" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, July 21, 2022

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက် - အိုင်စီဂျေ တရားရုံး ဘယ်လို ဆုံးဖြတ်မလဲ

BBC
၂၁ ဇူလိုင် ၂၀၂၂ 

၂၀၂၂ ဖေဖော်ဝါရီလက အိုင်စီဂျေ တရားရုံးမှာ ကြားနာစဉ်
 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး အိုင်စီဂျေတရားရုံးက ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်ပါတယ်။

ဒီအမှုကို အိုင်စီဂျေတရားရုံးက စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး မြန်မာဘက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်ကတည်းက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးရဲ့ လျှောက်လဲချက်တွေကို ၂၀၂၂ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က တရားရုံးမှာ အိုင်စီဂျေ တရားသူကြီးတွေ ကြားနာခဲ့ကြပါတယ်။

အဲဒီကြားနာပွဲကို မြန်မာဘက်က စစ်ကောင်စီရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ဂမ်ဘီယာဘက်ကတော့ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုး ဦး ဆောင်တဲ့ အဖွဲ့က တက်ရောက်ခဲ့ပါတယ်။

အဲဒီလျှောက်လဲချက်တွေထဲမှာ အဓိက ဘယ်အချက်တွေ ပါဝင်သလဲ။

မြန်မာဘက်က ကိုယ်စားလှယ် ဦးကိုကိုလှိုင်နဲ့ ရှေ့နေများ
 


မြန်မာဘက်က လျှောက်လဲချက်

မြန်မာဘက်က တင်ပြတောင်းဆိုတဲ့အချက် ၂ ချက်ကတော့ (၁) အိုင်စီဂျေတရားရုံးက ဒီအမှုကို စီရင်ပိုင်ခွင့် မရှိဘူး ဆိုတာနဲ့ (၂) ဂမ်ဘီယာဟာ တရားစွဲဆိုပိုင်ခွင့်မရှိဘူး ဆိုတဲ့ အချက်တွေကို တရားရုံးက ကြေညာပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

မြန်မာဘက်က ဒီလို တောင်းဆိုမှုဟာ ဘယ်အချက်တွေကို အခြေခံပြီး လျှောက်ခဲ့သလဲဆိုရင် အချက် ၄ ချက် တွေ့ရပါတယ်။

၁။ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ တရားစွဲလို့ မရကြောင်း။

၂။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံဟာ ဒီဖြစ်ရပ်ကြောင့် တိုက်ရိုက် နစ်နာတဲ့နိုင်ငံမဟုတ်တဲ့အတွက် တရားစွဲဆိုနိုင်တဲ့အနေအထား မရှိကြောင်း။

၃။ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေးပဋိညာဉ်ကို မြန်မာနိုင်ငံ လက်မှတ်ရေးထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ခြွင်းချက်ထားခဲ့တယ်ဆိုတာကို ထောက်ပြပြီး အဲဒီအတွက် မြန်မာကို တရားစွဲဆိုလို့ မရကြောင်း။

၄။ ဂမ်ဘီယာနဲ့ မြန်မာကြားမှာ တိုက်ရိုက်အငြင်းပွားမှု ရှိမနေလို့ တရားရုံးအနေနဲ့ ဒီအမှုကို လက်ခံစဉ်းစားခွင့်မရှိကြောင်း တို့ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ် ဦးကိုကိုလှိုင်အပြင် မြန်မာဘက်က ငှားထားတဲ့ ယူကေအခြေစိုက် ဥပဒေအကျိုးဆောင်ကုမ္ပဏီက ရှေ့နေတွေ လျှောက်လဲခဲ့ကြတာ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်က ကိုယ်စားလှယ် ဒေါ့ဒါ ဂျာလိုး (ဝဲ) နဲ့ ရှေ့နေများ
 

ဂမ်ဘီယာဘက်က လျှောက်လဲချက်
 


ဂမ်ဘီယာဘက်ကတော့ ဖေဖော်ဝါရီ ၂၈ ရက်က အပြီးသတ်လျှောက်လဲချက်မှာ တောင်းဆိုချက် ၃ ချက်ပြောခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာရဲ့ ကနဦးကန့်ကွက်လွှာကို တရားရုံးက ပယ်ချပေးဖို့၊ တရားရုံးမှာ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ဆက်လက် ကိုင်စွဲထားဖို့၊ အမှုရဲ့ အကြောင်းချင်းရာအရ ဂမ်ဘီယာရဲ့ စွဲဆိုချက်တွေကို ဆက်လက်ကြားနာစစ်ဆေးပေးဖို့ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်က ဒီတောင်းဆိုချက်တွေကလည်း အဓိကအားဖြင့် အချက် ၄ ချက်ပေါ်မှာ အခြေခံပြီး လျှောက်လဲခဲ့တာ တွေ့ရပါတယ်။ အဲဒီအချက်တွေကတော့

၁။ ဂမ်ဘီယာဟာ ဘယ်သူ့ကိုယ်စားအနေနဲ့မှ တရားစွဲတာမဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားစွဲတာ ဖြစ်ကြောင်း၊

၂။ ဂမ်ဘီယာဟာ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်တားဆီးရေးပဋိညာဉ် အဖွဲ့ဝင်နိုင်ငံအနေနဲ့ တရားစွဲတာ ဖြစ်ကြောင်း၊

၃။ မြန်မာက ပဋိညာဉ်ရဲ့ ပုဒ်မ ၈ ကို ခြွင်းချက်ထားခဲ့ပေမဲ့ ပုဒ်မ ၉ မှာ ဖော်ပြထားတဲ့အတိုင်း တရားရုံးမှာ စီရင်ပိုင်ခွင့်ရှိကြောင်း၊

၄။ ဂမ်ဘီယာနဲ့ ပဋိညာဉ်ကို ချိုးဖောက်တဲ့ မြန်မာကြားမှာ အငြင်းပွားမှု ရှိကြောင်း စတဲ့အချက်တွေ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်ကတော့ တရားရေးဝန်ကြီးဒေါ့ဒါ ဂျာလိုးအပြင် အမေရိကန်အခြေစိုက် ရှေ့နေအကျိုးဆောင်ကုမ္ပဏီတစ်ခုက ရှေ့နေတွေ အများအပြားနဲ့ လျှောက်လဲခဲ့ကြတာ ဖြစ်ပါတယ်။

အိုင်စီဂျေ တရားရုံး ဥက္ကဋ္ဌကတော့ အမေရိကန် တရားသူကြီး ဂျုံး ဒေါ်နိုဟူး ဖြစ်ပါတယ်။

ဒီအမှု ဘာဆက်ဖြစ်မလဲ

တကယ်တော့ တရားရုံးဟာ ဂမ်ဘီယာရဲ့ လျှောက်လွှာကို ၂၀၁၉ ခုနှစ်က လက်ခံခဲ့ပြီးနောက် အဲဒီနှစ်ကုန်မှာပဲပထမဆုံး နှစ်ဖက်လျှောက်လဲချက်တွေကို ကြားနာပြီး ဂမ်ဘီယာရဲ့ တောင်းဆိုချက်တချို့ ပါဝင်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ အကာအကွယ်ပေးဖို့၊ မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့၊ သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ နဲ့ မြန်မာဘက်က ပုံမှန်အစီရင်ခံစာတင်ဖို့တွေ ပါဝင်ပါတယ်။

အခုတစ်ခါမှာလည်း တရားရုံးက ပထမဆုံးဖြတ်ထားတဲ့အတိုင်း ဒီအမှုကို အဆုံးထိ ကြားနာပေးဖို့ ဂမ်ဘီယာဘက်က မျှော်လင့်နေပါတယ်။

မြန်မာဘက်ကလည်း၊ အထူးသဖြင့် လက်ရှိ စစ်ခေါင်းဆောင်တွေဘက်က ဒီလို ကမ္ဘာ့အကြီးလေးဆုံးရာဇဝတ်မှုလို့ ပြောနိုင်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်နိုင်အောင် တရားရုံးက ဆုံးဖြတ်ပေးဖို့ မျှော်လင့်နေပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့မှာ တရားရုံးက မြန်မာဘက်က ကနဦးကန့်ကွက်လွှာကို လက်ခံရင် ဒီအမှုမှာ မြန်မာနိုင်ပြီး အမှု ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တရားရုံးက မြန်မာရဲ့ ကန့်ကွက်လွှာကို ပယ်ချလိုက်ရင်တော့ မြန်မာဘက်ကနေ ချေလွှာလို့ခေါ်တဲ့ Counter-Memorial ကို တရားရုံးကို တင်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဂမ်ဘီယာဘက်က အဆိုလွှာ လို့ခေါ်တဲ့ Memorial ကို ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက တင်သွင်းထားပြီး ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အမှုကြီးအတွက် ကြားနာမှုတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါဆိုရင်တော့ ဒီအမှုကြီးတွေရဲ့ သဘောသဘာဝအရ နှစ်နဲ့ချီ ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */