RFA
2022.03.22
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကိုယ်တိုင် မနေ့က မြို့တော် ဝါရှင်တန်ဒီစီရှိ လူမျိုးတုံး သတ် ဖြတ်မှု မှတ်တမ်းပြတိုက် (Holocaust Museum) ကို သွားရောက်ပြီး မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ် မှု ကျူးလွန်ကြောင်း တရားဝင် ကြေညာခဲ့တာပါ။
အမေရိကန်အစိုးရက အခုလို ကြေညာတာဟာ နောက်တောင်ကျနေပြီလို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဦးဝင်း အောင်က ပြောပါတယ်။
“အမေရိကန်အနေနဲ့ လုပ်တာ နောက်ကျနေတယ်လို့တောင် ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်တပ် က ဒါမျိုးကျူးလွန်တာ ဒီရခိုင် တစ်ခုတည်းမဟုတ်ဘူး။ ကျန်တဲ့ အခြားတိုင်းရင်းသား ဒေသနေရာတွေမှာလည်း အများကြီး။ အရင်တုန်းက ရှေးတုန်းက ဟာတွေရှိခဲ့တယ်။ ဆိုတော့ အခုမှ ထကြေညာတာက နောက်တောင် ကျနေပြီလို့ ပြောလို့ရတယ်။ ဒီတစ်ကမ္ဘာလုံးက အမေရိကန်ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေကြပြီပေါ့။ အ မေရိကန်ရဲ့ အခုလို ကြေညာချက်မျိုး ထွက်လာတာဟာ သက်ရောက်မှုတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ အထူးသဖြင့်တော့ အခုသူတို့ ရင်ဆိုင်နေရတဲ့ ICJ ပေါ့။ ICJ လူမျိုးတုံးသတ်ဖြတ်မှု တရားခွင်မှာတော့ ကျိန်းသေ ထိခိုက်မှု ရှိလာလိမ့်မယ်လို့ ကျနော်က မြင်တယ်”
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ နောက်ဆုံးအချိန်အထိ အလျှော့ပေးမယ့်ပုံ မမြင်တာ ကြောင့် အခုလို ကြေ ညာပြီး နောက်ပိုင်းမှာ အမေရိကန်က လက်တွေ့ ဘယ်လို အရေးယူမလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့လည်း ဦးဝင်းအောင်က ဆက်ပြောပါတယ်။
အလားတူ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးဖြစ်တဲ့ မဆုမြတ်ကလည်း အရင်ကတည်းက ဂျီနိုဆိုက်မြောက်တဲ့ ကိစ္စ တွေ အများကြီး ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ပေါ် အခုလို တရားဝင် ကြေညာပြီး အရေးယူဖို့ ကြိုးစားတာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ RFA ကို ပြောပါတယ်။
“ဒါက ကြေညာသင့်တာ ကြာပြီလို့တော့ မြင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရိုဟင်ဂျာကိစ္စမှ မဟုတ်ဘူး၊ အရင့်အရင် တိုင်းရင်းသားတွေကို လုပ်ထားတာတွေ ကလည်း အများကြီးရှိတယ်။ ဥပမာ - ကချင်တို့၊ ကရင်တို့ အများကြီးပဲ။ နေရာတိုင်းမှာ သူတို့လုပ်ခဲ့တဲ့ ပြစ်မှုတွေက အများကြီးပဲလေ။ ရိုဟင်ဂျာအလှည့်ကျမှ နည်းပညာ ကြောင့် နည်းနည်း လူသိများခဲ့တာ။ တကယ်တမ်းဆိုရင် သူတို့ဆီမှာ ပြစ်မှုက ယူမယ် ဆိုရင် အရင်ကတည်းက ဂျီနိုဆိုက်မြောက်တဲ့ ကိစ္စတွေက အများကြီးရှိတာပေါ့”
၂၀၁၆ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ တစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက် ပြေးခဲ့ရသလို ၂ဝ၁၇ ခုနှစ်မှာတော့ ရိုဟင်ဂျာ ကိုးထောင်ကျော် အသတ်ခံရပြီး၊ ဒီသတ်ဖြတ်မှုတွေကြောင့် နောက် ထပ် ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားပါတယ်။
သက်သေ အထောက်အထားတွေအရ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရဲ့ နောက်ကွယ် မှာ ရိုဟင်ဂျာတွေ ကို လူမျိုးတစ်မျိုးလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိနေတာ ထင်ထင်ရှား ရှား ပြသနေတယ်လို့ အဲဒီ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး စစ်တပ်ကနေ ထွက်ပြေးလာတဲ့ တပ်သားအချို့ရဲ့ ထွက်ဆို ချက် တွေကို ထောက်ပြပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထည့်သွင်းပြောဆို သွားတာပါ။
"တစ်ကမ္ဘာလုံးက အမေရိကန်ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေကြပြီပေါ့"
အမေရိကန်အစိုးရရဲ့ အခုလိုကြေညာတဲ့အပေါ် ဝမ်းမြောက်စွာကြိုဆိုတယ်၊ ဒီထက် သိသာထင်ရှားပြီး အရာ ရောက်နိုင်တဲ့ ဆောင်ရွက်ချက်တွေကိုလည်း မျှော်လင့်တယ်လို့ မန္တလေးမြို့မှာနေထိုင်တဲ့ လူငယ် ကိုထက်မြတ် အောင်က ပြောပါတယ်။
“ဂျီနိုဆိုက်လို့ ကြေညာခြင်းကို ကျနော်တို့ပြည်သူတွေအားလုံးက ဝမ်းမြောက်စွာ ကြိုဆိုတယ်။ အဲဒီထက်ပိုပြီး တော့ သိသာထင်ရှားပြီးတော့ ပိုပြီးတော့ အရာရောက် နိုင်မယ့် ဆောင်ရွက်ချက်မျိုးတွေကိုလည်း အများကြီး မျှော်လင့်ချက် ရှိပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့လယ်ခေါင်တွေမှာ အင်တာနက်တွေလည်း ရနေတယ်၊ မီဒီယာ တွေလည်း ရှိနေတဲ့ နေရာတွေမှာတောင် ဒီလောက်သတ်လို့ရှိရင် ရိုဟင်ဂျာတွေရဲ့ နေရာဒေသ တွေမှာ ဘယ် လောက်များ ဆိုးရွားခဲ့မလဲဆိုတဲ့ အတွေးအမြင်က ပြည်သူတွေ အားလုံးမှာ ရှိတဲ့ အခါကျတော့ ဒီအတွေးအမြင် အရဆိုလို့ရှိရင် ကျနော်တို့ ကိုယ်ချင်းစာပြီး ကြည့်ကြ မယ်၊ အချင်းချင်း ရိုင်းပင်း ကူညီတဲ့စိတ်ထားနဲ့ ကြည့်ကြ မယ်ဆိုရင် ပြည်သူတစ်ယောက် အနေနဲ့ ဒီကိစ္စအပေါ်မှာ ဒီထက်ပိုပြီးတော့ Action ယူဖို့အတွက် စိတ်အား ထက် သန်မှု ရှိတယ်”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတကာကို ဂရုမစိုက်တဲ့ ပုံစံမျိုးလုပ်နေပေမယ့်လည်း သူတို့ ကျူးလွန် ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း ကိုထက်မြတ်အောင်က ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် မျိုးဆက်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးသန်းလှကလည်း အမေရိကန်အစိုးရက အခု လို တရားဝင်ကြေညာလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ အခြားနိုင်ငံကြီးတွေလည်း စစ်အာဏာရှင်ကို အမြစ်ပြတ် ရေးအတွက် အခုလိုမျိုး ပြတ်ပြတ်သားသားလုပ်ဖို့ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။
.png)
“ဒီလိုမျိုး သတ်မှတ်လိုက်တဲ့အပေါ်မှာ ကျနော်တို့ ကြိုဆိုတယ်။ ပြီးတာ့ဒီလိုမျိုး ပြတ်ပြတ်သားသားလုပ်တဲ့အမေ ရိ ကန်အပေါ်မှာလည်း ကျနော်တို့ ချီးကျူးတယ်။ တခြား နိုင်ငံကြီးတွေကလည်း ဒီလိုမျိုး ပြတ်သားတဲ့ လုပ်ရပ် တွေ ကို လုပ်ဖို့လိုတယ်။ ပြီးတော့ သူတို့ ဆုံးဖြတ်ချက်တွေကိုလည်း စစ်ကောင်စီနဲ့ အကျိုးတူ မပူးပေါင်းဘဲ သူ တို့ကို ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုနှိပ်ကွပ်ရမလဲ၊ ဘယ်လိုမျိုး အမြစ်ဖြတ်ရမလဲဆိုတာကို တွေးခေါ်ပြီးတော့ ရပ် တည်ဖို့ လိုအပ်တယ်”
၂၀၁၆ နဲ့ ၂၀၁၇ ဖြစ်ရပ်တွေကြောင့် လက်ရှိ စစ်တွေမြို့ သဲချောင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဦးကျော်လှကတော့ နစ်နာသွားတဲ့ သူတို့လူမျိုးတွေ အတွက် ဝမ်းနည်းမိသလို ဒီလိုပြဿနာနဲ့ ရင်ဆိုင် နေရတဲ့ မြန်မာနိုင်ငံအတွက်လည်း စိတ်မကောင်းဘူးလို့ RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေဆိုတာ ရှိတယ်။ ဥပဒေက မျက်ကွယ်ပြုထားတဲ့ အတွက်ကြောင့် ဒီလိုမျိုး ဖြစ် သွား ရခြင်းလည်းဖြစ်တယ်။ ကျနော်တို့ကတော့ တစ်ဖက်မှာလည်း ကိုယ့်လူမျိုးတွေ နစ်နာသွားတဲ့အတွက် ဝမ်း နည်းတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကြီးအတွက် ဒီလိုမျိုးပြဿနာ ဖြစ်သွားရတာ ရင်ဆိုင်ရတာကိုလည်း ဒီနိုင်ငံနဲ့ ပတ်သက်လို့ ဝမ်းနည်းတယ်။ ဒီလိုမျိုး မဖြစ်သင့်ဘူး။ ရှေ့လာမယ့်ကာလမှာ ကျနော်တို့ လွတ်လွတ်လပ်လပ်နဲ့ ကျနော်တို့ရော၊ ကလေးတွေရော အားလုံးဘဝ တိုးတက်ဖို့ ကောင်းမွန်လာဖို့အတွက် ကျနော်တို့ မျှော်လင့်နေ တယ်”
လက်ရှိမှာတော့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု တွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့က အပြည်အပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲထားပါတယ်။
ICJ က ဒီအမှုကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာမှာ ပထမဆုံးအကြိမ် ကြားနာစစ်ဆေးခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က သွားရောက် ခုခံချေပခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဒီချေပချက် အားလုံးကို ပယ်ဖျက် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံနာယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခု ဒုတိယအကြိမ် ကြားနာမှုကိုတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်နေ့ အတွင်း လေးကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာဘက်က စစ်ကောင်စီကိုယ်စားလှယ်က လူမျိုးတုံး သတ်ဖြတ်မှု မကျူးလွန်ကြောင်းနဲ့ ဒီအမှု ကို ICJ လက်ခံစစ်ဆေးလို့ မရကြောင်း ကန့်ကွက် ထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး လူမျိုးတုံး သတ်ဖြတ်မှု နဲ့ စွဲချက်တင်၊ မတင် ICJ က မကြာခင် ဆုံးဖြတ်တော့မှာပါ။
အမေရိကန် အစိုးရဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ဖိနှိပ်ခံနေရတဲ့ ဝှီးဂါ လူမျိုးတွေရဲ့ ဖြစ်ရပ်၊ ရဝမ်ဒါ၊ ဘော့စနီးယား၊ အီရတ်နဲ့ ဆူဒန်နိုင်ငံ ဒါဖောဒေသက ဖြစ်ရပ်တွေအပါအဝင် ကမ္ဘာ တစ်ဝန်းက အစုအပြုံလိုက်သတ်ဖြတ်မှု ခုနစ်ခု ကို လူမျိုးတုံးသတ်ဖြတ်မှုတွေအဖြစ် တရားဝင် သတ်မှတ်ကြေ ညာခဲ့ပြီး အခု မြန်မာနိုင်ငံ အတွက်ဟာ ရှစ်ကြိမ်မြောက် သတ်မှတ်ကြေညာချက် ဖြစ်ပါတယ်။
No comments:
Post a Comment