုင် အုပ်စုများမှလည်း ၎င်းတို့၏ စစ်ရေးနှင့်နိုင်ငံရေး အကျိုးစီးပွါးများကို ပြန်လည်တွက်ချက်နေကြပြီ ဖြစ်ပါသည်။ အပြန်အလှန် လက်တုန့်ပြန်မှုများကိုလည်း ခပ် စိပ် စိပ်တွေ့လာရသည်။ အဆိုပါ အခင်းအကျင်းမျိုးကို ရက္ခိုင်ပြည်၏ ရှေးဟောင်းမြို့တော်နှင့် လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်ခဲ့သော မြောက်ဦးတွင် ရက္ခိုင့်တပ်တော်မှ မြန်မာအစိုးရဝန်ထမ်း စသုံးလုံးအဖွဲ့ဝင် ၃ ယောက်ကို ဖမ်းဆီးပြီး နောက် နစက မှ ဒေသခံ ၃၀ ခန့်ကို တုန့်ပြန် ဖမ်းဆီးခြင်းတွင်လည်း တွေ့နိုင်ပေသည်။

အဆိုပါ အဖြစ်အပျက်မတိုင်ခင်ကတည်းက နစက နှင့် ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးဦးသျှောင် အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကြားတွင် တင်းမာမှုများမှာ သိသိသာသာ မြင့်တက်နေသည်ကို တွေ့ရသည်။ အစောပိုင်း ရက်ပိုင်းများအတွင်း နစက၏ စစ်နှင့်ရဲတပ်ဖွဲ့ဝင်များကို ကျောက်တော်၊ ပုဏ္ဏာကျွန်း၊ နှင့် မြောက် ဦးမြို့နယ် တိမ်ညိုတွင်သာမက တောင်ဖက်မြို့နယ်ဖြစ်သော ရမ်းဗြဲတွင်လည်း ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးခဲ့ သည်ကိုတွေ့ရပေသည်။ လွန်ခဲ့သော ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /ရ က္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် စစ်ရေးအဖွဲ့ဝင်များကို နစကဖက်မှ ဒေ သတလွှားတွင် ဖမ်းဆီးခဲ့မှုများကြောင့် ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အ ကယ်၍ နစက မှ ဆန္ဒရှိလျှင် အကျဥ်းသားလှဲလှယ်ရေး လုပ်နိုင်သည်ဟုလည်း ဆိုခဲ့ပါသည်။ ဦးခိုင်သုခ၏ ပြော ကြားချက်အရဆိုလျှင် ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ နစကအစိုးရမှ အလွတ်သဘော အပစ်အခတ်ရပ်စဲရေး၏ ကတိကဝတ်ဖြစ်သော လက်နက်မကိုင်ဆောင်ထားသော၊ စစ်ဝတ်စုံ မဝတ်ဆင်ထားသော နှစ်ဖက်အဖွဲ့ဝင်များ ကို မဖမ်းဆီးရဟူသော အချက်ကို ချိုးဖောက်သောကြောင့် ထပ်တူတုန့်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်းမှာပင် ၎င်းက ရက္ခိုင်ပြည်တွင်း နောက်ထပ်စစ်ပွဲတစ်ခုမှာ အချိန်မရွေးဖြစ်လာနိုင် ပြီး၊ တတိယလူမှတဆင့် ညှိနှိုင်း ဆောင်ရွက်မှုများမှာလည်း အလုပ်မဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

ပြည်သူလူထုမှ အဆိုပါ အခြေအနေအရပ်ရပ်ကို သတိထားစောင့်ကြည့်လျက်ရှိသည်။ သို့သော် လွန်ခဲ့သော လ ပိုင်းများအတွင်းတွင်လည်း သိသာသည့် အပြုသဘောတိုးတက်မှုများဖြစ်မလာဘဲ၊ ယခုကဲ့သို့ အပြန်အလှန် ဖမ်း ဆီးမှုများမှာလည်း ရက္ခိုင်ပြည်နိုင်ငံရေးတွင် ပိုမိုနက်ရှိုင်းစွာ ဦးတည် ပြောင်းလဲနေသော အခြေအနေများ၏ အပေါ်ယံအစိတ်အပိုင်းများသာ ဖြစ်ပုံရပါသည်။ ပိုအရေးကြီး သော အချိန်အခါတစ်ခုမှာလည်း ကျရောက်လို့ လာပါသည်။

သံသယဖြင့် အပစ်အခတ်ရပ်စဲမှုတစ်ခု

၂၀၂၀ နိုင်ဝင်ဘာလတွင် ရက္ခိုင်ပြည်ထဲတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြားတွင် အလွတ် သဘော အပစ်အခတ်ရပ်စဲမှု တစ်ခုဖြစ်လာသောအခါ ပြည်တွင်း၊ ပြည်ပမှ လူများစွာကို အံအား သင့်စေခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသော အဆိုပါ အပစ်အခတ် ရပ်စဲမှုသည် တခြားသူများအတွက် အချိန်အခါကောင်းတစ်ခု မဟုတ်သကဲ့သို့ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုထွက်ပေါ်လာမှသာ မြန်မာစစ် တပ်ခေါင်းဆောင်များ၏ အပစ်အခတ်ရပ်စဲမှုကို လက်ခံရခြင်း ရည်ရွယ်ချက်အမှန်ကို များစွာသော လေ့လာ စောင့် ကြည့်သူများအား သိစေခဲ့သည်။ အဆိုပါ အပစ်အခတ်ရပ်စဲမှု မတိုင်ခင်ကတည်းကဆိုလျှင်မြန်မာစစ်တပ် ခေါင်းဆောင်များမှ ရက္ခိုင်ပြည်ထဲတွင် ရက္ခိုင့်တပ်တော်၏ တည်ရှိမှုကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ကြပြီး၊ ၎င်းတို့၏ အဖြူရောင်နယ်မြေသတ်မှတ်ချက်အရ စစ်ရေးနည်းလမ်းဖြင့် အမြစ်ပြတ်ခြေမှုန်းရန်သာ အသည်း အသန်ကြိုးဖမ်းခဲ့ကြသည်။ မြန်မာစစ်တပ်ခေါင်းဆောင်များမှ အဖြူရောင်နယ်မြေသည် အစိုးရ ထိမ်းချုပ်သော နယ်မြေ အဖြစ်မှတ်ယူပြီး၊ အနက်ရောင်နယ်မြေသည် သူပုန်ထိမ်းချုပ်သောနယ်မြေ ဖြစ်ကာ ရှင်းလင်းရေးလုပ် ဆောင်ခြင်းဖြစ်သည်။

၂၀၂၁ ‌ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုပြီးကတည်းက နစက ခေါင်းဆောင်များသည် နည်းလမ်း အမျိုးမျိုးကို အ သုံးပြုပြီး ရက္ခိုင်ပြည်နိုင်ငံရေးထဲတွင် အမြတ်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ နိုင်ငံရေးနယ်ပယ်ထဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီများဖြစ်သော ရခိုင်အမျိုးသား ပါတီ(ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP)တို့ကြား ပါတီအကွဲအပြဲကို အခြေပြုလုပ်ဆောင်ခဲ့သည်။ ရက္ခိုင်ပြည်ထဲ လူထုထောက်ခံမှုကို ကိုယ်တွယ် ရန် နစကအုပ်ချုပ်ရေးအဖွဲ့ထဲတွင် AFP ပါတီဝင် တစ်ဦးကို ခန့်အပ်ခဲ့ပြီး၊ AFP ပါတီခေါင်းဆောင် ဒေါက်တာ အေး မောင်ကိုလည်း အကျဥ်းထောင်မှ လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်မှုသည် နစကအုပ်ချုပ်ရေး (အထူ းသဖြင့် NLD ကိုအကြိုက် နည်းသော ရက္ခိုင်ပြည်မြောက် နှင့် အလယ်ဖက်တွင်) အထောက်အကူပြုခဲ့ပြီး၊ စစ် အာဏာသိမ်းပြီး နောက် နိုင်ငံ့တခြားဒေသများနှင့် နှိုင်းယှဉ်လျှင် မြို့ပေါ်ဒေသများတွင် လူထုဆန့်ကျင်မှု သိသိ သာသာ နည်းပါးစေခဲ့သည်။

အဆိုပါ နိုင်ငံရေးနယ်ပယ်ထဲမှ အပြောင်းအလဲများအပြင် ရက္ခိုင်ပြည်ထဲ၌ ရက္ခိုင့်တပ်တော်နှင့် အပစ်အခတ်ရပ် စဲထားခြင်းသည်လည်း နစကအစိုးရအတွက် ရက္ခိုင်ပြည်နှင့် ပြင်ပနေရာများတွင် ရင်ဆိုင်ရမည့် လုံခြုံရေးနှင့် နိုင်ငံရေးစိန်ခေါ်မှုများကိုပါ လျော့ကျစေခဲ့သည်။ စစ်အာဏာသိမ်းပြီး ကတည်းက နိုင်ငံ့တခြားဒေသများတွင် ဖြစ်ပေါ်ခဲ့သော မတည်မငြိမ်မှုများနှင့် နိုင်းယှဥ်လျှင် ရက္ခိုင်ပြည် ထဲတွင် လုံခြုံရေးအခြေအနေများမှာ သိသာစွာ တည်ငြိမ်နေခဲ့သည်။ ဆိုလိုသည်မှာ မြန်မာစစ်တပ် ခေါင်းဆောင်များအနေဖြင့် ၂၀၂၀ အပစ်အခတ်ရပ်စဲမှု မတိုင် ခင်အထိ စစ်ရေး၊ လုံခြုံရေးအားဖြင့် ခေါင်းစားခဲ့ရသော ရက္ခိုင်ဒေသကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် များ စွာ စိတ်ပူပန်အာရုံစိုက်စရာ မလိုခဲ့ခြင်းလည်း ဖြစ်ပါသည်။ အဆိုပါ အခြေခံအနေအထားများကို အတည်ပြုပြီး မြန်မာစစ်တပ် ခေါင်းဆောင်များသည် ရက္ခိုင့်တပ်တော်ကို ထိမ်းချုပ်ရေးနည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ၊ တဖက်တွင် နိုင်ငံရေးနှင့် စီးပွါးရေးအကျိုးအမြတ်ကို ရက္ခိုင်ပြည်ထဲမှ ရနိုင်သမျှ စုတ်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံ အနောက်ဖက်တွင်ရှိသော ရက္ခိုင်ပြည်သည် မြန်မာစစ်တပ်ခေါင်းဆောင်များအတွက် တရုတ် နိုင်ငံ ယူနယ်ပြည် နယ်အထိဆက်သွယ်ထားသော သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လှိုင်းအပါအဝင် တခြား သော စီးပွါးရေးဝင်ငွေ လမ်းကြောင်းများအတွက်လည်း အရေးပါပေသည်။

တဖက်တွင် မြန်မာစစ်တပ်ခေါင်းဆောင်များသည် ပြင်းထန်သော စစ်ပွဲများဖြစ်ပြီးနောက် ရက္ခိုင့် တပ်တော်ကို ထိမ်းချုပ်ရန် စစ်ရေးနည်းလမ်းတစ်ခုတည်းဖြင့်သာမက တခြားသော နည်းလမ်းများကို လည်း ထည့်သွင်းစဥ်း စား လာသည်။ အဆိုပါ နည်လမ်းများမှာ ရက္ခိုင်ပြည်ထဲတွင်သာမက ရက္ခိုင့် တပ်တော်တပ်ဖွဲ့ဝင်များအခြေစိုက် မှုများသော ချင်းပြည် ပလတ်ဝ‌ဒေသတစ်လျှောက်လုံးတွင် စစ်နှင့် ရဲ လုံခြုံရေးလက်တံများကို ပြန်လည်တည် ဆောက်ခြင်း၊ ထောက်လှမ်းရေးနှင့် သတင်းစုဆောင်းရေးကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာ ဒေသရပ် ကျေးအုပ်ချုပ်ရေးမှူးများကို ULA အာဏာပိုင်များနှင့် ပူးပေါင်းဆောင်မှုမပြုလုပ်ရန် ခြိမ်းခြောက်ပြီး အုပ်ချုပ်ရေး ယန္တရားများကို ပြန်လည်ထူထောင်ခြင်း၊ နှင့် ၎င်းတို့၏ လွှမ်းမိုးမှုနယ်ပယ်အတွင်းတွင် ရှိသော ULA အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး လုပ်ဆောင်ချက် များကို ခြိမ်းခြောက်ခြင်း တို့လည်းပါဝင်ပါသည်။

ထိုကဲ့သို့ လုပ်ဆောင်အကောင်အထည်ဖော်သော အဓိက နယ်မြေများမှာ ရက္ခိုင်ပြည်မြောက်ဖက် မြို့ပေါ်ဒေသ များနှင့် ယခင် စစ်ပွဲများအတွင်းမှ ရက္ခိုင့်တပ်တော် လှုပ်ရှားမှုများစွာမရှိခဲ့သော ရက္ခိုင်ပြည် တောင်ဖက်မြို့ နယ် များဖြစ်သော ကျောက်ဖြူ၊ ရမ်းဗြဲ နှင့် တောင်ကုတ်မြို့နယ်များ အဓိက ပါဝင်သည်။ တချိန်တည်းမှာပင် နစက စစ်တပ်သည် အင်အားကို တည်ဆောက်ရင်း ရက္ခိုင်ပြည်တွင်းနှင့် ပြည်ပ ကုန်သွယ်ရေးနှင့် ခရီးသွားလာခြင်းတို့ ကို လည်း ကန့်သတ်မှုအမျိုးမျိုးပြုလုပ်ထားပေသည်။ အကျိုး သက်ရောက်မှုများမှာ အပစ်အခတ်ရပ်စဲရေးလုပ် ထား သော်လည်း ဒေသခံလူထုမှာ ပိုမိုခက်ခဲသော စီးပွါးရေးနှင့် လုံခြုံရေးအခြေအနေများနှင့် ဆက်လက်ရင် ဆိုင်နေရခြင်းပင်ဖြစ်သည်။

မလွဲသာမရှောင်သာပင် ထိုကဲ့သို့ အခြေအနေများမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်များ အတွက်လက် မခံနိုင်စရာ ဖြစ်လာခဲ့သည်။ အပစ်အခတ်ရပ်စဲမှုလုပ်ပြီး လပိုင်းများအကြာ၊ ၁၂ နှစ် မြောက် ‘ရက္ခိုင့်တပ်တော်’ မွေးနေ့တွင် ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ‘တိုင်းပြည်တည်ဆောက်ရေး’ (Nation-Building) နှင့် ‘နိုင်ငံတော်တည်ဆောက်ရေး’ (State-Building) သည် ၎င်းတို့၏ အခြေခံလုပ်ငန်းဆောင်တာ များဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရက္ခိုင့် တပ်တော် ခေါင်းဆောင်များမှ မြေပြင်အခြေအနေများကို ပိုမိုလျှင်မြန်စွာ ပြီးမြောက်စေလိုဟန်တူ သည်။ ၃ နှစ်တာခန့် ပြင်းထန်သော တိုက်ပွဲများကို ကြုံတွေ့ခဲ့ပြီး၊ ကြီး မားသော ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရသော ရက္ခိုင်ပြည်ထဲတွင် ရက္ခိုင့်တပ်တော်ခေါင်းဆောင်များမှ ပြန်လည် တည်ဆောက်ရေး ကို ဦးစားပေးလုပ်ကိုင်ခြင်း၊ ရွှေ့ပြောင်းဒုက္ခသည်များကို ပြန်လည်နေရာချခြင်း၊ အခြေခံအ ဆောက် အအုံသစ်များတည်ဆောက်ခြင်း နှင့်‌ ဒေသခံလူထုအတွက် လူမှု-စီးပွါးဘဝဖွံ့ဖြိုးတိုးတက်ရေးကို လုပ် ဆောင်ခြင်းတို့ဖြင့် ရက္ခိုင်ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းလုပ်ဆောင်လိုဟန်တူသည်။

အဆိုပါ အခြေခံယူဆချက်များကြောင့်ပင် နီပွန်ဖောင်ဒေးရှင်းဥက္ကဌ နှင့် မြန်မာနိုင်ငံဆိုင်ရာ တိုင်းရင်းသားဖွံ့ဖြိုး တိုး တက်ရေးသံတမန်ဖြစ်သူ ဆာဆာကာဝါ (Yohei Sasakawa, Japan’s Goodwill Ambassador for the Welfare of the National Races in Myanmar and Chairman of the Nippon Foundation) ၏ အခန်း ကဏ္ဍ ကို ရက္ခိုင်ပြည်တွင်း အပစ်အခတ်ရပ်စဲမှုတွင် သိသာစွာ မြင်တွေ့ခဲ့ကြရခြင်းလည်းဖြစ်ပါသည်။ သို့သော် အပစ်အခတ် ရပ်စဲမှုပြီး လပိုင်းအကြာတွင်တော့ အခြေအနေများမှာ ULA ခေါင်းဆောင်များ ဆန္ဒရှိခဲ့သကဲ့သို့ ပြောင်းလဲခြင်း မရှိခဲ့ပေ။ ရက္ခိုင်ပြည် တောင်ဖက်ဒေသများသို့ ULA အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်း များ ကို ဖြိုခွင်းရန် ကြိုးစားရင်း ဒေသတစ်ဝှမ်းလုံးတွင် နစကအစိုးရမှ ခရီးသွားလာခွင့်နှင့် ကုန်သွယ်ရေးကန့် သတ်မှုများကို တိုးမြှင့်ချထားခဲ့သည်။

အဆိုပါအကြောင်းအရာများနှင့် ပတ်သတ်၍ လွန်ခဲ့သော ဇွန်လ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ သတင်းစာရှင်း လင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ယခုကဲ့သို့ ပြောကြားခဲ့သည်။

“ကျနော်တို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် အနေနဲ့ နစကအစိုးရရဲ့ ယခုလို ရန်လို မနှစ် မြို့ဖွယ် လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေရခြင်းဟာ ရက္ခိုင်ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းရင်း ပြည် သူများအတွက် ပိုမိုလွတ်လပ်ပြီး၊ ကောင်းမွန်သော လူမှု-စီးပွါးအခြေအနေတွေကို လိုချင်လို့ဖြစ်ပါတယ်။ ဒါပေ မယ့် တကယ်လို့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ကျနော်တို့ သည်းခံနိုင်တာထက် ပိုပြီး ရန်လိုလာခဲ့ မယ်ဆို ရင် ကျနော်တို့ကြားထဲမှာ ပိုမို ဆိုးရွားတဲ့ အခြေအနေ တစ်ခုကို ဦးတည်သွားနိုင်တယ်လို့ “ ပြောကြားခဲ့သည်။

တပြိုင်နက်တည်းမှာပင် ရက္ခိုင်ပြည်တွင်းရှိ လူအများအပြားမှလည်း “ဒီလို အလွတ်သဘော အပစ် အခတ်ရပ်စဲ ရေး က ငါတို့အတွက် ဘာတွေ ရလို့လဲ” ဟူသော မေးခွန်းများကိုလည်း မေးလာကြပေသည်။

ရက္ခိုင်ပြည်တွင်းအပစ်အခတ်ရပ်စဲပြီး တခြားနေရာများတွင် စစ်တိုက်ခြင်း

(၁၂) နှစ်မြောက် ‘ရက္ခိုင့်တပ်တော်နေ့’ တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ လူမှု-နိုင်ငံရေး အပြောင်းအလဲများအတွက် ၎င်းတို့တွင် “ရက္ခိတလမ်းစဥ်” ရှိသောကြောင့် ရက္ခိုင်ပြည်တွင်းတွင် ပြည်သူ့အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) နှင့် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှု (သို့) စစ်အာဏာရှင်ဆန့်ကျင်သော လှုပ် ရှားမှုများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော်အနေဖြင့် မလိုလားဟု ပြောဆိုခဲ့သည်။ ထိုအချိန်က တည်းက ရက္ခိုင်ပြည်တွင်းနှင့် ပြင်ပရှိ လူများစွာမှ “ရက္ခိတလမ်းစဥ်” ဟူသည် မည်သည်ကိုဆိုလိုသည် နှင့် တစ် နိုင်ငံလုံးအတိုင်းအတာ အားဖြင့် ရှုပ်ထွေးသော နိုင်ငံရေးအခင်းအကျင်းအောက်တွင် ရက္ခိုင်ပြည်တွင်း ပြည်သူ့-နိုင်ငံရေး လှုပ်ရှာမှုများကို အဆိုပါ အယူအဆအရ မည်ကဲ့သို့ လမ်းညွန်မှုပေးနိုင်မည်ဆိုသည်ကို စိတ်ဝင်စားလာ ကြသည်။

တကယ်တော့ “ရက္ခိတလမ်းစဥ်” နှင့် ပတ်သတ်လျှင် သေချာကျစ်လစ်ပြီး၊ တရားဝင်တစ်ခုတည်း အားဖြင့် ချပြ ထားသည်မျိုးကို တိကျစွာ မသိရသေးပေ။ သို့သော် ULA/AA ခေါင်းဆောင်များ၏ အင်တာဗျူးများနှင့် ပြောကြား ချက်များကို အခြေခံ၍ပြောရလျှင် “ရက္ခိတလမ်းစဥ်” ဟူသည် “တခြားသော အတွေးအခေါ် (သို့) နိုင်ငံရေးစံ တန်ဖိုးနှင့်မူဝါဒများထက် ရက္ခိုင်ပြည်သူလူထု၏ အမျိုးသားအကျိုးစီးပွါးကို အခြေခံထားသော အတွေးအခေါ် တစ်ရပ်” အဖြစ် အတိုချုပ်သတ်မှတ်နိုင် ပေသည်။ အဆိုပါ အတွေးအခေါ်အယူအဆကို အခြေပြုပြီး စစ်အာဏာ သိမ်းမှုပြီးကတည်းက ULA/AA ခေါင်းဆောင်များသည် လမ်းကြောင်းသစ်တစ်ခုဖြင့် စတင်ပုံဖော်ခဲ့ခြင်းလည်း ဖြစ်ပေ သည်။ ယနေ့ အချိန်ထိလည်း အပစ်အခတ်ရပ်စဲပြီးကတည်းက အဆိုပါ လမ်းကြောင်းသည်ပင် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်နှင့် အကျိုးစီးပွါးကို အကောင်အထည်ဖော်ရန် ပိုကောင်းသည်ဟု ယူဆထားကြ ပေသည်။

သို့သော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မကြာသေးခင်က ပြောကြားခဲ့သော် မိန့်ခွန်းတွင် မတူညီသော လေသံ တစ် မျိုး ကိုလည်း တွေ့ရပေသည်။ လွန်ခဲ့သော ၂ လခန့်၊ ရက္ခိုင့်တပ်တော် (၁၃) နှစ်ပြည့် မွေးနေ့တွင် ၎င်းက “ရဲ ဘော် တို့၊ ဗဟိုက အမိန့်ပေးသည်နဲ့ တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြ” ဟု ပြောကြားခဲ့သည်။

အဆိုပါ အခိုက်အတန့်သည်ပင် ရက္ခိုင့်တပ်တော်အပေါ် အာရုံစိုက်မှုများစွာ ခံခဲ့ရသော အချိန်ဖြစ်သည်။ ထိုနေ့ မှာ ပင် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (National Unity Government-NUG) နှင့် တခြားသော တစ်ဒါဇင်ကျော်သော လက်နက်ကိုင်အဖွဲ့များအပြင် မြန်မာအမျိုးသားဒီမိုကရေစီ မဟာ မိတ်တပ်မတော် (ကိုး ကန့်)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့မှ ULA/AA ကို ဝမ်းမြောက်ကြောင်း သဝံလွှာများ ပေး ပို့ခဲ့ကြသည်။ သတိထားစရာကောင်းသည်မှာ အဆိုပါအဖွဲ့ အများစုကြီးသည် စစ်အာဏာသိမ်းပြီးမှ ထူ ထောင်ကြသော အဖွဲ့များဖြစ်ပြီး၊ နိုင်ငံ့တခြားဒေသများ တွင် လက်နက်ကိုင်တိုက်ပွဲဝင်နေကြသော အဖွဲ့များ လည်းဖြစ်ပါသည်။ အဆိုပါအဖွဲ့များမှာ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ကျောင်းသားလက်ရုံး တပ် တော်၊ ပြည်သူ့တော်လှန်ရေး မဟာမိတ် (မကွေး)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်၊ အချို (ချင်း) ကာကွယ်ရေးတပ်မတော်၊ မရာကာကွယ်ရေးတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်မတော် (မင်းတပ်) တို့ဖြစ်ပါ သည်။ အဆို ပါ အဖွဲ့များမှ ထုတ်ပြန်သော ကြေညာချက်တစ်ချို့တွင် ရက္ခိုင့်တပ်တော်မှ စစ်ရေးသင်တန်းနှင့် လက်နက် ခဲယမ်းများထောက်ပံ့ခဲ့သည်ဟု ဆိုထားပါသည်။

ပြောရလျှင် အဆိုပါ ကိစ္စမှာ ရက္ခိုင့်တပ်တော်နှင့် နစက ဆန့်ကျင်ရေးလှုပ်ရှားမှုကြား တစ်ခုတည်းသော ဆက် နွယ်ချက် မဟုတ်သေးပေ။ စစ်အာဏာသိမ်းပြီးကတည်းက တခြားလူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့များနှင့်အတူ ကချင်နှင့် ရှမ်းမြောက်ဒေသ ရှေ့တန်းနယ်မြေများတွင် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ ဝင်များ ပူးပေါင်းပါဝင်တိုက် ခိုက်နေသည်ဟူသော သတင်းများမှာ ဆက်တိုက်ထွက်ပေါ်လျက်ရှိသည်။ မကြာသေးခင်ကဆိုလျှင် ကရင်အမျိုး သားအစည်းအရုံး ထိမ်းချုပ်နယ်မြေထဲတွင် ဇူလိုင်လအစောပိုင်း က နစကလေတပ်မှ တိုက်ခိုက်မှုကြောင့်ရက္ခိုင့် တပ်တော်တပ်ဖွဲ့ဝင် (၆) ဦး ကျဆုံးသွားခဲ့သည်။ မူအား ဖြင့်ပြောရလျှင် ကရင်အမျိုးသားအစည်းအရုံးသည် မြန် မာစစ်တပ်နှင့် ၂၀၁၂ ကတည်းက (စတင်ခဲ့သော) အပစ်အခတ်ရပ်စဲရေးလုပ်ထားပြီး၊ ထိုကဲ့သို့ လေကြောင်း တိုက် ခိုက်မှုမှာ ရန်လိုသည့် အပြုအမူတစ်ခု အဖြစ် ယူဆကြပေသည်။ သို့သော် ရက္ခိုင်ပြည်ပြင်ပတွင်ရှိသော ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်အာဏာသိမ်းပြီးကတည်းက အမှန်ကတယ်အပစ်အခတ်ရပ်စဲခဲ့ သည်မျိုး မဟုတ်ခဲ့ပေ။

အဆိုပါ နောက်ခံကြောင်းများကြောင့်ပင် နစကနှင့် ULA/AA ခေါင်းဆောင်များကြား ဆက်ဆံရေးမှာ ရှေ့မတိုး နိုင် ဖြစ်နေပြန်သည်။ နစကမှ ဖေဖော်ဝါရီလအတွင်း နေပြည်တော်တွင် ကျင်းပသော (၇၃) နှစ် မြောက်ပြည် ထောင်စုနေ့တွင် ၎င်းတို့၏ ဖမ်းဆီးခံအဖွဲ့ဝင်များလွတ်မြောက်ရေးအတွက်ဟု ဆိုကာ အနိမ့်တန်း ULA ကိုယ် စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ သို့သော် မေလအတွင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ ကမ် းလှမ်းသော ငြိမ်းချမ်းရေးဖိတ်ကြားချက်ကို ULA/AA ခေါင်းဆောင်များမှ ငြင်းပယ်လိုက်သည်။ 
 
“ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးညှိ့နှိုင်းရေးကော်မတီ” (FPNCC) ထဲမှ ULA/AA ၏ အဓိက မဟာမိတ်နှစ်ဖွဲ့ဖြစ် သော ‘ဝပြည်စည်းလုံးညီညွတ်ရေးတပ်မတော်’ (UWSA) နှင့် ‘အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်’ (NDAA) တို့မှ တက်ရောက်ရန် ရွေးချယ်ခဲ့ကြ သော်လည်း ULA/AA အနေဖြင့် ၎င်းတို့ ငြင်းဆန်ရခြင်းအကြောင်း အရင်းကို လူသိရှင်းကြား ထုတ်ပြန်သည်မျိုး မရှိခဲ့ပေ။ သို့သော် ULA အတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင် ၏ အလွတ် သဘော တုန့်ပြန်တစ်ခုမှာ လူမှုမီဒီယာထက်တွင် ပေါ်ပေါက်ခဲ့သည်။ ၎င်းက “လူမျိုးစု အခွင့်အရေး နှင့် ပတ်သတ်ပြီး နစက၏ မူဝါဒများမှာ မပြောင်းလဲသေး” ဟု ဆိုသည်။ ထိုကဲ့သို့ နစကနှင့် ဆက်ဆံရေး ဝေး ကွာနေစဥ်မှာပင် မေလနှောင်းပိုင်း NUG နှင့် ULA ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် NUG မှ ULA/AA ဦးဆောင်သော “ရက္ခိုင်ပြည်သူ့အစိုးရ” အား အသိအမှတ်ပြုထားသော ကြေညာချက်တစ်ခု ထွက်ပေါ်လာ ပေသည်။

ထိုကဲ့သို့ အဖြစ်သနှစ်များကြောင့် ရက္ခိုင်ပြည်နိုင်ငံရေးတွင် ထင်မြင်ချက်များ မြင့်တက်လာခဲ့သည်။ လွန်ခဲ့သော (၂) နှစ်တာ ကာလအတွင်း အပြောင်းအလဲများမှာ မြန်ဆန်လှပြီး၊ ULA/AA မှ ရွေးချယ် ထားသော လမ်းကြောင်း သည်လည်း နစက ခေါင်းဆောင်များကို အမျက်ဒေါသ ထွက်စေပါလိမ့်မည်။ သို့သော် ULA သည် SAC ကို ဆန့် ကျင်ပြီး၊ NUG ဖက်တွင် လုံးဝ ရပ်တည်နေသည်ဟု ပြောရန် စောလွန်းပါသေးသည်။ ၎င်းအနေဖြင့် SAC နှင့် NUG အုပ်စုနှစ်ခုကြားအားပြိုင်မှုတွင် “အစိုးရ” တစ်ခုကို ရွေးချယ်မှုမပြုလုပ်ရန်သာ ဖြစ်နိုင်ခြေများပါသည်။ အ ဆိုပါရပ်တည်မှုအား နားလည်ရန်မှာ SAC (သို့) NUG ဟူသော နှစ်ခုထဲက တစ်ခု ရွေးချယ်မှုအယူအဆမျိုးမ ဟုတ်ဘဲ ပြင်ပ နိုင်ငံရေးဗဟိုတစ်ခုခုထက် “ရက္ခိုင်အမျိုးသားအကျိုးစီးပွါး” အပေါ်တွင်သာ အခြေခံထားသော “ရက္ခိတလမ်းစဥ်” အပေါ်အခြေခံ မှသာ ဖြစ်ပါသည်။

ရိုဟင်ဂျာအကျပ်အတည်း- စိန်ခေါ်မှုဟောင်းနှင့် မေးခွန်းသစ်များ


ယခုကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေအောက်တွင် ရက္ခိုင်ဒေသရှိ ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့် ပတ်သတ်သော မေးခွန်းများကို ဖြေဆိုရန်မှာ ပိုမိုခက်ခဲလာသည်။ နစက အစိုးရသည် နောက်ကွယ်မှ ပါဝင်နေသည်ဟု စွပ်စွဲ ထားသော အဖြစ်အပျက်များကြောင့် တင်းမာမှုများမြင့်တက်လာရာ ဇွန်လ (၂၁) ရက်နေ့တွင် ULA/AA မှ ထုတ် ပြန်ချက်တစ်စောင်ဖြင့်၊ ရက္ခိုင်ပြည်အတွင်း အသိုင်းအဝိုင်းကြား ပဋိပက္ခနောက်တစ်ကြိမ်မဖြစ်စေရန် သတိပေး ထုန်ပြန်ခဲ့သည်။ အဆိုပါ အဖြစ်အပျက်များတွင် မောင်တောမြောက်ပိုင်း၌ ရခိုင်ကျောင်းဆရာ၊ ဆရာမ (၂) ဦး အား ပြန်ပေးဆွဲပြီး၊ တာကာငွေ ၅ သန်းနှင့် ပြန်ရွေးခိုင်းကာ တစ်ပတ်အကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းတွင် လွှတ် ပေးလိုက်သောဖြစ်ရပ်နှင့် ပေါက်တောမြို့နယ်အတွင်း ရိုဟင်ဂျာလူငယ်တစ်ယောက်ကို နောက်ပြန် ကြိုး တုတ်၊ ကျောက်တုံးဖြင့် ဖိပြီး၊ အနိုင်ကျင့်ဗိုလ်ကျခဲ့သော ဖြစ်ရပ်များပါဝင်သည်။ ဆက်တိုက်ဆိုသလို ULA/AA ခေါင်း ဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ အာဆာအဖွဲ့သည် ပြန်ပေးဆွဲမှုနောက်ကွယ်တွင် ပါဝင်နေပြီး၊ ထိုကဲ့သို့ လုပ် ဆောင်မှုမှာ ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကိစ္စနှင့် ရက္ခိုင်ပြည်တွင်း အသိုင်း အဝိုင်း များကြား လူမှုသဟဇာတနှင့် ယုံကြည်မှုမြှင့်တင်ရေးလုပ်ဆောင်ချက်များကို များစွာအနှောင့် အယှက်ဖြစ်စေ သည် ဟု ပြောဆိုခဲ့သည်။

သို့သော် အခုအခြေအနေများမှာ ၂၀၁၂ အခြေအနေများနှင့် များစွာကွာခြားသွားနှင့်ပါပြီ။ အသိုင်းအဝိုင်း နှစ်ခုစ လုံးကြားရှိ အင်အားရှိသော အစုအဖွဲ့များ ကိုယ်၌က ၎င်းတို့အနေဖြင့် ထိုကဲ့သို့ အကြမ်းဖက်မှုကို နောက်တစ် ကြိမ်ဖြစ်ခွင့်မပေးနိုင်သလို၊ ထိုကဲ့သို့ ဖြစ်ခဲ့ပါက လူ့အသိုင်းအဝိုင်းများ ရန်တိုက်ကာ ‘ခွဲခြားအုပ်ချုပ်’ လိုသော နစက နည်းလမ်းများကိုသာ ပိုအကျိုးပြုစေလိမ့်မည်ဟု လက်ခံထားကြသည်။ တစ်ချိန်တည်းမှာပင် ရက္ခိုင်ပြည် တွင်း အသိုင်းအဝိုင်းများကြား ပြန်လည်သင့်မြတ်ရေးဖြစ်စဥ်သည် ပြီးပြည့်စုံသော ကိစ္စရပ်တစ်ခုမဟုတ်သေး သ လို၊ ရက္ခိုင်ပြည်အနာဂတ်နှင့် ပတ်သတ်၍ ဘုံကျသော ရေရှည်အမြင်လည်း မရှိကြသေးပေ။

မကြာသေးခင်က ထုတ်ဝေခဲ့သော နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ၏ အစီရင် ခံစာတွင် ရက္ခိုင်ပြည်နိုင်ငံရေးနှင့် ပတ်သတ်၍ အချက်များစွာကို ဖော်ပြထားပြီး၊ အလွတ်သဘော အပစ်အခတ်ရပ်စဲရေး ကို ပုံမှန်အဖြစ်အတည်ပြုပြီး၊ ရိုဟင်ဂျာပြန်လည်လက်ခံရေး ကိစ္စကို စတင်ရန် ထောက်ပြထားသည်။ ငြိမ်းချမ်း ရေးနှင့် ပြန်လည်လက်ခံရေးကိစ္စတို့တွင် SAC, ULA နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံအစိုးရတို့ကြားတွင် သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးမှုကို အခြေခံထားသော ICG ၏ အကြံပြုချက် သည် ကြိုဆိုစရာကောင်းလှပါသည်။ သို့သော် တခြား တစ်ဖက်တွင် နိုင်ငံရေးမတည်မငြိမ်ခြင်း မြင့်တက်လာမှုနှင့် ဖြစ်စဥ်တစ်လျှောက်လုံးတွင် ပါဝင်လာနိုင် သော အင်အားစုနှင့် အသိုင်းအဝိုင်း အသီးသီးကြားတွင် ဘုံနားလည်မှု ကင်းမဲ့နေခြင်းတို့ကြောင့် ထိုကဲ့သို့ ထိရှလွယ် သောကိစ္စကို အကောင် အထည်ဖော်ရန်မှာ စိန်ခေါ်မှုများစွာရှိနေနိုင်ပေသည်။

နောက်ထပ် အသိုင်းအဝိုင်းပဋိပက္ခတစ်ခု ဖြစ်ပွါးခြင်းကို ရှောင်ရှားလိုကြသော်လည်း မြေပြင်တွင် မတူညီသော အမြင်များလည်းရှိနေပြန်ပါသည်။ ဥပမာအားဖြင့် စစ်အာဏာသိမ်းပြီးကတည်းက ရိုဟင်ဂျာ အသိုင်းအဝိုင်းနှင့် ပတ်သတ်သော ဗမာလူထု၏ အမြင်မှာ များစွာပြောင်းလဲသွားသကဲ့သို့ NUG ၏ ကြေငြာချက်တွင်လည်း တွေ့ နိုင်သည်။ သို့သော် အဆိုပါပြောင်းလဲသော အမြင်များသည် ULA/AA ခေါင်းဆောင်များနှင့် ရက္ခိုင်ပြည်တွင်းရှိ ရက္ခိုင်လူထု၏ အမြင်များနှင့် တူညီသည်ဟု ယူဆ၍မရပေ။ SAC နှင့် NUG ခေါင်းဆောင်တို့သည် ၎င်းတို့ အစိုးရ အသီးသီးအတွက် နိုင်ငံတကာထောက်ခံမှုရရှိရန် ရိုဟင်ဂျာကိစ္စကို ဖြေရှင်းခြင်းဖြင့် ကြိုးပမ်းနေသ ကဲ့သို့ပင် ULA/AA အနေဖြင့် ရိုဟင်ဂျာကိစ္စနှင့် တခြား လူမှု-နိုင်ငံရေးစိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားပြီး ဒေသတွင်း နှင့် နိုင်ငံတကာထောက်ခံမှုရရှိရန် ပိုကြိုးပမ်းလိုပုံရပါသည်။ SAC၊ NUG နှင့် ULA တို့သည် ရိုဟင်ဂျာကိစ္စနှင့် ပတ်သတ်လျှင် လွန်စွာမတူညီသော ဦးစားပေးမှုများနှင့် အမြင်များမှ ချဉ်းကပ်ကြ ပေသည်။

နိဂုံးချုပ်ရလျှင် ရိုဟင်ဂျာအကျပ်အတည်းအား ဖြေရှင်းရန် မတူညီသော အင်အားစုအသီးသီးကြားတွင် ပူးပေါင်း ဆောင်ရွက်မှုမှာလိုအပ်သလို၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည်ပင် ပြိုင်ဆိုင်နေသော အကျိုးစီးပွါးများကို မည်ကဲ့သို့ ပြုလွယ်ပြင်လွယ်ဖြစ်အောင် ညှိ့နိုင်းပေးနိုင်သနည်းဟူသော မေးခွန်း အပေါ်တွင်လည်း မူတည်နေ ပါသည်။ သို့သော် လက်ရှိအချိန်တွင်တော့ လွယ်ကူလှသော ကိစ္စရပ် မဟုတ်သေးပေ။

ရက္ခိုင်ပြည်တွင်း နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်နိုင်ခြေ

လတ်တလော အနေအထားအရ ရက္ခိုင်ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲများ နောက်ထပ်တစ်ကြိမ် ဖြစ်နိုင် ခြေ နှင့် မည်သို့မည်ပုံ ထွက်ပေါ်လာမည်ကို ခန့်မှန်းရန်ခက်ခဲလှပါသည်။ နိုင်ငံရေးသဘောတရား ထက် နှစ်ဖက်စ လုံး မှ ထည့်သွင်းစဥ်စားရန်လိုအပ်သော မဟာဗျူဟာမြောက် အကျိုးစီးပွါးများလည်း ရှိနေပြန်ပါသည်။ ရည် ရွယ်ချက် (intention) နှင့် ပြီးမြောက်နိုင်စွမ်း (capability) ဟူသော အချက်နှစ်ခုမှာ နှစ်ဖက်စလုံးအတွက် အ ရေးကြီးလှပါသည်။ အဆိုပါ အချက်နှစ်ခုမှာ နှစ်ဖက်အင်အား စုများကြား အင်အားပြိုင်ဆိုင်မှုတွင် အရေးကြီး သော အခန်းကဏ္ဍတွင်ပါဝင်ပြီး၊ တဖက်ဖက်မှ အင်အားကြီးလာခြင်းသည် အပြန်အလှန်အားဖြင့် ၎င်း၏ ရည် ရွယ်ချက်နှင့် ပတ်သတ်၍ တခြားတစ်ဖက် ကို သံသယစိတ်ဖြစ်စေပါသည်။ အင်အားစုတစ်ခုမှ အင်အားကြီး လာ ခြင်းသည်လည်း ၎င်း၏ ရည်ရွယ်ချက်နှင့် ရန်သူ၏ရည်ရွယ်ချက်ကိုလည်း အပြောင်းအလဲဖြစ်စေပါသည်။ ဤ သည်ပင် လက်ရှိ ရက္ခိုင်ပြည်စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်း၏ ကစားကွက်များလည်း ဖြစ်ပေသည်။

အဆိုပါ ဒဿနကို အခြေပြု၍ ပြောရလျှင် ရက္ခိုင်ပြည်တွင်း နောက်ထပ် စစ်ပွဲတစ်ကြိမ်မဖြစ်ပွါးစေရန် ဟန့်တား နေသည့်ကိစ္စမှာ အင်အားစုနှစ်ခုစလုံးအတွက် “စစ်ပွဲ မစ်ရှင်” ပျောက်ဆုံးနေခြင်းပင်ဖြစ်သည်။ လက်ရှိအနေ အ ထားအားဖြင့်ဆိုလျှင် ရက္ခိုင်ပြည်ထဲရှိ အင်အားစုနှစ်ခုစလုံးအတွက် မြေပြင်တွင် ကန့်သတ်လုပ်နိုင်စွမ်းသာ ရှိ သောကြောင့် နောက်ထပ်စစ်ပွဲဗျူဟာများ အသုံးပြုရာတွင် ခုခံမှုသဘော ပိုဆောင်ပြီး၊ လက်ရှိ အပစ်အခတ်ရပ် စဲရေးကို ပိုနေမြဲ-ကျားနေမြဲ အနေအထားရှိစေချင်ကြသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ ထွက်ပေါ်လာသော အပစ်အခတ်ရပ်စဲမှုမရှိသော ‘ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့’ နှင့် တခြား နစကဆန့်ကျင်သော လက်နက် ကိုင် အင် အားစုများနှင့်လည်း လက်ရှိ ရက္ခိုင်ပြည် အနေအထားသည် ထပ်တူကျရန် ခက်ခဲလှပါသည်။ အနှစ်ချုပ် ရလျှင် SAC နှင့် ULA ခေါင်းဆောင်တို့ အနေဖြင့် ယခုအခြေအနေမှ ကန့်သတ်မဲ့စစ်ပွဲတစ်ခုဆီသို့ ဦးတည်သွား မည် ဆိုလျှင် ရသည်ထက် ဆုံးရှုံးစရာက ပိုများသည်ဟု ယူဆကြဟန်တူပါသည်။

အကယ်၍ ကန့်သတ်မဲ့စစ်ပွဲသာ ပြန်လည်ဖြစ်ပေါ်လာခဲ့လျှင် ဥပမာအားဖြင့် ULA/AA အနေဖြင့် အနည်းဆုံး မြောက်ဖက် မြို့ပေါ်ဒေသတချို့နှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို “သိမ်းပိုက်-ထိမ်းချူပ်” (conquer and control) ရန်လိုအပ်သကဲ့သို့ SAC အနေဖြင့်လည်း ULA/AA ၏ အမာခံ ကျေးလက်ဒေသနှင့် တောင်ကုန်းတချို့ ကို မြန်မာစစ်တပ်၏ လုပ်နေကျ နည်းလမ်းအတိုင်း “နယ်မြေရှင်းလင်းရေး” (regional clearance) လုပ်ရန် လိုအပ်ပါလိမ့်မည်။ သို့သော် လက်ရှိ အနေအထားအားဖြင့်ဆိုလျှင် နှစ်ဖက်စလုံးမှ အဆိုပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကန့်သတ်လုပ်နိုင်စွမ်းသာရှိကြသည်ကို တွေ့ရပါသည်။ ULA/AA အနေဖြင့်ဆိုလျှင် ထိုကဲ့သို့ နယ်မြေအသစ်များကို ထိမ်းချူပ်နိုင်ရန် နည်းပညာသစ်၊ နှင့် အထူးလေ့ကျင့်ထားသော တပ်ဖွဲ့ဝင်များ လို အပ်သလို၊ စစ်ရေးထောက်ပံ့မှုများမှာလည်း အရေးကြီးလှပါသည်။ တဖက်မှာ SAC အနေဖြင့် လက်ရှိ ULA /AA အမာခံနယ်မြေများတွင် “ကြီးစိုးလွမ်းမိုးမှု” (domination) လုပ်မည်ဆိုလျှင် လက်ရှိအချိန်တွင် နိုင်ငံ့တခြား ဒေ သများတွင် တိုက်ပွဲများကျယ်ပြန့်နေစဥ်အတွင်း လုံလောက်သော တပ်သားအင်အားမပို့ ဆောင်နိုင်ခြင် ကြောင့် ပြင်းထန်သော ဆန့်ကျင်တိုက်ခိုက်မှု နှင့် ထောက်ပို့၊ ဆက်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများစွာ ကြုံတွေ့ရ နိုင်ပေသည်။

ထိုကဲ့သို့ ဖြစ်တည်မှုသည်ပင် ရက္ခိုင်ပြည်တွင်း ကန့်သတ်မဲ့စစ်ပွဲ ပြန်လည်ဖြစ်ပေါ်လာရေးသည် ဗမာပြည်မနှင့် နိုင်ငံတကာနယ်စပ်အနီးရှိ တခြားသော လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များကြား စစ်ရေးချိန်ခွင့်လျှာ အလှုပ်အ ယမ်း ပေါ်တွင်လည်း များစွာမူတည်နေပေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ပြည်တွင်းစစ်ထဲ နက် ရှိုင်းစွာ ကျရောက်လာစဥ်မှာ ရက္ခိုင်ပြည်အနေဖြင့် ခြွင်းချက်တစ်ခုအနေဖြင့် ရှိနေသေးပေသည်။ သို့သော် အ ဆိုပါ အချက်သည် လက်ရှိ အချိန်အတွင်း SAC နှင့် ULA ကြားတွင် လက်နက်ကိုင်တိုက်ပွဲများ မဖြစ်နိုင်ဟု ဆို လိုသည်မဟုတ်ပေ။ ပလက်ဝ နှင့် တခြားသော မဟာဗျူဟာအရ အရေးပါပြီး အငြင်းပွါးဖွယ်ရာ နေရာ များ တွင် “ကန့် သတ်စစ်ပွဲ” (limited war) များမှာ အချိန်မရွေးဖြစ်လာနိုင်သည်။ ၂၀၁၈-၂၀၂၀ ကာလအတွင်း ဖြစ်ပွါး သကဲ့သို့ လူ့အသက် ပေါင်းများစွာနှင့် ပြည်သူလူထု စည်းစိမ်များစွာလည်း ဆုံးရှုံးလာနိုင်ပြီး၊ ယခု ဖြစ်ပွါးမှုများ သည် အ ထူးသဖြင့် ရက္ခိုင်ပြည်မြောက်ပိုင်းဒေသများတွင် စစ်ပွဲသည် အဓိကကျသော မြို့နှင့် ကျွေးရွာများနှင့် ပို၍ နီးကပ်လာပေသည်။

လက်ရှိအချိန်ထိ ULA/AA အနေဖြင့် နစက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို နေရာများစွာတွင် ဖမ်းဆီးနေပြီး၊ နစက အနေဖြင့်လည်း ပုဏ္ဏားကျွန်း၊ ကျောက်တော် နှင့် မြောက်ဦးကဲ့သို့ အမျိုးသားရေးဝါဒ အခြေခိုင်သော နေ ရာများတွင် ULA/AA နှင့် ဆက်စပ်ပြီး၊ ထောက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် သံသယရှိသော အရပ်သား များ စွာကို ဖမ်းဆီးထားဆဲလည်းဖြစ်သည်။ တချို့ ဖမ်ဆီးခံရသူများကို ပြန်လွှတ်ပေးလိုက်သော်လည်း လက်ရှိအချိန် ထိ နစက အနေဖြင့် အနည်းဆုံး ဒေသခံ ၃၀ ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုဒ်မ (၅၀၅) ဖြင့်တရား စွဲထားသည်များလည်း ရှိသည်။ စပ်ကြားထိတွေ့တိုက်ပွဲများမှာ မကြာမကြာဖြစ်နေသကဲ့သို့ နစကမှ လေ ကြောင်း တိုက်ခိုက်မှု ကြောင့် ကရင်ပြည်ထဲတွင် တပ်ဖွဲ့ဝင် (၆) ယောက်ခန့် သေဆုံးသွားမှုကြောင့် မကြာသေး ခင်က မောင်တောမြို့နယ်ထဲတွင် ရက္ခိုင်တပ်တော်မှ တုန့်ပြန်တိုက်ခိုက်ခဲ့ရာ ဂဏန်းအချို့ခန့် သေဆုံးခဲ့ပြီး၊ ရဲနှင့် စစ်သား (၁၄) ယောက်ခန့် ဖမ်ဆီးခံရသည်။ ဒေသခံအသိုင်းအဝိုင်းကြားတွင် နောက်ထပ် အမျက်ထွက် စ ရာ တစ်ခုဖြစ်နေသည်မှာ ရခိုင်တိုင်းရင်းသားအစည်းအရုံး (Rakhine Ethnic Congress- REC) ၏ ဇွန်လ အစော ပိုင်း ထုတ်ပြန်ချက်တစ်ခုအရ SAC တပ်မှ ၎င်းတို့၏ စခန်းပြင်ပတွင် ထောင်ထားသော မိုင်း ပေါက်ကွဲမှုကြောင့် လွန်ခဲ့သော နှစ်အတွင်း အနည်းဆုံး အရပ်သား (၆) ဦးခန့် သေဆုံးပြီး၊ (၁၁) ဦးခန့် ဒါဏ်ရာပြင်းထန်စွာရခဲ့သော ကိစ္စဖြစ်ပါသည်။ ထိုကဲ့သို့ အဖြစ်သနစ်များ အားလုံးသည်လည်း ULA ခေါင်းဆောင်မှုကို နစက စစ်တပ်အား ပြန်လည်တိုက်ခိုက်ရန် တွန်းအားပေး နေပေသည်။

အများမှ စိုးရိမ်တကြီး စောင့်ကြည့်နေကြသကဲ့သို့ပင် ယခုအခြေအနေများအောက်တွင် ULA မှစတင် သည်ဖြစ် စေ၊ SAC မှစတင်သည်ဖြစ်စေ ကန့်သတ်မဲ့စစ်ပွဲများ ပြန်လည် ဖြစ်ပေါ်လာရန်မှာလည်း ကမ်းပါးစောင်းတွင် ရောက်ရှိနေပေသည်။ နိုင်ငံတကာအသိုင်းအဝိုင်းထဲတွင်ဆိုလျှင် ရက္ခိုင်ပြည်တွင်း ခန့်မှန်းရခက်သော အပြောင်း အလဲအလှုပ်အယမ်းများကို ကြိုးပမ်းစီမံနိုင်သော နိုင်ငံတစ်ခုသာလျှင်ရှိ ပါသည်။ အဆိုပါနိုင်ငံမှာ “တရုတ်နိုင်ငံ” ဖြစ်သည်။ မဟာဗျူဟာမြောက် နှင့် စီးပွါးရေး အကျိုးအမြတ် ကြောင့် တရုတ်အရာရှိများသည် မြန်မာ့နိုင်ငံရေး အင်အားစုတိုင်းနီးပါးနှင့် ဆက်ဆံမှုရှိသည်။

အနောက်နိုင်ငံအစိုးရများအတွက်ဆိုလျှင် အခြအနေမှာ တမျိုးတမည်ဖြစ်နေပေမည်။ သို့သော် ၎င်းတို့ အနေဖြင့် ရက္ခိုင်ပြည်တွင်း နောက်ထပ်စစ်ပွဲများကြား သက်သာစေရန် ကြိုတင်လုပ်ဆောင်နိုင်သည့် နည်းလမ်းများ လည်း ရှိနိုင်ပေသည်။ အနောက်နိုင်ငံအစိုးရများအနေဖြင့် နစက ခေါင်းဆောင်များ နှင့် ဆက်ဆံလုပ်ကိုင်ခြင်းသည် လူ တိုင်းမလိုလားကြသည့် စစ်အုပ်ချုပ်ရေးကို အသိအမှတ်ပြုရာ ရောက်သွားနိုင်ပေသည်။ ထို့ကြောင့် ၎င်းတို့ အ နေ ဖြင့် အကောင်းဆုံးလုပ်နိုင်သည်မှာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသများမှတဆင့် နယ်စပ်ဖြတ် ကျော် အ ရေးပေါ်ကူညီမှုများနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့နိုင်ရန် ပြင်ဆင်နိုင်ပေသည်။ ICG အဖွဲ့မှ ထောက်ပြထား သကဲ့သို့ နှစ်ဖက်အင်အားစုများကြားတွင် ပုံမှန်အပစ်အခတ်ရပ်စဲမှုတစ်ခု ဖြစ်သွား ခြင်း သည်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခုကို ရှောင်ရှားနိုင်သလို၊ ရိုဟင်ဂျာဒုက္ခ သည် များ ပြန်လည်ဝင်ရောက်လာရေးအတွက် အခွင့်အလမ်းများကိုလည်း ဖွင့်ပေးနိုင်ပေသည်။

သို့သော် အခုအချိန်သည် မြန်မာတစ်နိုင်ငံလုံးနှင့် ရက္ခိုင်ပြည်ထဲ ရှုပ်ထွေးလှသော စိန်ခေါ်မှုများကို နားလည် အောင် ကြည့်မြင်သင့်သည့် ကာလလည်းဖြစ်ပေသည်။ ပြည်သူလူထု၏ မျှော်မှန်းချက်၊ လိုအပ်ချက် နှင့် သဘေ ာထားအမြင်များကို ဦးထိပ်ထားရပေမည်။ တဖက်တွင် မြန်မာ့နိုင်ငံရေးတွင် လက်ရှိတိမ်းညွှတ်မှုသည် အနှုတ် သဘောဦးတည်ချက်သို့ ပိုအလေးသာနေပြီး၊ ရက္ခိုင်ပြည်အနာဂတ် သည်လည်း သတိထားစရာ အတိဖြစ်နေ ပေသည်။

ကျော်လင်းသည် ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံမဟာတန်း သင်ယူနေသော ဘွဲ့လွန်ကျောင်းသား တစ်ဦး ဖြစ် ပါသည်။ သူသည် ရန်ကုန်အခြေစိုက် အလွတ်တန်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး၊ “ငြိမ်းချမ်းရေး နှင့်စီမံအုပ်ချုပ်မူအင်စတီကျူ” ၏ ထူထောင်သူတစ်ဦးလည်း ဖြစ်ပါသည်။

* International Crisis Group, “Avoiding a Return to War in Myanmar’s Rakhine State”, Report 325, Asia, 1 June 2022.

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */