Wednesday, September 14, 2022

တိုင်းပြည်ပြုလွှတ်တော်ဥက္ကဋ္ဌဦးနုနှင့် လွှတ်တော်အမတ် ဗိုလ်ချုပ်အောင်ဆန်း

တိုင်းပြည်ပြုလွှတ်တော်ဥက္ကဋ္ဌဦးနုနှင့် လွှတ်တော်အမတ် ဗိုလ်ချုပ်အောင်ဆန်း

-လင်းအေး
(၂၅ -၄-၂၀၁၆)ကြေးမုံ

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်၍ ဗြိတိ သျှအစိုးရနှင့် ဆွေးနွေးပြီးနောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှနန်းရင်းဝန်အက်တလီ
(Mr. Clement Richard Attlee)နှင့်အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။

အောင်ဆန်း-အက်တလီစာချုပ် ပထမအပိုဒ်တွင်“မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့သည် မိမိတို့ နိုင်ငံ၏ အနာဂတ်အုပ်ချုပ်ရေးကို ဆောလျင်နိုင်သမျှ ဆောလျင်စွာ ဆုံးဖြတ်နိုင်စိမ့်သောငှာ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြည်ပြုလွှတ်တော်ကို ရွေးကောက်တင်မြှောက်စေ ရမည်”ဟု ဖော်ပြထားသည်။

အောင်ဆန်း-အက်တလီစာချုပ်သည် မြန်မာ့လွတ်လပ်ရေးအတွက်ကြိုတင်ပြင်ဆင်စီစဉ်မှုများ ပြုလုပ်နိုင်ရန် လုပ်ငန်းစဉ်များချမှတ်ထားသော စာချုပ်ဖြစ်သည်။

စာချုပ်ပါ သဘောတူညီချက်အရ တိုင်းပြည်ပြုလွှတ်တော်အတွက်ရွေးကောက်ပွဲကျင်းပ ရန် ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲကျင်းပပြီးလျှင် နိုင်ငံခြားသားမပါသော အာဏာအပြည့်အဝရရှိမည့် အမျိုးသားယာယီအစိုးရဖွဲ့ စည်းနိုင်မည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတစ်ပြည်လုံးအနှံ့အပြား အမြို့မြို့သို့သွားရောက်၍ ဖဆပလ အမတ်များအားမဲပေးကြရန် စည်းရုံးဟောပြော သည်။

တိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကျင်းပသည်။ စုစုပေါင်း အမတ် ၂၅၅ နေရာရှိရာလူမျိုးစုများအတွက် ၄၅ နေရာချန်လှပ်၍ကျန်သည့် ၂၁၀ နေရာအတွက် လူထုကရွေးကောက်တင်မြှောက်ကြရသည်။ ဖဆပလအဖွဲ့ချုပ်မှ အမတ်နေရာ ၂၄၈ နေရာ (၉၅ဒသမ ၃ ရာခိုင်နှုန်း)အနိုင်ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်(မြို့မ)လမ်းမတော်မြို့နယ်မှ ပြိုင်ဘက်မရှိ အရွေးခံရသည်။

တိုင်းပြည်ပြုလွှတ်တော်မကျင်းပမီ ရှေ့ပြေးအဖြစ် ဖဆပလပဏာမညီလာခံကို ၁၉၄၇ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိကျင်းပခဲ့သည်။ ပဏာမညီလာခံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းဆိုင်ရာ အဆို
ပြုချက် (၁၄)ချက်ကို အတည်ပြုပြဋ္ဌာန်းသည်။

အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမူများကိုပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်ရန်အတွက်တိုင်းပြည်ပြုလွှတ်တော် ပထမညီလာခံကို၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပသည်။

တိုင်းပြည်ပြုလွှတ်တော်ညီလာခံဖွင့်ပွဲနေ့တွင် သခင်မြက ယာယီသဘာပတိအဖြစ်ဆောင်ရွက်သည်။ ဇွန်လ ၁၃ ရက်နေ့တွင်သခင်နု(ဦးနု)အား လွှတ်တော်၏အမြဲတမ်းဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရန်လွှတ်တော်သို့ အဆိုလွှာနှစ်စောင်တင်သွင်းသည်။ ပထမအဆိုလွှာမှာ သခင်နုအားတင်မြှောက်ရန် ဦးအောင်ဆန်းက အဆို
တင်သွင်း၍ ညောင်ရွှေစော်ဘွားကြီးကထောက်ခံထားပြီး ဒုတိယအဆိုလွှာမှာလည်းသခင်နုကိုပင် မန်းဘခိုင်က အဆိုတင်သွင်း၍မစ္စတာဘားနဒ်က ထောက်ခံထားသောအဆိုလွှာဖြစ်သည်။ ဤသို့ဖြင့် သခင်နုသည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကန့်ကွက်သူမရှိတင်မြှောက်ခြင်းခံရသည်။

တိုင်းပြည်ပြုလွှတ်တော် ပထမညီလာခံ၏ စတုတ္ထနေ့(၁၆၊ ဇွန်၊ ၁၉၄၇)တွင် ဗိုလ်ချုပ် အောင်ဆန်းသည် “လွတ် လပ်သည့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတော်အတွက်ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
နှင့် ပတ်သက်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်”အဆိုကို လွှတ်တော်သို့ တင်သွင်းသည်။

ဗိုလ်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံလမ်းညွှန်မှုများအဖြစ်သတ်မှတ် ထည့်သွင်းရမည့် လမ်းညွှန်မှု (၇)ချက်ကို စိတ်အားထက်သန်စွာဖြင့် အချက်တစ်ချက်ချင်း အကျယ်တဝင့်ရှင်းလင်း၍အဆို တင်သွင်းသွားသည်။ ဗိုလ်ချုပ် အဆိုတင်သွင်းပြီးနောက် လွှတ်တော်ကို ခေတ္တနားပြီးနောက် လွှတ်တော်ပြန်စသည့်အခါလွှတ်တော်သို့တက်ရောက်လာသည့် တိုင်းပြည်ပြုလွှတ်တော်အမတ်များသည် ဗိုလ်ချုပ်၏အဆိုကို တစ်ဦးပြီးတစ်ဦး အားတက်သရောထောက်ခံဆွေးနွေးကြသည်။ လွှတ်တော်အစည်းအဝေးကုန်ဆုံးချိန် ညနေ ၄ နာရီ
အထိ ထောက်ခံဆွေးနွေးချက်များ မပြီးသေး။ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားသူများ အများအပြားကျန်ရှိနေသည်။ ထိုအခါ လွှတ်တော်ဥက္ကဋ္ဌ ဦးနုက ဦးအောင်ဆန်း၏ အဆိုကို ထောက်ခံဆွေးနွေးဖို့ နာမည်စာ ရင်းတွေ အများကြီးရှိသေးကြောင်းသို့သော် ယနေ့အချိန်ကုန်သွားပြီဖြစ်၍ဆွေးနွေးခွင့်ရနိုင်တော့မည်မဟုတ်ကြောင်း၊ယခုအစည်းအဝေးကိုရုပ်သိမ်းပြီး မနက်ဖြန်မှဆက်လက်ထောက်ခံဆွေးနွေးကြရန် ပြောဆို၍ လွှတ် တော် အစည်းအဝေးကို ရွှေ့ဆိုင်းကြောင်းကြေညာသည်။ ထိုအချိန်တွင် မည်သူမျှ မမျှော်လင့်သော ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်တွင်းမှ ထွက်ခွာရန်ဟန်ပြင်နေသော အမတ်များ အားတား၍ အစည်းအဝေးဆက်လုပ်ရန်ပြောလိုက်ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကိုထိုစဉ်က လွှတ်တော်အမတ်တစ်ဦးဖြစ်သောညောင်တုံးသခင်ချစ်(မအူပင် ကျေးလက်မြောက်ပိုင်းအမတ်)က ယခုလိုမှတ်တမ်းတင်ရေးသား ထားပါသည်။

“ညနေ ၄ နာရီတွင် လွှတ်တော်အစည်းအဝေးကို ရွှေ့ဆိုင်း လိုက်ကြောင်းကြေညာလိုက်သည်။ လွှတ်တော်အမတ်အားလုံး နေရာမှ ထရပ်လိုက်ကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းသည် လက်တစ်ဖက်ကို အပေါ် သို့ မြှောက်လျက် ထိုင်ကြပါဦး။ ထိုင်ကြပါဦး။ အချိန်ရှိ ပါသေးတယ်။ ကျန်တာလေးတွေဆက်လိုက်ကြတာပေါ့။ လွှတ်တော် ဥက္ကဋ္ဌကြီးဘက်သို့ကြည့်ပြီး ပြောလိုက်ပါသည်။ အမတ်တချို့မှာ ထိုင်လျက်၊ အချို့မှာ မတ်တတ်ရပ်လျက်ဖြင့် ယောင်ချာချာဖြစ်နေကြသည်။

လွှတ်တော်ဥက္ကဋ္ဌကြီးသည် ဗိုလ်ချုပ်အောင်ဆန်းအားကြည့်လျက် ကျွန်တော်ဟာ လွှတ်တော်က တင်မြှောက်ထားတဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ ဥက္ကဋ္ဌက အစည်းအဝေးကို ရွှေ့ဆိုင်းပါလျက်နဲ့ အမတ်တစ်ဦးက လွှတ်တော်အစည်း အဝေးကို ဆက်လက်ကျင်းပဖို့ ပြောဆိုရန်အခွင့်အရေးမရှိပါ။ ဆက်လက်ပြီး ဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေးကို မနက်ဖြန်ခါနံနက် ၁၁ နာရီအထိ ရွှေ့ဆိုင်းလိုက်ကြောင်းကိုထပ်မံကြေညာလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း သည်လည်း လွှတ်တော်ဥက္ကဋ္ဌဘက်သို့လည်းကောင်း၊ လွှတ်တော်အမတ်များဘက်သို့လည်းကောင်း ပြုံးပြုံးရွှင်ရွှင်ဖြင့်လက်မြှောက်နှုတ်ဆက်ကာ အစည်းအဝေးခန်းမှ ထွက်ခွာသွားပါတော့သည်။”

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနုတို့၏ နှစ်သက်ပြုံးရွှင်စရာ“ငြိ” လုံး ကလေးသည်ထိုမျှနှင့် ပြီးမသွားသေးပါ။ နောက် နေ့ လွှတ်တော်အစည်းအဝေး ကျင်းပသည့်အခါ နောက်ထပ် “ငြိလုံး” တစ်လုံးထပ် တက်လာပြန်ပါသည်။ “ငြိ” သည်ဆိုသော်လည်း အမုန်းမပါသော ပြုံးစရာ ချစ်စရာကောင်းသောဖြစ်ရပ်လေးပင် ဖြစ်ပါသည်။) ထိုထပ်မံဖြစ်
ပွားသည့် အကြောင်းကိုလည်း သခင်ချစ်ကအောက်ပါအတိုင်း ဆက်လက်မှတ်တမ်းပြုထားပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းက ဆက်လက်ပြီးပါလီမန်အရပ်ရပ်ဆိုင်ရာ ဥပဒေတစ်ရပ်ကိုတင်သွင်းသည်။ ထိုဥပဒေ ကြမ်း၏ အစိတ်အပိုင်းတစ်ခုတွင် လွှတ်တော်ရွေးကောက်ပွဲအတွက် အမတ်တစ်ဦးက ကန့်ကွက်လွှာတင်သွင်းသောအခါ လျှောက်ထားသူသည်မိမိကန့်ကွက်လွှာနှင့်အတူတကွ ငွေတစ်ထောင်ကိုသော်လည်းကောင်း၊ ကာ လပေါက်ဈေးနှုန်းအရ ငွေတစ်ထောင်တန်ဖိုးရှိသော အစိုးရအာမခံစာချုပ်များကို သော်လည်းကောင်း၊ အမှုစရိတ်အတွက်အာမခံအဖြစ်ဖြင့် တင်သွင်းရမည်ဟု ပါရှိသည်။

ပြည်မြို့မဲဆန္ဒနယ်အမတ် သခင်ဝတင်ကလွှတ်တော်တွင်းတက်ရောက်ကြသော အမတ်အများစုမှာ ငွေတစ်ထောင်တတ်နိုင်သူကလွန်စွာနည်းပါးလှပါသည်။ ၎င်းငွေတစ်ထောင်အစား သင့်တင့်သောငွေကို ပြင်ဆင်သတ် မှတ်ရန် သင့်လျော်ကြောင်း ဆွေးနွေးတင်ပြသည်။သခင်ဝတင် တင်ပြချက်ကို စာရေးသူအပါအဝင် အမတ်အချို့က ထောက်ခံနေချိန်တွင်ဗိုလ်ချုပ်အောင်ဆန်းသည် ကိုင်ထားသောခဲတံနှင့် စားပွဲခုံကို ခေါက်ပြီးလျှင် “ကျော်မြင့်၊ကျော်မြင့်”ဟုလှမ်းခေါ်လိုက်ပါသည်။(ဝန်ကြီးဟောင်း ဦးကျော်မြင့်ကလေးဖြစ်ပါသည်။)၎င်းအား တီးတိုးစကားပြောပါသည်။၎င်းနောက် ထိုင်ခုံမှ ထလိုက်ပါသည်။

“သခင်ဝတင် ခင်ဗျားဟာ ဖဆပလအဖွဲ့ဝင်ပဲ၊ ဖဆပလဥက္ကဋ္ဌရဲ့အဆိုကို လွှတ်တော်မှာကန့်ကွက်တယ်ဆိုတာ သင့်လျော်တဲ့ကိစ္စမဟုတ်ပါ။ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပြောတယ်။ အဆိုကို ပြန်ရုပ်သိမ်းပါ။”

လွှတ်တော်ဥက္ကဋ္ဌကြီးသည် ထိုင်ရာမှထလိုက်ပြီး “ဗိုလ်ချုပ်အောင်ဆန်းဟာ လွှတ်တော်ပြင်ပမှာ ဖဆပလဥက္ကဋ္ဌမှန်ပါ တယ်။ လွှတ်တော်အတွင်းမှာ ဖဆပလဥက္ကဋ္ဌရဲ့ အခွင့်အရေးကို အမတ်တစ်ဦးအပေါ်မှာ မသုံးနိုင်ပါ။ ဗိုလ် ချုပ်အောင်ဆန်းရဲ့ အဆိုပြုချက်ကို ပြန်လည်ရုပ်သိမ်းပါ။”

ဗိုလ်ချုပ်အောင်ဆန်းလည်း ချက်ချင်းပင်“ဥက္ကဋ္ဌကြီးခင်ဗျား ကျွန်တော့်စိတ်ဟာ ရှေ့ကိုသိပ်ရောက်နေတဲ့အတွက် ဒီလိုကိစ္စဖြစ်ရပါတယ်။ကျွန်တော့်အဆိုကို ပြန်လည်ရုပ်သိမ်းပါတယ်”ဟု ပြောပြီး အမတ်များဘက်သို့ လှည့်ကြည့် ကာ ပြုံးလိုက်ပါတယ်။ လွှတ်တော်တစ်ခုလုံးဆူညံစွာ လက်ခုပ်တီးဩဘာပေးကြသည်။
[တိုင်းပြည်ပြုလွှတ်တော်နှင့် ဗိုလ်ချုပ်အောင်ဆန်း၊သခင်ချစ်(ညောင်တုံး)၊ အိုးဝေဂျာနယ်အမှတ် ၂၃၊ ၁၅-၇-၁၉၆၉]


တိုင်းပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဦးနုက တားမြစ်ခဲ့ရသည့်ကိစ္စနှစ်ရပ်ကိုပြန်သုံးသပ် ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် အလုပ်တွင်စေလိုသောစိတ်ဆန္ဒဖြင့် လွှတ်တော်အစည်းအဝေးကို မရပ်နား
သေးဘဲ ဆက်ကျင်းပစေလိုသည်။ လွတ်လပ်ရေးအတွက် စိတ်စောလွန်းနေသဖြင့် လည်းကောင်း၊ လွှတ်တော်အတွေ့အကြုံနည်းသေးခြင်း၊ လွှတ်တော်ပါးမဝသေးခြင်းကြောင့်လည်းကောင်း၊ လွှတ်တော်စည်းမျဉ်းစည်းကမ်းကို သတိမမူမိတော့ဘဲ လွှတ်တော်မှထွက်ခွာရန်ပြင်နေသောအမတ်များကို လှမ်းတားလိုက်မိခြင်းဖြစ်သည်။ သို့သော် လွှတ်တော်ဥက္ကဋ္ဌကသတိပေးတားမြစ်လိုက်သည့် အခါ မိမိ၏အပြုအမူကို ချက်ချင်းရပ်လိုက်ပြီး လွှတ် တော်ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်များကို တောင်းပန်သည့် အမူအရာပြ၍ လွှတ်တော် ခန်းမမှထွက်ခွာသွားခဲ့သည်။ လွှတ်တော်အမတ်တစ်ဦးသည် လွှတ်တော်ဥက္ကဋ္ဌကို ရိုသေရမည်။

ဥက္ကဋ္ဌစကားကို လေးစားနာခံရမည်ဆိုသည်ကို ဗိုလ်ချုပ်ကောင်းစွာ သဘောပေါက်သည်။ ဦးနုမှာ တက္ကသိုလ်မှ ဘီအေဘွဲ့ရ၍ကျောင်းထွက် သွားပြီးမှ ဘီအယ်လ်တက်ဖို့ကျောင်းသို့ တစ်ကျော့ပြန် ရောက် လာသူဖြစ်သည်။ ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုလှဖေ၊ဗိုလ်လကျာ်တို့အပါအဝင် ကျောင်းသားသမဂ္ဂအမှုဆောင်များက ဦးနုကိုမိမိတို့အစ်ကိုကြီးသဖွယ် လေးလေးစားစားဆက်ဆံကြသည်။ ဗိုလ်ချုပ်နှင့် ဦးနုတို့သည်တက္က သိုလ် ကျောင်းသားဘဝကစ၍ တိုု့ဗမာအစည်းအရုံး၊ ဂျပန်ခေတ်၊ ဒေါက်တာဘမော်အစိုးရလက်ထက် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ဖက်ဆစ်တော်လှန်ရေးလုပ်ရန်အတွက် အတူကြိတ်၍ လျှို့ဝှက်ပြင်ဆင် ခဲ့သူများ၊ ဖဆပလဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအဖြစ် အတူလက်တွဲဆောင်ရွက်ခဲ့သူများဖြစ်သည်။

တော်လှန်ရေးအပြီးဦးနုက နိုင်ငံရေးမလုပ်တော့ စာပဲရေးတော့မည်ဟု ဆုံးဖြတ်ပြီး မော်လမြိုင်ကျွန်းတွင်နေ၍ စာရေးနေသည်ကို ဗိုလ်ချုပ်က မရမကအတင်းခေါ်ကာ ဖဆပလဒုဥက္ကဋ္ဌရာထူးကို (တမင်ထွင်၍) ပေး အပ်ထားခဲ့ခြင်းဖြစ်သည်။

(ဦးနုသည် ၁၉၄၇ ခုနှစ် ဇွန် ၂ ရက်နေ့တွင်မှကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သူမရှိအရွေးခံရပြီးလွှတ်တော် အမတ်ဖြစ်လာသူဖြစ်သည်။) သို့သော် ဦးနုသည် သမာသမတ်ရှိသည်။ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို စည်းကမ်းတကျ ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်းသတိ လက်လွတ်ဖြစ်သွားသည်ကို တုံ့ဆိုင်းမနေဘဲ သတိပေးတား မြစ်သည်။

ဒုတိယအကြိမ် ထပ်မံဖြစ်ပွားသည့်ကိစ္စတွင်လည်း ဖဆပလအလုပ် အမှုဆောင်အစည်းအဝေးတွင် ဆွေးနွေးပြီးပြတ်ခဲ့ပြီးဖြစ်သည့်ကိစ္စကိုသခင်ဝတင်က လွှတ်တော်တွင် ထပ်မံတင်ပြခြင်းအပေါ် ရုတ်တရက် မကျေနပ်ဖြစ်ပြီးဗိုလ်ချုပ်က ထပြောခြင်းဖြစ်သည်။

သို့သော်လွှတ်တော် ဥက္ကဋ္ဌက “လွှတ်တော်အတွင်းမှာ ဖဆပလ ဥက္ကဋ္ဌရဲ့အခွင့်အရေးကို အမတ်တစ်ဦးအပေါ် မသုံးနိုင်ကြောင်း”ပြောဆိုတားမြစ်သည့်အခါ ဗိုလ်ချုပ်က ချက်ချင်း မိမိအဆိုကိုပြန်ရုပ်သိမ်း၍ လွှတ်တော်ဥက္ကဋ္ဌကိုတောင်းပန်သည်။ မည်သူမဆို တစ်ခါတစ်ရံအမှားလုပ်မိတတ်ကြသည်။ အမှားလုပ်မိတာက မဆန်း၊ ကိုယ့်အမှားကို ကိုယ်သိမြင်ပြီးဝန်ခံဖို့ဝန်မလေးဘဲ ပြန်ပြုပြင်လိုက်သည်ကသာ လေးစားစရာ ကောင်းသောလုပ်ရပ်ဖြစ်သည်။(ဗိုလ်ချုပ်အဆိုကို လွှတ်တော်တွင်ဆွေးနွေးမဲခွဲကြသည့်အခါ အဆိုဘက်မှအနိုင်ရပါသည်။)

သခင်ဝတင်နှင့်ဖြစ်ပွားသည့် ကိစ္စပြီးသည့် နောက်နေ့ ကျင်းပသော (၁၈-၆-၄၇)လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်သင့်လုပ်ထိုက်သည့်ကိစ္စတစ်ရပ်ကို ဆောင်ရွက်ခဲ့ပြန်ပါသည်။ဆောင်ရွက်ချက် မှာ တိုင်းပြည်ပြုလွှတ်တော်အမတ်များသည် လွှတ်တော် ဂုဏ်သိက္ခာနှင့်အညီ ခေါင်းပေါင်း၊ တိုက်ပုံစသည့် အမျိုးသားဝတ်စုံကိုတညီတညာတည်း ဝတ်ဆင်ကြရန်ညွှန်ကြားချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ် သည် ကျောင်းသားဘဝ၊ သခင်ဘဝတို့တွင် အဝတ်အစား၊ အနေအထိုင်၊ အစားအသောက်ကို ဖြစ်သလိုဝတ်ဆင်၊ နေထိုင်၊စားသောက်၍ နိုင်ငံရေးတစ်ခုတည်းကိုသာဇောက်ချလုပ်ကိုင်လာခဲ့သူဖြစ်သည်။

ဂျပန်ခေတ်စစ်ဝန်ကြီးဘဝတွင်ပင် အဝတ်အစားကောင်းကောင်း ဝတ်ဆင်လေ့ရှိသူမဟုတ် Aung San of Burma စာအုပ်တွင်ပါရှိသောဗိုလ်မှူးချုပ်စောကြာဒိုး၏ ဆောင်းပါး(ွှ့The General)တွင် ဂျပန်ခေတ်က ဂျပန်သံအမတ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ထိပ်ပိုင်းအရာရှိ အချို့ကို အိမ်သို့ဖိတ်ကြား၍ နေ့လယ်စာ တည်ခင်းဧည့်ခံရာ အလွန်ပူပြင်းသောနေ့ဖြစ်သဖြင့် ယူနီဖောင်းများဝတ်ထားသောဗိုလ်ချုပ်နှင့် သူ့အဖွဲ့သားများသည် အိုက်စပ်ပူလောင်လျက်ရှိသည်။ အလိုက်သိသော သံအမတ်က အပေါ်မှ ဝတ်ဆင်ထားသည့်ဂျာကင်များကို ချိတ်ထားကြရန် အကြံပြုသည်။ ဗိုလ်ချုပ်မှအပ စောကြာဒိုးတို့အားလုံး မဆိုင်းမတွ ဂျာကင်အကျႌများကိုချွတ်ကြ သည်။ ဗိုလ်ချုပ်ကမူ သူ၏ထူထဲသော ဂျာကင်အကျႌကို ချွတ်ရန် တုံ့ဆိုင်းနေသည်။ နောက်မှ သူ့ဂျာကင်ကိုချွတ်လိုက်သည့်အခါ အထဲတွင်စုတ်ပြတ်သတ်နေသည့် စွပ်ကျယ်အကျႌသာရှိနေသည်ကို အလန့်တကြားတွေ့ကြရ သည်။ မိမိတို့အကျႌများမှာလည်း စုတ်ပြတ်နေကြသည့်တိုင် ဗိုလ်ချုပ်၏စွပ်ကျယ်က အားလုံးကိုအသာရသွားကြောင်း ရေးထားသည်။

ဗိုလ်ချုပ်သည် တိုင်းပြည်ပြုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရာ၌ ကောင်းမွန်သပ်ရပ်သော အဝတ် အ စားများကို ဝတ်ဆင်ထားခြင်းမရှိ။ အလားတူပင်လွှတ်တော်အမတ်အများစုမှာလည်း ဗိုလ်ချုပ် ၏ ရဲဘော် ရဲ ဘက်များ၊ ဗိုလ်ချုပ်ဖွဲ့စည်းထားသည့် ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင် လူငယ်များသာဖြစ်ကြရာ တော်လှန်ရေးရဲဘော်များဘဝမှ လွှတ်တော်အမတ်ဖြစ် လာကြရသဖြင့်သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားခြင်းမရှိဘဲဖြစ်သလိုဝတ် ဆင်၍ လွှတ်တော်တက်နေကြခြင်းဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်လွှတ်တော်အမတ်အများစု၏ ဝတ်ဆင်ပုံနှင့်ဗိုလ်ချုပ်က ထိုအဝတ်အဆင်တို့ကို ပြောင်းလဲ၍ ဝတ်ဆင်ရန် ညွှန်ကြား ထုတ်ပြန်ပုံကိုသခင်ချစ်(ညောင်တုံး)၏ ဆောင်းပါးတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည်။

ထိုအချိန်က တိုင်းပြည်ပြုလွှတ်တော်အစည်းအဝေးခန်းမဆောင်ကို ကြည့်မည်ဆိုလျှင် ထိပ်ဆုံးအမှတ်(၁) နေရာတွင် ဗိုလ်ချုပ်အောင်ဆန်း ကို မြင်ရပါမည်။ ဗိုလ်ချုပ်၏ဝတ်စားဆင်ယင်ပုံမှာ များစွာရိုးသားလှ၏။ကာကီရောင် ဘောင်းဘီရှည်ပွပွနှင့် ကာကီစစ်ရောင်အကျႌအပွကြီး၏ အိတ်နှစ်ဖက်တွင်တိုလီမိုလီစာရွက်များ၊ စာအိတ်များ ပြည့်ဖောင်းလျက်ဖြင့်တွေ့ရသည်။

လွှတ်တော် အမတ်များတွင်လည်းဆရာကြီးဦးဘချိုမှလွဲ၍ ခေါင်းပေါင်းပေါင်းသူများမရှိသလောက် နည်းလှသည်။အချို့မှာရှပ်လက်တိုအကျႌနှင့် လုံချည်အချို့၊ ဘောင်းဘီရှည်နှင့်ရှပ်လက်တို၊ ပြည်သူ့ရဲဘော်အမတ်အချို့က ရဲဘော်ယူနီဖောင်း၊တောင်တန်းဒေသမှ အမတ်အချို့သာလျှင်၎င်းတို့၏ ရိုးရာအဝတ်အစားများကို ဝတ်ဆင်လာကြသည်ကို တွေ့ရသည်။

(၁၈-၆-၁၉၄၇)တွင် ကျင်းပသောလွှတ်တော်အစည်းအဝေးတွင် အစည်း အဝေးခန်း၏စားပွဲခုံပေါ်တွင် စာတစ်စောင်ကိုတင်ထားသည်။ စာတွင်ပါရှိသော ကိစ္စမှာဖဆပလအမတ်အားလုံးအား နေ့လယ်လွှတ်တော်ရပ်နားချိန် ပါလီမန်ဧည့်ခန်းသို့ အမတ်ပေါင်းစုံ အစည်းအဝေးတက်ရောက်ရန်ကိစ္စဖြစ်ပါသည်။ အစည်းအဝေးရပ်နားချိန်တွင် အမတ်အားလုံး အစည်းအဝေးသို့တက်ရပါသည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက “ဒီနေ့ အစည်းအဝေးခေါ်တာ အခြားမဟုတ်ဘူး။ လွှတ်တော်အတွင်းမှာ ကျွန်တော်ကိုယ်တိုင် ချို့ယွင်းချက်ရှိခဲ့တဲ့ကိစ္စတင်ပြဖို့ပဲ”

“တိုင်းပြည်လွှတ်တော်ဆိုတာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့အပြင် ကမ္ဘာကလည်း အကဲခတ်နေတဲ့ ဌာနကြီးဖြစ်တယ်။ ဟိုနေ့ကဖြစ်တဲ့ ကိစ္စဟာလည်း ကျွန်တော်ကိုယ်တိုင်က ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအမြန်ပြီးဆုံးလိုတဲ့ ဆန္ဒစောပြီးဖြစ်တာပဲ။ ဒါကိုလည်း ဥက္ကဋ္ဌကြီးကိုတောင်းပန်ပြီးပါပြီ။”

“ဒီနေ့ကစပြီး ကျွန်တော်နဲ့တကွ အမတ်အားလုံးဟာ လွှတ်တော်စည်းကမ်းတွေကို အထူးလေ့လာကြရမယ်။ဒီပြင်လည်း အမတ်တွေဟာ လွှတ်တော်ရဲ့ဂုဏ်သိက္ခာနဲ့အညီ ဝတ်စားဆင်ယင်မှုပါဂရုပြုရမယ်။ ကျွန်တော်ကစပြီး မနက်ဖြန်ခါလွှတ်တော်မှာ တိုင်းရင်းသားဝတ်စုံ(အမျိုးသားဝတ်စုံ)ကို ဝတ်ရမယ်”ဟု အမိန့်ရှိပါသည်။

ဗိုလ်ချုပ်ကဆက်လက်ပြီး “ကိုင်းလွှတ်တော်မှာ ဝါအရင့်ဆုံးဖြစ်တဲ့ ဦးဘသီကလွှတ်တော်ရဲ့ ထုံးတမ်းစဉ်လာတွေ ပြောပြစမ်းပါ”ဟု ရယ်မောပြီးပြောဆို သွားလေသည်။(ဦးဘသီမှာ ယခင်အမတ်ဟောင်း မန္တလေးအမတ် ဦးဘသီဖြစ်ပါသည်။)

ထိုနေ့ လွှတ်တော်ရပ်နားသည်နှင့်တစ်ပြိုင်နက် လွှတ်တော်အမတ်များ သည် စကော့မားကက်(ယခုဗိုလ်ချုပ်ဈေး)သို့ အပြေးအလွှားသွားရောက်၍ခေါင်းပေါင်းများဝယ်ယူကြသည်။

နောက်တစ်နေ့ တိုင်းပြည်ပြုလွှတ်တော်အစည်းအဝေးခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်းအား ငှက်ပျောညွန့်ရောင်ခေါင်းပေါင်း၊ ပိုးသားတိုက်ပုံ အဖြူရောင်၊ ရွှေဖလားရောင်ဘန်ကောက်လုံချည်နှင့် အသွင်ပြောင်း၍တစ်မျိုးတစ်ဖုံတွေ့ကြရသည်။

အမတ်များအားလုံးမှာလည်း ရောင်စုံခေါင်းပေါင်းစ တလူလူနှင့် ပန်ကာလေအောက်တွင်ဝဲပျံလျက်ရှိနေသည်။ ဤလိုနှင့်ပင် ပထမဆုံး လွှတ်တော်ကိုဇွန်လ ၁၈ ရက်နေ့တွင် ရုပ်သိမ်းလိုက်တော့သည်။

ထိုဇွန် လ၁၈ ရက်နေ့သည် ဗိုလ်ချုပ်နောက်ဆုံးတက်ခဲ့ရသော လွှတ်တော်အစည်းအဝေးဖြစ်သည်။ လွှတ်တော်
ဒုတိယအစည်းအဝေးကျင်းပသည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်
ဦးဘချို၊ မန်းဘခိုင် စသော ခေါင်းဆောင်ကြီးများမရှိကြတော့ပြီ။ ထူးခြားသည်ဟုဆိုရမည့်အချက်မှာလွှတ်တော်
အမတ်များ စည်းကမ်းတကျဝတ်စားဆင်ယင်ရန်လွှတ်တော်ဥက္ကဋ္ဌ ဦးနုက ထုတ်ပြန်ညွှန်ကြားခြင်းမပြုဘဲဗိုလ် ချုပ်က ပြောဆိုညွှန်ကြားခဲ့ခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်သည် မိမိ၏ပင်ကိုစရိုက်သဘာဝနှင့်ဆန့်ကျင်၍ အမတ်များ၏အဝတ်အဆင်ကိစ္စကို ညွှန်ကြားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်၏ ပုဂ္ဂိုလ်ရေးအမူအကျင့် အကြိုက်စရိုက်များကို အဖွဲ့အစည်း(သို့မဟုတ်)အများနှင့်ဆိုင်ရာလိုက်နာစောင့်ထိန်းရမည့် စည်းကမ်း စည်းမျဉ်းများကလွှမ်းခြုံထားသည်။ ဗိုလ်ချုပ်ကို တချို့က စိတ်ထင်ရာဇွတ်လုပ်တတ်သူ၊ ငါတကောကော တတ်သူအဖြစ် သိက္ခာကျအောင်ပုံဖော်ပြောဆိုတတ်ကြသည်။ ထိုစွပ်စွဲပြောဆိုချက်များ လုံးဝမမှန်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလောက်အများဆန္ဒကိုလေး စားလိုက်နာသူ၊ အများနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်တတ်သူမရှိပါ။ ဗိုလ်ချုပ်သည် တပ်မ တော်ကို စတင်တည်ထောင်ခဲ့သည့်တပ်မတော်ခေါင်းဆောင်ဖြစ်သည်။

သူ့တပ်၏ခေါင်းဆောင်အဖြစ် တာဝန်ယူနေစဉ်အတွင်း စစ်တပ်၏စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနေထိုင် သည်။ တပ်မှထွက်ပြီးနိုင်ငံရေးနယ်တွင် အချိန်ပြည့်လုပ်ကိုင်၍ ဖဆပလဥက္ကဋ္ဌ၊ကြားဖြတ်အစိုးရအဖွဲ့၏ ခေါင်း ဆောင်တာဝန်များထမ်းဆောင်သည့်အခါတွင်လည်း ထိုအဖွဲ့အစည်းများ၏စည်းကမ်းကို ကျင့်သုံးလိုက်နာသည်။ တိုင်းပြည်ပြုလွှတ်တော်အမတ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်ကိစ္စကို လွှတ်တော်တွင် ဆောင်ရွက်နေသည့်အချိန်၌ ဗိုလ်ချုပ်သည် တိုင်းပြည်၏ နံပါတ်တစ်ခေါင်းဆောင်ဖြစ်နေပါပြီ။ ပြည်သူတစ်ရပ်လုံးက လိုလို
လားလားတညီတညွတ်တည်း သတ်မှတ်တင်မြှောက်ခြင်းခံရသည့် အမျိုးသားခေါင်းဆောင်နေရာကို ရရှိနေပြီ
ဖြစ်ပါသည်။ သို့သော် ဗိုလ်ချုပ်သည် တိုင်းပြည်ပြုလွှတ်တော်တွင် မိမိ၏ဩဇာအာဏာအရှိန်အဝါကိုမသုံးပါ။ မိမိ၏တက်ြွကထက်သန်သောစိတ်ဆန္ဒကြောင့်အမှတ်တမဲ့မှားယွင်းသွားသော အပြုအမူအပြောအဆိုတို့ကို တစ်ခဏချင်းထိန်းချုပ်၍ လွှတ်တော်ဥက္ကဋ္ဌကိုတောင်းပန်ခဲ့ပါသည်။ လွှတ်တော်ဥက္ကဋ္ဌ ပြောဆိုတားမြစ်ခြင်းကို စောဒကမတက်ဘဲ လေးလေးစားစားနာယူခဲ့ပါသည်။ လွှတ်တော်၏စည်းကမ်းဥပဒေကို လိုက်နာခဲ့ပါသည်။

တစ်နည်းအားဖြင့်တော့ ဗိုလ်ချုပ်အောင်ဆန်းသည်စစ်တပ်ထဲတွင်ရှိစဉ် တပ်၏စည်းကမ်း၊ လွှတ်တော်ထဲရောက် တော့ လွှတ်တော်၏စည်းကမ်းကိုစောင့်ထိန်းလိုက်နာသူ၊ စည်းကမ်းရိုသေသူ ဖြစ်သည်ဟုဆိုရမည် ဖြစ်ပါသည်။

ကိုယ့်ကိုယ်ကိုယ်ဝေဖန်သုံးသပ်ခြင်း၊ မိမိအမှားကိုဝန်ခံပြုပြင်ခြင်းစသည့် ဗိုလ်ချုပ်၏လုပ်ရပ်တို့မှာ များစွာ
အတုယူစရာကောင်းသော လုပ်ရပ်၊ လေးစားဖွယ်အရည်အချင်းနှင့် ကြီးမားသော ဂုဏ်ပုဒ်တို့ပင်ဖြစ်ပါကြောင်း။
=============================================
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ တနင်္လာနေ့၊ (၂၅ -၄-၂၀၁၆)ထုတ် ကြေးမုံသတင်းစာမှ ထပ်ဆင့်ဖော်ပြသည်....

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */