" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, August 25, 2022

ရိုဟင်ဂျာအရေး ၅ နှစ်ကြာသည့်တိုင် မျှတမှုနဲ့ လွတ်လပ်မှု ရှာဖွေပေးဖို့ နိုင်ငံတကာ ပျက်ကွက်နေ

 B B C

ဘီဘီစီမြန်မာပိုင်း
၂၄ သြဂုတ် ၂၀၂၂
ပညာရေးမှာ အလှူရှင်တွေ ပိုမို အာရုံစိုက် ကူညီကြဖို့ UNHCR တိုက်တွန်း

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းကျော် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတာ အခုသီတင်းပတ်ထဲမှာ ဆိုရင် ၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ မတိုင်ခင် နှစ်တွေ ကတည်းက ထွက်ပြေး နှင့်ခဲ့ရပြီး သူတွေနဲ့ပါဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ သန်းနဲ့ချီပြီး သောင်တင်နေရတဲ့ ရိုဟင်ဂျာ အရေးဟာ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့ UNHCR ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်အရ "မဖြေရှင်းနိုင် ထွက်ပေါက်မရှိ ကြန့်ကြာနေရဆဲ အခြေအနေ - protracted situation" အဖြစ် တရားဝင် အဓိပ္ပာယ် သတ်မှတ် နိုင်ပြီ ဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အနည်းဆုံး နှစ်သိန်းငါးသောင်းဟာ တိုင်းပြည် ပြင်ပမှာ ၅ နှစ်ကျော် ဆက်တိုက် နေထိုင်ရဆဲ အခြေအနေကို protracted situation အဖြစ် UNHCR က သတ်မှတ်တာ ဖြစ်ပါတယ်။


အဲဒီ ဒုက္ခသည်တွေဟာ မူလ နေရပ်ရင်းကို ပြန်နိုင်ဖို့လည်း လုံခြုံ စိတ်ချရတဲ့ အခြေအနေမျိုး မရှိ၊ တခြားတိုင်း ပြည်မှာလည်း အမြဲတမ်း အခြေချ နေထိုင်ခွင့်မရ ဆိုတဲ့ အဖြေမရှိ၊ ထွက်ပေါက်မရှိ အနေအထားမှာ သောင်တင် ပိတ်မိ နေတာကို UNHCR က ဒုက္ခသည် အရေးဆိုင်ရာ protracted situation အဖြစ် အဓိပ္ပာယ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

နောက်ဆုံးတချီ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတာ ၅ နှစ် ကြာချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည် းကို ဖြေရှင်းရေး ထောက်ပံ့မှု အသစ်တွေ၊ နည်းနာအသစ်တွေကို ရှိနှင့်လက်စတွေထက် အများကြီး ပိုမိုအား စိုက် ပြုလုပ်ကြဖို့ နိုင်ငံတကာ မိသားစုကို UNHCR က ပန်ကြားပါတယ်။
ဦးတည်ရာမဲ့ အနာဂတ်မဲ့ ဖြစ်နေရပြီလို့ ကုလကို ရိုဟင်ဂျာတွေ တိုင်တည်

ပြန်ချင်သူတွေ ရှိကြပေမယ့် အာမခံချက် ရှိဖို့လို

အခုလို ၅ နှစ်အကြာ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အများအပြားဟာ မြန်မာနိုင်ငံကို ပြန်လိုကြောင်း ပြောကြတယ်ဆိုပြီး UNHCR တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါပေမယ့် အဲဒီလို ပြန်တဲ့ အခါ လူသားဂုဏ်သိက္ခာရှိရှိ ဘေ းကင်း လုံခြုံစွာနဲ့ ပြန်နိုင်ဖို့ လိုအပ်ပြီး သူတို့ အတွက် နိုင်ငံသား ဖြစ်ခွင့်ကို လမ်းဖွင့်ပေးထားတဲ့ လိုအပ်တဲ့ စာ ရွက်စာတမ်းတွေ ရရှိရေးကအစ၊ လွတ်လွတ်လပ်လပ် သွားလာခွင့်လိုမျိုး အခြေခံ အခွင့်အရေးတွေ အာမခံချက် ရှိဖို့လို့ကြောင်း ဒုက္ခသည်တွေက ပြောကြတယ်ဆိုပြီး UNHCR ပြောခွင့်ရ ရှာဘီယာ မန်တူးက ဆိုပါတယ်။

ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည် စခန်းကြီး ဖြစ်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံ နေရာချထားရာ ကော့ဆက်ဘဇားနယ်ထဲမှာ နိုင်ငံမဲ့ ဖြစ်နေရတဲ့ ရိုဟင်ဂျာ ၁ သန်း ဝန်းကျင်ဟာ အလွန်အမင်း စုပြုံ ကြပ်သိပ်နေအောင် နေထိုင် နေကြရတာ ဖြစ်ပြီး၊ သူတို့ရဲ့ အသက်ရှသင်သန် နေထိုင်ရေး အလုံးစုံဟာ စာ နာမှုဆိုင်ရာ နိုင်ငံတကာ အလှူတွေ အပေါ်မှာ အလုံးစုံ မှီခို နေရတာဖြစ်ပါတယ်။

အခုအချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တို့ အတွက် အလှူရန်ပုံငွေ လျော့နည်းလာတာနဲ့ အမျှ သူတို့ နေ့စဥ်ဘဝ ရှင်သန်နေထိုင်ရေးမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများအပြား တွေ့ကြုံနေရတယ်လို့ UNHCR က ဆိုပါတယ်။

နေ့စဥ်ဘဝ ရှင်သန်နေထိုင်ရေးလို့ ဆိုရာမှာ စားသောက်ရတဲ့ အဟာရ၊ နေထိုင်ရာ အမိုးအကာကစလို့၊ တစ်ကိုယ်ရေးသန့်ရှင်းရေးတို့လို အခြေခံ လိုအပ်ချက်တွေ ပြည့်မီရေးမှာကို အခက်အခဲတွေ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း ရိုဟင်ဂျာ ဒုက္ခသည်တချို့ဟာ ပိုမို ကောင်းမွန်တဲ့ အနာဂတ် ရှိမယ်လို့ ထင်တဲ့ နေရာတွေကို ရောက်နိုင်ရေး မျှော်လင့်ချက်နဲ့ အသက်နဲ့ရင်းပြီး ပင်လယ်ပြင်ကို လှေနဲ့ ဖြတ်တာမျိုး ပြုလုပ် နေကြတယ်လို့လည်း UNHCR ပြောခွင့်ရ ရှာဘီယာ မန်တူးက ဆိုပါတယ်။

ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရိုဟင်ဂျာလှေမှောက်

ဒါ့ကြောင့် ဒုက္ခသည်တို့ရဲ့ နေ့စဥ် အခြေခံ လိုအပ်ချက်တွေကို ပံ့ပိုးရေးနဲ့ သူတို့ရဲ့ ပညာရေး၊ အသက်မွေး ဝမ်း ကျောင်းမှု ဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းတွေ တိုးမြှင့်ရေး ကိစ္စတွေမှာ အလှူရှင်တွေ ပိုမို အာရုံစိုက် ကူညီကြဖို့ UNHCR က တိုက်တွန်းပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည် ကလေးသူငယ်တွေထဲက တစ်သိန်း ဝန်းကျင်ကို မြန်မာသင်ရိုးညွှန်းတမ်းတွေကို မြန်မာဘာသာစကားနဲ့ သင်ကြားပေးတဲ့ ကျောင်းတွေမှာ စာရင်းသွင်းပေးထားနိုင်တယ်လို့ UNHCR ရဲ့ စာရင်းဇယားတွေ အရ သိရပါတယ်။

တရားမျှတမှုလည်း မရှာနိုင်၊ အခွင့်အရေးလည်း နတ္ထိ

အခုလို ၅ နှစ် ပြည့်မြောက် လာချိန်ထိ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ တရားမျှတမှုနဲ့ အခွင့်အရေး အကာအ ကွယ်ပေးမှုတွေ မရ ဖြစ်နေရဆဲပဲလို့ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ ဖြစ်တဲ့ Human Rights Watch HRW အဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်၊ ၂၀၁၇ ဩဂုတ်လ ၂၅ရက်နေ့ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မုဒိမ်းပြုကျင့်မှုတွေ၊ အိုးအိမ်တွေကို မီးရှို့မှုတွေကို မြန်မာစစ်တပ်က ပြုမူခဲ့တယ်လို့ HRW အဖွဲ့က ဆိုပါတယ်။ အဲဒီ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ၊ လုပ်ဆောင်ချက်တွေကြောင့် ရိုဟင်ဂျာ ၇သိန်း ၃ သောင်းကျော် ထွက်ပြေး ခဲ့ရတာ ဖြစ်ပြီး အခုလိုမျိုး မြေပြို ရေကြီးဖို့ အင်မတန် အန္တရာယ်များတဲ့ နေရာမျိုးတွေမှာ အစုလိုက်အပြုံလိုက် နေထိုင် လာခဲ့ကြရတာ ဖြစ်တယ်လို့လည်း HRW က ဆိုပါတယ်။

မြန်မာပြည်ထဲ ဆက်လက် ရှိနေဆဲ ရိုဟင်ဂျာ ၆ သိန်း ဝန်းကျင်ဟာလည်း အင်မတန် ဖိနှိပ်ချုပ်ချယ်ပြီး ရက်စက်လှတဲ့ အုပ်ချုပ်ရေးအောက် နေထိုင်နေကြရတာ ဖြစ်တယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

သန်းချီတဲ့ ရိုဟင်ဂျာတွေနဲ့ ကော့ဆက်ဘဇားဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီးဖြစ်သွား


" ၅ နှစ်ကြာခဲ့သည်တိုင် ရိုဟင်ဂျာတို့ အတွက် တရားမျှတမှုနဲ့ လွတ်လပ်မှု နတ္ထိ" ဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်ပြန်တဲ့ HRW အဖွဲ့ရဲ့ အစီရင်ခံစာထဲ အဓိက ထောက်ပြထားတာတွေထဲ ရိုဟင်ဂျာ မျိုးနွယ်စု အပေါ် ပစ်မှတ်ထား ကျူး လွန်ခဲ့တဲ့ ပြင်းထန်ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ အတွက် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်ပေး အရေးယူနိုင်တာမျိုး မရှိသေးတဲ့ အချက်လည်း ပါဝင်နေပါတယ်။

ဒါကြောင့် ကျူးလွန်သူ မြန်မာစစ်တပ်က တာဝန်အရှိဆုံး သူတွေအပေါ် နိုင်ငံတကာ အပြစ်ပေး အရေးယူမှု လုပ်နိုင်ဖို့ရာ နိုင်ငံတကာ အစိုးရတွေအနေနဲ့ တိကျရေရာပြီး လက်တွေ့ကျတ စုပါင်းလုပ်ဆောင်မှုတွေ ပြုလုပ်ချိန်တန်ပြီလို့ HRW အဖွဲ့က ဆိုပါတ​ယ်။

"တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေးနဲ့ တရားမျှတမှု ရရှိနိုင်ရေးတို့မှာ ကာယကံရှင် ရိုဟင်ဂျာတို့ရဲ့ သဘောထား ဆန္ဒတွေနဲ့ အညီ နိုင်ငံတကာ အစိုးရတွေကြား ဟန်ချက်ညီညီ စုပေါင်းဆောင်ရွက် ကြတဲ့ ဗျူဟာတစ်ရပ်ကို အခု ၅ နှစ်ပြည့် ကာလမှာ ဖော်ဆောင်ထားရှိသင့်ပြီ" လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ ယာယီ ညွှန်ကြားရေးမှူး အေလိန်းပီယာဆင်က ပြောပါတယ်။

UNHCR ပန်ကြားသလို မျိုးပဲ HRW အဖွဲ့က လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ပညာသင်ကြားနိုင်ရေးနဲ့ ကိုယ့်ခြေ ထောက်ပေါ် ရပ်တည်ပြီး အသက်မွေးဝမ်းကျောင်း နိုင်စွမ်း ရှိလာရေးတွေ အပေါ် အလှူရှင် အာရုံစိုက် လုပ် ဆောင်ကြဖို့ တိုက်တွန်းပါတယ်။

ရိုဟင်ဂျာ အကျပ်အတည်း တုံ့ပြန်ရေး ၂၀၂၂ ပူးပေါင်း စီမံချက် ဆိုတဲ့ နိုင်ငံတကာ အစီအစဥ်က နေ အလှူငွေ အမေရိကန် ဒေါ်လာ ၈၈၁ သန်း ရည်မှန်းထားပေမယ့်လည်း ၄ ပုံ ၁ ပုံ သာ ရရှိ သေးတယ်လို့ တရားဝင် စာရင်းဇ ယားတွေ အရ သိရပါတယ်။

ဒါ့ကြောင့် အမေရိကန်၊ ဗြိတိန်၊ ဥရောရပသမဂ္ဂ အီးယူအဖွဲ့ နဲ့ သြစတြေးလျ တို့ အပါအဝင် အလှူရှင်တွေ အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး ရန်ပုံငွေတွေ ပြည့်မီအောင် တိုးမြှင့်ထည့်ဝင် ကြဖို့လည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဆော်ဩနေပါတယ်။

စစ်တပ်ကပြည်တွင်းမှာ အရပ်သားတွေကို ကျူးလွန်နေတဲ့လုပ်ရပ် တွေကိုလည်း ကမ္ဘာက ပိုမြင်သာစေနိုင်

ဒုက္ခသည် ပြန်ဝင်နိုင်ရေး ဘယ်လောက် လက်တွေ့ကျသလဲ


ရိုဟင်ဂျာတွေ အပေါ် ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ မြန်မာပြည်မှာ ၂၀၂၁ ဖေဖော်ဝါရီက စပြီး ပြန်အာဏာသိမ်းထားတဲ့ အခြေအနေ ဖြစ်တယ်ဆိုပြီး HRW က ထောက်ပြပါတယ်။

အဲဒီ အာဏာသိမ်းစစ်တပ်ဟာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ အပါအဝင် ဥပဒေမဲ့ ဖမ်းဆီးတာ၊ နှိပ်စက်တာတွေ ပြုမူပြီး လူထု ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့တာကို တွေ့မြင်ခဲ့ရတယ်လို့ HRW က ဆိုပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဖြိုခွင်းကိုင်တွယ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေ၊ စစ်ရေး ပဋိပက္ခ ပေါ်ပေါက်ရာ နယ်မြေတွေမှာ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အပြုအမူတွေဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေထိ မြောက်နိုင်တယ်လို့လည်း ဆိုပါတယ်။

အခုလို စစ်အာဏာသိမ်းပြီး နောက်မှာ နိုင်ငံတအနှံ့ စစ်ဆင်ရေးတွေ ပြုလုပ် ကြတဲ့ တပ်တွေထဲ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့တွေ အဖြစ် အမေရိကန်နဲ့ ဗြိတိန်တို့လို နိုင်ငံတက အစိုးရတွေက အတိတကျ နာ မည်တပ်ပြီး အရေးယူမှုတွေ ချမှတ်ထားတဲ့ တပ်မတွေ၊ တပ်ရင်း တပ်ဖွဲ့တွေ ပါဝင်တယ်လို့ HRW က ထောက်ပြ ပါတယ်။

အခုဆိုရင်လည်း မြန်မာ နိုင်ငံထဲ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ၊ ရွာတွေအပေါ် ဝင်ထွက်သွားလာမှုက အစ ကန့်သတ်ချက် အသစ်တွေ ချမှတ်တာမျိုး၊ အကူအညီတွေကို ပိတ်ဆို့တာမျိုးတွေ အာဏာသိမ်း စစ်တပ်က ပြုလုပ်ထားတယ်လို့ HRW အဖွဲ့ရဲ့ အစီရင်ခံစာထဲ တွေ့ရပါတယ်။ အကျိုးဆက် အနေနဲ့ သောက်ရေ ရှားပါးပြီး၊ စားနပ်ရိက္ခာ ပြတ်လပ်မှု ပေါ်ပေါက် လာစေပြီး ရောဂါဘယ ထူပြောတာတွေ၊ အာဟာရချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်လာစေတယ်လို့လည်း HRW အဖွဲ့က ဆိုပါတယ်။

အာဏာသိမ်းပြီး ကတည်းက ဆိုရင် ရိုဟင်ဂျာ အယောက် ၂၀၀၀ ဝန်းကျင် စစ်တပ်ရဲ့ ဖမ်းဆီးမှု ခံခဲ့ရပြီး၊ အဲဒီထဲမှာ ကလေးသူငယ်တွေလည်း ရာနဲ့ချီပြီး ပါဝင်တယ်လို့ ဆိုပါတယ်။ အဓိကကတော့ "ခွင့်ပြုချက်မဲ့ ခရီးသွားလာမှု" အတွက် ဖမ်းဆီးတာလို့ စစ်အာဏာပိုင်တွေက ဆိုတာမှာ အဲဒီပြစ်မှုဟာ ထောင် ၅ နှစ် အထိ ချနိုင်တဲ့ အမှုမျိုး ဖြစ်ပါတယ်။
စာသင်ကျောင်းတွေ အပိတ်ခံရတာမျိုး ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းမှာလည်း ရိုဟင်ဂျာတွေ တွေ့ကြုံ

ဒါ့အပြင် ရိုဟင်ဂျာတွေ ရှိတဲ့ နယ်မြေတွေမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ အေအေကြား တိုက်ပွဲတွေလည်း တကျော့ပြန် ဖြစ်ထန်လာတဲ့ အတွက် ရိုဟင်ဂျာ ရွာသားတွေ ကြားညပ် နေရတယ်ဆိုပြီး HRW က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒုက္ခသည် ပြန်လွှဲပြောင်းရေး အစီအစဥ် အမြန်ဆုံး အထမြောက်လာ စေချင်တဲ့ ဆန္ဒကို လက်ရှိ အနေအထားမှာလည်း နိုင်ငံတကာကို အကြိမ်ကြိမ် ထပ်လောင်း ပြောဆို နေပါတယ်။ ဒုက္ခ သည် တွေကို အန္တရာယ်ဖြစ်စေမယ့် မူလ တိုင်းပြည်ရှိရာဆီ အတင်းအဓမ္မ ပြန်မပို့ရ ဆိုတဲ့ နိုင်ငံတကာ ကျင့်ဝတ်စံနှုန်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက လေးစား လိုက်နာတာ တွေ့မြင် နေခဲ့ရပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါ် တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေ လောလောလတ်လတ်မှာပဲ တိုးမြှင့် ချမှတ်လာတာမျိုး ရှိတယ်လို့ HRW အဖွဲ့က ထောက်ပြပါတယ်။ ဒုက္ခသည်တွေ အတွက် လူမှု အသိုင်းအဝိုင်းက ကမကထလုပ် ဦးဆောင် ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းတွေ အပိတ်ခံရတာမျိုး၊ စျေးဆိုင်တွေ ဖျက်ဆီး ခံရတာမျိူး၊ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ခံရတာမျိုးတွေ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းမှာလည်း ရိုဟင်ဂျာတွေ တွေ့ကြုံ နေကြရတယ်လို့ HRW က သူတို့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာထဲ ထည့်သွင်း ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေပေါ် ပြုမူပုံနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ နိုင်ငံတကာ ဝေဖန်မှုတွေ အပြင်းအထန် ကြုံတွေ့ ခဲ့ရတာကတော့ ဘာဆန်ချားကျွန်းပေါ် ဒုက္ခသည် နှစ်သောင်းရှစ်ထောင်ကို ပြောင်းရွှေ့ နေရာချခဲ့မှု ဖြစ်ပါတယ်။ လူနေဖို့ မသင့်တော်တဲ့ နေရာဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့ ကြားကပဲ နေရာရွှေ့ခဲ့တာဖြစ်ပြီး၊ ဘာဆန်ချားပေါ် ရောက်သွားတဲ့ ဒုက္ခသည်တွေဟာ သွားလာမှု ကန့်သတ်ထိန်းချုပ် ခံရသလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အနိုင်ကျင့်မှုတွေက အစ အစားအစာနဲ့ ဆေးဝါး ရှားပါးမှု အခက်အခဲ အမျိုးမျိုး တွေ့ကြုံရတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေ ပြန်နိုင်ရေး ကိုက်ညီတဲ့ အခြေအနေတွေ ရှိမနေဘူးလို့ မီရှဲ ဘက်ရှလေး ထုတ်ပြန်


လက်ရှိမှာတော့ ဒုက္ခသည် ပြန်လည် လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ရှိတ်ခ်ဟာဆီနာ အစိုးရနဲ့ မြန်မာ အာဏာ သိမ်း စစ်ကောင်စီနဲ့ကြား ဆွေးနွေးမှုတွေ အခုနှစ်ဆန်းမှာ စတင် ရှိလာတယ်လို့ တရားဝင် သတင်းထုတ်ပြန်မှုတွေ ရှိခဲ့ပါတယ်။ အာဏာသိမ်းမှု မတိုင်ခင် ကာလတုန်းကတော့ ပြန်လည် လွှဲပြောင်းရေး အစီအစဥ် တရားဝင် စတင်ဖို့ ၂ ကြိမ် ကြိုးစား ခဲ့ပေမယ့် မြန်မာပြည်ထဲက အခြေအနေတွေ အပေါ် ကြောက်ရွံ့တဲ့ အတွက် ရိုဟင်ဂျာတွေ မပြန်လိုကြဘဲ အစီအစဥ် အထမြောက် မလာခဲ့ပါဘူး။

လောလောလတ်လတ်မှာပဲ ကော့ဆက်ဘဇားထိ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲ မစ္စ မီရှဲ ဘက်ရှလေး သွားရောက်ခဲ့ပါတယ်။ သူမြင်တွေ့ကြားသိခဲ့ရတဲ့ နယ်ခြားတစ်ဖက်က အခြေအနေတွေအရ ဒုက္ခသည်တွေ ပြန်နိုင်ရေး အတွက် ကိုက်ညီတဲ့ အခြေအနေတွေ ရှိမနေဘူးလို့ မစ္စ ဘက်ရှလေးက ထုတ်ပြန်ပါတယ်။

မြန်မာအရေး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် နိုလင်းဟေဇာလည်း သူ့ရဲ့ အငြင်းပွားဖွယ်ရာ နေပြည်တော် ခရီးစဥ် အပြီး သီတင်းတစ်ပတ် အကြာမှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေဆီ သွားပါတယ်။

စခန်းတွေထဲ ရိုဟင်ဂျာတွေ ဘယ်လိုဘယ်ပုံ နေထိုင်နေကြရလဲ၊ နေရပ်ရင်း တိုင်းပြည်ကို ပြန်ရေး အပါအဝင် အနာဂတ် အတွက် ဘယ်လို မျှော်လင့်ချက်တွေ ရှိလဲ စတာတွေကို သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အထူးကိုယ်စား လှယ် သွားရောက်တာ ဖြစ်တယ်လို့ UNHCR ရဲ့ ဆက်သွယ်ရေး အရာရှိ ရက်ဂျီနာ ဒီလာပေါ်တီလာက မီဒီယာကို ပြောပါတယ်။

ရေရှည်တည်တံ့ ခိုင်မြဲမယ့် အိမ်ပြန်နိုင်မှု ဖြစ်စေရေး အတွက် လိုအပ်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ် ဆိုရင်၊ အာမခံချက်တွေ ရရှိမယ်ဆိုရင် စကားပြောခဲ့ရသမျှ ရိုဟင်ဂျာတွေဟာ အိမ်ပြန်ချင် ကြသူတွေချည်းပဲလို့ UNHCR တာဝန်ရှိသူ ပေါ်တီလာက ဆိုပါတယ်။

"သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေသာ လုံခြုံမယ်၊ နိုင်ငံသား အခွင့်အရေးတွေ ပြန်လည် ရရှိမယ် ဆိုရင် အိမ်ပြန်လိုကြတယ်လို့ ရိုဟင်ဂျာတွေက ပြောကြတယ်" ဆိုပြီးတော့လည်း ပေါ်တီလာက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ သောင်တင်နေကြတဲ့ ရိုဟင်ဂျာ ဦးရေ တစ်သန်းနဲ့ နှစ်သိန်း ဝန်းကျင် ရှိပြီး၊ မလေးရှား၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေထဲက လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွေထဲ အထောက်အပံ့နဲ့ အကာအကွယ် ပြုပေးမှု လုံလုံလောက်လောက် မရှိ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်တွေ ထောင်ပေါင်း မြောက်များစွာ ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */