" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 4, 2022

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၁)

နေမင်း 

" ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်, ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာ ဇာနည် ခေါင်းဆောင်များ၏ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ယနေ့တိုင် ပြည့်စုံသော သမိုင်း မှတ်တမ်းကို နိုင်ငံ တော် အဆင့်မှ ပြုစုထုတ်ပြန်ခြင်း မရှိ " [ စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့်ဆက် သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင် ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။ ] ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိ နစ် ဝန်းကျင်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံး အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရစဉ်အချိန်က ဤစာရေးသူသည် လသားခန့်အရွယ်သာ ရှိခဲ့ပါသည်။ ဆရာသမား လူကြီးများ၏ တဆင့်ပြောကြားချက်၊ စာနယ်ဇင်းနှင့် သတင်းစာဆောင်းပါးများကို ဖတ်ရှုလေ့လာချက်အရသာ ဤနိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်းကို သိရှိခွင့်ရခဲ့ပါသည်။ လုပ်ကြံမှုနှင့် ပတ်သက်၍ စိတ်ကူးယဉ်ဇာတ်လမ်းများလည်း ငယ်စဉ်ကလေးဘဝက ကြားခဲ့ဘူးသည်များလည်း ရှိခဲ့ပါ၏။ 

ဗိုလ်ချုပ်သည် ယနေ့တိုင်မသေသေးဟုပင် အလွန် နားထောင်ကောင်းလှသော ပါးစပ်ရာဇဝင်များဖြင့် လူကြီး သူမများက စာရေးသူတို့ငယ်စဉ်တွင် ပုံပြင်သဖွယ် ပြောဆိုသည်ကိုလည်း ကြုံခဲ့ဘူးပါ၏။ စာရေးသူတို့ မြန်မာ့လူ့အဖွဲ့အစည်းသည် အကြောင်းအကျိုးကို ဝေဖန်ဆန်းစစ်မှု အားနည်း၏။ အတိတ်ကိုလည်း လွယ်လွယ်နှင့်မေ့၍ ပစ္စုပ္ပန်တွင် သာသာယာယာ နေတတ်ကြ၏။ လူတယောက်ကို ချစ်လျှင် ချစ်သလို တခမ်းတနား စာဖွဲ့ပြောဆိုတတ်သလို မုန်းလျှင်လည်း မုန်းသလို လူတယောက်၏ ဘဝတလျှောက်လုံး၊ ထိုသူ၏ မျိုးနွယ်စဉ်ဆက်တခုလုံး ခေါင်းမဖော်နိုင်အောင် ဟုတ်တာရော မဟုတ်တာရော သိမ်းကြုံးပြောဆိုတတ်သည့် အကျင့်စရိုက်များကို ဘဝတွင် ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ဘူးပါ၏။ 

အထက်ပါ အကျင့်စရိုက်များသည် အဆိုပါ လူ့အဖွဲ့အစည်း၏ ဖြတ်သန်းရသော မှတ်တမ်းမဲ့ အတိတ်သမိုင်း ကြောင်းနှင့် သမိုင်းမှတ်တမ်းကို တန်ဖိုးထားရကောင်းမှန်း မသိမှုက အဆိုပါလူမျိုး၏ ဗီဇတွင် အမြစ်တွယ်နေသော အချောင်သမားစိတ်ဓာတ်၊ မင်းလောင်းမျှော်ဝါဒတို့ကို မွေးထုတ်ခဲ့လေရော့သလားဟု စာရေးသူတွေးမိပါ သည်။ စာရေးသူတို့သည် မိမိကိုယ်တိုင်နှင့် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ စရိုက်သဘောကို မညှာမတာ ဝေဖန်ဆန်းစစ်ဖို့တော့ လိုအပ်နေပြီဟု အလျင်းသင့်၍ တင်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာ နည် ခေါင်းဆောင်များ၏ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ယနေ့တိုင် ပြည့်စုံသော သမိုင်းမှတ်တမ်းကို နိုင်ငံတော်အဆင့်မှ ပြုစုထုတ်ပြန်ခြင်းမရှိဘဲ၊ လူပုဂ္ဂိုလ်တဦးချင်းက နိုင်ငံတော် လုပ်ကြံမှု အမှုတွဲမှတ်တမ်း၊ သတင်းစာပါ မှတ်တမ်းများကို ကိုးကား ရေးသားထားချက်များသာ ရှိပါသည်။ 

ထိုစဉ်က ခေတ်ပြိုင်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိအစိုးရသည် အဘယ်ကြောင့် နိုင်ငံတော်လုပ်ကြံမှုကြီး၏ နောက် ကွယ်မှ ဖြစ်ရပ်မှန်များကို ကော်မရှင်ဖြင့် စုံစမ်းဖော်ထုတ်၍ လူထုထံ ရှင်းလင်းတင်ပြရန် ပျက်ကွက်ခဲ့ရသလဲ။ မြန်မာလူထုကလည်း မိမိတို့၏ အာဇာနည်သူရဲကောင်းများ လုပ်ကြံခဲ့ရသည့် အမှုဖြစ်စဉ်မှန်ကို ဂဃနဏ သိရှိရအောင် ဖော်ထုတ်ပေးခဲ့ဖို့ တောင်းဆိုရကောင်းမှန်း ဘာကြောင့် မသိခဲ့ရသလဲ။ အစိုးရအဆက်ဆက်ကလည်း ယင်းတာဝန်ကိုဘာကြောင့် ပျက်ကွက်ခဲ့သလဲ။ အတိတ်သမိုင်းမှန်ကို ဖော်ထုတ်မှတ်တမ်းတင် သင်ခန်းစာယူရန် မကြိုးစားဘဲ အခြားသူပါးစပ်ဖျားမှ ပြောစကားတွင် လမ်းဆုံးနေကြလျှင် စာရေးသူတို့ လူမျိုးသည် ကမ္ဘာ့အ လယ်တွင် မျက်စေ့သူငယ်၊ နားသူငယ်ဖြင့် အရာမဝင် ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေးရနှင့် ဗိုလ်ချုပ်ပြောသည့် ဖာနိုင်ငံဖြစ်မှန်းမသိ ဖြစ်တော့မည်ကို သတိပြုကြပါဟု အသိပေးလိုပါသည်။ 

၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်းစိန်ထောင် ၆ တိုက် ၆ ခန်းတွင် ပြည်သူ့ရဲဘော် ဗိုလ်စက်ရောင်ခေါ် ဗိုလ်ခင်မောင်က ၎င်းမသေမှီရက်ပိုင်း လပိုင်းအလိုတွင် ထူးထူးခြားခြား မြန်မာနိုင်ငံနှင့်ပတ်သက်သော တာဝန် တခ ုစာရေးသူအား ပေးပါသည်။ ဒီတာဝန်ကို မင်းပဲ ထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်၍ ပေးရခြင်းဖြစ်သည်ဟု ပြောပါသည်။ သူပေးသောတာဝန်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရမှုတွင် တရားခံဦးစော နောက်ကွယ်၌ နယ်ချဲ့သမားများ ရှိနေကြသည်ဟု ခပ်လွယ်လွယ် ကောက်ချက်ဆွဲမှုကိုသာ မြန်မာ့ သမိုင်းတွင် ပေါ်ပေါက်နေသည်၊ အမှန်တကယ် အဓိက ဇစ်မြစ် လက်သည်တရားခံမှာ ဖဆပလ အစိုးရအတွင်းက အာဏာရ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ပိုင်း ကိုယ်တိုင်ပါဝင်နေခြင်းနှင့် စပ်ဆိုင်သည့် သမိုင်း၏ အတွင်းရေးအချို့ကို ဗိုလ်စက်ရောင်က စာရေးသူအား ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ စာရေးသူက စာရေးသူ မွေးကာစ ကလေးဘဝတွင် ဖြစ်ပွားခဲ့သော နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ထောင်ထဲ၌ ၁၄ နှစ်နေရဦးမည့် အသက် ၄၀ ကျော် စာရေးသူအား ဖော်ထုတ်ပေးရန် တာဝန်ပေးသော ဗိုလ်စက်ရောင်ကို အန်ကယ်တို့ ခေတ်က ဖြစ်ခဲ့တဲ့ဇာတ်လမ်း၊ အန်ကယ်ကိုယ်တိုင်လည်း တစိတ် တပိုင်း ပါဝင်ပတ်သက်ပါလျက် အန်ကယ်မဖော်ထုတ်ခဲ့ဘဲ ဘာကြောင့် ကျနော့်ကို အခါနှောင်းမှ လူမိုက်ငှားသလို ခိုင်းရတာလဲဟု မကျေမချမ်း ပြန်ပြောခဲ့ပါသည်။ 

ဗိုက်စက်ရောင်က မင်းက ဥပဒေပညာရော ရှေ့နေပညာပါတတ်ရုံမက သတင်းသမားလည်း ဖြစ်လို့ သမိုင်းတာဝန်ကို လက်ဆင့်ကမ်းပေးလိုက်တာပါ။ ငါက ကျောင်းဆရာနဲ့ စစ်သားပဲ လုပ်ခဲ့ဘူးတယ်။ အမှန်ကိုသိရုံနဲ့ အမှန်တရားကို ပေါ်အောင်ဖော်တာ မတူဘူး။ ဒီအလုပ်က မင်းလုပ်တတ်ပါတယ်၊ လုပ်နိုင်ပါတယ်ဟုပြောပြီး နိုင်ငံတော်လုပ်ကြံမှုကြီးနှင့် ဆက်စပ်သော အရေးကြီး အချက်အလက်ဆိုသည်များကို စာရေးသူအား ပြောပြခဲ့ပါသည်။ စာရေးသူကလည်း သေခါနီး လူတယောက် စိတ်ချမ်းသာလျှင် ပြီးရောသဘောဖြင့်သာ နားထောင်ခဲ့ပါသည်။ ဤသို့ဖြင့် ၁၉၄၆/၄၇ ဝန်းကျင် ဗိုလ်စက်ရောင် ကိုယ်တိုင်တွေ့ကြုံရသည့် နိုင်ငံရေးဘဝနှင့် နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်စပ်ဆိုင်သော အချက်အလက်များကို စာရေးသူ သိရှိ နားထောင်ခွင့်ကြုံခဲ့ပါသည်။ နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ အဓိကတရားခံမှာ ဦးစောဖြစ်သော်လည်း ၎င်း၏ နောက်ကွယ်တွင် နယ်ချဲ့သမား၏ အကွက်ဆင် ထောက်ပ့ံကူညီခဲ့မှု ရှိခဲ့သည်ဟူသော သမိုင်းအမြင်သည် နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားပြီးခါစကပင် စတင်ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်။ 

ပြည်တွင်းရှိ ကွန်မြူနစ်ဂိုဏ်းရော ဆိုရှယ်လစ်ကပါ ယင်းအမြင်ကို ခပ်လွယ်လွယ် ဖော်ထုတ်ပေးခဲ့ပြီးဖြစ်ပါ သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဦးနေဝင်းမြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ဆင်းသွားချိန်မှစ၍ နို်င်ငံတော်လုပ်ကြံမှုကြီး၏ နောက်ကွယ်တွင် အဓိကတရားခံဦးစောသည် နိုင်ငံရေးဆင်ကွက်အတွင်းကျရောက်သွားသူသာဖြစ်သည်။ အဆိုပါ နိုင်ငံရေးထောက်ချောက်အတွင်းသို့ ဦးစောရောက်ရှိရန်ဖန်တီးသူမှာ ပြည်ပနယ်ချဲ့သမားသာမဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေးပြိုင်ဘက်များပါဝင်ခဲ့ပြီး ယင်းပြိုင်ဘက်များထဲတွင် ဦးနေဝင်းသည် အဓိကဇာတ် ကောင်ဖြစ် သည်ဟူသောသမိုင်းအမြင်တခုထပ်မံပေါ်ထွက်လာပါသည်။ အဆိုပါအမြင်ကိုနိုင်ငံတော်လုပ် ကြံမှု ကြီးဖြစ်ပွားစဉ် က နိုင်ငံတော်၏ ရဲဗိုလ်ချုပ်တာဝန်ယူထားသူဦးထွန်းလှအောင်၏ သားလည်းဖြစ်၍ ထိုစဉ်က နိုင်ငံတော်တရားရုံးချုပ်တရားရေးဌာနအတွင်းဝန်အဖြစ်လည်းကောင်း၊ ထောင်မင်းကြီးအဖြစ်လည်းကောင်းတာ ဝန်ယူခဲ့သူ ဦးသောင်းစိန်၏ သားမက်တော်သူ ဦးခင်အောင်ရေးသားသည့် အောင်ဆန်းကို ဘယ်သူသတ်သလဲ “Who Killed Aung San?” စာအုပ်တွင် ထုတ်ဖော်တင်ပြထားခဲ့ပါသည်။ 

စာရေးသူအား ဗိုလ်စက်ရောင်က ထုတ်ဖော်ပြောကြားခဲ့သော နိုင်ငံတော် လုပ်ကြံမှုကြီးနောက်ကွယ်မှ အဓိက သမိုင်းတရားခံများမှ အထက်ပါသမိုင်းအမြင် ၂ ရပ်နှင့် သက်ဆိုင်ခြင်းမရှိသော အတွင်းရေး အချက်အလက်သစ်များဖြစ်ပြီး ယင်းအချက်အလက်နှင့် ဆက်စပ်၍ စာရေးသူကိုယ်တိုင် မမျှော်လင့်ဘဲ နိုင်ငံတော်လုပ်ကြံမှုကြီးနှင့် ဆက်စပ်မှတ်တမ်းတချို့အား ထပ်မံရှာဖွေတွေ့ရှိသောကြောင့် ပြည်သူတရပ်လုံး သိရှိသုံးသပ်ဆုံးဖြတ်နိုင်ရန် အချိန်ကျရောက်ပြီထင်၍ ဤဆောင်းပါးကိုရေးသားတင်ပြရခြင်းဖြစ်ပါသည်။ သမိုင်းအမှန်ပေါ်ပေါက်ရန် လိုအပ်သည်ထင်မြင်၍ မည်သည့်ဘက်မျှ မလိုက်ဘဲ သစ္စာတရား လက်ကိုင်ထား၍ ရေးသားခြင်းဖြစ်ပါကြောင်း ဦးစွာ ဝန်ခံ ကတိပြုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်ခေါင်းဆောင်များ လုပ်ကြံမှုကြီးကို စစ်ဆေးဖော်ထုတ်လျှင် ဦးစွာပထမ ဦးစောဘဝနှင့် ၎င်းအား ၂၁-၉-၄၆ နေ့က လုပ်ကြံမှုကို ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။ ဦးစောသည် အောက်တန်းရှေ့နေဘဝမှ နန်းရင်းဝန်ဘဝသို့ ဒုတိယကမ္ဘာစစ်မတိုင်မှီ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီခေတ်တွင် ရောက်ရှိအောင်မြင်ခဲ့သော နိုင်ငံရေးသမားတယောက် ဖြစ်ခဲ့ပါသည်။ 

ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်အစိုးရက ဦးစော၏ နိုင်ငံရေးလှုပ်ရှားမှုများကို ယုံကြည်စိတ်ချမှု မရှိသောကြောင့် အာဖရိကတိုက်ရှိ ယူဂန္ဓာနိုင်ငံတွင် ၁၉၄၂၊ ဇန်နဝါရီလ ၈ ရက်မှ ၁၉၄၆ ဇန်နဝါရီလဆန်းအထိ ၎င်းအား ထိန်းသိမ်းထားခဲ့ပါသည်။ ယင်းကာလများအတွင်း မြန်မာနိုင်ငံရေးအခင်းအကျင်းသည်လည်း ပြောင်းလဲသွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဟူသော လူငယ်ခေါင်းဆောင်သစ်တယောက်သည် စစ်ပြီးခေတ် မြန်မာ့နို်င်ငံရေးတွင် ထင်ရှားပေါ်ပေါက်လာရာ အင်္ဂလိပ်အစိုးရသည် ၎င်းအားယှဉ်ပြိုင်နိုင်ရန် နန်းရင်းဝန်ဟောင်းဦးစောအား မြန်မာနိုင်ငံသို့ အမြန်ပြန်ပို့ပေးလိုက်ခြင်းဖြင့် နိုင်ငံရေးကစားကွက်တခုကို ဖန်တည်းခဲ့ပါသည်။ 

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလအဖွဲ့တို့အကြား နိုင်ငံရေးမပြေလည်မှုကို ပုံစံသစ်ပြောင်းရန် ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်ကို အင်္ဂလန်မှ ထပ်မံစေလွှတ်ပြီးနောက် အာဏာနေရာ အပေးအယူပြုလုပ်ကြရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တချိန်တည်းတွင် ဖဆပလအများစုပါသော ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဖဆပလအား ထိန်းရန် ဦးစောနှင့် သခင်ဗစိန်တို့ကဲ့သို့ ဖဆပလဆန့်ကျင်ရေး အင်အားစုများကို ဘုရင်ခံခန့်ကောင်စီလူကြီးများအဖြစ် ဆာဟူးဘတ်ရန့်က ခန့်အပ်ရန် စီစဉ်ခဲ့ပါသည်။ အထက်ပါအတိုင်း အင်္ဂလိပ်အစိုးရက နိုင်ငံရေး ကျားကွက်ဆင်နေချိန် ၂၁-၉-၁၉၄၆ ညနေပိုင်းတွင် ဦးစော သည် ဘုရင်ခံဆာဟူးဘတ်ရန့်နှင့်တွေ့ဆုံပြီး အိမ်အပြန်ပြည်လမ်း (မြေနီကုန်း၊ မပိုလမ်းထိပ်အနီး) ၌ ၎င်း၏ ကားအား နောက်မှ ကပ်လိုက်လာသည့် ဂျစ်ကားပေါ်မှ စစ်ယူနီဖောင်းဝတ် လူတဦးက သေနတ်နှင့်ပစ်၍ လက်ဝဲမျက်လုံးတဝိုက် မှန်စနှင့် ကျည်ဆံ ပွတ်ရှ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရန်ကုန်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။ 

ဦးစောလုပ်ကြံခံရချိန်က ဖဆပလ အလုပ်အမှုဆောင် အစည်းအဝေးကို ဗဟန်းမြို့နယ် တာဝါလိန်းရှိ ဗိုလ်ချုပ်အောင်ဆန်း အိမ်အပေါ်ထပ်တွင် ပြုလုပ်နေချိန်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှက ဦးစောသေနတ်အပစ်ခံရတယ်ဟု သတင်းလာပို့သည်။ ဦးနုက ဟေ့ ကျော်ငြိမ်း (ဆိုရှယ်လစ်ပါတီခေါင်းဆောင်အား) ဘယ်သူပစ်တယ်ထင်သလဲဟု ခေါ်မေးရာ ဦးကျော်ငြိမ်းက သူမသိဘူးဟု ဖြေသည်။ နောက်တနေ့ ညဘက် ဗိုလ်ချုပ်ကိုယ်တိုင် ဦးစောအား လူမမာမေးရန် ဦးနုကို လာခေါ်သည်။ ဦးနုက ဗိုလ်ချုပ် … ဦးစောကို ဘယ်သူပစ်တယ် ထင်သလဲဟု မေးရာတွင် ပြည်သူ့ရဲဘော်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကလည်း သူ မသိဘူးဟု ပြောကြောင်း (ဦးနုရေး တာတေစနေသား၊ စာမျက်နှာ ၁၀၅ တွင်) မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုဘူးပါသည်။ ဗိုလ်စက်ရောင် ပြောကြားချက်အရဆိုလျှင် ထိုနေ့ (၂၁-၉-၄၆) စနေနေ့လည်ပိုင်းက ရန်ကုန်ဘဆွေ (ဆိုရှယ်လစ်ပါတီ Executive Committee အဆင့်ရှိသူ) သည် ၎င်းတို့စခန်းချရာ ပြည်သူ့ရဲဘော်ဌာနချုပ်၊ စစ်ကျန်မော်တော်ယာဉ်များ ပြုပြင်ရောင်းချနေသည့်နေရာ (ယခု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် အင်းယားမြိုင်လမ်း၊ ယခု မိုးညှင်းဓမ္မရိပ်သာနေရာသို့) ရောက်ရှိလာပြီး ဗိုလ်စက်ရောင်နှင့် အခြားပြည်သူ့ရဲဘော် ဗိုလ်တယောက်တို့အား ဗဟန်းရွှေဂုံတိုင်ဘက်ရှိ စားသောက်ဆိုင်တဆိုင်သို့ ခေါ်ဆောင်သွားပြီး ကျွေးမွေးသမှု ပြုခဲ့သည်ဟ ုဆိုပါသည်။ 

ဗိုလ်စက်ရောင်တို့မှာ အစားကောင်းများ မစားရဘဲ ပြတ်လပ်နေချိန်တွင် ရန်ကုန်ဘဆွေက ၎င်းတို့အား စေတနာဗလပွဖြင့် စိတ်တိုင်းကျ မှာယူစားသောက်ရန် ကုန်ကျငွေကို သူ ဒကာခံမည် ပြောသောကြောင့် ဝမ်းသာအားရ အစားအသောက်များ မှာယူခဲ့ကြသည်။ အစားအသောက်များ ရောက်ရှိလာချိန်တွင် ရန်ကုန်ဘဆွေက အနီးရှိ ပင်မင်းဆိုင်တွင် အဝတ်များအပ်ထား၍ သွားရွေးလိုက်ဦးမည်၊ ပြန်လာလျှင် ငွေရှင်းပေးမည်ပြော၍ ရုတ်တရက် ထွက်သွားပါသည်။ ငွေမရှိသော ဗိုလ်စက်ရောင်တို့မှာ ရန်ကုန်ဘဆွေပြန်လာချိန်ကို စောင့်ဆိုင်းနေရုံမှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။ အမှန်မှာ ရန်ကုန်ဘဆွေသည် ပင်မင်းဆိုင်သို့ သွားခြင်းမဟုတ်ဘဲ ဗိုက်စက်ရောင်တို့ ပြည်သူ့ရဲဘော်ဌာနချုပ် ယာဉ်ပြင်ရောင်းချရေးစခန်းသို့ ပြန်သွားခဲ့ပြီး ဗိုလ်စက်ရောင်တို့နှင့် အတူသွားစရာရှိ၍ ဂျစ်ကားတစီး ပေးလိုက်ရန် သွားရောက်တောင်းယူ၍ ရန်ကုန်ဘဆွေနှင့် ဦးမြလှိုင်တို့ပါသောအဖွဲ့သည် ပြည်သူ့ရဲဘော် စစ်ယူနီဖောင်းများ ဝတ်ဆင်လျှက် ဘုရင်ခံအိမ်တော်မှ ပြန်လာသော ဦးစောအား မြေနီကုန်းအလွန်၌ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါသည်။ ရန်ကုန်ဘဆွေသည် ဦးစောအား သေနတ်ဖြင့် ပစ်ခတ်ပြီးမှ ရွှေဂုံတိုင်ရှိ ဗိုလ်စက်ရောင်တို့ စားသောက်နေသော ဆိုင်သို့ပြန်လာခဲ့၍ ဦးစောအား သေနတ်နှင့်ပစ်ခဲ့ကြောင်း၊ ဦးစော သေမသေ မပြောနိုင်ကြောင်း ဗိုလ်စက်ရောင် တို့အား ပြောကြားခဲ့ပါသည်။ 

ဗိုလ်စက်ရောင်တို့မှာလည်း ရန်ကုန်ဘဆွေက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ခရီးစဉ်တွင် ဆူးညှောင့်သဖွယ်ဖြစ်နေသော ဘုံရန်သူ အင်္ဂလိပ်အလိုတော်ရိ ဦးစောအား လုပ်ကြံရန် ကြိုးစားမှုကို သဘောကျနေခဲ့ပြီး မသေချာ မရေရာသော သေနတ်နှင့် ပစ်ခတ်မှုအစား ၅၀ လိပ်ဝင် စီးကရက်သံဗူးအတွင်း ၃၆ စိပ် အမေရိကန်လုပ် လက် ပစ်ဗုံးထည့်သွင်း၍ ဦးစောစီးသည့်ကားပေါ်တွင် ထောင်ထားခဲ့ပါက သေချာသော လုပ်ကြံနည်း ဖြစ် ကြောင်းကိုပင် ဗိုလ်စက်ရောင်က ရန်ကုန်ဘဆွေအား အကြံပြု ပြောကြားခဲ့သည်ဟု ဆိုပါသည်။ ဆိုရှယ်လစ်ပါတီခေါင်းဆောင် EC အဆင့်ရှိသူက ပြည်သူ့ရဲဘော် ယောင်ဆောင်၍ ပြည်သူ့ရဲဘော်အဖွဲ့ထံမှ ကားကိုအသုံးပြုပြီး ဦးစောအား ရန်စသည့်သဘော ဟန်ဆောင်အပစ်ပြခဲ့ခြင်းဖြစ်သည်ကို ထိုအချိန်က အစားမက်နေသော ဗိုလ်စက်ရောင်တို့ မသိခဲ့ကြချေ။ အလားတူပင် သေနတ်ပစ်ခံရသော ကာယကံရှင် ဦးစောကိုယ်တိုင်ကလည်း “ထိုအချိန်က သူ့အား မည်သည့့် ပုဂ္ဂိုလ်/အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ယခုလို ပစ်ခတ်လုပ်ကြံသည်ကို အဖြေရှာမရခဲ့ပါဘူး။ မတွေးတတ်လောက်အောင် ဖြစ်ခဲ့ပါတယ်။ 

ဦးအောင်ဆန်းနဲ့ သခင်နုတို့ပင် ကျနော့်ထံလာပြီး မေးကြပါသေး တယ်”လို့ တရားရုံးမှာ ထွက်ဆိုမှု ရှိခဲ့ပါသည်။ ၁၉၄၆ ခုနှစ် မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည်သာ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင် အညွှန့်တလူလူနှင့် တက်လူ ဖြစ်ပါသည်။ ဆာပေါ်ထွန်း၊ ဒေါက်တာဘမော်၊ ဦးစောတို့မှာ မြန်မာပြည် နို်င်ငံရေးတွင် ကျလူ၊ နိုင်ငံရေး ကျားသေ ဖျက်မြင်း အဆင့်သာရှိကြသူများ ဖြစ်ပါသည်။ ဦးစောဆိုလျှင် မြန်မာနိုင်ငံနှင့် ဝေးကွာလှသော အာဖရိကတိုက်အလယ်တွင် ၅ နှစ်ခန့် အဆက်ဖြတ် ပြည်နှင်ဒဏ်ခံထားရသူဖြစ်ပါသည်။ သို့ဖြစ်၍ ဦးစောသည် သူ၏ မျိုးချစ်ပါတီကို ယခုမှ ခက်ခက်ခဲခဲ ပြန်လည်ထူထောင်နေရသူ ဖြစ်ပါသည်။ ဤအခြေအနေမှန်အရ နိုင်ငံရေးအရ ပစ်မှတ်ထား လုပ်ကြံခံရမည့်သူမှာ ဦးအောင်ဆန်းသာဖြစ်နိုင်ပြီး မိမိမဖြစ်နိုင်ကြောင်း ဦးစော သဘောပေါက်သည်။ သို့ဖြစ်ပါလျက် မိမိအား လုပ်ကြံသူသည် မည်သူမည်ဝါ၊ မည်သည့်ဂိုဏ်းက ဖြစ်နိုင်သည်ဆိုသည်ကို ဦးစော အခင်းဖြစ်ပွားစအချိန်က မမှန်းဆနိုင်ခဲ့ပါဆိုသောအချက်သည် ယုတ္တိရှိသည်ဟု ဆိုနိုင်ကောင်းပါသည်။ 

အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့် ကိုယ်တိုင်ကလည်း နိုင်ငံရေးအင်အားမရှိတော့သော ဦးစော၊ သခင်ဗစိန် တို့အား ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဖျက်မြင်းသဘော အသုံးချရန် အဆင့်အတွက်သာ ရည်မှန်းပြီး ဘုရင်ခံခန့် ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရင်ခံကောင်စီအား ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့ဝင် အများစုလက်ထဲသို့ ဘုရင်ခံကိုယ်တိုင် အပ်နှံလိုက်ရသောအခြေအနေသည် ၁၉၄၆ ခုနှစ်တွင် အမှန်ဖြစ်ခဲ့ပါ သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ လွတ် လပ်ရေးကိစ္စ ဆွေးနွေးရန် အစိုးရကိုယ်တိုင် ၁၉၄၇-ခုနှစ် ဇန်နဝါရီတွင် ဖိတ်ကြားမှုပြုခဲ့သောကြောင့် သမိုင်းဝင် အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ ၉-၁-၄၇ တွင် ရောက်ရှိခဲ့ပါသည်။ ဗိုလ်ချုပ်တို့ ဖဆပလကိုယ်စားလှယ်အဖွဲ့ လွတ်လပ်ရေးတောင်းဆိုမှုနှင့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးပွဲ ကျင်းပပေးနိုင်ရေး တောင်းဆိုမှုကို အင်္ဂလိပ်အစိုးရက လက်ခံလျှင် လိမ္မော်သီး၊ လက်မခံလျှင် သံပုရာသီး လို့ သံကြိုးရိုက်အ ကြောင်းကြားရန် ဦးနုက ဦးကျော်ငြိမ်းကို မှာကြားလိုက်သည်လို့ ဆိုပါသည်။ တောင်းဆိုတာ မရလို့ သံပုရာသီးလို့သာ သံကြိုးစာဝင်လာလျှင် ဦးနုသည် အနုနည်းဖြင့် အာဏာဖီဆန်ရေးလုပ်ငန်းကို မြန်မာ ပြည်တွင်းမှာ စတင်လုပ်ဆောင်ရမည် ဖြစ်ပါသည်။ 

အနုနည်း အာဏာဖီဆန်ရေးလုပ်စဉ် မြန်မာလူထုက အကြမ်းဖက်မှုတွေ လုပ်လာလျှင် အာဏာဖီဆန်ရေးကို ချက်ချင်းရပ်ပစ်ပါဟု ဗိုလ်ချုပ်က သတိပေးစကား ပြောခဲ့သည်ဟု ဦးနု၏ တာတေစနေသား (စာမျက်နှာ ၁၀၈-၁၁၁) စာအုပ်တွင် ပါရှိပါသည်။ အထက်ပါ အနုနည်း အာဏာဖီဆန်ရေးကို အကန့်အသတ်ဖြင့် လူကြီးများ စီစဉ်ထားချိန်တွင် ဆိုရှယ်လစ်ပါတီ ယူနစ် အုပ်စုဝင်လူငယ်များနှင့် ပြည်သူ့ရဲဘော် တက်ကြွလူငယ်အုပ်စုက လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန်အထိ ၂ အုပ်စု လျှို့ဝှက်စည်းဝေး တိုင်ပင်မှုများရှိခဲ့သည်ဟု ဗိုလ်စက်ရောင်က ဆိုပါသည်။ ယူနစ် အုပ်စုမှ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ချစ်ခိုင် အစရှိသော အရာရှိငယ်များသည် ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ဝင်များအဖြစ် ဂျပန်တော်လှန်ရေး ပြင် ဆင်ဆောင်ရွက်ခဲ့ရာ၌ ဗိုလ်နေဝင်းသည်လည်း ယင်းအစုနှင့် နီးကပ်လာသည်။ 

(တပ်မတော်သမိုင်း၊ စာမျက်နှာ ၉၄ အရ) အကယ်၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး တောင်းဆိုမရခဲ့၍ လက် နက်ကိုင် တိုက်ပွဲဝင်ရမည်ဆိုလျင် ပြည်သူ့ရဲဘော်ဘက်က စစ်ရေးကို ဦးဆောင်ရန် ဗိုလ်ဖိုးကွန်းနှင့် ဗိုလ်စိန်မှန်ကို ကြိုတင်ရွေးချယ်ကြောင်း အဆိုပြုခဲ့သလို ဆိုရှယ်လစ်ပါတီဘက်မှ စောရန်နောင် ဆိုသော ပုဂ္ဂိုလ်ကို စစ်ရေးခေါင်းဆောင်အဖြစ် အဆိုပြုခဲ့ကြောင်း၊ စောရန်နောင်ဆိုသော အမည်မှာ လူသိထင်ရှားမဟုတ်၍ ၎င်း၏ဓာတ်ပုံ၊ ကိုယ်ရေးရာဇဝင်ကအစ ပြည်သူ့ရဲဘော်ဘက်က ကြိုတင်သိရှိနိုင်အောင် အသိပေးဖော်ပြရန် တောင်းဆိုသော အခါတွင်မှ ဆိုရှယ် လစ်ပါတီဘက်က စောရန်နောင်၏ ဓာတ်ပုံ၊ ကိုယ်ရေးရာဇဝင်တို့ကို ပေးခဲ့ကြောင်း ဗိုလ်စက်ရောင်က ၁၉၄၆ ခုနှစ် နှစ်ကုန်ပိုင်းကာလက ၎င်း၏ ကိုယ်တွေ့လျှို့ဝှက်ဖြစ်စဉ်များကို စာရေးသူအား ပြောပြခဲ့ပါသည်။ 

ကံအား လျော်စွာပင် အောင်ဆန်း-အက်တလီစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သဖြင့် ဦးနုအနေဖြင့် အနုနည်း အာဏာဖီဆန်ရေးကို လုပ်စရာ မလိုခဲ့သလို ဆိုရှယ်လစ်ပါတီ ယူနစ်အုပ်စုဝင်များနှင့် ပြည်သူ့ရဲဘော်တို့ ပူးပေါင်းလုပ်ဆောင်မည့် စစ်ရေးလုပ်ငန်းစဉ်လည်း လုပ်ဆောင်ရန် မလိုဘဲ အေးချမ်းစွာ ရပ်ဆိုင်းသွားခဲ့ပါသည်။ အောင်ဆန်း-အက်တလီစာချုပ်ကို သခင်ဗစိန်နှင့် ဦးစောတို့ကသာ လက်မှတ်မထိုးဘဲ ငြင်းဆန်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးစော ရန်ကုန်ပြန်ရောက်ခဲ့ပါသည်။ 

ဘုရင်ခံကောင်စီမှလည်း ဦးစောနှင့် သခင်ဗစိန်တို့ နုတ်ထွက်လိုက်ကြပါသည်။ ယင်းကဲ့သို့ လွတ်လပ်ရေးကိစ္စများ ဆက်လက်ဆောင်ရွက်နေရင်း နောင် ၅ လခန့်အကြာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ စနေနေ့ နံနက် ၁၀:၃၇ နာရီအချိန်တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့သည် အစိုးရ လက်နက်တိုက်မှ လက်နက်များ ဥပဒေနှင့် ဆန့်ကျင်ထုတ်ယူ ပျောက်ဆုံးသွားမှုများကို ဆွေးနွေးနေကြပါသည်။ ထိုအချိန်၌ပင် ပျောက်ဆုံးသွားသော လက်နက်များကို ရယူထားသော ဦးစော၏ အဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့အား အတွင်းဝန်ရုံးအတွင်း အလွယ်တကူဝင်ရောက် လုပ်ကြံသတ်ဖြတ်သဖြင့် ဗိုလ်ချုပ် အပါအဝင် ဒီးဒုတ် ဦးဘချို ၊ သခင်မြ ၊ ဦးအဗ္ဗဒူရာဇတ် ၊ ဦးဘဝင်း ၊ မန်းဘခိုင် ၊ စပ်စံထွန်း ၊ ဦးအုန်းမောင် ၊ ကိုထွေးတို့ ၉ ဦး ကျဆုံးသွားခဲ့ပါသည်။ ထိုနေ့တွင်ပင် ပြည်လမ်းနှင့် ဒူးဘမ်းလမ်း (ယခု-မေခလမ်း) ဆုံ အနီးရှိ ဦးစော၏ အိမ်ဝန်းအား ဝင်ရောက်စီးနင်းဖမ်းဆီး ရှာဖွေခဲ့ရာ အိမ်ခြံဝန်းနှင့် အင်းလျားကန်ထဲမှ လက်နက်များ ရှာဖွေ သိမ်းဆည်းရမိခဲ့ပါသည်။ 

ဦးစောခြံဝင်းအတွင်း သိမ်းဆည်းရမိသော လက်နက်တွေထဲမှာ ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက်စစ်ရေး ခေါင်းဆောင် စောရန်နောင်၏ သေနတ်ကိုပါ သိမ်းဆည်းရမိတာက အလွန်ကို ထူးဆန်းနေသည်ဟု ဗိုလ်စက်ရောင်က ပြောပါသည်။ (ဆက်လက်ဖော်ပြပါမည်) 

>>> ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၂) နေမင်း

 [ စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။ ] “စောရန်နောင်ကို အရှင်ဖမ်းမိလျှင် ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်ချုပ်လုပ်ကြံခံရမှု ဘယ်လို ဆက်စပ်နေတယ်ဆိုတာ ပေါ်မှာပဲဆိုပြီး တို့ပြည်သူ့ရဲဘော်တွေကလည်း ဒီကောင့်ကို လိုက်ရှာတာဘဲ၊ မတွေ့ဘူး။ ဆိုရှယ်လစ်ပါတီဂိုဏ်းသား ပဲခူးဗိုလ်ကြာညွှန့်နဲ့ ဗိုလ်တင်အောင် (မြေပဒေသာစီမံကိန်း အထူးအရာရှိ၊ မာဇဒါဂျစ် ကားမှောက်၍ သေဆုံးသွားသဖြင့် မာဇဒါဂျစ်တင်အောင် ဟုခေါ်သူ) တို့က ပဲခူးဘက်မှာ စောရန်နောင်ကို အလျင် လက်ဦးစွာ ဖမ်းမိ၍ ချုပ်နှောင်ခေါ်ဆောင်လာစဉ် ကားပေါ်မှ ထပ်မံထွက်ပြေးပြန်သဖြင့် ပဲခူး ဆယ်မိုင်ကုန်းထိပ်တွင် ပစ်သတ်လိုက်ရပါသည်ဟူသော ဇာတ်လမ်းနဲ့ နိဂုံးချုပ်သွားတယ်ကွာ။ ငါ ဒီဇာတ်လမ်းကို မယုံဘူး။ အမေရိကန်သမ္မတ ကနေဒီကို လုပ်ကြံတဲ့ အော့ဇ်ဝဲလ်ဆိုတဲ့ တရားခံကို ကနေဒီအတွက် နာကျည်းဒေါသထွက်နေသူက ထပ်မံသတ်လိုက်သည်ဆိုတဲ့ ဇာတ်လမ်းမျိုးပါပဲကွာ။ နောက်မှ စဉ်းစားကြည့်တော့ ဦးစောကို မထိတထိ သွားလုပ်ကြံယောင်ဆောင်တဲ့ ရန်ကုန်ဘဆွေလည်း ဆိုရှယ်လစ်ပါတီက EC တယောက်ဖြစ်နေပြီး ငါတို့ပြည်သူ့ရဲဘော်အဖွဲ့က ကားကို မလိမ့်တပတ်နဲ့ ယူ စစ်ယူနီဖောင်းဝတ်ပြီး သရုပ်ဆောင်ခဲ့တာတွေဟာ ဗိုလ်ချုပ်နဲ့ တို့ပြည်သူ့ရဲဘော်တွေ အားလုံး ဆိုရှယ်လစ်တွေရဲ့ နိုင်ငံရေးဆင်ကွက်ထဲမှာ စတေးခံခဲ့ရတာပါ။ ဒီဇာတ်လမ်းကို ဘယ်လိုမှ ရှင်းလို့မရဘူးကွာ” ဟု ဗိုလ်စက်ရောင်က ဆက်ပြောပါသည်။

 “မင်းကို ထပ်ပြောခဲ့ဦးမယ်။ ဒီအကြောင်းက မမကြည် (ဗိုလ်ချုပ်ကတော်-ဒေါ်ခင်ကြည်) က ငါ့ကိုပြောခဲ့တာပါ” ဟုလည်း ဆိုကာ ၁၉၄၇ ဇူလိုင် ၁၉ တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစဉ်အချိန်၌ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင် အချို့ဥရောပသို့ ရောက်ရှိနေကြောင်း၊ အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မှ ထွက်ခွာသွားခဲ့ပြီး သခင်နု ဦးဆောင်၍ ဦးကျော်ငြိမ်း၊ ဦးတင်ထွဋ်၊ ဦးကိုကိုကြီး၊ ဗိုလ်ထွန်းလင်း၊ ဗိုလ်ခင်မောင်ကလေး တို့နှင့်အတူ အခြားသူများလည်းပါဝင်ကြောင်း (၁၂-၇- ၄၇ တွင် ဦးနုပါဝင်သော ကိုယ်စားလှယ်တချို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသော်လည်း ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်အချို့ ဥရောပတွင် ကျန်ရှိနေခဲ့သည်)၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့် ကြေးနန်းသတင်း မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းတို့အဖွဲ့ထံ ပေးပို့ရောက်ရှိချိန်မှာ ၄င်းတို့သည် ဧည့်ခံပွဲတခုတွင် သောက်စားနေကြချိန်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် လုပ်ကြံခံရသည့် သတင်းကြားရသည့်အချိန်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တဦးသည် မူးမူးရူးရူးဖြင့် “ငါတို့အကြံအောင်ပြီ” ဟု ထအော်ခဲ့ကြောင်း သတင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် အချို့ထံမှပင် ထူးထူးခြားခြား ဒေါ်ခင်ကြည် ရရှိထားကြောင်း ပြောကာ “ငါ့ ခင်ပွန်းကို ဒီလူတွေ တော်တော် ယုတ်မာကြတာပဲလို့ မမကြည်က ပြောခဲ့ဖူးတယ်ကွာ” ဟု ဗိုလ်စက်ရောင်က စာရေးသူကို ရင်ဖွင့်ပြောကြားခဲ့ပါသည်။ 

အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် ဦးတင်ထွဋ်သည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုကို စုံစမ်းဖော်ထုတ်နေစဉ် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလအတွင်း တည၌ ယခု ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းထောင့်အနီး အတွင်းဝန်ရုံးကို လှမ်းမြင်နိုင်သည့်နေရာတွင်ပင် ကားပေါ်တွင် ထောင်ထားသော လက်ပစ်ဗုံး ပေါက်ကွဲ၍ ဒရိုင်ဘာနှင့်အတူ သေဆုံးသွားခဲ့ပါသည်။ ၄င်းတို့၏ အလောင်းကို ဖဆပလအစိုးရက ယခင် လုပ်ကြံခံရသော နိုင်ငံတော်ခေါင်းဆောင်ကြီးများ အုတ်ဂူနောက်ဖက်တွင် ထပ်မံ မြှုပ်နှံပေးလိုက်ခြင်းဖြင့် အကြောင်းပြချက် မရှိ၊ တရားခံ မရှိဘဲ သေဆုံးသွားသူ ၂ ဦးအား ဖဆပလအစိုးရသည် အာဇာနည်ဗိမ္မာန်တွင် ဘာကြောင့်နေရာချထားခဲ့သည်မှာ စဉ်းစားလျှင် ခေါင်းစားမည်အမှန် ဖြစ်ပါသည်။ ဗိုလ်စက်ရောင်က စာရေးသူအား “ငါ ရန်ကုန်ဘဆွေကို ဦးစောကို အပိုင်သတ်နည်းအဖြစ် သင်ပေးခဲ့တဲ့ လက်ပစ်ဗုံးထောင်နည်းဟာ ဦးတင်ထွဋ် လုပ်ကြံခံရပုံနဲ့ ပုံစံတူ ဖြစ်ခဲ့တယ်ကွ။ နောက်ပိုင်း ဒီကောင်ကြီးကို ပြန်တွေ့တော့ မင်း ငါပြောတဲ့နည်းအတိုင်း ဦးတင်ထွဋ်ကို စစ်တပ်မှာ နေရာ မပေးချင်လို့ သူ့ကို ရှင်းလိုက်တာ မဟုတ်လားလို့ မေးကြည့်တယ်။ ဒီကောင်ကြီးက ဝန်လည်းမခံ၊ ငြင်းလည်း မငြင်းဘဲ ပြုံးနေတယ်ကွ” ဟူသော စကားသံကို ကြားရသည့်အခါ စာရေးသူ မိမိ၏ ထူးခြားသော ကံကြမ္မာကို အံ့သြ တုန်လှုပ်သွားမိပါသည်။ 

မိမိအား အမှန်တရားဘက်က လိုက်သည့်ရှေ့နေဖြစ်အောင် ကြိုးစားပါဟူသော သြဝါဒနှင့် ရှေ့နေပညာ သင်ပေးခဲ့သော လက်ဦးဆရာများမှာ တရားခံမပေါ်ဘဲ အာဇာနည်ဗိမ္မာန်တွင် မြေမြှုပ်ခံသူ ဦးတင်ထွဋ်၏ ညီ၊ ဦးစော၏ နိုင်ငံတော်လုပ်ကြံမှု ခုံရုံးဥက္ကဋ္ဌ ဆရာကြီးဦးကျော်မြင့်၊ ၄င်း၏သမီး ဆရာမဒေါ်တင်တင်မြင့်နှင့် ဆရာဦးရဲထွန်းတို့ဖြစ်ပါသည်။ နိုင်ငံတော်လုပ်ကြံမှု တရားခံအစစ်အမှန်ကို မင်း ဖော်ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ ငါ မင်းကို ဒီ လျှို့ဝှက်ချက်တွေ ထုတ်ပြောခြင်းဖြစ်ပါသည်ဟု ဗိုလ်စက်ရောင် တာဝန်ပေးခြင်းခံရသူ ကျနော်သည် အဆိုပါ ဦးတင်ထွဋ်နှင့်တကွ နိုင်ငံတော်လုပ်ကြံမှု ခုံရုံးဥက္ကဋ္ဌ မိသားစုနှင့် ပတ်သက်နေသူဖြစ်ကြောင်း ဗိုလ်စက်ရောင် တယောက်သိမသွားခဲ့ပါ။ ဗိုလ်စက်ရောင်သည် ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေး ထောင်ချောက် ဆင်ကွက်ဖြင့် အဓိကလုပ်ကြံသူ အစစ်သည် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များသာဖြစ်သည်ဟု အခိုင်အမာ ယုံကြည်စွာဖြင့် စာရေးသူအား အင်းစိန်ထောင် ၆ တိုက်အတွင်း ၁၉၄၅/၄၆/၄၇ ခုနှစ် နိုင်ငံရေးအခြေအနေများကို သုံးသပ်၍ အကြိမ်ကြိမ် ပြောခဲ့ပါ၏။ စာရေးသူသည် လူကြီးတယောက် သူ ပြောချင် ရင်ဖွင့်ချင်တာ ပြောပါစေ ရင်ဖွင့်ပါစေ သဘောဖြင့် နားထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ၈ ပေပတ်လည် အခန်းကျဉ်း၌ တံခါး၂ ထပ်အတွင်း အရပ် ၅ ပေခွဲကျော်မှ ၅ ပေ ၁၁ လက်မ ထိရှည်သော လူ ၃ ယောက်နှင့်အတူ စာရေးသူတို့ ၄ ယောက် ကျပ်ကျပ်တည်းတည်း နေရစဉ် ဤဇာတ်လမ်းများကို နားထောင်နေရသည့် ရက်ပိုင်းအတွင်း အသစ်ပြောင်းလာသော ထောင်ပိုင်ဦးဘိုကြည်ထံမှ စာရေးသူအား တယောက်တည်း ထားရမည်ဟူသော ညွှန်ကြားချက် ရောက်လာပြီးနောက် ဗိုလ်စက်ရောင်နှင့် သူ့အမှုတွဲများ ဗိုလ်ကြီးစိုင်းဝင်းကျော်အခန်းသို့ ပြောင်းရွှေ့သွားကြရသည်။ ရက်ပိုင်းအတွင်း နှလုံးရောဂါဖောက်၍ အင်းစိန်ထောင်ဆေးရုံသို့ ပြောင်းရွှေ့ထားရာမှ ဗိုလ်စက်ရောင် ကွယ်လွန်သွားခဲ့ပါသည်။

 [ DVB TV News 8 March 2012 သမိုင်းဝင် တော်လှန်ရေး ခေါင်းဆောင်တဦး ဖြစ်တဲ့ ဗိုလ်စက်ရောင် ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့် ဆွမ်းကျွေး -
 https://web.facebook.com/859436534091477/videos/1004407329594396/ ] ဗိုလ်စက်ရောင် အင်းစိန်ထောင်အတွင်း ကွယ်လွန်ပြီး မကြာမီ လယ်ဝေးသခင်ကြည်ရှိန် တယောက် ထောင်ထဲရောက်လာသည်။ စာရေးသူသည် ဗိုလ်စက်ရောင်ပြောသော နိုင်ငံတော်လုပ်ကြံမှုဆိုင်ရာ သမိုင်းကြောင်းကို စေ့စေ့စပ်စပ် မမေးနိုင်ခင် ရုတ်တရက် ကွယ်လွန်သွားသော ဗိုလ်စက်ရောင်၏အဖြစ်ကို သင်ခန်းစာယူ၍ လယ်ဝေးသခင်ကြည်ရှိန် မကွယ်လွန်မီ ဗိုလ်စက်ရောင်ပြောသော နိုင်ငံတော်လုပ်ကြံမှု သမိုင်းအထောက်အထားကို မှန် မမှန် ၄င်း၏ထင်မြင်ချက် ပေးပါရန်နှင့် နောင်လာနောင်သားများ အဖြစ်မှန် ဆင်ခြင်နိုင်ရန် သိသမျှ ပြောပါရန် မိမိစိတ်ချရသော ဝန်ထမ်းမှတဆင့် အကူအညီ တောင်းခံခဲ့ပါသည်။ သခင်ကြည်ရှိန်ထံမှ စာတိုတစောင်ကို လက်ခံဖတ်ရှုရသောအခါ ဗိုလ်စက်ရောင်ပြောသည်ထက် ပိုမိုတိကျသော အချက်အလက်များကို သိခွင့်ကြုံခဲ့ပါသည်။


 သခင်ကြည်ရှိန်သည် ဦးစောထံမှ သိမ်းဆည်းရမိသော ဆိုရှယ်လစ်ပါတီ စစ်ရေးခေါင်းဆောင် စောရန်နောင်၏ သေနတ် နံပါတ်ကို အလွတ်ရနေပြီး စာရေးသူထံ စာနှင့် ရေးပေးခဲ့ပါသည်။ စောရန်နောင်အား ပဲခူးဆယ်မိုင်ကုန်းတွင် ထွက်ပြေးသဖြင့် လိုက်ဖမ်းစဉ် ပစ်သတ်လိုက်ရသည်ဆိုသည်မှာ မမှန်ကြောင်း၊ တမင်သတ်ပစ်ခြင်း ဖြစ်ကြောင်း၊ စောရန်နောင်၏ လုပ်ရပ်သည် မိမိတို့ ဆိုရှယ်လစ်ပါတီအတွက် သိက္ခာကျစရာ ဖြစ်နေ၍ ဇာတ်လမ်းမရှုပ်အောင် ဗိုလ်ကြာညွှန့်တို့ သတ်ပစ်လိုက်တာဟု အတိအကျပင် စာပြန်ခဲ့ပါသည်။ စာရေးသူက သခင်ကြည်ရှိန်ထံ နိုင်ငံတော်လုပ်ကြံမှုအကြောင်း စုံစမ်းရခြင်းမှာ ၄င်းသည် ဆိုရှယ်လစ်ပါတီမှ ပဲခူးရိုးမ အရှေ့ခြမ်းတွင် နေမဝင်ဘုရင်တဆူပမာ တန်ခိုးထွားခဲ့သူဖြစ်၍ သူနှင့်ခေတ်ပြိုင် ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ရန်ကုန်ဘဆွေတို့သည် ရင်းနှီးသူများဖြစ်ကြောင်း၊ ဆိုရှယ်လစ်ဂိုဏ်းသား ဗိုလ်မှူးချုပ်မောင်မောင်အား မိတ္ထီလာမှ ကရင်ပြည်နယ်သံတောင်ဘက်သို့ ကေအင်ဒီအိုများ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ရန်ကုန်ဘဆွေက ကယ်တင်ရန် ကြိုးစားသော အရပ်သားပျောက်ကြား ကွန်မန်ဒိုအဖွဲ့များတွင် သခင်ကြည်ရှိန်၏ တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း၊ ရန်ကုန်ဘဆွေရေးသော “ချီလေသော်လည်း” နှင့် “တိုက်ယူရတဲ့ မျက်ရည်တပေါက်” စာအုပ်များတွင် အရိပ်အမြွက် ဖော်ပြထားခဲ့သည်ကို သတိရ၍ မှန်းဆ မေးမြန်းကြည့်ခဲ့ရာတွင် အထက်ပါအတိုင်း ပြည်သူ့ရဲဘော် ဗိုလ်စက်ရောင်၏ ပြောကြားချက်ကို ဆိုရှယ်လစ်ဂိုဏ်းသား သခင်ကြည်ရှိန်က ထပ်မံဖြည့်စွက်ထောက်ခံချက်ကို စာရေးသူ ရရှိလိုက်ခြင်း ဖြစ်ပါသည်။ စာရေးသူ ပထမအကြိမ် ထောင်မှလွတ်သော ၁၉၉၇ နှစ်ကုန်ပိုင်းအချိန်ထိ ဗိုလ်ကြာညွှန့် အသက်ထင်ရှား ရှိပါသေးသည်။ 

နိုင်ငံတော်လုပ်ကြံမှု အမှုတွဲများကို ဦးစွာလေ့လာလိုသေး၍၄င်း၊ မဆလ/နဝတခေါင်းဆောင်များနှင့် ဗိုလ်ကြာညွှန့် အဆက်အသွယ်ရှိသေးသည်ဟူသော သတင်းများကြောင့်၄င်း၊ ဗိုလ်ကြာညွှန့်ကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းရန် လက်တွန့်နေခဲ့ပါသည်။ နိုင်ငံတော်လုပ်ကြံမှုနှင့် သက်ဆို်င်သောအမှုတွဲများမှာလည်း ထူးထူးခြားခြား မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေပါသည်။ အင်းစိန်မြို့နယ်ကို ကေအင်ဒီအိုများ သိမ်းထားစဉ်က ထောင်နှင့် တရားရုံးမှတ်တမ်းများ မီးထဲပါသွားသလို သိရပြီး စာရေးသူလည်း အခြားသူများ၏ ပါးစပ်ပြော ရာဇဝင်များကို ခပ်လွယ်လွယ် ရေးချင်စိတ် မရှိ၍ နိုင်ငံတော်လုပ်ကြံမှု၏ နောက်ကွယ်မှ ပဟေဠိလျှို့ဝှက်ချက်များကို ရင်ထဲမှာသာ သိမ်းဆည်းထားခဲ့ပါသည်။ နိုင်ငံတော်လုပ်ကြံမှု အမှုတွဲမူရင်း (သို့မဟုတ်) မိတ္တူမှန်အမှုတွဲကို ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တဦး၏ ဂိုဒေါင်တလုံးစာမှျှှ ရှိသော စာအုပ်ပုံများထဲတွင် မြင်တွေ့ဖူးကြောင်း အဆိုပါ ခေါင်းဆောင်ကြီး၏ သွေးသားတဦးက စာရေးသူအား ပြောဖူးပါသည်။ ဆိုရှယ်လစ်ပါတီ၏ အတွင်းရေးများကို တူးဆွရမည့်ကိစ္စဖြစ်၍ အဆိုပါမိသားစုထံမှ အကူအညီ မတောင်းခံလိုတော့ပါ။ ၁၉၆၃ ခုနှစ် သမ္မတကနေဒီ လုပ်ကြံသတ်ဖြတ်မှုတွင် လီဟာဗေးအော့စ်ဝဲ တဦးတည်း ဟုတ် မဟုတ် အမေရိကန် အစိုးရနှင့် ပြည်သူများသည် လုပ်ကြံသတ်ဖြတ်မှု မှတ်တမ်းများ ပြန်လည် စိစစ် သုံးသပ်ရေးအဖွဲ့ကို ပြန်လည်စစ်ဆေးရန် တာဝန်ပေးအပ်ခဲ့သလို လျှို့ဝှက်အထောက်အထား စာရွက် ၆ သောင်းအား ပြည်သူလူထုသို့ အသိပေး ပြသခဲ့သည့်အဖြစ်နှင့် မြန်မာနိုင်ငံ ပြည်သူများနှင့် ခေတ်အဆက်ဆက်အစိုးရတို့၏ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များအား လုပ်ကြံမှုအပေါ် စိတ်ဝင်စားမှု အတိုင်းအတာသည် မနှိုင်းယှဉ်အပ်သော ကွာခြားမှုကဲ့သို့ ဖြစ်ရသည့် အကြောင်းတရားကိုလည်း အံ့သြရပါသည်။ 

ထိုကြောင့် ပို၍ စူးစမ်းဆင်ခြင်ရပါသည်။ ၁၉၈၉/၉၀ ဝန်းကျင်က အင်းစိန်ထောင်ထဲတွင် ဗိုလ်စက်ရောင် ပြောပြခဲ့သော နိုင်ငံတော်လုပ်ကြံမှု တရားခံ အစစ် မူလဇစ်မြစ်ကို သူနှင့် သခင်ကြည်ရှိန် ပါးစပ်ပြောဖြင့် ဖော်ထုတ်ရန် ဆန္ဒမရှိသော စာရေးသူအတွက် ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းတွင် သာယာဝတီထောင်အတွင်းရှိ စာရေးသူထံ တိုက်ခန်းအတူနေ နိုင်ငံရေးအကျဉ်းသား ဦးမောင်မောင်အေး မိသားစုက ဖတ်ရှုရန် ပေးပို့လိုက်သော ဂျာနယ်ဟောင်းတစောင်မှ မမျှော်လင့်သော အထောက်အထားတခုကို စတင်ရရှိခဲ့ပါသည်။ ဗိုလ်စက်ရောင်နှင့် သခင်ကြည်ရှိန်တို့ နှုတ်မှပြောခဲ့သည့် စောရန်နောင်ဆိုသူ ဆိုရှယ်လစ်ပါတီ စစ်ရေးခေါင်းဆောင်၏ အကြောင်းသည် နိုင်ငံတော်လုပ်ကြံမှု အမှုတွဲတွင် စုံထောက်မင်းကြီး ဦးထွန်းလှအောင်အား ဦးစော၏ရှေ့နေ ကားတစ်ဘက်နက်(ဗာတာနစ်)၏ မေးမြန်းချက်နှင့် ဦးထွန်းလှအောင်၏ အဖြေတို့တွင် ပါဝင်နေကြောင်း အံ့သြစရာကောင်းလောက်အောင် ဆိုက်ဆိုက်မြိုက်မြိုက် သာယာဝတီထောင်ထဲရှိ စာရေးသူထံ ရောက်ရှိလာခဲ့ပါသည်။

 “၃၀-၁၀-၄၇ ရက်စွဲပါ မြန်မာ့အလင်း သတင်းစာ မှတ်တမ်း၊ နိုင်ငံတော်လုပ်ကြံမှုကြီး၊ (ပြည်ထောင်စု နှင့် ဦးစော) သတင်းမှတ်တမ်းတင်၊ သတင်းထောက် မေမြို့ချစ်ဆွေ။ ၂၀-၃-၂၀၁၁ တနင်္ဂနွေ Monitor (စာ-၁၄-၁၅) “စုံထောက်မင်းကြီး ဦးထွန်းလှအောင်၏ အစစ်ခံ ထွက်ဆိုချက်” တရားခံ ဦးစော၏ ရှေ့နေ(၁) Curtis Bennett (ကားတစ်ဘက်နက်) (၂) Vertanner (ဗာတာနစ်) တို့၏ မေးမြန်းချက်နှင့် ဦးထွန်းလှအောင်၏ အစစ်ခံ ထွက်ဆိုချက် – ၁၉၄၇ ဇွန် ၄ ရက်မှာ စုံထောက်မင်းကြီး ဖြစ်ပါသည်။ 

စုံထောက်မင်းကြီး မလုပ်ရခင်က ရန်ကုန်တောင်ပိုင်း ဒုတိယရာဇဝတ်မင်းကြီး ဖြစ်ပါသည်။ – 
ပုလိပ်သပိတ် အင်အားမပြခင် အစည်းအဝေးတခု မြို့တော်ခန်းမမှာ လုပ်သေးသလား၊ ၄င်းအစည်းအဝေးမှာ ဦးအောင်ဆန်းက ဝမ်းမောင်အကြောင်းကို ပြောတယ်မဟုတ်လား။ … မမှတ်မိပါ။ – ဂျပန်ခေတ်တုန်းက သခင်ထွန်းအုပ်နဲ့ သခင်ဗစိန်တို့ကို ဗမာပြည်မှ နှင်ပစ်တယ် မဟုတ်လား။ … သူတို့နှစ်ယောက် ဗမာပြည်မှ ထွက်သွားကြတာကို သိပါတယ်။ သူတို့ကို ပြည်နှင်ဒဏ်ပေးတယ် မပေးဘူး မပြောတတ်ပါ။ – ပဲခူးဘက်မှာ စောရန်နောင်ဆိုတဲ့လ ူအကြောင်းကို သိပါသလား။ … စောရန်နောင်ကို ထွက်ပြေးမယ်လုပ်လို့ သေနတ်နဲ့ပစ်သတ်တာသာ တွေ့ရပါတယ်။ ပုလိပ်က ဖမ်းတာ မဟုတ်ပါ။ ပစ်ခတ်တဲ့အမှုကို ပုလိပ်က စုံစမ်းသေးသလား မသိပါ။ – စောရန်နောင်ကိုဘယ်သူဖမ်းသလဲ။ … သူ့ကို အရံပြည်သူ့ရဲဘော် အထူးပုလိပ်အဖွဲ့က ဖမ်းပါတယ်။ – တရားခံဦးစောရဲ့ အိမ်ကို ရှာဖွေပြီးတော့ အခြားခေါင်းဆောင်များရဲ့ အိမ်တွေကိုလဲရှာဖွေသေးတယ် မဟုတ်လား။ …. ရှာပါတယ်။ အရှာခံရတဲ့ အိမ်အချို့မှာ ဒေါက်တာဗမော်၊ သခင်ဗစိန်တို့လို ခေါင်းဆောင်တွေရဲ့ အိမ်အချို့ ဖြစ်ပါတယ်။ – အရှေ့ပိုင်း ရာဇဝတ်ဝန် အော်ဗရေးကို လက်ပစ်ဗုံးနဲ့ ပစ်သတ်တာ သိပါသလား။ … သိပါတယ်။ ထိုအခါတုန်းက ကျနော် တောင်ငူမှာ ရှိပါတယ်။ – ပထမ တရားခံဦးစောကို ၁၉၄၆ ခုနှစ် စက်တင်ဘာလတုန်းက သေနတ်နဲ့ အပစ်ခံရတာ သိပါသလား။ ….သိပါတယ်။ – ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှု ဖြစ်ပွားပြီးနောက် အားလုံးလူ ၈၀၀ ခန့် အဖမ်းခံရတယ် မဟုတ်လား။ … ၈၀၀ ခန့် ရှ်ိပါတယ်။ – ဖဆပလ အဖွဲ့ချုပ်မှာ ဗိုလ်ချုပ်ဟာ ခေါင်းဆောင်မဟုတ်လား။ ….. ဟုတ်ပါတယ်။

” အထက်ပါ သတင်းစာမှတ်တမ်းဟောင်း တပိုင်းတစကို ဖတ်ရှုခွင့်ရသည့်အခါတွင်မှ စာရေးသူ သိရှိထားသော အချက်အလက်များကို အများပြည်သူသိရှိရန် လက်ဆင့်ကမ်း တင်ပြသင့်ပြီဟူသော ဆုံးဖြတ်ချက်ကို ချဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ နိုင်ငံတော်လုပ်ကြံမှု သတင်းမှတ်တမ်းများကို လက်လှမ်းမှီသမျှ လေ့လာ ဖတ်ရှုခဲ့ပါသည်။ ဒေါက်တာမောင်မောင်သည် A Trial in Burma: The Assassination of Aung San စာအုပ်ကို နိုင်ငံခြားတွင် အင်္ဂလိပ်ဘာသာဖြင့် ၁၉၆၂ ခုနှစ်တွင် ထုတ်ဝေထားကြောင်း သိရပြီး “နိုင်ငံတော်လုပ်ကြံမှုကြီး” မြန်မာဘာသာဖြင့် မြန်မာနိုင်ငံတွင်း ထုတ်ဝေမှုကို ဖဆပလ အစိုးရနှင့် ဆိုရှယ်လစ်ခေါင်းဆောင်များ လက်ထက်တွင် ဤစာအုပ် ထုတ်ဝေနိုင်ခြင်း မရှိဘဲ နိုင်ငံတော်လုပ်ကြံမှု ဖြစ်ပွားပြီး ၂၁ နှစ်အကြာ ၁၉၆၈ ခုနှစ်တွင်မှ ထုတ်ဝေနိုင်သည်ကို သတိပြုစေလိုပါသည်။ ထိုစာအုပ်ရေးသူ ဒေါက်တာမောင်မောင်သည် မိမိတွေ့ရှိချက်ကို အကုန်အစင် မဖေါ်ထုတ်ဘဲ ချန်လှန်ထားခဲ့ဟန်ရှိပါသည်။ 

စာမျက်နှာ ၁၀၀ တွင် “မှတ်တမ်းတွေ ပျောက်ပျက်ကုန်လေပြီ။ ဗီဗြင်နှင့် ယန်းတို့အပေါ် စွဲဆိုခဲ့သော လက်နက်မှုခင်းအတွဲများ အင်းစိန်စစ်တလင်း၌ ဆုံးပြီ။ အသံလွှင့်ဌာန ညွှန်ကြားရေးဝန် ဦးခင်ဇော်က ရဲအရာရှိ ဦးဘသော်ထံမှ ရှားရှားပါးပါး သိမ်းဆည်းရရှိခဲ့သော လုပ်ကြံမှုကြီး၏ အမှုတွဲများ၊ ထိုအမှုကြီးမှ ပေါ်ပေါက်သော အယူခံအမှုတွဲများကို ဖရိုဖရဲ အကွဲကွဲ ဖြစ်နေရာက စုဆောင်း၍ တရားရုံးချုပ် မော်ကွန်းထိန်းခန်းတွင် ထားရှိပါ၏။

 အနာဂတ်သုတေသီတို့ ဖတ်ရှုလေ့လာ၍ သင်ခန်းစာများ ကောက်ယူ ဖြန့်ဖြူးနိုင်ပါစေ” ဟု နောင် လာနောင်သားတို့အတွက် တာဝန်လွှဲထားခဲ့သည်ကို တွေ့ရပါသည်။ စာရေးသူသည် ဗိုလ်စက်ရောင်ပြောသော ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက်စစ်ရေးခေါင်းဆောင် စောရန်နောင်နှင့် ပတ်သက် ဆက်စပ်သမျှကိုလည်း ရှာဖွေခဲ့ပါသည်။ ဆိုရှယ်လစ်ပါတီတွင် တိုင်းအဆင့် ၀ါဒမှူး တာဝန်ယူခဲ့ပြီး ဆိုရှယ်လစ်ပါတီ၏ အတွင်းရေးအချို့ကို ထုတ်ဖော်ရေးသားနေသူ ဦးသန်း(ကိုသန်း-ကြည့်မြင်တိုင်) “ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး” ရေးသူအား သတင်းထောက် မင်းအောင်ခိုင်နှင့်အတူ သွားရောက်တွေ့ဆုံ၍ စောရန်နောင်နှင့် ပတ်သက်သောကိစ္စရပ်များကို ဗိုလ်စက်ရောင်နှင့် သခင်ကြည်ရှိန်တို့ ပြောကြားချက်အတိုင်း စုံစမ်းမေးမြန်းခဲ့ပါသည်။ ဦးသန်းသည် မှတ်ဉာဏ်များ ကောင်းနေဆဲ ဖြစ်သော်လည်း၊ ကျန်းမာရေးမကောင်းသဖြင့် အိပ်ယာထဲတွင်နေလျက် စာရေးသူ သိလိုသမျှ အတတ်နိုင်ဆုံး ရှင်းပြခဲ့ပါသည်။ ဦးနုနှင့် ဦးကျော်ငြိမ်းတို့ အောင်ဆန်း-အက်တလီစာချုပ်ကိစ္စ အဆင်ပြေလျှင် လိမ္မော်သီး၊ အဆင်မပြေလျှင် သံပုရာသီးဟု ကြေးနန်းရိုက်ရန် စီစဉ်သော အကြောင်းအရာကိုပင် ဦးထွေးမြင့် ပြောမှသိတာမျိုးပင် ရှိပါသည်။ 

စောရန်နောင်ကိစ္စ သူမသိပါဟု “ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး” ရေးသူက ဖြေကြားတာ ကြုံခဲ့ရပါသည်။ ထို့ကြောင့် စာရေးသူကိုယ်တိုင် မေမြို့ချစ်ဆွေ၏ နိုင်ငံတော်လုပ်ကြံမှုကြီး၊ ပြည်ထောင်စုနှင့်ဦးစောတွင် စောရန်နောင်အကြောင်းကို မွှေနှောက် ရှာဖွေမှု ပြုခဲ့ပါသည်။ နိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်း လေ့လာလျှင် စောရန်နောင်အကြောင်း မပါဘဲ မဖော်ပြပါဘဲနှင့် မဖြစ်နိုင်သည်ကို စာရေးသူ ရှာဖွေတွေ့ရှိပါသည်။ အမှုတွဲပါ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကို ရှောင်ကွင်း၍ ဦးစော၏ အမှုတွင် ခုခံကာကွယ်မှု လမ်းကြောင်း (Line of Defence) သို့မဟုတ် ဦးစောအပေါ် ဖဆပလအစိုးရ (ဆိုရှယ်လစ်ခေါင်းဆောင်များ) ၏ နိုင်ငံရေးလုပ်ကြံရာတွင် အသုံးချခဲ့သည့် ဇာတ်ကောင်စောရန်နောင်နှင့် ဖော်ကောင်ဘညွှန့်တို့ ဇာတ်လမ်းတွဲသည် စာရေးသူတို့ မျက်ခြေမပြတ် စောင့်ကြည့်လေ့လာသင့်သော ဇာတ်ကောင်များဖြစ်ကြောင်း တွေ့ရှိလာရပါသည်။ 

>>> ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၃) နေမင်း 

( စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ 

၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။ ) ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက် စစ်ရေး ခေါင်းဆောင် စောရန်နောင်သည် ဖော်ကောင် ဘညွှန့်ကို အမှီပြု၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လတွင်ကျမှ ဦးစောထံ ရောက်ရှိ လာသူ ဖြစ်သည်။ ဦးစော လန်ဒန်တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို သဘောမတူဘဲ လက်မှတ် ထိုးရန် ငြင်းပယ်၍ ဦးအောင်ဆန်းကို ဆန့်ကျင်မှု ပြုခဲ့ပြီး ချိန်တွင် ဖြစ်ပါသည်။ ဦးစော မြန်မာပြည် ပြန်ရောက်သည့် အချိန်တွင်လည်း ဦးအောင်ဆန်း ဦးဆောင်သော ဘုရင်ခံကောင်စီမှ ဦးစော အထွက်ပြချိန်တွင် အချိန်ကိုက်၍ စောရန်နောင်သည် ဦးစောထံ ဝင်ရောက် လာခဲ့သူ ဖြစ်သည်။ ထိုအချိန် မတိုင်မှီအထိ လွန်ခဲ့သော ၅ လ (၁၉၄၆ စက်တင်ဘာလ ၂၁ရက်) က ဦးစောအား လုပ်ကြံ သူကို ဦးစောကိုယ်တိုင် အဖြေ မထုတ်နိုင် သေးပါ။ ဖော်ကောင် ဘညွှန့်နှင့်အတူ ပါလာသော စောရန်နောင်က “ဦးစောအား လုပ်ကြံသူ များသည် ဦးအောင်ဆန်း၏ လူများဖြစ်သည်။ 

၄င်းတို့အား ပြန်လည် လုပ်ကြံ တိုက်ခိုက်ရမည်” ဟူသော သွေးထိုး စကားဖြင့် ဝင်ရောက် လာသည့် အချိန်ကစ၍ ဦးစော စိတ်ပြောင်း သွားခဲ့ပုံ ရသည်။ တချိန်တည်းမှာပင် စောရန်နောင်က မိမိသည် ဆိုရှယ်လစ်ပါတီ၏ စစ်ရေးခေါင်းဆောင်ဖြစ်ခဲ့ဖူးကြောင်း ထုတ်ဖော်မပြောဘဲ ဦးအောင်ဆန်း ဂိုဏ်းသားဟောင်း ပုံစံမျိုးဖြင့် ဦးစောအား ဆက်ဆံခဲ့သည့်အတွက် ဦးအောင်ဆန်း၏ လူများ မိမိကို ပူးသတ်ဖို့ရောက်နေသလား စသည့် သံသယစိတ်ဖြင့် ဦးစောတယောက် စောရန်နောင်ကို ချိန်ဆပေါင်းသင်းနေရကြောင်း အမှုတွဲတွင် ကောက်ယူရန် အကြောင်းများ တွေ့ရှိရပါသည်။ အထက်ပါအချက်များကို ခြုံငုံသုံးသပ်လျှင် ဆိုရှယ်လစ်ပါတီသည် ဦးစောအနေဖြင့် ဗိုလ်ချုပ်အပေါ်အထင်လွဲစေရန် ရန်ကုန်ဘဆွေနှင့် တကြိမ်၊ ယခု စောရန်နောင်နှင့် တကြိမ်၊ စုစုပေါင်း ၂ ကြိမ် အကွက်ဆင်ခဲ့ကြောင်း တွေ့နိုင်ပါသည်။ 

၁၅-၁၂-၄၇ နေ့ဦးစော၏ ရုံးရှေ့ထွက်ဆိုချက်နှင့် ၉-၁၂-၄ရနေ့ မြန်မာ့အလင်းသတင်းစာပါ ဖော်ကောင်ဘညွှန့်အား ပြန်လှန်စစ်မေးချက်များအရ ဘညွှန့်နှင့်စောရန်နောင်တို့သည် ဦးစောအား မျိုးချစ်ပါတီ ခေါင်းဆောင်မှုက ဖယ်ပေးပြီး လူငယ်တယောက်ကို ခေါင်းဆောင်တင်သင့်ကြောင်း၊ ရဲဘော် ၃၇၀၀၀ နဲ့ဂဠုန်တပ်ကို စောရန်နောင်က အုပ်ချုပ်လိုကြောင်း တောင်းဆိုမှုများ ရှိခဲ့ကြောင်း အမှုတွဲတွင် ထင်ရှားပေါ်ပေါက်ပါသည်။ နောက်ပိုင်းတွင် စောရန်နောင်ကို ဦးစောက ဦးအောင်ဆန်းရဲ့ သူလျှိုလို့ ထင်လာမိကြောင်း၊ ဒီသူငယ်ဟာ ကျနော့်ကို သေအောင် လာလုပ်တာပဲလို့ ယူဆပြီး သူ့ကို အယုံအကြည် မရှိတော့ကြောင်း ရုံးရှေ့တွင် ထွက်ဆိုချက်မှတ်တမ်းများ ရှိပါသည်။ ဘညွှန့်နှင့် စောရန်နောင်တို့က ဦးစောထံအမှုတွင် အရေးပါလှသော သက်သေခံစာ ၂ စောင်ကို (အကြမ်းဖက်လုပ်ငန်း လုပ်ကိုင်ရန် တွန်းအားပေး ရေးသားထားသည်။ တစောင်မှာ စာမျက်နှာ ၅ မျက်နှာ ပါရှိသော ပြည်သိမ်းစီမံချက်စာတမ်းနှင့် အခြားတစောင်မှာ စောရန်နောင်က ဦးအောင်ဆန်း၏ လုပ်ဆောင်ချက်ကို မထောက်ခံဘဲ ဂဠုန် တပ်ဖွဲ့တွင် ပါဝင် တာဝန်ယူမည် ဖြစ်ကြောင်း၊ မိမိတွင် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကျော် ရှိကြောင်း သတင်းစာတွင် ကြော်ငြာငြာမည့် စာတမ်းတို့ ဖြစ်ပါသည်။) 

ဦးစောထံ ပေးပို့ထားသဖြင့် ၄င်းစာများကို ရဲတပ်ဖွဲ့က ဦးစောအိမ်မှ ရှာဖွေ သိမ်းဆည်း ရယူသွားခဲ့သည်။ ဦးစောသည် ဘညွှန့်နှင့် ဆိုရှယ်လစ် စောရန်နောင်တို့၏ သွေးထိုးမြှောက်ပင့်မှုကို ယုံကြည်ပြီး ဗိုလ်ချုပ်လုပ်ကြံမှုတွင် ပထမ ပါဝင်သွားပုံ ရပါသည်။ အမှန်တကယ် လက်တွေ့ကြုံရသောအခါ ဘညွှန့်က ဖော်ကောင်လုပ်၍ ကိုယ်လွတ်ရုန်းပြီး ဦးစောအပေါ် ကြိုးကွင်းစွပ်သွားမှု ခံရခြင်း၊ တနည်း လူယုံသွင်းပူးသတ် ခံရခြင်း၊ ဦးအောင်ဆန်းအား လုပ်ကြံရန် အစဦး ပထမ လှုံ့ဆော်သူ ဆိုရှယ်လစ် စောရန်နောင်မှာ အရေးကြုံချိန်တွင် ရှောင်တိမ်းနေသူဖြစ်ခြင်းတို့ကို သိရှိလာပြီးနောက် အဖြစ်မှန်ကို ထုတ်ဖော်ပြောဆိုရန် စဉ်းစားလာပုံရကြောင်း အမှုတွင် ကောက်ယူရန် အခြေအနေများ ပေါ်ပေါက်ခဲ့သည်ကို မေမြို့ချစ်ဆွေ၏ သတင်းမှတ်တမ်းများတွင် တွေ့ရသည်။ 

ထို့ကြောင့် မိမိအမှုတွင် ခုခံကာကွယ်မှုလမ်းကြောင်း၌ (Supporting evidence) ထောက်ခံသည့် သက်သေခံချက်အဖြစ် အကောင်းဆုံး ဖြစ်နိုင်ချေရှိသော စောရန်နောင်နှင့် ဘညွန့်လက်မှတ်ပါ ရဲသိမ်းဆည်းသွားသော စာ ၂ စောင်ကို သက်သေခံအဖြစ် တင်ပြရန် တရားခံဦးစောက တရားလို အစိုးရဘက်သို့ တောင်းဆိုသောအခါ ရာဇဝတ်ဝန်ကြီး ဦးလှဘော်က ဦးစောအိမ်မှ သိမ်းဆည်းရမိသော စာရွက်စာတမ်းပေါင်း ၂၈၈ ခုကို ပြန်လည်စစ်ဆေးကြည့်ရှု့ရာတွင် တနေ့က ရုံးတော်သို့ တင်ပြသော စာရွက်စာတမ်းဖြစ်စေ၊ ပြည်သိမ်းစီမံကိန်းဆိုသော စာတမ်းဖြစ်စေ ထိုစာရင်းတွင် မပါပါဟု လည်းကောင်း၊ ၄င်းစာရွက်စာတမ်း ၂၈၈ ခုလုံးကို အားလုံးဖတ်မကြည့်ပါ။ အကျဉ်းချုပ် ရေးသားထားသော စာရင်းကိုသာ စစ်ဆေးကြည့်ရှု့ခဲ့ပါသည်ဟု လည်းကောင်း ပေါ့ပေါ့တန်တန် ဖြေကြားထွက်ဆိုမှုကို တရားလိုအစိုးရဘက်က ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ရဲဘက်က မလွှဲသာ၍ ထုတ်ပြခဲ့သောစာမှာ စောရန်နောင်က ၄င်းသည် ဗမာပြည်လုံးဆိုင်ရာ ပြည်သူ့ရဲဘော် အသေခံတပ် တပ်ဗိုလ်အဖြစ်မှ နုတ်ထွက်သည့်အကြောင်း ဖြစ်ပါသည်။ 

ယင်းစာ၏သဘောမှာ ဆိုရှယ်လစ် စောရန်နောင်က ဦးအောင်ဆန်း၏ဘက်သား ပြည်သူ့ရဲဘော် တပ်ဗိုလ် ဟန်ဆောင်ထားသည်ကို တွေ့နိုင်သည်။ စောရန်နောင်နဲ့ ဘညွှန့်တို့ လက်မှတ်နဲ့ စာတမ်းဖြစ်စေ၊ ပြည်သိမ်းစီမံကိန်းဆိုသော စာတမ်းများ ရှာဖွေပုံစံပါ စာရင်းတွင် မပါရှိဟု ရာဇဝတ်ဝန်ကြီးက ငြင်းသွားပါသည်။ ဦးစောကမူ ၄င်းအား သြဂုတ်လ ၂၀ ရက်နေ့ စစ်တုန်းက ၄င်းစာသည် ပုလိပ်လက်ထဲတွင် ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ ပုလိပ်ထံ မိမိ အစစ်ခံထွက်ဆိုထားသည်မှာ ပုလိပ်များက ထိုစာရွက်အကြောင်းကို သိပါစေဆိုတဲ့သဘောနဲ့ ပြောပြခဲ့ခြင်း ဖြစ်ပါသည်။ “သြဂုတ် လဆန်းလောက်မှာ ဦးထွန်းလှအောင ်(စုံထောက်မင်းကြီး) ကျနော့်ထံလာပြီး ကြည့်တုန်းက သူက ပြောတယ်၊ ခင်ဗျားရဲ့ တပည့်တွေ မခင်လေး၊ မမြရွှေ၊ စံမြင့်တို့ဟာ အားလုံး ဖြောင့်ချက်ပေးကုန်ကြပြီ၊ စောရန်နောင်နဲ့ ဘညွှန့်လက်မှတ်ထိုးတဲ့စာတမ်းကိုလည်း ဦးထွန်းလှအောင်က တွေ့သည့်အကြောင်း ထည့်ပြီး ပြောပါသေးတယ်။ 

ကျနော်က ၄င်းစာတမ်းများကို သိမ်းဆည်းထားတာပါ။ ၄င်းစာတမ်းများဟာ ကျနော့်ကို ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ သိမ်းထားပါလို့ ပြောပါသေးတယ်” ဟု ဦးစော၏ ထွက်ချက်မှတ်တမ်းတွင် တွေ့ရှိရပါသည်။ ဒီဇင်ဘာလ ၁၆ ရက် ဦးစောအား ဦးစီဘူး(တရားသူကြီး) ရုံး၌ အမေးအဖြေတွင် – မျက်စိထိလို့ ဘယ်လောက်ကြာကြာ ခံရသလဲ။ – ၁၉၄၇ ခုနှစ် ဇန်နဝါရီလ အင်္ဂလန်ရောက်တော့ ဆရာဝန်ကြီးနှင့် ကုပြီးနောက် မနာတော့ပါ။ – ခင်ဗျားကို သေနတ်ပစ်တဲ့လူဟာ ဗိုလ်ချုပ်တို့လို့ မထင်ဘူး ပြောတယ်။ ဘယ်သူများကို မသင်္ကာပါသလဲ။ – မသင်္ကာပါဘူး။ – ဒီလုပ်ကြံမှုကြီးဟာ ဆင်ပြီး လုပ်ထားတယ်လို့ ပြောတယ်၊ ဘယ်သူက ဖန်တီးတယ်လို့ ထင်ပါသလဲ။ – ပုလိပ်က အစိုးရဖြစ်နေတဲ့ပါတီကို မျက်နှာလိုမျက်နှာရ ဆင်ပေးရတယ်လို့ ထင်တယ်။ – အစိုးရ ဖြစ်နေတဲ့ ပါတီနဲ့ မသင့်လို့လား – ကျွန်တော်ဟာ အစိုးရအဖွဲ့နဲ့ ဆန့်ကျင်နေပါတယ်ဟု ဦးစောက ၄င်းသည် ဆန့်ကျင်ဘက် အစိုးရ၏ အမှုဆင် တရားစွဲခြင်း ခံရကြောင်း ထွက်ဆိုချက်ကို တွေ့ရှိရပါသည်။ 

ထိုကြောင့် ဦးစောအမှုနှင့် ပတ်သက်သော စောရန်နောင်နှင့် ဘညွှန့်တို့၏ လက်ရေး လက်မှတ်ပါသည့် အရေးကြီး စာရွက်စာတမ်းများ ရဲတပ်ဖွဲ့လက်ထဲတွင် ဖျောက်ဖျက်ခံရသည်ဟု ယူဆစရာ အကြောင်းအချက်များ အမှုတွင်ပေါ်ပေါက်လျှက်ရှိသည်မှာ ထင်ရှားပေါ်လွင်နေပါသည်။ ရဲ ဖျောက်ဖျက်ခံရသော စာရွက်စာတမ်းများ၏ မူလပိုင်ရှင် စောရန်နောင်မှာ အရှင်ဖမ်းမိပါလျက် နှုတ်ပိတ် လက်စဖျောက်ခံခဲ့ရကြောင်း ဗိုလ်စက်ရောင်နှင့် သခင်ကြည်ရှိန်တို့၏ ပြောကြားချက်ကို ဖတ်ရှုသူများက ယုံကြည်လက်ခံပါလျှင် ဗိုလ်ချုပ်တို့အား လုပ်ကြံသူ မူလဇစ်မြစ် အစစ်အမှန် မည်သူဖြစ်နိုင်မည်ကို ပဟေဠိ အဖြေညှိကြရန် စာရေးသူက တိုက်တွန်းအပ်ပါသည်။ ထို့အတူ ဗိုလ်စက်ရောင်သိရှိသလို စောရန်နောင်သည် အောင်ဆန်း-အက်တလီစာချုပ် အဆင်မပြေပါက အင်္ဂလိပ်အစိုးရအား စစ်ရေးနည်းဖြင့် ဦးဆောင်တိုက်ပွဲဝင်ပေးရမည့် ဆိုရှယ်လစ်ပါတီ၏ တည်ကြက် စစ်ရေးခေါင်းဆောင်လည်းဖြစ်ခဲ့ကြောင်း ဦးစောသည် အမှုမစစ်မှီ ကြိုတင်သိရှိခဲ့လျှင် (သို့မဟုတ်) ယင်းကိစ္စကို ဦးစောဘက်မှ ထောက်ခံထွက်ဆိုမည့် ခိုင်လုံသောသက်သေ တစုံတယောက်သာ အမှုတွင် ပေါ်ပေါက်ခဲ့လျှင် နိုင်ငံတော်လုပ်ကြံမှုကြီး နောက်ကွယ်မှ ဇစ်မြစ်တရားခံကို ဖော်ထုတ်နိုင်မည်လား သို့မဟုတ် အဆိုပါ သက်သေသည်လည်း နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်ကဲ့သို့ လက်သည်မဲ့ လုပ်ကြံခံရဦးမည်လား။ လား? လား? လားပေါင်းများစွာကို စာရှုသူများအား လက်ဆင့်ကမ်းပေးလိုပါသည်။ 

ဤနေရာတွင် စာဖတ်သူများ သိသင့်သော သတင်းအချက်အလက် တခုကို ထပ်မံဖြည့်စွက် တင်ပြလိုပါသည်။ စောရန်နောင်နှင့် ဘညွှန့်တို့ လက်ရေးလက်မှတ်ပါသော စာရွက်စာတမ်းများ ရဲတပ်ဖွဲ့သိမ်းဆည်းရာတွင် ပါရှိသဖြင့် မိမိဖတ်ရှုခဲ့ရကြောင်း ဦးစောကို အသိပေးပြောကြားခဲ့သူ စုံထောက်မင်းကြီး ဦးထွန်းလှအောင်သည် မေဂျာဂျင်နရယ် စစ်ရာထူးနှင့် ရဲချုပ်တာဝန်ပါ ယူထားရသူဟု ဆိုပါသည်။ ၄င်းပုဂ္ဂိုလ်သည် စောရန်နောင်နှင့် ဘညွှန့်တို့၏ စာကိစ္စ ဦးစောအား အသိပေးခဲ့ကြောင်း အမှုတွင် ပေါ်ပေါက်ပြီး ၁၀ လခန့်အကြာ ၁၅-၁၀- ၁၉၄၈ နေ့တွင် လက်ရှိရာထူးထက် အဆင့်နိမ့်သော စစ်သံမှူးအဖြစ် လန်ဒန်ရှိ မြန်မာသံရုံးသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပါသည်။ ၁၉၅၁ ခုနှစ် စစ်သံမှူး သက်တမ်းကုန်၍ မြန်မာနိုင်ငံ ပြန်လာသောအခါ သူစီးလာသော သင်္ဘော သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း ဆိုက်ကပ်ချိန်တွင် မြန်မာထောက်လှမ်းရေးအရာရှိများ ဦးထွန်းလှအောင်အား လာရောက်တွေ့ဆုံပြီး သူ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်မပေးဘဲ ၁၉၅၄ ခုနှစ်အထိ သီရိလင်္ကာတွင် သောင်တင်နေခဲ့ရသည်ဟု ဦးထွန်းလှအောင်၏ သားဖြစ်သူ ဦးခင်အောင်ရေးသော “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်တွင် ဖော်ပြထားမှုသည် စာဖတ်သူများ စဉ်းစားရမည့်အချက်တခု ဖြစ်ပါသည်။ 

အဆိုပါစာအုပ်တွင် နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ “အဖြေမရသောမေးခွန်းများ” ခေါင်းစဉ်အောက်တွင် ၁။ ဦးစောနှင့်ပတ်သက်သော နိုင်ငံတော်လုပ်ကြံမှုခုံရုံး သဘောပတိမှာ ဦးကျော်မြင့်ဖြစ်သော်လည်း စီရင်ချက်ကို ခုံရုံးအဖွဲ့ဝင် ဦးစီဘူး၊ ဦးအောင်သာကျော်တို့ ၂ ဦးအနက် ဦးအောင်သာကျော်က ရေးသားပြီး ဦးကျော်မြင့်မှာ ဖတ်ကြားရုံသာ လုပ်ဆောင်ခဲ့ရကြောင်း၊ ၂။ စီရင်ချက်ချမှုကို မြန်မာပြည် လွတ်လပ်ရေးမရမှီ ၅ ရက်အလိုတွင် ကပ်၍ချခဲ့ခြင်းဖြင့် လန်ဒန်ပရီဗွီကောင်စီ Privy Council သို့ အသနားခံစာ တင်ခွင့်မရအောင် လုပ်ဆောင်သလို ဖြစ်နေကြောင်း ထောက်ပြထားသော အမှုစစ်ဆေးမှုအပေါ် သံသယဖြစ်ဖွယ် အချက်အလက်များသည် ဤနိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ နောင်လာနောင်သား သုတေသီများအတွက် စဉ်းစားရမည့်အချက်များ ဖြစ်ပါသည်။ ယခုဖော်ပြပါ နိုင်ငံတော်လုပ်ကြံမှု ဆန်းစစ်ချက်များသည် အမှုတွဲနှင့် အမှုနှင့်တိုက်ရိုက်သက်ဆိုင် သော အမှုသည်များအပေါ် ထုတ်ဖော်ဆန်းစစ်ချက်များ ဖြစ်ပါသည်။ အမှုမှန်ပေါ်ပေါက်ရန် အမှုတွဲ၌သာမက ပြင်ပဆက်စပ်သော အကြောင်းအချက်များ (အတိတ်+ပစ္စုပ္ပန်) ကိုပါ ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်ပါသည်။ 

နိုင်ငံတော်လုပ်ကြံမှုနှင့် ပါတ်သက်၍ ဗိုလ်ချုပ်အပေါ် ဦးစောအထင်လွဲစေရန် ရန်ကုန်ဘဆွေ၊ ပေဖူးလွှာဦးမြလှိုင်တို့ ၂ ယောက် ဦးစောအား ဟန်ဆောင် လုပ်ကြံမှုပြုခဲ့သည့် ကိစ္စသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထူး၍မဆန်း Open Secret ဖြစ်နေသောအချက် ဖြစ်ပါသည်။ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းတွင် ရန်ကုန်ဘဆွေနှင့် ဦးမြလှိုင်တို့အား ခိုင်းစေသူသည် ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်ချုပ်နေဝင်းတို့ဖြစ်ကြောင်းလည်း ပေါ်ပေါက်နေပါသည်။ သို့ရာတွင် ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ရန်ကုန်ဘဆွေတို့သည် ၁၊ ၉၊ ၄၅ နေ့တွင် ယခင်ပြည်သူ့အရေးတော်ပုံအဖွဲ့မှ ဗမာပြည်ဆိုရှယ်လစ်ပါတီအဖြစ် ဖွဲ့စည်းရာတွင် သခင်မြ၊ သခင်ချစ်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေတို့သည် ခေါင်းဆောင်များဖြစ်ခဲ့ကြကြောင်းကိုမူ ထည့်သွင်းစဉ်းစားမှု အားနည်းသည်ဟု ယူဆရပေသည်။ အထူးသဖြင့် အထက်ပါအုပ်စုသည် အင်္ဂလိပ်အစိုးရအား နိုင်ငံတွင်းလက်နက်စွဲကိုင် ပုန်ကန်ထကြွရေးအဖွဲ့ဝင်များဖြစ်ကြပြီး ဦးကျော်ငြိမ်းသည် ပြည်သူ့အရေးတော်ပုံပါတီ၏ ထောက်လှမ်းရေးအဖွဲ့တာဝန်ခံအဖြစ် တပ်မတော်သမိုင်းစာအုပ်တွင် မှတ်တမ်းတင်ထားခံရသူ ဖြစ်သည်ဆိုသောအချက်များကို ထည့်သွင်းဆင်ခြင်သုံးသပ်ရန် လစ်ဟာနေသည်ကို တွေ့ရပါသည်။ 

ဗိုလ်နေဝင်းသည် ရဲဘော်သုံးကျိပ်ဝင်အဖြစ် ဂျပန်ပြည်သွားစဉ်က သခင်ဗစိန်ဂိုဏ်းသားအဖြစ် သွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့အရေးတော်ပုံအဖွဲ့ဝင်မဟုတ်ပါ။ ဆိုရှယ်လစ်ပါတီထူထောင်ချိန်တွင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ အစည်းအရုံးခံတယောက်အဖြစ် နောက်မှ ရဲဘော်သုံးကျိပ်ထဲက သင်းကွဲပါဝင်လာသူ ဖြစ်ပါသည်။ စာရေးသူ စု ဆောင်းလေ့လာတွေ့ရှိချက်အရ ပြည်သူ့အရေးတော်ပုံတဖြစ်လဲ နောင်ဆိုရှယ်လစ်ပါတီသည် နိုင်ငံရေးပြိုင်ဘက်များကို အမြဲစောင့်ကြည့်နေပြီး ဖြုတ်ထုတ်သတ် အနိုင်ယူရာတွင် လက်မနှေးသောအဖွဲ့ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။ ဦးကျော်ငြိမ်းနှင့် ရန်ကုန်ဘဆွေသည် ၄င်းကိစ္စများနှင့်ပတ်သက်၍ နာမည်ကျော်ကြား လူသိများကြသူများ ဖြစ်ပါသည်။ အကျဉ်းချုပ် သာဓကထုတ်ပြရလျှင် (ဦးတင်မောင်ဝင်းရေးသော “နိုင်ငံရေး သမားနဲ့ နိုင်ငံရေး” စာအုပ်၊ စာ မျက်နှာ ၄၂၇ တွင်) ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်ကို မြဝတီရဲခေါင်နဲ့ ဦးကျော်မြင့်လေးတို့ လုပ်ကြံရန် ကြိုးစားခဲ့ပုံကို ရေးသားထားပါသည်။ 

ဂျပန်ကင်ပေတိုင် မိသွား ၍ မြဝတီရဲခေါင် အဖမ်းခံရပြီး၊ အညမည ဦးချစ်လှိုင်(ကိုကိုမောင်ကြီး)က ဦးရဲခေါင်ကို အချုပ်ခန်းထဲ ထည့်ခဲ့ကြောင်း မှတ်တမ်းတင်ထားပါသည်။ အဲဒီအထဲ ဒေါက်တာဘမော်ကို စောင့်ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်ရန်နိုင်ကို ဒေါက်တာဘမော်ရဲ့ ကိုယ်ရံတော်တပ်မှူးခန့်ပါမှ ဗိုလ်ရန်နိုင်က စည်းဖောက်ပြီး ဒေါက်တာဘမော်သမီးကို ယူလို့ သူတို့ ဒေါက်တာဘမော်ကို လုပ်ကြံဖို့လုပ်ရတဲ့ အကြောင်း ပါရှိပါသည်။ သူတို့ကို နောက်ကွယ်က အဓိကခိုင်းစေသူကို ဖော်ပြမထားပါ။ မယ့် လုပ်ကြံသူ ဦးကျော်မြင့်လေး မကြာမီ ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်လာတာကို တွေ့ရပါသည်။ ဆိုရှယ်လစ်ဂိုဏ်းသည် နိုင်ငံရေးပြိုင်ဘက်မှန်သမျှ အလစ်မပေးဘဲ အပြတ်ရှင်းတတ်သည့် သာဓကတခုပင် ဖြစ်ပါသည်။ 

တချိန်တည်းမှာ ဂျပန်ခေတ် စစ်ဝန်ကြီးဖြစ်နေသူ ဗိုလ်ချုပ်အောင်ဆန်း ၏ ကိုယ်ရေးဦးစီးအရာရှိ တာဝန်ယူရသူ ဗိုလ်မောင်မောင်သည် ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်နေတာကို တွေ့ရပါသည်။ ၄င်းပုဂ္ဂိုလ်သည် ဗိုလ်ချုပ်အောင်ဆန်းကို အနီးကပ်စောင့်ကြည့်တာဟာ စေတနာမမှန်ဘဲ ဗိုလ်ချုပ်ရဲ့ အမှားတွေကို ထောက်ဖို့ဖြစ်ကြောင်း (ဒေါက်တာမောင်မောင်ရေး ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ် စာမျက်နှာ ၃၈၃) တွင် “ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မဲ့ဗိုလ်ချုပ် မဖြစ်လို၍ တဘက်က ကာကွယ်ရေးဝန်ကြီးလုပ်ရင်း တဘက်မှလည်း တပ်များကို သူကိုယ်တိုင်ဆင်း၍ ကွပ်ကဲပေတော့သည်။ (ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးဦးစီးအရာရှိလုပ်ခဲ့သူ အငြိမ်းစား ဗိုလ်မှူးချုပ်မောင်မောင်၏ ပြောပြချက်အရ ထိုကဲ့သို့ အရေးကြီး ရာထူးတာဝန် ၂ ခုကို တွဲကိုင်ခြင်းသည် ထိုစဉ်က မြန်မာ့တပ်မတော် စံနမူနာယူ ဖွဲ့စည်းထားသော ဂျပန်တပ်မတော်မှာပင် အစဉ်အလာ မရှိခဲ့။) ဗိုလ်ချုပ်အောင်ဆန်းမှ ထိုကဲ့သို့ တာဝန် ၂ ရပ်ကို ပူးတွဲကိုင်ခဲ့သလို ဗိုလ်မှူးကြီးနေဝင်းနှင့် အရာရှိငယ်အချို့အားလည်း ရန်ကုန်မြို့ရှိ စစ်ရုံးချုပ်သို့ ရွှေ့ခဲ့သည်” ဟု ဖော်ပြပါရှိချက်အရ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းအုပ်စုကြား ပဋိပက္ခရှိနေခဲ့သည်ကို တွေ့မြင်နိုင်သလို ဆိုရှယ်လစ်ပါတီ၏ အမာခံခေါင်းဆောင် ယူနစ်အုပ်စုမှ ဗိုလ်မောင်မောင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးဦးစီးအရာရှိအဖြစ် ဗိုလ်ချုပ်ကို အနီးကပ်စောင့်ကြည့်နေကြောင်း သိနိုင်သည်။ 

ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေတို့သည် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင်များ ဖြစ်ကြပြီး မြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြည်တွင်းသူပုန်လုပ်ငန်းများကို ရဲဘော်သုံးကျိပ် မြန်မာနိုင်ငံထဲမဝင်မီက ကြိုတင်လုပ်ဆောင်ခဲ့သော ယူနစ်အဖွဲ့ဝင်များ ဖြစ်ကြသည်ကို သတိပြုရန် လိုပါသည်။ ထိုအချိန်ကစ၍ မြန်မာ့တပ်မတော်တွင် ရဲဘော်သုံးကျိပ်ဝင် စစ်အုပ်စုနှင့် ဗိုလ်နေဝင်းကို ခေါင်းဆောင်တင်၍ ဆိုရှယ်လစ်ပါတီ ယူနစ်ဂိုဏ်းဝင် စစ်အုပ်စု ၂ စု ကွဲနေသည်ကို လည်းကောင်း၊ အောင်လံမြို့နယ်တွင် တာဝန်ယူရသော ဗိုလ်နေဝင်းနှင့် အပေါင်းပါ ယူနစ်အုပ်စုဝင် စစ်ဗိုလ်ငယ်များအား ဂျပန်ခေတ်စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နေရာပြောင်းရွှေ့ လူစုခွဲခဲ့သည်ကို ဗိုလ်မောင်မောင်တို့ ကျေနပ်မှု ရှိပုံမရကြောင်းကိုလည်းကောင်း၊ ဒေါက်တာမောင်မောင်၏ ရေးသားချက်များက တစိတ်တပိုင်း ဖော်ပြနေပါသည်။ အထက်ပါ တပ်မတော်အတွင်း အုပ်စုဖွဲ့အာဏာချုပ်ကိုင်ရေး ပြဿနာသည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမည့် အဓိကတွန်းအားဖြစ်လာမည်ကို နောက်ပိုင်း၌ တွေ့မြင်လာရပါသည်။ 

ယင်းကိစ္စသည် ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်အစိုးရလက်ထက်တွင် မျိုးချစ်ဗမာ့တပ်မတော်ကို အမြဲတမ်း ဗမာ့တပ်မတော်အဖြစ် ဖွဲ့စည်းရေးကာလတွင် ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့သည်ကို သမိုင်းလေ့လာသူများ မျက်ခြေမပြတ် ဒေါက်တာမောင်မောင်နှင့် ဗိုလ်ကျော်ဇောတို့ ရေးသားသော စာအုပ်များ ယှဉ်တွဲလေ့လာလျှင် တွေ့မြင်နို်င်မည် ဖြစ်ပါသည်။ ဗိုလ်မှူးချုပ်ကျော်ဇောရေး ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ပေါင်းချုပ် စာမျက်နှာ ၁၁၉ တွင် “ဗိုလ်ချုပ် မကွယ်လွန်မီက ကျနော့်ကို စေခိုင်းခဲ့သည့်ကိစ္စတခု ရှိပါသေးသည်။ ထိုကိစ္စမှာ ဗိုလ်ချုပ်သည် ဖက်ဆစ်တော်လှန်ရေးပြီးနောက် သူ စစ်တပ်ကထွက်ပြီး နိုင်ငံရေးဘက် ကူးပြောင်းလိုက်ရန် ဆုံးဖြတ်ပြီးသည့်အခါ တပ်မတော်ကို သူ့ကိုယ်စား ထိန်းသိမ်းအုပ်ချုပ်ရန် လွှဲအပ်ခဲ့ဖို့ပုဂ္ဂိုလ်ကို စဉ်းစားရှာဖွေခဲ့သည်။ 

သူတည်ထောင်လာခဲ့သော တပ်မတော် အင်္ဂလိပ်တို့နှင့် ပေါင်းစည်းရသည့်နောက်တွင် ဖောက်ဖောက်ပြားပြားတွေ ဖြစ်လာမှာ အလွန်စိုးရိမ်ပုံရသည်။ ရာထူးစဉ်လာ ၀ါစဉ်အရ ထိုစဉ်က သူ့လက်အောက် ဒုစစ်သေနာပတိဖြစ်နေသော ဗိုလ်လက်ျာကိုသာ လွှဲအပ်ရမည်ဖြစ်ရာ ဗိုလ်လကျ်ာအပေါ် နိုင်ငံရေးအရ စိတ်ချရမည်ဖြစ်သော်လည်း ကျန်းမာရေးအရ ရေရှည်အတွက် စိတ်မချရဟု ထင်မြင်ရပါသည်။” “ထို့ကြောင့် နိုင်ငံရေးအရ မဖောက်မပြန် စိတ်ချရပြီး အများလေးစားခြင်းခံရကာ ပါတီအများနှင့် ဆက်ဆံရေးလည်း ကောင်းမွန်သော ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သော သခင်ဗဟိန်းကို စစ်တပ်အား ကိုယ်စားလွှဲအပ်ဖို့ စိတ်ကူးဆန္ဒဖြင့် ဆုံးဖြတ်ခဲ့သည်။

 ထို့ကြောင့် ခန့်မှန်းခြေ ၁၉၄၅ ဇူလိုင်လတွင်းလောက် ထင်ပါသည် ဗိုလ်ချုပ်အောင်ဆန််း ကျနော့်ကိုခေါ်ပြီး သခင်ဗဟိန်းကိစ္စ သူ၏ ဆန္ဒနှင့်ဆုံးဖြတ်ချက်ကို ပြောပြကာ သခင်သန်းထွန်းထံ စေလွှတ်၍ သခင်ဗဟိန်းကို စစ်တပ်သို့လွှဲရန် ပေးဖို့ရန် သွားတောင်းခိုင််းပါသည်။ ကျနော် သခင်သန်းထွန်းထံသွား၍ ထိုကိစ္စကို ပြောပါသည်။ ထိုစဉ်ကာလက ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီမှာ ဘရောက်ဒါ၀ါဒ ဝင်နေရာ အနာဂတ်လွတ်လပ်ရေး တော်လှန်ရေးလုပ်ငန်းများမှာ စစ်ရေးအရ အကြမ်းဖက်လှုပ်ရှားမှုများမလိုဘဲ ငြိမ်းချမ်းစွာဖြင့် လူထုစည်းရုံးလှုပ်ရှားမှုဖြင့် အောင်မြင်နိုင်သည်ဟူသော အယူအဆ စွဲမြဲစွာ ယုံကြည်နေသည့်ကာလဖြစ်ရာ စစ်တပ်လုပ်ငန်းအပေါ် ဒါလောက် အာရုံမထားတော့ပဲ လူထုလူတန်းစား စည်းရုံးရေးသာ အဓိက အာရုံထားနေသောကာလ ဖြစ်ပါသည်။” “သခင်သန်းထွန်းက ရှေ့မှာ စစ်တပ်လုပ်ငန်းဟာ ဒါလောက် အရေးပါတော့မှာ မဟုတ်ပါ။ လူထုစည်းရုံးရေးသာ အဓိကဖြစ်ရာ ကိုဗဟိန်းမှာ အလွန်အရေးပါပြီး လူထုအတွင်း သြဇာကြီးသူဖြစ်သည်။ သူ့ကို အရေးကြီးသည့် အလုပ်သမားသမဂ္ဂတွေ ကိုင်ခိုင်းဖို့ စီစဉ်ထား၍ မပေးနိုင်ကြောင်း ပြောပါသည်။ စစ်တပ်ကို အစဉ်အလာရှိသည့် ခင်ဗျားတို့တွေပဲ တပ်မှာ သြဇာရှိအောင် လုပ်ပြီး ထိန်းသိမ်းသွားကြပါဟု ပြောပါသည်။ ကျနော် ထိုကိစ္စ ဗိုလ်ချုပ်ကိုပြန်အစီရင်ခံတော့ ဗိုလ်ချုပ်က ကိုဗဟိန်းကို မပေးနိုင်ရင် ဖြူးမြို့နယ်မှ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သော သခင်သန်းဖေရော မပေးနိုင်ဘူးလားဟု ထပ်မေးခိုင်းပါသည်။ သခင်သန်းထွန်းက သခင်သန်းဖေကိုလည်း မပေးနိုင်ကြောင်း အကြောင်းပြန်ပါသည်။ 

ဗိုလ်ချုပ်လည်း အတော်စိတ်ပျက်သွားပုံရသည်။ နောက်ဆုံး ဗိုလ်မှူးကြီးလကျ်ာကိုပဲ သူ့ကိုယ်စား သူ့နေရာဆက်ခံဖို့ ရွေးချယ်ပြီး ဗြိတိသျှတို့အောက် တပ်မတော် ဒုစစ်ဆေးရေးအရာရှိချုပ်နေရာသို့ ဝင်ယူစေပါသည်။ နောက် ဗိုလ်ချုပ်တို့အစိုးရအဖွဲ့အတွင်း ဝင်လာသောအခါ ဗိုလ်ချုပ်သည် ကာကွယ်ရေးဝန်ကြီး တာဝန်ပါ ယူထားပြီး တပ်ကို သူ တဖက်က ထိန်းသိမ်းသွားမည်ဟု စိတ်ကူးထားပုံရသည်ဟု ယူဆရပါသည်။” “ထို ကိုဗဟိန်းကိစ္စကို ထိုစဉ်က ဆိုရှယ်လစ်များက သိသွားပုံရသည်။ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်း ထံပေးစာများတွင် ထိုကိစ္စပါလာပြီး ဆိုရှယ်လစ်တွေ မကျေမနပ်ဖြစ်ပုံကို ၁၉၈၈ ဝန်းကျင်က ဖတ်ရှုလိုက်ရပါသည်။ 

ဤသည်မှာ ဗိုလ်ချုပ်မကွယ်လွန်မီက ကျနော့်အားစေခိုင်းခဲ့သည့် ကိစ္စဖြစ်ပါသည်” ဟု လည်းကောင်း၊ စာမျက်နှာ ၁၁၈ တွင်လည်း “၄င်း ဆိုရှယ်လစ်များသည် ဗိုလ်ချုပ်က ကွန်မြူနစ်များအပေါ် ရန်သူလိုသဘောမထားနိုင်သည်ကို အလွန်မကျေနပ်ကြပေ။ ထို့ကြောင့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရစဉ်က ပထမ သခင်စိုး၏ အလံနီပါတီကပင် “ဒါဟာဆိုရှယ်လစ်တွေသတ်တာ” ဟူ၍ ကြေညာဖူးသေးသည်”ဟု လည်းကောင်း ဖော်ပြ ပါရှိပါသည်။ မျက်မှောက်ခေတ်တွင် အတွင်းရေးမှတ်တမ်းများ တစတစ ပေါ်ပေါက်လာပြီဖြစ်ရာ သမိုင်းအဖြစ်မှန်ကို မြင်အောင်ကြည့်တက်ဖို့သာ လိုသည်ဟု စာဖတ်သူများအား အကြံပြုအပ်ပါသည်။ 

>>> ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၄) နေမင်း 

( စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ 

ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။ ) ကွန်မြူနစ် သခင်ဗဟိန်းအား တပ်မတော်ကို ဦးစီးခေါင်းဆောင်နေရာပေးရန် ဗိုလ်ချုပ်အောင်ဆန်း လျှို့ဝှက်စီစဉ်ခဲ့ပုံကို ဆိုရှယ်လစ်များ သိသွားဟန်ရှိသည်ဟု ဗိုလ်ကျော်ဇောက ၄င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် (စာမျက်နှာ ၁၁၉) တွင် ဗိုလ်အောင်ကြီး၏ ၁၉၈၈ ခုနှစ်ကာလ ဦးနေဝင်းထံပေးစာများကို ရည်ညွှန်း ကောက် ချက် ချခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ကျော်ဇောသည် မဆလခေတ် နောက်ဆုံးသမ္မတ ဒေါက်တာ မောင်မောင်ရေးသည့် “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း” စာအုပ် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေထားချက်ကို ဖတ်ရှုခွင့်မရခဲ့ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ စာအုပ်ကို ဒေါက်တာ မောင်မောင်အနေဖြင့် သက်ရှိထင်ရှားရှိစဉ် ရေးသားခဲ့ပြီး ဖြစ်သော်လည်း ၁၉၉၄ ခုနှစ် ၄င်းကွယ်လွန်သည့်တိုင် ထုတ်ဝေခြင်း မရှိခဲ့ပါ။ ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီး ၅ နှစ်ကျော် ၁၉၉၉ ခုနှစ်တွင်မှ အမေရိကန် ပြည်ထောင်စုတွင် ထူးထူးခြားခြားသွား၍ အင်္ဂလိပ်ဘာသာဖြင့် စတင်ထုတ်ဝေခဲ့ပါသည်။ 

အဆိုပါစာအုပ် မြန်မာဘာသာပြန်ကို ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီး ၁၉ နှစ်ကြာ၂၀၁၃ ခုနှစ်တွင်မှ အလွန်နောက်ကျစွာ မြန်မာနိုင်ငံတွင် ထုတ်ဝေသောကြောင့် ဖြစ်ပါသည်။ အဆိုပါစာအုပ် အခန်း ၁၂၊ ပြန်လည်အမှတ်ရခြင်း၊ စာမျက်နှာ ၃၈၄ တွင် “ယနေ့ခေတ်လူများ မှတ်မိမည် မဟုတ်သော အခြားဖြစ်ရပ်တခုမှာ စစ်ကြီးပြီးသွားချိန်၌ မဟာမိတ်စစ်ဦးစီးချုပ် မောင့်ဘက်တန်သည် မြန်မာ့တော်လှန်ရေးတပ်များအား မျိုးချစ်မြန်မာ့တပ်ဖွဲ့ PBF ဟု ပြောင်းလဲအမည်ကင်ပွန်းတပ်လျက် ၄င်းတပ်ဖွဲ့၏အနာဂတ်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် လေးလေးနက်နက် ဆွေးနွေးခဲ့သည်။ 

ထိုအခါက ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လူသိနည်းပြီး အေးဆေးစွာ နေတတ်သော ကွန်မြူနစ်တဦးဖြစ်သည့် သခင်ဗဟိန်းအား စာနှင့်ပေနှင့် တရားဝင် ခန့်အပ်ခဲ့သည်။ သို့သော် သခင်ဗဟိန်းမှ ဦးစီးချုပ်ရာထူးအား လိမ္မာပါးနပ်စွာ ငြင်းပယ်ခဲ့ရုံသာမက နိုင်ငံရေးလောကကိုလည်း အပြီးအပိုင်ကျောခိုင်းကာ ဇာတိမန္တလေးသို့ ပြန်သွားခဲ့သည်။ နောက်တနှစ်ခန့်ကြာသော် သူသည် မန္တလေးမှာပင် ဆုံးသွားခဲ့သည်။” “ဤဖြစ်ရပ်ဖြစ်စဉ်တို့မှာ အတိတ်တွင်ကျန်ရစ်ခဲ့ပြီးဖြစ်သော ကိစ္စရပ်များဖြစ်လျက် လူသားတို့၏ သ ဘော သဘာဝကို နားလည် သိမြင်စေလို၍ ဖော်ပြရခြင်းသာ ဖြစ်ပါသည်။ 

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းနှင့် ဗိုလ်ချုပ်နေဝင်းတို့ အားလုံးသည် လူသားထဲမှ လူများသာဖြစ်ကြသည်မို့ အားနည်းချက် ပျော့ကွက်များ မကင်းနိုင်ကြ။ ဖြစ်စဉ်ဖြစ်ရပ်တို့ မည်သည် သူ့နောက်ခံ အကြောင်းနှင့်သူ ပေါ်ပေါက်လာတတ်သလို ကွဲပြားခြားနားသော လျှို့ဝှက် အနက်ဓိပ္ပါယ်များ ပါဝင်သရုပ်ဆောင်ကြသူတို့၏ စိတ်နေ စိတ်သဘောထားများတို့နှင့်လည်း သက်ဆိုင်နေကြောင်း တွေ့ရပေလိမ့်မည်” ဟု ဖော်ပြပါရှိချက်အရ ကွန်မြူနစ် သခင်ဗဟိန်းကို တပ်မတော် ခေါင်းဆောင်တင်ရန် ဗိုလ်ချုပ် အောင်ဆန်းက သခင်သန်းထွန်းနှင့် ကြိုတင်ညှိုနှိုင်း တိုင်ပင်ဆွေးနွေး တောင်းခံခဲ့ခြင်း မဟုတ်ဘဲ စာနှင့်ပေနှင့် တရားဝင် ခန့်အပ်ခဲ့သည်ဟုပင် ဒေါက်တာမောင်မောင်က အတိအကျ စွပ်စွဲရေးသားထားသည်ကို တွေ့ရပါသည်။ 

အမှန်တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း တင်ပြသော တပ်မတော်ခေါင်းဆောင် စာရင်းမှန်မှာ ဗိုလ်လကျ်ာနှင့် စောကြာဒိုး ဖြစ်နေသည်ကို ဒေါက်တာမောင်မောင်၏ စာတွင် ရှင်းပြမထားပေ။ မည်သို့ဆိုစေ သခင်ဗဟိန်းအား ဦးစီးချုပ်ခန့်အပ်ရန် ဗိုလ်ချုပ်အောင်ဆန်း လျှို့ဝှက်စီစဉ်ခဲ့ပုံကို ကန္ဒီစာချုပ် ချုပ်သည့်အချိန်ကာလ တဝိုက်ကပင် ဆိုရှယ်လစ်အုပ်စု နောင်တွင် ယူနစ်အုပ်စုဟု တပ်မတော်အတွင်း ထင်ရှားလာသူများက သိရှိသွားခဲ့ပြီဟု မှတ်ယူရန် အကြောင်းများ ထင်ရှားပေါ်ပေါက်နေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ ခေတ်တခေတ်၏ အရေးပါလှသည့် အဖြစ်အပျက်များကို နက်ရှိုင်းစွာ သိရှိနားလည်စေရန် ဂျပန်ခေတ်အဓိပတိ ဒေါက်တာဘမော် ရေးသားပြီး စစ်ပြီးခေတ်တွင် ထုတ်ဝေသည့် “မြန်မာပြည်တွင်း အောင်မြင်မှုကြီး” အမည်ရှိ စာအုပ်တွင် ဒေါက်တာဘမော်က “မြန်မာပြည်နှင့် ပတ်သက်သော သမိုင်းဆိုင်ရာ အမှန်တရားများသည် မြန်မာလူမျိုးတို့ကိုယ်တိုင် ပြန်မပြောပြသမျှ ကာလပတ်လုံး မည်သည့်အခါမျှ ရုပ်လုံးပီပြင်စွာ ပေါ်လွင်လာမည် မဟုတ်ချေ” ဟု ရေးသားခဲ့ပါသည်။

 ၄င်းကပင် ဆက်လက်၍ “ဒုတိယကမ္ဘာစစ်နှင့် စစ်ကြိုခေတ် မြန်မာ့သမိုင်းကို ထိုခေတ်တွင်ပါဝင်သော မြန်မာတို့ကိုယ်တိုင် မရေးသားရသေးကြောင်း ဝန်ခံခဲ့ပြီး အကြောင်းရာ ခိုင်ခိုင်လုံလုံကို အတွင်းကျကျ သိထားသောပုဂ္ဂိုလ်တို့က မရေးသားသေးသမျှ မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော အကြောင်းရင်းများ၏ အမှန်တရားကို သိရှိနားလည်နိုင်မည် မဟုတ်ချေ” ဟု ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ၊ ဥယျောဇဉ်၊ စာမျက်နှာ ၁၅ ပါရှိချက်ကိုလည်း စာဖတ်သူများ သတိပြုသင့်ပါသည်။ နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံရသည့် ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးကြီးလှသော အာဇာနည်နေ့နှင့် ပတ်သက်၍ တရားခံအဖြစ် ဦးစောနှင့် အပေါင်းအပါများ နောက်ကွယ်တွင် နယ်ချဲ့သမားများ ရှိနေသည် ဟူသော ကောက်ချက်ကို မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက နှစ်ပေါင်းများစွာ ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ 

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ တရားခံဦးစောသည် နိုင်ငံရေးထောင်ချောက် ဆင်မှုအတွင်း ကျရောက်ခဲ့သော သားကောင်တဦးသာဖြစ်ပြီး နိုင်ငံရေးထောင်ချောက်ဆင်သူမှာ ဦးနေဝင်းဖြစ်သည်ဟူသော အယူအဆအသစ်တခု ထင်ထင်ရှားရှား ပေါ်ထွက်လာပါသည်။ အဆိုပါ အယူအဆသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ စွန့်ခွာလာသူ မြန်မာအသိုင်းအဝန်းတွင် အကျယ်လောင်ဆုံး ဖြစ်မည်ဟု ယူဆပါသည်။ ဦးနေဝင်းနှင့် တွဲဖက်လျက် စာရေးဆရာ ရန်ကုန်ဘဆွေ၊ ဗိုလ်လက်ျာ၏ညီ ဦးမြလှိုင်တို့ ပြောဆို လုပ်ကိုင်ချက်များကို သက်သေထူပြီး အဆိုပါ အယူအဆကို ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ 

စာရေးသူ အနေဖြင့် နိုင်ငံတော်လုပ်ကြံမှုတွင် ဦးနေဝင်း ပါဝင်ပတ်သက်ခြင်း မရှိဟု မဆိုနိုင်သော်လည်း ပြည်ပရောက် မြန်မာများ ယူဆသလို နိုင်ငံတော်လုပ်ကြံမှုတွင် ဦးနေဝင်းသာ အဓိကဇာစ်မြစ် တာဝန်ရှိသူအဖြစ် တွေးခေါ်မှုလမ်းဆုံးနေခြင်းကို လက်ခံရန် ခဲယဉ်းလှပါသည်။ စာရေးသူအနေဖြင့် ဦးနေဝင်း ကိုယ်တိုင်သည်ပင်လျင် ၁၉၄၅ မှ ၁၉၆၀ ခုနှစ် အိမ်စောင့်အစိုးရအဖြစ် အုပ်ချုပ်ခဲ့သည့် ကာလအထိ မြန်မာနိုင်ငံရေး ကျားကွက်ပေါ်တွင် ဆိုရှယ်လစ်ဂိုဏ်း၏ နယ်ရုပ်တရုပ်သာ ဖြစ်သည်ဟု ထင်မြင်ယူဆပါသည်။ ဤယူဆချက်ကို ရှင်းလင်းစွာ သိမြင်နိုင်ရန် လုပ်ကြံခံရတော့မည့် အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်း၏ နိုင်ငံရေးဘဝခရီးတွင် သူနှင့်ထိစပ်ခဲ့သော ပုဂ္ဂိုလ်/ပါတီ အသင်းအဖွဲ့များ ဆက်စပ်ပုံကိုလည်း အတန်အသင့် သိထားမှသာ နားလည်နိုင်မည်ဟု ယူဆပါသည်။ ဆိုရှယ်လစ် ပါတီခေါင်းဆောင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့သည် ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ နိုင်ငံရေးကာလက စတင်ရင်းနှီးခဲ့သူများဖြစ်သည်။ ဗိုလ်ချုပ်နှင့် ဦးနုတို့သည် သခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံးတွင် ၁၉၃၈ နိုဝင်ဘာလ ၂၀ ၌ အထွေထွေ အတွင်းရေးမှူးနှင့် ၀ါဒဖြန့်ချိရေးမှူး တာဝန်များယူပြီး နိုင်ငံံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သူများ ဖြစ်ပါသည်။ 

ထို့နောက် ဗိုလ်ချုပ်သည် ၁၉၃၉ သြဂုတ်လ ၁၅ ရက်တွင် သခင်စိုး ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီတွင်လည်း အထွေထွေအတွင်းရေးမှူး တာဝန်ယူပါဝင်ခဲ့ပြန်သည်။ ထို့အတူ ဗိုလ်ချုပ်သည် ၁၉၃၉ အောက် တိုဘာ ၁ ရက်တွင် ဒေါက်တာ ဘမော်ခေါင်းဆောင်သော ဗမာ့ထွက်ရပ်ဂိုဏ်း၌ တို့ဗမာအစည်းအရုံး ကိုယ်စားပြု၍ အထွေထွေ အတွင်းရေးမှူး တာဝန်ယူ ပါဝင်ခဲ့ပြန်သည်။ ထို့အပြင် ၁၉၃၉ နိုဝင်ဘာ ၁၈ တွင် သခင်မြ ခေါင်း ဆောင်သော ပြည်သူ့အရေးတော် ပုံပါတီ၌ ဗိုလ်ချုပ်သည် မြေအောက်တော်လှန်ရေး လှုပ်ရှားမှု လုပ်ငန်းများအ တွက် ပြည်ပခေါင်းဆောင် တာဝန်ယူခဲ့ပြန်သည်။ ၁၉၄၀/၄၁ အတွင်း ဗိုလ်ချုပ်သည် ရဲဘော်သုံးကျိပ် ခေါင်းဆောင် ဖြစ်လာခဲ့ပြန်သည်။ စစ်တပ်ကို ဦးစီး၍ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း ဟူသော အမည်ဖြင့် လူထုကြား ထင်ရှားလာချိန်တွင် ဦးအောင်ဆန်းသည် မူလပါဝင်ခဲ့သော အဖွဲ့များကို ဆက်လက် ကိုယ်စားပြုခြင်း၊ တရားဝင်နှုတ်ထွက်ခြင်း မရှိဘဲ အဆက်အဆံ ကင်းပြတ်၍ တပ်ခေါင်းဆောင်ပုံစံဖြင့်သာ ရပ်တည်လာမှုများသည်ကို တွေ့ရသည်။ 

ဤအခြေအနေတွင် နိုင်ငံရေးအရှိန်အဝါ ကြီးနေပြီဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအား မူလပါဝင်ခဲ့သော ပါတီအဖွဲ့အစည်းများသည် ဗိုလ်ချုပ်၏ အခြေအနေကို စောင့်ကြည့်လာရပြီး မိမိတို့ပါတီ အတွင်းစည်းအဖွဲ့ဝင်အဖြစ် ခိုင်ခိုင်မာမာ မသတ်မှတ်ရဲသလို၊ အရှိန်အဝါကြီးသော ဗိုလ်ချုပ်ကို ဆန့်ကျင်ပြီး သက်ဆိုင်ရာ ပါတီများမှလည်း ထုတ်မပစ်ရဲ၊ ဗိုလ်ချုပ်၏ အရှိန်အဝါကို ရသလောက်သုံးနိုင်သမျှသုံး၍ မိမိပါတီ ဦးဆောင်နေရာ ရရေးအတွက် အမြတ်ထုတ်နေကြချိန် ဖြစ်လာပါသည်။ ဗိုလ်ချုပ် ကိုယ်တိုင်ကလည်း သက်ဆိုင်ရာ ပါတီအသီးသီးမှ နုတ်ထွက်ခြင်းမရှိဘဲ မိမိကို ၀ိုင်းရံအသုံးချနေသည်ကို သိရှိလက်ခံထားသည့် သဘောတွေ့ရသည်။ 

မြေအောက်တော်လှန်ရေးအတွက် ရည်မှန်းပြီးဖွဲ့ခဲ့သော ပြည်သူ့အရေးတော်ပုံ ပါတီအနေဖြင့် ၄င်း၏ နိုင်ငံတွင်း လက်နက်စွဲကိုင် ပုန်ကန်ထကြွရေး အဖွဲ့ဝင်များဖြစ်သော ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့သည် ၄င်းတို့အား ဗိုလ်ချုပ်အောင်ဆန်းက ယခင်ကဲ့သို့ အလေးမထား နေရာမပေးဘဲ ရဲဘော်သုံးကျိပ်နှင့် စစ်တပ်ကိုသာ ဦးစားပေးနေမှုကို ကျေနပ်မှု မရှိကြကြောင်းကိုလည်း လေ့လာသုံးသပ်တွေ့ရှိရပါသည်။ လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ပြန်လည် ဝင်ရောက်လာနိုင်သည့် ကိုလိုနီနယ်ချဲ့ကို ဆက်လက် လက်နက်စွဲကိုင် တိုက်ခိုက်ရေး အမြင်အပေါ် သဘောထားကွဲလွဲမှုသည် ရဲဘော်သုံးကျိပ်ဝင် အုပ်စုနှင့် အရေးတော်ပုံပါတီ၏ ယူနစ်ဂိုဏ်းဝင် ဂျပန်ခေတ် မင်္ဂလာဒုံစစ်ကျောင်းဆင်း စစ်ဗိုလ်ငယ်များ အကြားတွင် ပို၍ထင်ရှားလာခဲ့သည်ကို တွေ့ရပါသည်။ 

နောင်တွင် ရဲဘော်သုံးကျိပ်ဝင် အများစုမှာ လက်ဝဲကွန်မြူနစ်များ ဖြစ်လာကြ၍ ယူနစ်အုပ်စုဝင်များမှာ ဆိုရှယ် လစ်ဂိုဏ်းသားများ ဖြစ်လာကြပါသည်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၀ တွင် ဒုတိယ ပါတီကွန်ဂရက်မှ ဗမာပြည် ကွန်မြူ နစ်ပါတီကို ပြန်လည်ဖွဲ့စည်းရာတွင်လည်းကောင်း၊ ၁၉၄၅ စက်တင်ဘာလ ၁ ရက်တွင် ပြည်သူ့အရေ းတော်ပုံပါတီမှ ဆိုရှယ်လစ်ပါတီအဖြစ် ပြန်လည်ဖွဲ့စည်းရာတွင် လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မည်သည့်ပါတီတွင်မျှ ပါဝင်လာခြင်း မရှိတော့ဘဲ စစ်တပ်ဦးဆောင်သူ ဗိုလ်ချုပ်အဖြစ် ရပ်တည် ကျန်ရစ်ခဲ့သည်ကို တွေ့ရသည်။ သို့သော် ၁၉-၈-၄၅ တွင် ဖွဲ့စည်းသော ဖတပလအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကိုမူ ကိုယ်ပိုင်ပါတီမရှိဘဲ ရယူထားသည်ကို တွေ့ရသည်။ ထို့ပြင် ၄-၉-၄၅ သီဟိုဠ်ကျွန်း (သီရီလင်္ကာနိုင်ငံ) ကန္ဒီမြို့၌ မျိုးချစ်ဗမာ့တပ်မ တော်ကို အမြဲတမ်း ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲသည့်အခါ မိမိသည် တပ်မတော်မှ အထွက်ပြ၍ နိုင်ငံရေးလောက ဝင်ရန် ပြင်ဆင်ထားပြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ယခင်က မိမိပါဝင်ခဲ့သော အထက်ပါပါတီ ၂ ခုလုံးတွင် ပါဝင်ခြင်းမရှိဘဲ နိုင်ငံရေးလောကတွင် တကိုယ်တော် ရပ်တည်ခဲ့ခြင်းမှာ စာဖတ်သူများ အတွေးနယ်ချဲ့သင့်သော အကြောင်းတရပ် ဖြစ်လာပါသည်။ 

၂၇-၁၀-၄၅ တွင် စစ်တပ်မှ တရားဝင်နှုတ်ထွက်၍ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာသော ဦးအောင်ဆန်းသည် ၁-၁၂-၄၅ တွင် နိုင်ငံရေးပါတီ မဟုတ်သော “ပြည့်သူ့ရဲဘော်တပ်ဖွဲ့”ကို စစ်သေနာပတိနှင့် ဥက္ကဋ္ဌနေရာ ရယူဖွဲ့စည်း ထူထောင်ခဲ့သည်ကို တွေ့ရပြန်သည်။ အဆိုပါ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဆိုသည်မှာ လွတ်လပ်ရေးတိုက်ပွဲဝင် ရဲဘော်ဟောင်းများချည်း မဟုတ်၊ ပြည်သူထဲမှ လူသစ်အမျိုးသား၊ အမျိုးသမီးများကိုလည်း လက်ခံသည်ဟု သိရသည်။ တပ်ပုံသဏ္ဍာန် ဖွဲ့စည်းထားပြီး ပါတီလည်း မဟုတ်သဖြင့် အချိန်မရွေး ဦးအောင်ဆန်း၏ ကိုယ်ပိုင်တပ် ဖြစ်လာနိုင်သော အခြေအနေသည် လွတ်လပ်ရေး ရခါနီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ထင်ရှားပေါ်ပေါက်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ 

ပြည့်သူ့ရဲဘော်အဖွဲ့သည် ၀ါဒသဘောတရားနှင့် လုပ်ငန်း လမ်းညွှန်ချက်မရှိ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု အပေါ် အခြေတည် ဖွဲ့ထားသဖြင့် ခေတ်သစ်အာဏာရှင် စနစ်တရပ် ထူထောင်ဖို့အတွက် ရည်ရွယ် ဖွဲ့စည်းလေရော့သလားဟု ထင်မှတ်ရပေသည်။ အထူးသဖြင့် ဗိုလ်ချုပ်သည် တူရကီ အမျိုးသား ခေါင်းဆောင်ကြီးနှင့် အာဏာ ရှင်အဖြစ် ကမ္ဘာကျော်ခဲ့သူ မူစတာဖါလ်ကီးမား၏ ပုံရိပ်ကိုဖော်ဖို့ ကြိုးစားခဲ့ဟန်ရှိသည်ဟု စာရေးသူ ယူဆပါသည်။ ပြည်သူ့ရဲဘော်သည် ဗိုလ်ချုပ်မရှိတော့သည့်အခါ ရဲဘော်ဖြူ၊ ရဲဘော်ဝါစသဖြင့် ပြည်တွင်းစစ်အတွင်း သင်းကွဲလက်နက်ကိုင် အဖွဲ့များ ဖြစ်သွားကြသည်ကို တွေ့ရပါသည်။ တရားဝင် ကိုယ်ပိုင်ပါတီ မရှိဘဲ အဖွဲ့ချုပ်ဥက္ကဋ္ဌ နေရာယူထားပြီး ကိုယ်ပိုင်တပ်ပုံစံအဖွဲ့တခုကို ပါတီပြင်ပတွင် တည်ထောင်လာသော ဦးအောင်ဆန်း၏ နိုင်ငံရေးအခင်းအကျင်းကို ပြိုင်ဘက်ပါတီဖြစ်စေ၊ မိတ်ဖက်ပါတီဖြစ်စေ၊ အားလုံးက ဂရုထားရမည့် ပုဂ္ဂိုလ်အနေအထားသို့ ဦးအောင်ဆန်း ရောက်ရှိနေသည်မှာလည်း ဦးအောင်ဆန်း ကိုယ်တိုင် ဖန်တီးသော ဦးအောင်ဆန်း၏ နိုင်ငံရေးကံကြမ္မာပင် ဖြစ်ပါသည်။ 

ထို့ပြင် ရန်သူမိတ်ဆွေအားလုံး ဦးအောင်ဆန်းအနီးတွင် ၀ိုင်းရံခွင့်ရှိနေသော အခြေအနေထူး တရပ်လည်း အမှန်ပင် ဖြစ်ပေါ်နေချိန် ဖြစ်ပါသည်။ အလားတူပင် တရားဝင် ဖွဲ့စည်းထားသော တပ်မတော်အား မိမိနှင့် မယား ညီအစ်ကိုတော်သူ သခင်သန်းထွန်း၏ ကွန်မြူနစ်များ လက်ထဲလွှဲအပ်နိုင်ပြီး မိမိက ကာကွယ်ရေးဝန်ကြီး အာ ဏာ ကို ကိုင်စွဲလျက် အချိန်မရွေး ကိုယ်ပိုင်တပ်ပုံစံ ဖွဲ့နိုင်သည့် “ပြည့်သူ့ရဲဘော်တပ်ဖွဲ့” ကြီးကို ထူထောင်လာသူ ဦးအောင်ဆန်းအား လက်နက်ကိုင်တပ်မရှိသော အခြားပါတီ အဖွဲ့အစည်းများက ခေါင်းငုံ့လက်ပိုက် ကြည့်နေရမည့် အခြေအနေ တရပ်ဆီသို့ ထိုအချိန်က မြန်မာနိုင်ငံသည် ဦးတည်နေသည်ဟုပင် သုံးသပ်နိုင်ပါသည်။ ဦးစောက လက်နက်မရှိသော ဂဠုန်တပ်ဖွဲ့ကို ထူထောင်ထားသကဲ့သို့ ဒေါက်တာဘမော်ကလည်း သားမက်ဗိုလ်ရန်နိုင် အားကိုးဖြင့် ဒေါင်းနီတပ်ဖွဲ့ ထူထောင်ရန် ပြင်ဆင်နေသည်ကိုလည်း ထိုအချိန်တွင် လေ့လာတွေ့ရှိရပါသည်။ 
လွတ်လပ်ရေးအတွက် ပြည်တွင်းသူပုန်ထရေး တာဝန်ဖြင့် လက်နက်ကိုင် အတွေ့အကြုံ ရှိခဲ့ပြီး ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းဆင်း ပုဂ္ဂိုလ်များနှင့် ကိုယ်ပို်င်တပ်ဖွဲ့ အသင့်တင့်ရှိလာပြီဖြစ်သော ဆိုရှယ်လစ်ပါတီ ဂိုဏ်းသားများကမူ အာဏာလိုချင်၍ ပါတီနိုင်ငံရေးထဲ ဝင်လာသူများသာဖြစ်ရာ မိမိတို့လက်ထဲ လက်နက်ရှိတပ် ရှိနေပြီဖြစ်၍ မိမိပြိုင်ဘက် ဦးအောင်ဆန်းအပေါ် မည်သို့ သဘောထားမည်ကို စဉ်းစားကြည့်နိုင်ပါသည်။ ကဗျာဆရာကြီး ဒဂုန်တာရာက ဦးအောင်ဆန်းကို အရိုင်းဟု တင်စားခဲ့ပါသည်။ ကိုလိုနီခေတ် နိုင်ငံရေး သမားဟောင်းကြီးများနှင့် နှီးနွယ်သော အသိုင်းအဝိုင်းကမူ ဦးအောင်ဆန်းနှင့် ပတ်သက်၍ မလိုတမာစိတ်ဖြင့် ပြင်းထန်သော ဝေဖန်သံကိုလည်း စာရေးသူ လူငယ်ဘဝကပင် ကြားဖူးပါ၏။ 

စာရေးသူတို့လူငယ်ဘဝက ဗိုလ်ချုပ်နှင့် ပတ်သက်၍ ပါးစပ်ပြောပုံပြင်များဖြင့် တင်စား ပြောနေကြသည်ကို နိုင်ငံရေးသမားဟောင်း အချို့က နားခါးဟန်ဖြင့် “အောင်ဆန်းဆိုတာ ေ-ာက်ရမ်း တစောက်ကန်းကောင်ပါကွာ၊ အသေစောလို့ အာဇာနည်ဖြစ်တာ၊ အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေးနယ်မှာ နည်းနည်းလေးပဲ အသက်ရှည်ခဲ့ရင် ဒီကောင် နိုင်ငံရေး မြောင်းပုတ်ထဲ ရောက်သွားမှာ မြင်ယောင်သေးတယ်။ မင်းတို့လည်း သူ့အကြောင်း အဲဒီကျမှသိမယ်” ဟု ပြောကြားသည်ကို ကြားခဲ့ဖူးပါသည်။ မိမိမမွေးခင်က အကြောင်းအရာများဖြစ်၍ ထိုပုဂ္ဂိုလ်များပြောသည်ကို မကြေမလည်နှင့် နားထောင်ခဲ့ရဖူးသည်။ ဒေါက်တာမောင်မောင်၏ ၁၉၈၈ အရေးအခင်းစာအုပ် ဒုတိယတွဲ စာမျက်နှာ ၃၈၅ တွင် “ဒဏ်ရာဟောင်းကို ပြန်ဆွမည့်အစား နာစရာတွေကို ကုစားကြပါစို့ ဟု ဦးနေဝင်းက ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ကျောင်းသားများ သပိတ်ကို လူငယ်ဘဝက ဦးဆောင်ခဲ့သည့် ကျောင်းသားဟောင်းကြီးများအား ဂုဏ်ပြုသည့် သပိတ်ရွှေရတုပွဲတွင် ပြောကြားခဲ့သည်” အစချီသော ရည်ညွှန်းစာမျက်နှာ၌ သပိတ်ကျောင်းသားဟောင်းကြီး ဦးဘဘေနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဖတ်ရှုရသောအခါ နိုင်ငံရေးသံဝေဂ ယူစရာ၊ ဇာတ်လမ်းတပုဒ်ကို မှတ်သားလာမိပါသည်။ 

အောင်ဆန်း-အက်တလီ စာချုပ်ချုပ်စဉ်က အရေးပါသော အခန်းကဏ္ဍမှ အကူအညီပေးခဲ့ရသူ ဘကြီးဘဘေ တယောက် ၁၇-၁-၄၇ တွင် စာချုပ်ချုပ်ဆိုပြီး သူ့အခန်းကဏ္ဍ ကုန်ဆုံးသောအခါ ၁၉၄၇ မေလထဲတွင် ကုန် သွယ်ရေးဝန်ကြီးအဖြစ်မှ ဦးအောင်ဆန်း၏ အလုပ်ထုတ်ခြင်း ခံလိုက်ရသည်။ ထိုနေရာတွင် အစားထိုးဖို့ လူတယောက် နေရာအနှံရှာဖွေခဲ့ရာ ဦးအောင်ဆန်းသည် ၄င်း၏ဇာတိ နတ်မောက်မြို့မှ ကျောင်းဆရာ လုပ်နေသော သူ၏အစ်ကို ဦးဘဝင်းအား တွေ့ခဲ့သည်။ ကြည့်ရသည်မှာ အစိုးရဝန်ကြီးများမှ သူ့အစ်ကိုကို ခန့်ဖို့ ဦးအောင်ဆန်းအား ၀ိုင်းဝန်း အကြံပေးတိုက်တွန်း ခဲ့ပုံရသည်။ ဤနည်းအားဖြင့် မိသားစုအတွင်း ရာထူးပေးသည့် အလေ့အထသည် မရည်ရွယ်ဘဲ စတင်လာခဲ့သည်ဟု ဆိုရပေမည်ဟု ဖော်ညွှန်းထားသည်ကို ဖတ်ရှုရသည်။ အောင်ဆန်းကို ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေး နယ်ပယ်မှာ နည်းနည်းလေးပဲ အသက်ရှည်ရှည်နေလိုက်ရင် မင်းတို့ သူ့အ ကြောင်း ကောင်းကောင်း သိလိမ့်မယ်လို့ ပြောသူများ ဘာကိုရည်ညွှန်းကြောင်း စာရေးသူ သဘောပေါက်ပါသည်။ ဗိုလ်ချုပ်၏အစ်ကို ဦးဘဝင်းသည် ကုန်သွယ်ရေးဝန်ကြီး စားပွဲတွင် ၂ လခန့်သာ ထိုင်လိုက်ရပြီး ၁၉-၇-၄၇ တွင် ဗိုလ်ချုပ်နှင့်အတူ လုပ်ကြံခံရရှာသည်။ 

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်းတို့ ကျဆုံးရာ မိခင်ကြီး ဒေါ်စု နတ်မောက်မြို့မှ ရန်ကုန်သို့ လိုက်လာခဲ့ပြီး ဗိုလ် ချုပ်အလောင်းဘေးတွင် “အောင်ဆန်း … ငါ့သားကြီး ဘဝင်းကို ရန်ကုန်ကိုခေါ်ပြီး သတ်တာ နင်ပဲ” ဟု အမေစုသည် ရင်ထုမနာ ငိုကြွေးပြောဆိုခဲ့သည်ဟု တဆင့်စကား မှတ်သားဖူးပါသည်။ ၁၀-၅-၄၇ နေ့က ဗိုလ်ချုပ်ကိုယ် တိုင် သတင်းစာရှင်းလင်းပွဲလုပ်၍ အလုပ်ထုတ်ပစ်ခြင်းခံရသော ကုန်သွယ်ရေးဝန်ကြီးဟောင်း ဘကြီးဘဘေ တယောက် မိမိထိုင်ရမည့် ကုလားထိုင်တွင် ထိုင်လျက် မိမိကိုယ်စား အသတ်ခံသွားရသော ဦးဘဝင်းနှင့် ဗိုလ်ချုပ်တို့ ညီအစ်ကို၏ ကံကြမ္မာသည် မိမိဘဝနှင့် မည်သို့ဆက်စပ်ပုံကို စဉ်းစားရင်း ဝမ်းနည်းနေမည်လား၊ ဝမ်းသာနေမည်လားဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါ၏။ 

ဦးအောင်ဆန်း ကိုယ်တိုင်လည်း မိမိသည် နိုင်ငံရေးလောကတွင် လူမုန်းများနေသည်ဟု ခံစားရပြီး ကြာကြာခံတော့မည် မဟုတ်ကြောင်း၊ နောက်ထပ် ၁၈ လထက် ပိုနေရဖို့ တွက်မထားပါဘူး ဟု ၁၉၄၆ နှစ်ဦးပိုင်းတွင် ထိုအချိန်က ဘုရင်ခံဖြစ်သော ဆာရဂျီနယ်ဒေါ်မန်စမစ်အား နှစ်ကိုယ်ကြား ပြောခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ် စာမျက်နှာ ၁၅၆ တွင် ဖော်ပြထားပါသည်။ ထိုစာအုပ် စာမျက်နှာ ၁၅၅ တွင် ဦးအောင်ဆန်း လုပ်ကြံခြင်း မခံရမီကပင် မြန်မာမျိ်ုးချစ်များ၏ စစ်အတွင်း ခေါင်းဆောင်ဖြစ်သော ဒေါက်တာဘမော်က “သေနတ်ကိုးကွယ်မှုဟာ အစွဲအလမ်းကြီးနေတဲ့ အရာကို ကိုးကွယ်သလို ဖြစ်လာတယ်။ ဂျပန်တွေဆီက မြန်မာတွေ နှစ်ချက်လေ့လာခဲ့ရတယ်။ 

လူစုလူဝေး အစည်းအရုံးကို အခြေခံတဲ့ခေါင်းဆောင်မှုနည်း အတတ်ပညာနဲ့ လက်နက်တပ်ဆင်ထားသူများရဲ့ အာဏာနဲ့ တင့်တယ်မှုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ရွေးချယ် တင်မြှောက်ပွဲတွေက ဆုံးဖြတ်မှာမဟုတ်ဘဲ သေနတ်က ဆုံးဖြတ်မှာ ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျားတို့ လိုအပ်တာက နိုင်မယ့်ဘက်က စ,မိဖို့နဲ့ သေနတ်တွေ အမြောက်အများရှိဖို့ပဲ” ဟု မှတ်ချက်ချခဲ့ဖူးသည်ကို ထုတ်နှုတ်ရေးသားထားပြီး “ဒေါက်တာဘမော်၏ အကောင်း မမြင်သော ကြိုတင်နိမိတ်ဖတ်မှုသည် ဦးစောနှင့် တကယ်လက်တွေ့ ဖြစ်လာခဲ့သည်။ နန်းစဉ်မကိုဋ်ကို အရယူ နန်းတက်နိုင်ရေးအတွက် ပြိုင်ဘက်ဟူသမျှကို လုံးဝဥဿုံ ရှင်းပစ်သည့် သုတ်သင်ရေးကို မြန်မာအာဏာရူးများ ယနေ့တိုင် ကျင့်သုံးလျက် ရှိသည်” ဟု ရေးသား ဖော်ပြထားပါသည်။ 

 >>> ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၅) နေမင်း

(စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။) 

ကျနော် ဖော်ပြခဲ့သော အချက်အလက်များအရ ယုတ်မာရက်စက်သော အကျင့်စရိုက်ကို ကျင့်သုံးခဲ့ကြသူများသည် ပြည်ပက လာသူများသာမဟုတ်ဘဲ ပြည်တွင်းက ဇာတ်တူသား စားသူများက အဓိက ဖြစ်သည်ကို ပညာ သတိရှိသူများ သိနိုင်လောက်ပြီ ထင်ပါသည်။ နွားကွဲလျှင် ကျားဆွဲခံရသည်မှာ ဓမ္မတာဖြစ်ရာ ပြည်တွင်းမညီ ညွတ်လျှင် ပြည်ပသားဝံပုလွေတွေကလည်း ပါဝင်လာကြတော့မည်မှာ သဘာဝကျပါသည်။ သို့သော် ပြည် တွင်းမှ နိုင်ငံတော်ဟု အမည်ခံထိုက်သူပုဂ္ဂိုလ်များ ကိုယ်တိုင်ကျူးလွန်နေနိုင်ခဲ့သော နိုင်ငံတော်သစ္စ ာဖောက်မှု ဖြစ်နေသဖြင့် နိုင်ငံတော်လုပ်ကြံမှု ဖြစ်ရပ်မှန်သမိုင်း ပေါ်ထွက်ရေးမှာ ယနေ့တိုင်ဖြစ်မလာသေးခြင်းသည် ထူး၍ မဆန်းသောအကြောင်း ဖြစ်ပါသည်။ နိုင်ငံတော်လုပ်ကြံမှုကြီးကို မှန်မှန်ကန်ကန်မရှူမြင်ဘဲ ဦးစောပြီးလျှင် ပြည်ပကိုသာ အဓိက လက်ညှိုးထိုးပြနေမှုများသည် ပြည်တွင်းက လက်သည်တရားခံများ မိမိတို့ကျူးလွန်မှုကို ရှောင် တိမ်းရန် ဇာတ်လမ်းထွင်သူများသာ ဖြစ်ကြသဖြင့် ၄င်းတို့တင်ပြသော အကြောင်းအရာများကို အထူးသတိပြုဆင်ခြင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ 

နို်င်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ ပြည်ပကို အဓိကလက်သည်အဖြစ် ညွှန်ပြရာတွင် လျှောက်လဲချက် အပေးကောင်းသည့် ပုဂ္ဂိုလ်များမှာ Burmese Nationalist Movements 1940-48 ရေးသူ အငြိမ်းစား ဗိုလ်မှူးချုပ်မောင်မောင်နှင့် ၄င်း၏စာအုပ်ကို အဓိကမှီငြမ်း၍ “ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး” ရေးသူကိုသန်း (ကြည့်မြင်တိုင်) တို့ကို ညွှန်းဆိုရမည် ဖြစ်ပါသည်။ သူတို့ ဖော်ထုတ်ရေးသားချက်များသည် အဓိက လက် သည်တရားခံအဖြစ် နိုင်ငံခြားကို ရည်ညွှန်းလိုလျှင် အကောင်းဆုံး အထောက်အထားများဟု ဆိုနိုင်ကောင်းပါ သည်။ ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဦးသန်းတို့ရေးသော နိုင်ငံတော်လုပ်ကြံမှုဆိုင်ရာ စာအုပ်များကို ဖတ်ရှုလျှင် တရားခံဦးစော၏ နောက်ကွယ်တွင် နယ်ချဲ့သမားတို့ပါဝင်ပုံကို ရေပက်မဝင်အောင် တင်ပြမှုကောင်းလွန်းသော ကြောင့် ဗိုလ်ချုပ်အား ဦးစောလုပ်ကြံမည့် သတင်းမှာ လုပ်ကြံမှုမဖြစ်မီကပင် နယ်ချဲ့သမားတို့ ကြိုတင်သိရှိပြီးဖြစ်ကြောင်း၊ လူသတ်လက်နက်များလည်း ဦးစောထံရောက်ရှိနေမှုကို မြန်မာဘက်က ကာယကံရှင် ဦးအောင်ဆန်းလည်း သိရှိပြီး အရေးယူရန် ဘုရင်ခံဒေါ်မန်စမစ်ကို သွားရောက်တင်ပြပြီးဖြစ်ကြောင်း၊ ခြုံ၍ပြောရလျှင် ဦးစော၏လုပ်ကြံမှုသည် လျှို့ဝှက်လုပ်ကြံခြင်း မဟုတ်ဘဲ လူသိရှင်ကြား ကြိုတင်သိမြင်ကြပြီးဖြစ်လျှက် ဗိုလ်ချုပ်တို့အား အတွင်းဝန်ရုံးအတွင်း ကြက်ကလေး ဌက်ကလေး ဝင်ပစ်သလို လုပ်ကြံခဲ့သည့်အဖြစ်အပျက်သဖွယ် ရေး သားထားသည်ကို တွေ့ရပါသည်။ 

ဤမျှ လူသိရှင်ကြား လွယ်လင့်တကူ လုပ်ကြံမှုတွင် ထိုစဉ်က အာဏာပိုင် မြန်မာအဖွဲ့အစည်းများ ရှိပါလျှက် ဘာကြောင့် လက်ပိုက်ကြည့်နေကြသလဲ ဆိုသော မေးခွန်းကိုမူ ဗိုလ်ချုပ်အပေါ်သာ အားလုံးပုံချသွားသလို တင်ပြဟန်ကို ဦးသန်း၏စာအုပ်တွင် ထူးထူးခြားခြား တွေ့ရပါသည်။ လက်နက်တိုက်မှ လက်နက်များ ပျောက်နေသောကြောင့် လုံခြုံရေး စိတ်မချနိုင်သောအခြေအနေကို ဘုရင်ခံထံ ဗိုလ်ချုပ် သွားရောက်တင်ပြသည်ဟုလည်း ဆိုပါသည်။ လုံခြုံရေးနှင့်ပတ်သက်၍ တင်ပြတိုင်း ဗိုလ်ချုပ်က လုံးဝလက်မခံဘဲ ငြင်းခဲ့သည်ဟု မဆီမလျော် အကြောင်းပြ ရေးသားမှုများလည်း တွေ့ရသည်။ ဗိုလ်ချုပ်ကို အကျိုးသင့် အကြောင်းသင့် ပြန်လည်ရှင်းပြရဲသူ၊ အတိအကျ ငြင်းဆန်ရဲသူမရှိသလိုမျိုး ရေးထားသည်။ 

ထိုအချိန်က အစိုးရအဖွဲ့တွင် ဦးကျော်ငြိမ်းတဦးသာ ဗိုလ်ချုပ်ကို ခံပြောရဲသူရှိသလို ဦးကျော်ငြိမ်းပြောလျှင်တော့ ဗိုလ်ချုပ်က လက်ခံခဲ့သည်များရှိကြောင်း၊ ဦးကျော်ငြိမ်းမှာ ထိုအချိန်က နိုင်ငံခြားရောက်နေ၍ ယခုလို လုပ်ကြံမှုကြီးဖြစ်ရကြောင်း၊ ဦးကျော်ငြိမ်းရှိလျှင် ထိုသို့မဖြစ်နိုင်ကြောင်း၊ နိုင်ငံခြားမှ ပြန်ရောက်လာသော ဦးကျော်ငြိမ်းကလည်း ဗိုလ်ချုပ်အလောင်းကို ကြည့်၍ သူမရှိသောကြောင့် ယခုလိုဖြစ်ရသည်ဟု အများမြင်ကွင်းတွင် ငြီးတွားပြောကြားကြောင်း ဦးသန်း၏စာအုပ်တွင် ဖော်ပြထားပါသည်။ 

ဦးသန်း၏ လုပ်ကြံမှုကြီး စာအုပ်ကို ဖတ်ရှုပြီးချိန်တွင် စာရေးသူသည် ပြည်သူ့ရဲဘော် ဗိုလ်စက်ရောင် ပြောကြားချက်အချို့ကို ပြန်လည် သတိရလာ ပါသည်။ “ဦးကျော်ငြိမ်း လူမြင်ကွင်းမှာ ရင်ကွဲပက်လက် ဝမ်းနည်းမှုကို ငါ မယုံဘူး၊ ဒီလူတွေက ဟန်ဆောင်ကောင်းတယ်။ ဦးကျော်ငြိမ်းက သူမရှိလို့ ဒီလိုဖြစ်ရတယ် ပြောပြီးငိုတဲ့ကိစ္စ အဲဒီအချိန် ဗမာပြည်ကွန်မြူနစ်ပါတီက ထုတ်တဲ့ ပြည်သူ့အာဏာဂျာနယ်မှာ ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူး ဆိုပြီး လိမ်မနေနဲ့ ဒီကိစ္စ မင်းတို့မှာ တာဝန်ရှိတယ်ဆိုတာ ရေးတယ်။ သူ့တပည့် ရန်ကုန်ဘဆွေ ဦးစောကို လွန်ခဲ့တဲ့ ၁၀ လလောက်က သွားစထားတဲ့ဇာတ်လမ်းကို ဒီအချိန်မှာ အကုန်သိကုန်ပြီကွ၊ ဒါကြောင့် ပြည်သူ့အာဏာဂျာနယ်က ထည့်ပြီး ကလိလိုက်တာ”ဟု ဗိုလ်စက်ရောင် စာရေးသူကို ပြောပြခဲ့သော စကားသည် ဦးသန်းစာအုပ်ပါ ဦးကျော်ငြိမ်းနှင့် ပတ်သက်သောကိစ္စများတွင် စာရေးသူအတွက် တွေးစရာ ဖြစ်၍လာခဲ့ပါသည်။

 ဗိုလ်မှူးချုပ်မောင်မောင်မှာ ဆိုရှယ်လစ်ပါတီတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဆင့်ရှိသူဖြစ်ပြီး မူလ ပြည်သူ့အရေ းတော်ပုံပါတီ လက်ထက်ကစ၍ ပါဝင်ခဲ့သူဖြစ်သည်။ ဦးသန်းမှာလည်း ဆိုရှယ်လစ်ပါတီ တိုင်းအဆင့် ၀ါဒဖြန့်ချိရေးမှူး အဆင့်မျိုးရှိသူဖြစ်ရာ ၄င်းတို့ခေါင်းဆောင် ဦးကျော်ငြိမ်းနှင့် ပတ်သက်၍ ရေးသားချက်များကို မှတ်သားသင့်ပါသည်။ ဦးကျော်ငြိမ်းသည် အင်္ဂလိပ်စစ်အရာရှိ ယူနီဖောင်းဝတ်၍ အင်္ဂလိပ်စစ်တပ်မှ လက်နက်များ ထုတ် ယူခြင်း၊ မော်တော်ကားများ ခိုးထုတ်ခြင်းကို ရဲရင့်စွာ လုပ်ဆောင်ခဲ့သည်ဟုလည်းကောင်း၊ မြေအောက် လျှို့ဝှက်လုပ်ငန်း အများအပြားကိုလည်း တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်ဟုလည်းကောင်း ဦးသန်းစာအရ သိနိုင်မည်။ အလားတူ ဦးကျော်ငြိမ်းကို လက်ရုံးတဆူထား၍ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင်ခဲ့သူ ဝန်ကြီးချုပ်ဦးနုကလည်း တာတေစနေသား စာမျက်နှာ ၁၂၆ တွင် “(ဦး) ကျော်ငြိမ်းဆိုတဲ့လူဟာ ရန်ဖြစ်ရင် လက်မနှေးချင်ဘူး၊ သူက အရင်ဦးအောင် ချချင်သူ ဖြစ်တယ်” ဟု ဦးကျော်ငြိမ်း၏ စရိုက်ကို ထုတ်ပြထားပါသည်။

 စာမျက်နှာ ၁၂၇ တွင် ၁၉၄၈ ခုနှစ် မတ်လ ၁၂ ရက် ရန်ကုန်မြို့လယ်ရှိ အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက် ၃ တိုက်ကို ဖျက်ဆီးရန် နောက်ကွယ်မှ အမိန့်ပေးသူဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။ အထက်ပါ သတင်းစာတိုက်များ ဖျက်ဆီးမှုတွင် သာယာဝတီခရိုင်မှ လယ်သမားအချို့ကို ရှေ့တန်းတင်ပြီး ဆိုရှယ် လစ်ပါတီမှ အမတ်များ၊ အတွင်းဝန်များ၊ ပါတီအမာခံဒေါက်တိုင်များက ဝင်ရောက်ဖျက်ဆီးကြသည်ဟု အခြားရေးမှတ်ချက်များလည်း ရှိပါသည်။ ယင်းကဲ့သို့ အာဏာရပါတီနှင့် အစိုးရကိုယ်တိုင်က ပြည်တွင်း နိုင်ငံ ရေး အဖျက်အမှောင့်လုပ်မှုသည် မြန်မာ့လွတ်လပ်ရေးနှင့် ယှဉ်တွဲ၍ နိုင်ငံတည်စကပင် မကောင်းသော သန္ဓေပါလာမှုကို ဝမ်းနည်းဖွယ် တွေ့ရပါသည်။ ဆိုရှယ်လစ်ပါတီ ဦးစီးအဖွဲ့ဝင် မေမြို့ဗိုလ်သင်တန်းကျောင်း၊ ကျောင်း အုပ် တာဝန်ယူထားသူ ဗိုလ်မှူးကြီးမောင်မောင် (နောင်ဗိုလ်မှူးချုပ်ဖြစ်လာသူ) အား မြောက်ပိုင်းတိုင်းမှူး ဗိုလ်လက်ျာ၏နေရာကို ပေးချင်သောကြောင့် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ ညွှန်ကြားမှုဖြင့် ဆိုရှယ်လစ်ပါတီ စည်းရုံးရေးမှူး ဦးသန်း(ကိုသန်း- ကြည့်မြင်တိုင်)သည် ၁၉၄၉ ခုနှစ်နှစ်ဆန်းပိုင်းတွင် မိတ္တီလာခရိုင် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် ကိုအေးသောင်(ကနောင်)နှင့် ညှိနှိုင်း၍ မိတ္ထီလာ တောင်သူလယ်သမားနှင့် ပြည်သူများကို စည်းရုံးလျက် “ဗိုလ်လက်ျာအလိုမရှိ” ဟု ဆန္ဒပြပွဲဖြစ်ရန် ကြိုတင်စီစဉ်ခဲ့ပြီး ၄င်းဆန္ဒပြပွဲကို အကြောင်းပြု၍ ဗိုလ်လက်ျာကို တပ်မဲ့ဗိုလ်ချုပ်အဖြစ် စစ်ရုံးသို့ပြန်ခေါ် ချောင်ထိုးကာ ဗိုလ်မှူးကြီးမောင်မောင်ကို မြောက်ပိုင်းတိုင်းမှူး နေရာရအောင် လုပ်ဆောင်ခဲ့ပုံ တပိုင်းတစကို ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး စာ မျက်နှာ ၄၃ တွင် တွေ့နိုင်ပါသည်။ 

စစ်တိုင်းမှူးနေရာ အပြောင်းအရွှေ့အတွက် ဆိုရှယ်လစ်တို့ အကွက်ဆင်မှုများ မြန်မာနိုင်ငံ၌ အမှန်ပင် ဖြစ်ပွားခဲ့ပါသည်။ အမှန်ကိုဆိုရလျှင် ဗိုလ်လက်ျာသည် အနာဂတ် ဗမာ့တပ်မတော်၏ စစ်ခေါင်းဆောင်အဖြစ် ဗို်လ်ချုပ်အောင်ဆန်း ကိုယ်တိုင် ၇-၉-၄၅ ရက်နေ့ ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ နေရာလွှဲအပ်ခြင်းခံခဲ့ရသူ ဖြစ်ပါသည်။ ထိုစဉ်က တပ်မတော်၏ ဒုတိယစစ်ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်က စောကြာဒိုးကို သတ်မှတ်ခဲ့ပါသည်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်ပါတီက စည်းရုံးထားသော ဗိုလ်နေဝင်းမှာ ထိုအချိန်က သနက ၄ တွင် ဒု-တပ်ရင်းမှူး (ဗိုလ်မှူး) အဆင့်သာ ရှိသူဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ကန္ဒီစာချုပ်ချုပ်ဆိုပြီးနောက် ဦးနေဝင်း၊ ဒု-တပ်ရင်းမှူး (ဗိုလ်မှူး) ဘဝမှ ၂-၃-၆၂ ရက်နေ့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်ချိန်အထိ ရာထူးတိုးမြှင့်ခံရပုံ ဇယားကို အောက်တွင် အကြမ်းဖျဉ်း ပုံဖော်ပြထားပါသည်။

 map၂- ၃-၆၂ မတိုင်မီကာလ ဦးနေဝင်း၏ စစ်ဘက်ရာထူး တိုးမြှင့်ခံရခြင်းများသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့၏ အကူအညီ အထောက်အပံ့အရသာ ရာထူးတိုးခြင်းဖြစ်ပါသည်။ ဦးနေဝင်း၏ ကိုယ်ပိုင်အရည်အချင်းအရ ၄င်းပုဂ္ဂိုလ်များနှင့် ကင်းပြတ်၍ ရာထူးတိုးသည်ကို မတွေ့ရပေ။ ဗိုလ်ချုပ်အောင်ဆန်းရှိနေစဉ်ကာလအတွင်း ၁၆-၁၁-၄၆ တွင် ဦးနေဝင်း ဒု-တပ်ရင်းမှူး ဗိုလ်မှူးဘဝမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ လွတ်လပ်ရေးယူခါနီးပြီဖြစ်၍ အင်္ဂလိပ် တပ်ရင်းမှူးနေရာသို့ မြန်မာတပ်ရင်းမှူး အစားထိုးရမည်ဖြစ်၍ ပုံမှန်ရာထူးတိုးခြင်းသာ ဖြစ်ပါသည်။ 

၁၉-၇-၄၇ ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်မှ ၂ လအတွင်း ၈-၁၀-၄၇ တွင် ဗိုလ်နေဝင်းသည် ဗိုလ်မှူးချုပ်အဆင့်သို့ ဒုတိယဗိုလ်မှူးကြီးမှ ရာထူးတဆင့် ခုန်ကျော်တိုးခဲ့ခြင်း ဖြစ်ပါသည်။ ဝန်ကြီးချုပ်ဦးနုအား ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့က နိုင်ငံလွတ်လပ်ရေး ရယူတော့မည့်အချိန်တွင် ယုံကြည်ရသော မြန်မာတပ်မှူးများ လိုအပ်သည်ကို အကြောင်းပြု၍ ဆိုရှယ်လစ်ပါတီဝင် ဗိုလ်နေဝင်းအား ရာထူးတိုးပေးထားသင့်ကြောင်း ကျိုးကြောင်းခိုင်လုံစွာ တင်ပြခြင်းကြောင့် ဗိုလ်မှူးချုပ်ဖြစ်လာပြီး ၂၀-၁၂-၄၇ တွင် မြောက်ပိုင်းတိုင်းမှူးတာဝန်ကိုပါ ရရှိခြင်းဖြစ်ပါ သည်။ လွတ်လပ်ရေး ရရှိသည့်အချိန်တွင်မူ ဆိုရှယ်လစ်များ ခြေရှုပ်၍ ကွန်မြူနစ်များနှင့်ကွဲကာ နိုင်ငံမတည်မငြိမ်ဖြစ်လာသည်ကို အကြောင်းပြု၍ ဗိုလ်လက်ျာနှင့် စစ်ဦးစီးချုပ် စမစ်ဒွန်း၊ ဒု-ဦးစီးချုပ် စောကြာဒိုး၊ ဗိုလ်မှူးချုပ် အောင်သင်း၊ ရဲဗိုလ်ချုပ် ထွန်းလှအောင်၊ ပြည်စောင့်ရဲတပ်မင်းကြီး ဦးတင်ထွတ်တို့အုပ်စုက အစိုးရအဖွဲ့မှ ဆိုရှယ်လစ်များကို ထုတ်ပယ်ရန် တောင်းဆိုလာချိန်တွင် ဦးကျော်ငြိမ်းသည် ဆိုရှယ်လစ်ပါတီဝင် ဗိုလ်ချုပ်နေဝင်းကို အသုံးချ၍ လက်ဝဲညီညွတ်ရေးကောင်စီတွင် ဥက္ကဋ္ဌနေရာရယူပြီး လက်ယာအုပ်စုအား ရင်ဆိုင်ရန် လက်ဝဲအုပ်စုနှင့် ယာယီညီညွတ်ရေး ရယူခဲ့ပါသည်။ 

ဤသို့ဖြင့် ဆိုရှယ်လစ်များကို ဦးတည်တိုက်ခိုက်လာသော လက်ယာအုပ်စု၏ ထိုးနှက်ချက်ကို ရင်ဆို်င်ပြီးနောက်မှ လက်ဝဲညီညွတ်ရေးကောင်စီ ဥက္ကဋ္ဌ ရရှိထားသော ဗိုလ်နေဝင်းကို စစ်ဦးစီးချုပ်နှင့် ကာကွယ််ရေးဝန်ကြီး နေရာရရှိအောင် ဦးကျော်ငြိမ်း အကွက်ဆင်ပုံကို ဦးနုရေး တာတေစနေသား စာမျက်နှာ ၁၃၇ တွင် တွေ့ရှိနိုင်သည်။ ဗိုလ်နေဝင်းမှာ ထိုအချိန်က ဦးကျော်ငြိမ်း၏ နယ်ရုပ်တရုပ်ပမာ လှုပ်ရှားခဲ့ရပါသည်။ ၁၃-၈-၄၈ တွင် ဒုစစ်သေနာပတိ/ဗိုလ်ချုပ်ရာထူးကို ဦးကျော်ငြိမ်းကောင်းမှုကြောင့်ပင် ရခဲ့ခြင်း ဖြစ်ပါသည်။ ဗမာ့တပ်မတော်တွင် ကရင်ဗိုလ်ချုပ်များ ကြီးစိုးနေသည့်အတွက် ကရင်-ဗမာပြဿနာကို ဆိုရှယ်လစ်တို့ဖန်တီးခဲ့ပြီးနောက် ၁-၂-၄၉ တွင် စစ်ဦးစီးချုပ် စမစ်ဒွန်းနေရာတွင် ဗိုလ်နေဝင်းအား စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ရရှိအောင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က အကွက်ဆင် ဖန်တီးပေးခဲ့ပုံကို တာတေစနေသား စာမျက်နှာ ၁၆၂ တွင် တွေ့နိုင်သည်။ ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်ကိုပါ ရရှိအောင် ဦးကျော်ငြိမ်း ဖန်တီးပေးခဲ့ကြောင်းကိုပါ တွေ့ရမည်။ 

၉-၉-၅၀ တွင် ဗိုလ်နေဝင်းသည် အရပ်ဘက်တာဝန်များမှ ရပ်စဲ၍ တပ်မတော်သို့ ပြန်သွားခဲ့ရပါသည်။ ၁၉၅၂ ခု မတ်လ ၁၀ ရက်တွင် အိမ်ထောင်ရှိပြီးသော ဒေါ်ခင်မေသန်းကို တရားဝင်မယားကြီးရှိပါလျက် ဗိုလ်နေဝင်း ထပ်မံ လက်ထပ်ယူမှုကြောင့် ဦးနုက တပ်မတော်အက်ဥပဒေအရ အရေးယူရန် လုပ်ဆောင်မှု ရှိခဲ့သော်လည်း ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ်မောင်စသော ဆိုရှယ်လစ် နိုင်ငံရေးသမားများ၏ မေတ္တာရပ်ခံမှုကြောင့် သက် သာရာရခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်နေဝင်း ကံကောင်းသဖြင့် ရာထူးမပြုတ် အချုပ်မရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ၉-၉-၅၀ တွင် ဗိုလ်နေဝင်း အရပ်ဘက်တာဝန် ပူးတွဲထမ်းဆောင်ရာမှ စစ်ဘက်သို့ ပြန်သွားရပြီးနောက်ပိုင်း ဆိုရှယ်လစ်များသည် ဦးနေဝင်းအပေါ် အထင်ကြီးမှု လျော့နည်းလာခဲ့သည်။ စစ်ရေးနှင့်ပတ်သက်၍ ဘာအရည် အချင်းမျှမရှိဟု မြင်လာကြသည်။ ၁၉၅၂ ခုနှစ် အိမ်ထောင်ရေးပြဿနာ ပေါ်သောအချိန်တွင် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များက ၄င်းကို တပ်မတော်ခေါင်းဆောင်နေရာက ဖယ်ရှားလိုသော ဆန္ဒများ ဖြစ်ပေါ်လာကြပါသည်။ ဗိုလ်နေဝင်းနေရာတွင် ဗိုလ်မှူးချုပ်ကျော်ဇောကို အစားထိုး၍ ရနိုင် မရနိုင် စဉ်းစားလာကြသည်။ 

ဦးကျော်ငြိမ်းကိုယ်တိုင် အနောက်ဥရောပ လေ့လာရေးခရီးများတွင် ဗိုလ်ကျော်ဇောကို ဒုတိယအဖွဲ့ခေါင်းဆောင် နေရာပေး၍ ခေါ်ယူသွားမှုများ ရှိခဲ့သည်။ ဦးကျော်ငြိမ်း ယုံကြည်အောင် ဗိုလ်ကျော်ဇော လိမ္မာပါးနပ်ခဲ့ပါလျှင် ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်ဗိုလ်ချုပ်မှာ ဗိုလ်ချုပ်ကျော်ဇောဖြစ်၍ ဦးဆောင်ပါတီအဖြစ် မဆလအစား ဗကပဖြစ်နိုင်လောက်သည် ထင်ပါသည်။ ဗိုလ်ကျော်ဇောသည် အရိုးခံဖြင့် ဆိုရှယ်လစ် ဦးကျော်ငြိမ်းအုပ်စု၏ စည်းရုံးမှုကိုလက်မခံဘဲ ဆိုရှယ်လစ်ဆန့်ကျင်ရေးစကားများကိုပင် ပြောဆိုခဲ့သောကြောင့် ဆိုရှယ်လစ်အုပ်စုသည် ဗိုလ်နေဝင်းနေရာကို ဗိုလ်ကျော်ဇောဖြင့် အစားထိုးရေး အစီအစဉ်ကို လက်လျော့လို်က်ရသဖြင့် ဗိုလ်နေဝင်းသည် မိမိနေရာတွင် ဆိုရှယ်လစ်များ မကြိုက်ဘဲ ဆက်တည်မြဲခဲ့ရခြင်း ဖြစ်ပါသည်။ ဗိုလ်ကျော်ဇော အနောက်ဥရောပမှ ဦးကျော်ငြိမ်းနှင့် ပြန်လာသောအချိန် မိမိရာထူးတည်မြဲရေးအတွက် ရင်တထိတ်ထိတ် ဖြစ်နေသော ဗိုလ်နေဝင်း လေဆိပ်တွင် အစိုးရအဖွဲ့အား ကြိုဆိုရင်း ဗိုလ်ကျော်ဇောကို တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်ခန်းမထဲ၌ ၂ ယောက်တည်း တွေ့ဆုံမေးမြန်းခန်းကို ဗိုလ်ကျော်ဇောက ၄င်းအတ္ထုပ္ပတ္တိစာအုပ် စာမျက်နှာ ၁၅၉ တွင် ရေးသားထားပါသည်။ 

ထို့ကြောင့် ၉-၉-၅၀ မှ ၂၉-၁၀-၅၈ ခုနှစ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဖြစ်ချိန်အထိ ဗိုလ်နေဝင်းသည် ဦးကျော်ငြိမ်း၊ ဦးဗဆွေနှင့် ဆိုရှယ်လစ်တပ်မှူးများ အခြေအနေကြည့်ပြီး မိမိရာထူးတည်မြဲရေးအတွက် စိုးရိမ်မှုဖြင့် အထူးသတိထားနေခဲ့ရသူ အမှန်ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ချုပ်တည်းခဲ့ရသော ဗိုလ်နေဝင်း၏ ခံစားချက်များသည် ၁၉၆၃ ခုနှစ် သြဂုတ်လအတွင်း ရေကြည်အိုင်အချုပ်ခန်းသို့ ရောက်ရှိလာသော ဦးကျော်ငြိမ်းအပေါ် မည်ကဲ့သို့ဆက်ဆံခဲ့သည်ကို ဦးတင်မောင်ဝင်းရေး နိုင်ငံရေးသမားနှင့် နိုင်ငံရေးစာအုပ် စာမျက်နှာ ၃၃၃-၃၃၅ တွင် လေ့လာသိရှိနိုင်သည်။ ၁၉၆၃ ဇွန်လမှ နိုဝင်ဘာလအတွင်း ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရနှင့် တောတွင်း လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးဝင်းစသည့် ဆိုရှယ်လစ်များကို ဗိုလ်နေဝင်းက ကြိုတင် ဖမ်းဆီး ထိန်းသိမ်းထားချိန် ဖြစ်ပါသည်။ 

ဦးကျော်ငြိမ်း အဖမ်းခံရသည့်အခါ အခြား နိုင်ငံရေးခေါင်းဆောင်များနှင့် မတူပါ။ ရေကြည်အိုင်တွင် အလွန်တရာ အညှင်းခံရသည်ဟု ဆိုပါသည်။ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း မခံရသော်လည်း စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲမှုနှင့် စော်ကားမှုကို အတော်ခံခဲ့ရပါသည်။ သူ့ကို အခြားသူများနှင့် တန်းတူ တိုက်ခန်းထဲမထားဘဲ တိရစ္ဆာန်များထားသကဲ့သို့ သံတိုင်ပတ်လည် ကာရံထားသော လှောင်အိမ်ထဲတွင် ထားပါသည်။ ကုတင်နှင့် ခြင်ထောင်တော့ ပေးသည်။ အပြင်မှနေ၍ အလွန်တရာလင်းသော မီးလုံးကြီးများ ထိုးထားသဖြင့် အပြင်ကို မမြင်နိုင်သောအ ခြေအနေ ဖန်တီးထားသည်။ ဦးကျော်ငြိမ်းနာမည်ကို ခေါ်၍ မကြာခဏ အမှောင်ထဲမှ မဖွယ်မရာ ဆဲရေး တိုင်းထွာကြသည် ဆိုပါသည်။ မခံမရပ်နိုင်ဖြစ်လာသော ဦးကျော်ငြိမ်းက”မင်းတို့ ငါကို ဒီလိုစော်ကားတာ ငါမခံနိုင်ဘူးကွ၊ ဒီလို မင်းတို့စော်ကားတာ ခံနေရတာထက် ကိုယ့်ဘာသာကိုယ် သတ်သေတာက ကောင်းတယ်”ဟု ပြောဆိုပြီး ခြင်ထောင်ကြိုးဖြင့် မိမိကိုယ်မိမိကြိုးဆွဲချရန် ပြင်ဆင်သည့်အခါမှ အစောင့်များ တံခါးဖွင့်၍ ဝင်ဆွဲကြသည်။ ထိုသတင်းကိုကြားသော ဗိုလ်နေဝင်းသည် ထောင်ထဲသို့လာပြီး ဦးကျော်ငြိမ်းကို တွေ့သည်ဟု ဦးကျော်ငြိမ်းကိုယ်တိုင် ဦးဝင်းကို ပြောပြသည့်အကြောင်း ဦးတင်မောင်ဝင်း၏ စာအုပ်တွင်ပါရှ်ိသည်။ 

ယင်းစာအုပ်တွင်ပင် ဦးဗဆွေက ဦးကျော်ငြိမ်း ကျူးလွန်ခဲ့သည့်အမှုများမှာ ကြီးသဖြင့် ၄င်းကိုသွားပြီး စကားမပြောရဲကြောင်း ဖော်ပြပါရှိပါသည်။ ထိုအချိန်က ရေကြည်အိုင်ထောင်မှူးမှာ မုဒုံတင်ဦး(မျက်မှန်) ဖြစ်ကြောင်း သိရပါသည်။ ပြည်သူ့အရေးတော်ပုံပါတီ၏ ထောက်လှမ်းရေးတာဝန်ခံ ဦးကျော်ငြိမ်းအား မဆလခေတ် ထောက်လှမ်းရေး တာဝန်ခံဖြစ်လာမည့် ဦးတင်ဦး၏ ဆက်ဆံပြုမူပုံ မှတ်တမ်းပင် ဖြစ်ပါသည်။ 

>>> ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (နိဂုံး) နေမင်း 

( စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။ ) ပြီးခဲ့သော ဆောင်းပါးတွင် ဦးကျော်ငြိမ်းနှင့်ပတ်သက်၍ ဗိုလ်နေဝင်း၏ တုံ့ပြန်ဝေဖန်ချက်များကို တင်ပြခဲ့ပါသည်။ ဦးသန်း(ကိုသန်း- ကြည့်မြင်တိုင်) အပါအဝင် ဆိုရှယ်လစ်ပါတီ လူဟောင်းများဘက်ကမူ ဗိုလ်နေဝင်းအပေါ် စစ်ရေး နိုင်ငံရေးအရ လုံးဝ အထင်မကြီးသော ဝေဖန်စကားများကိုသာ စာရေးသူကြားခဲ့ဘူးပြီး ဖဆပလနှင့် ဆိုရှယ်လစ်အုပ်စုမှ စစ်ရေး နိုင်ငံရေးတွင် အမှန်တကယ် တန်ဘိုးထားသော စစ်ရေး နိုင်ငံရေး အနာဂတ်ခေါင်းဆောင် ဖြစ်လာနိုင်သူမှာ ဗိုလ်မောင်မောင်သာဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ 

ဦးသန်း၏ ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီးစာအုပ်ပါ ဖော်ပြချက်အရ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းက အနာဂတ်တပ်မတော် ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့သော ဗိုလ်လက်ျာအား တပ်မတော်မှ အပြတ်မောင်းထုတ်ရန် မိတ္ထီလာ၌ ဆိုရှယ်လစ်များ ဦးစီး၍ ဟန်ပြဆန္ဒပြပွဲတခု ဖန်တီးခဲ့ကြောင်း၊ ယင်းဆန္ဒပြပွဲကို အကြောင်းပြု၍ ဗိုလ်လက်ျာကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ၂ ပတ်သာ ထား၍ ၄င်းနေရာတွင် ဆိုရှယ်လစ်များအလိုကျ ဗိုလ်မောင်မောင်ကို တိုင်းမှူးခန့်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 ဗိုလ်ကျော်ဇော၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်နှင့် ဦးသန်း၏ စာအုပ်ကို ပေါင်းစပ် လေ့လာလိုက်သောအခါ ဗိုလ်ကျော်ဇောသည် ၁၉၄၉ ဖေဖော်ဝါရီလဆန်းတွင် မြောက်ပိုင်းတိုင်းမှူးမှ တောင်ပိုင်းတိုင်း ဗိုလ်မှူးချုပ်အောင်သင်းနေရာ လွှဲပြောင်းလက်ခံရယူစဉ် ပထမဦးစွာ မြောက်ပိုင်းတိုင်းမှူးနေရာကို ကာကွယ်ရေးဝန်ကြီးနေရာမှ နှုတ်ထွက်ပေးခဲ့ရသော ဗိုလ်လက်ျာအား တာဝန်ပေးခဲ့ကြောင်း၊ ဗိုလ်လကျ်ာကို ဆိုရှယ်လစ်ဦးသန်းတို့ ဆန္ဒပြပွဲလုပ်၍ နှင်ထုတ်သဖြင့် တိုင်းမှူးသက်တမ်း ၂ ပတ်ခန့်သာခံ၍ ရန်ကုန်စစ်ရုံးသို့ ပြန်သွားခဲ့ရကာ မြောက်ပိုင်းတိုင်းမှူးနေရာကို ဆိုရှယ်လစ် ဗိုလ်မောင်မောင်က ၁၇-၂-၄၉ ရက်တွင် ရခဲ့ကြောင်း သိရှိရပါသည်။ 

၁၉၄၉ ဖေဖော်ဝါရီ တတိယပတ်အတွင်း ဗိုလ်မောင်မောင် မြောက်ပိုင်းတိုင်းမှူး ရာထူးရသည်ဟု ဆိုနိုင်ပါသည်။ အဆိုပါ မြောက်ပိုင်းတိုင်းမှူး ဆိုရှယ်လစ်ဗိုလ်မောင်မောင်သည် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ဝန်းကျင်တွင် မိတ္ထီလာကို ကေအင်ဒီအိုသိမ်းစဉ် အဖမ်းခံသွားခဲ့ရကာ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင်မှ ဗိုလ်မှူးချုပ်ကျော်ဇောဦးဆောင်၍ ကြည်းတပ် လေတပ် ပူးပေါင်းစစ်ဆင်ရေးနှင့် ရန်ကုန်ဘဆွေ၏ အရပ်သားပျောက်ကျားတပ်ဖွဲ့များက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရကြောင်း မှတ်တမ်းများအရ သိရပါသည်။ ဗမာ့တပ်မတော်မှ တိုင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးကြီးသည် ကရင်သူပုန်များလက်တွင်း ၂ နှစ်ခွဲခန့် စစ်သုံ့ပန်းဖြစ်ခဲ့ရပြီး ပြန်လွတ်လာသောအခါတွင်လည်း ဗိုလ်မှူးချုပ်အဆင့်သို့ပင် ရာထူးတိုးမြှင့်ခံရသည်မှာ ဆိုရှယ်လစ်များ အားကိုးမျှော်လင့်ခြင်းကြောင့် မှတပါး အခြားမဖြစ်နိုင်ပါ။ 

ဗိုလ်မောင်မောင်သည် ၂ ရက်ကျော်သာ တိုင်းမှူးဖြစ်ရပြီး ကရင်သူပုန်လက်ထဲ၂ နှစ်ခွဲခန့် စစ်သုံ့ပန်းဘဝ ရောက်ရှိခဲ့ရခြင်းသည် ဗိုလ်လက်ျာအား ၂ ပတ်ခန့်သာ တိုင်းမှူးဘဝခံအောင် ဆိုရှယ်လစ်ဆရာကြီးများ၏ ဉာဏ်လှည့် စားမှုအပေါ် ကံဇာတ်ဆရာက မမျှော်လင့်ထားသော ကြိုးဆွဲကပြမှုဖြင့် ချိုးကွေ့လိုက်ခြင်းဖြစ်သည်။ ပြည် တွင်းစစ်သမိုင်းတွင် သင်ခန်းစာယူသင့်သည့် ဇာတ်ကွက်ဖြစ်ပါသည်။ ဆိုရှယ်လစ်များ မည်မျှဉာဏ်များသော်လည်း ကံဇာတ်ကွက်ဆရာ အလိုကျ ဆိုရှယ်လစ်တပ်မှူးများ ၄-၄-၆၀ နောက်ပိုင်းတွင် ကံကုန်၍ ဇာတ်သိမ်းသွားပုံမှာလည်း မြန်မာ့နိုင်ငံရေးသမိုင်းစဉ် အလှည့်အပြောင်းတွင် မှတ်သားဖွယ် ကောင်းလှပါ၏။ 

ဗိုလ်မောင်မောင်အား ၄င်း၏သေဘော်သေဘက် ရဲဘော်အရင်းအခြာ ရန်ကုန်ဘဆွေက အရပ်သားပျောက်ကျားတပ်ဖွဲ့ဖြင့် တပ်မတော်ကြည်းနှင့် လေ ပေါင်းစပ်ထိုးစစ်တွင် ထူးထူးခြားခြား ပါဝင်ကယ်တင်ခဲ့ကြောင်း ဗိုလ်ကျော်ဇော၏ (အတ္ထုပ္ပတ္တိစာ-၁၄၈-၁၄၉) တွင် လေ့လာဖတ်ရှုနိုင်ပါသည်။ ရန်ကုန်ဘဆွေရေးသော “ချီလေသော် လည်း” နှင့် “တိုက်ယူရတဲ့ မျက်ရည်တပေါက်” စာအုပ်များသည်လည်း ရန်ကုန်ဘဆွေနှင့် ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့၏ ဆက်စပ်မှုကို သိရှိနိုင်သော အထောက်အထားများဖြစ်၍ တပ်မတော်သမိုင်း စာအုပ်ကျမ်းကိုးစာရင်းတွင်လည်း ရန်ကုန်ဘဆွေ၊ ဦးမြလှိုင်၊ ဗိုလ်မောင်မောင်တို့ရေးသော အဆိုပါစာအုပ်များ ပါဝင်သည်ကို သတိပြုသင့်ပါသည်။ 

ကေအင်ဒီအို လက်တွင်း ၂ နှစ်ခွဲကျော် စစ်သုံ့ပန်းဘဝ နေခဲ့ရသော ဗိုလ်မောင်မောင်၏ အဖြစ်ကို ယူကြုံးမရ ခံစားရသည့် ဆိုရှယ်လစ်အုပ်စုသည် ရဲဘော်သုံးကျိပ်ဝင်ထဲမှ စစ်ရေးနှင့်ပတ်သက်၍ သုံးမရသော ဗိုလ်နေဝင်း၊ မိမိတို့ ဆိုရှယ်လစ်ဂိုဏ်းဝင်ဖြစ်အောင် စည်းရုံးမရသော ဗိုလ်ကျော်ဇောတို့ကို အားမကိုးတော့ဘဲ မိမိတို့ကိုယ် တိုင် စစ်တက္ကသိုလ်ထူထောင်၍ စိတ်တိုင်းကျ စစ်ဗိုလ်များမွေးထုတ်ရန် ၁၀-၁၁-၅၂ တွင် ဗိုလ်အောင်ကြီးက သဘာပတိပြုလုပ်၍ အတွင်းရေးမှူး ဗိုလ်ထွန်းအုံနှင့် ဗိုလ်မောင်မောင်၊ ဗိုလ်သောင်းကြည်၊ ဗိုလ်အောင်စိုး၊ ဗိုလ်ဘသန်း၊ ဗိုလ်မောင်မောင်လေးတို့ ပါဝင်သော အစည်းအဝေးမှ စစ်တက္ကသိုလ် ရေးဆွဲရေးတာဝန်ကို စစ်သုံ့ ပန်းဖြစ်ခဲ့သူ ဗိုလ်မှူးကြီးမောင်မောင်အား ဦးဆောင်ရန် တာဝန်ပေးခဲ့ပါသည်။ ထို့နောက် စစ်တက္ကသိုလ် အ ကောင်အထည်ဖော်ရေးအဖွဲ့ကို ၁၉၅၃ မေလတွင် ကာကွယ်ရေးဝန်ကြီး ဆိုရှယ်လစ်ဦးဗဆွေက တရားဝင်ဖွဲ့စည်းပေးခဲ့ပါသည်။ 

စစ်တက္ကသိုလ်ဖွဲ့စည်းရေး အထူးကော်မတီကို ဗိုလ်မှူးချုပ်မောင်မောင်အား ဦးဆောင်ဖွဲ့စည်းစေခဲ့ပါသည်။ ဤသို့ဖြင့်စစ်တက္ကသိုလ်ကို ပထမဆုံး မျိုးစေ့ချပျိုးထောင်ခဲ့သော အဆိုပါဦးဆောင်ကော်မတီ၏ ခေါင်းဆောင်မှာ ဗိုလ်မှူးချုပ်မောင်မောင် ဖြစ်လာခဲ့ပါသည်။ အဆိုပါစစ်တက္ကသိုလ်မှ နောင်တွင် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘစသော အနာဂတ်စစ်ခေါင်းဆောင်များကို ဦးစွာပထမ မွေးထုတ်ပေးခဲ့နိုင်ပါသည်။ စစ်တက္ကသိုလ် ပထမဆုံးကျောင်းအုပ် တာဝန်ယူရသော ဗိုလ်မှူးကြီးကျော်စိုးမှာ ဆိုရှယ်လစ်ဂိုဏ်းသား အမာခံတစ်ဦးဖြစ်ကြောင်း ဗိုလ်ကျော်ဇော၏ စာအုပ်တွင်ဖော်ပြပါရှိသကဲ့သို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦး အား ၇-၇-၆၂ ညအချိန် ဗုံးခွဲဖျက်ဆီးမှုတွင် ဖြေရှင်းရန် အဓိက တာဝန်ရှိသူများထဲမှ တဦးလည်း ဖြစ်ပါသည်။ 

အထက်ပါ မြန်မာ့နိုင်ငံရေးဖြစ်စဉ် မှတ်တိုင်များကိုကြည့်ရှု့လျှင် ဆိုရှယ်လစ်ပါတီသည် ပြည်သူ့အရေးတော်ပုံပါတီဘဝမှစ၍ လက်နက်ကိုင်တပ်ကို ထာဝစဉ်လက်ဦးမှုရှိရှိ ရယူနိုင်ရေးဦးတည်ချက်ကို အမြဲမပြတ်ဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်မည်ဖြစ်ပါသည်။ ယင်းကဲ့သို့ဆောင်ရွက်ရန် ဥပဒေအတွင်း၊ ဥပဒေပ နည်းပေါင်းစုံကျင့်သုံးရန် ဝန်မလေးဘဲ ဥပဒေပ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ရန်ကုန်ဘဆွေက ဦးဆောင်လုပ်ဆောင်ရန် တာဝန်ယူထားပုံ ရပါသည်။ ဦးစောကို ဟန်ပြလုပ်ကြံမှုတွင် ရန်ကုန်ဘဆွေ ကျူးလွန်ခဲ့သလို နောင်တွင် နိုင်ငံအကြီးအကဲ ဖြစ်လာနိုင်သော ဦးနူအား ရန်ကုန်ဘဆွေကပင် လုပ်ကြံရန် ကြိုးစားခဲ့ပုံကို သခင်သန်းထွန်းကိုယ်တိုင် ပဲခူးရိုးမ ဘဝဟစ်တိုင်လှုပ်ရှားမှုမိန့်ခွန်းတွင် ထုတ်ဖော်ပြောကြား ထားကြောင်း ဆောင်းပါးရှင်ကိုစိုးမြင့်သိန်းက ၁၃-၃-၂၀၁၄ ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ထုတ်ဖော်ရေးသား ထားပြီး ဖြစ်ပါသည်။ 

ဗိုလ်မောင်မောင် ကယ်တင်ရေး တပ်မတော်ကြည်းနှင့် လေထိုးစစ်တွင် ရန်ကုန်ဘဆွေ၏ ဥပဒေပြင်ပဖွဲ့စည်းခဲ့သော အရပ်သားပျောက်ကြားတပ်ဖွဲ့များ သုံးခဲ့သည်ကိုလည်း ဗိုလ်ကျော်ဇော၏ စာအုပ်တွင် တွေ့နိုင်ပါသည်။ ဗိုလ်မောင်မောင်၊ ရန်ကုန်ဘဆွေတို့သည် တွဲဖက်၍ ရဲဘော်သုံးကျိပ် မြန်မာပြည်မဝင်ခင်ကပင် အင်္ဂလိပ်တော်လှန်ရေးလုပ်ငန်းများ လုပ်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဥပဒေနှင့်ဆန့်ကျင်သော လုပ်ကြံမှုများကို ပညာသားပါပါ လုပ်ဆောင်မှုများရှိခဲ့၍ ဗိုလ်စက်ရောင်က ဆိုရှယ်လစ်တွေမဟုတ်တာလုပ်မှန်း ငါတို့သိတယ်။ ဒါပေမယ့် ငါတို့က ပေါ်အောင်မဖော်တတ်ဘူးဟု ပြောခဲ့သည်။ 

ဥပဒေပညာရှင်ဒေါက်တာဘမော်သည် နိုင်ငံ၏ အဓိပတိ ရာထူးရထားသူဖြစ်ပါလျက် မိိမိအားလုပ်ကြံသူများကို တိတိကျကျ မဖော်ထုတ်နိုင်ခဲ့ပါ။ ဝန်ကြီးချုပ်ဖြစ်လာမည့်ဦးနုသည် မိမိအား ဆိုရှယ်လစ်ဂိုဏ်းသား ရန်ကုန်ဘဆွေတို့အုပ်စု လုပ်ကြံရန်ကြိုးစားမှုနောက်ကွယ်မှ အစစ်အမှန်တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အတူ ရှေ့နေဦးစောသည် မိမိအား လုပ်ကြံသူသည် အစစ်အမှန်မည်သူဖြစ်သည်ကို မဖော်ထုတ်နိုင်ဘဲ ဦးအောင်ဆန်း ၏လူများဟု အထင်အမြင်လွဲမှားအောင် လုပ်ခြင်းခံလိုက်ရသည်ကိုသာ မိမိကိုယ်တိုင် ပြစ်မှုကျူးလွန်ပြီးမှ သိလိုက်ရသည်။ ဖဆပလအစိုးရကိုယ်တိုင် မိမိအပေါ်အမှုဆင်ခြင်းကို မိမိခံလိုက်ရကြောင်း အစစ်ခံထွက်ဆိုခဲ့သော်လည်း ခိုင်လုံအောင် သက်သေမပြနိုင်ခဲ့ချေ။ 

သခင်စိုးက ဗိုလ်ချုပ်အား ကိုယ်တိုင်သတ်သူများမှာ ဦးစော၏လူများဖြစ်သော်လည်း လုပ်ကြံမှုကြီး၏ တရားခံဇစ်မြစ်မှာ ဆိုရှယ်လစ်များဖြစ်သည်ဟု ပြောခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီးတွင် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့ တော်လှန်ရေးတပ်ဦးအဖြစ် ပူးပေါင်းဖွဲ့စည်းရန် ၂ ပါတီ စီစဉ်ကြသောအခါ ကွန်မြူနစ်ပါတီဘက်မှ ဦးကျော်ငြိမ်းနှင့်ရန်ကုန်ဘဆွေကလွဲ၍ ကျန်သူများနှင့် ပူးပေါင်းနိုင်ကြောင်း ကြေငြာခဲ့သဖြင့် တော် လှန်ရေး တပ်ဦးဖွဲ့ရန် အစီအစဉ်ပျက်ခဲ့ရသည်ဟု သခင်တင်မြ၏ ဘုံဘဝမှာဖြင့် စတုတ္ထတွဲနှင့် တပ်မတော်သ မိုင်း တတိယတွဲတွင် လေ့လာ ဖတ်ရှုရပါသည်။ 

ဘုံဘဝမှာဖြင့် ရေးသူ သခင်တင်မြ တယောက် သက်ရှိထင်ရှား ကျန်ရှိသေးသည်။ ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေတို့အကြောင်းကို ကောင်းစွာသိသူဖြစ်သော်လည်း ဒေါက်တာဘမော်၊ ဦးစော၊ သခင်နု၊ ဗိုလ်စက်ရောင်တို့ကဲ့သို့ အကျိုးကိုသိသော်လည်း အကြောင်းရင်း မဖော်ထုတ်နိုင်၍လား မဖော်ချင်တော့၍လား မသိပါ။ မသေခင် ရှင်းနိုင်သမျှ ရှင်းပြခဲ့လျှင် စာရေးသူအပါအဝင် နောင်လာနောင်သားများအတွက် သင်ခန်းစာ ယူစရာ၊ သံဝေဂ ရစရာများ ရနိုင်ကောင်းသည်။ ဦးသန်း၏ နိုင်ငံတော်လုပ်ကြံမှုကြီးစာအုပ် စာမျက်နှာ ၂၄ တွင်မူ ဗိုလ်ချုပ်ကို အသိမပေးဘဲ ဦးကျော်ငြိမ်းက ဆိုရှယ်လစ်ပါတီဌာနချုပ်၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်တို့နှင့် တိုင်ပင်ပြီး ရဲဌာနချုပ်နှင့်ညှိကာ ရန်ကုန်ဘဆွေ၏ (ဖျာပုံမှ) ရဲဘော် ၂ ဦး တို့ကို တာဝန်ပေးခဲ့ဖူးကြောင်း၊ သူတို့သည် ခြောက်လုံးပြူးနှင့် ပစ္စတိုတို့ကို ၁၀ ချက်ပစ်လျှင် ၈ ချက်လောက် ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်သူ လက်ဖြောင့်သေနတ်သမားများဖြစ်ကြောင်း၊ ဗိုလ်ချုပ်သိသွားပြီးနောက် မလိုအပ်ဟုဆိုခြင်းကြောင့် သူ့ကိုစောင့်ရှောက်နေသည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း ဖော်ပြထားပါသည်။ 

အဆိုပါ ရန်ကုန်ဘဆွေ၏ တပည့်နှစ်ယောက်နာမည်ဝှက်မှာ ရဲဘော်ဘတုတ်နှင့် ရဲဘော်ရဲမြင့်ဟုခေါ်ပြီး ဖျာပုံခရိုင်အတွင်း အလံနီများသတ်၍ သေဆုံးသွားကြပြီဟု ပဲခူးတွင်အသတ်ခံရသော စောရန်နောင်ကဲ့သို့ပင် အစရှာမရအောင် ဦးသန်း၏ စာအုပ်တွင် ဇာတ်သိမ်းထားပါသည်။ ဗိုလ်ချုပ်တို့ကျဆုံးပြီး နှစ်ပေါင်း ၆၃ နှစ်ကြာမှ ၂၀၁၀ တွင် ထုတ်ဝေသော လုပ်ကြံမှုဆိုင်ရာ ကိုယ်တွေ့များတွင် ရန်ကုန်ဘဆွေ၏ တပည့်များကို ဗိုလ်ချုပ်အနီး၌ ဦးကျော်ငြိမ်း တာဝန်ချထားပေးကြောင်း ထုတ်ဖော်ရေးသားထားသော်လည်း လုပ်ကြံမှုကြီး စတင်ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သည့် ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင်၊ ရန်ကုန်ဘဆွေက ပြည်သူ့ရဲဘော်ယူနီဖောင်းဝတ်၍ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ဂျစ်ကားစီးပြီး ဦးစောအား မထိတထိ ရန်စလုပ်ကြံခဲ့မှုအကြောင်း တလုံးတပါဒမျှမဖော်ပြဘဲ ယနေ့တိုင်ထိန်ချန်ထားမှုကြောင့် ၄င်းစာအုပ်၏ ဖော်ပြပါရှိချက်များမှာ အထူးဂရုပြုဆင်ခြင်ပြီးမှ လက်ခံသင့်သည်ဟု ယူဆပါသည်။ 

ဦးသန်း၏စာအုပ်တွင် အဓိက မှီငြမ်းပြုသောအချုက်များကို မူလရေးသားသူ ဗိုလ်မှူးချုပ်မောင်မောင်မှာ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေတို့နှင့် တွဲဖက်၍ ကိုလိုနီနယ်ချဲ့အစိုးရအား ပြည်တွင်းမှ လက်နက်ကိုင်တော်လှန်ရသည့်ကိစ္စများတွင် အတူလုပ်ဆောင်ခဲ့သူသာ ဖြစ်ပါသည်။ ဗိုလ်မောင်မောင်သည် ၁၉၅၈ ခုနှစ်တွင် ဗိုလ်အောင်ကြီးနှင့်အတူ စစ်တပ်ဖြင့် ဆိုရှယ်လစ်ခေါင်းဆောင်များအတွက် ဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းရန် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါသည်။ အဆိုပါ၁၉၅၈ ခုနှစ် စစ်တပ်ဖြင့် အာဏာသိမ်းရန် ကိစ္စတွင်ဗိုလ်နေဝင်းသည် ဦးဆောင်ပါဝင်သူမဟုတ်ပေ။ အခြေအနေအရပ်ရပ်ကို နှစ်ဖက်ခွ၍ စောင့်ကြည့်နေရသူတဦးသာ ဖြစ်ပါသည်။ 

ဝန်ကြီးချုပ်ဦးနုက လိမ္မာပါးနပ်စွာ သမိုင်းဝင်မည့်စာ၂ စောင် အပြန်အလှန်ရေးဟန်ပြု၍ ဦးနေဝင်းအား အာဏာလွှဲအပ်သည့် အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် ဗိုလ်မောင်မောင်တို့ အာဏာသိမ်းအစီအစဉ် ပျက်ယွင်းသွားစေခဲ့ပါသည်။ ဆိုရှယ်လစ်အုပ်စု တပ်မှူးများနှင့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ဦးနုအစိုးရကြားတွင် ဗိုလ်နေဝင်းကလည်း လိမ္မာပါးနပ်စွာ တပ်မတော်တွင်းမှ မိမိအတွက် အန္တရာယ်ရှိသော ဆိုရှယ်လစ်တပ်မှူးများကို ရှင်းထုတ်လိုက်ခြင်းဖြင့် ဉာဏ်များလှသော ဗိုလ်မောင်မောင်တို့ ကံမကောင်းအကြောင်းမလှစွာဖြင့် တပ်မှထွက်ခဲ့ရရုံမက မြန်မာနိုင်ငံတွင်းကပါ ယဉ်ကျေးသိမ်မွေ့စွာ သံအမတ်အဖြစ် ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပါသည်။ ရဲဗိုလ်ချုပ် ဦးထွန်းလှအောင်အား စစ်သံမှူးအဖြစ် မြန်မာနိုင်ငံမှ ယဉ်ကျေးစွာ နှင်ထုတ်ခဲ့သော ဆိုရှယ်လစ်တပ်မှူးများသည် ၀ိဘက်ကြမ္မာငင်ပြီး ၁၉၆၀ မှစ၍ မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းမှ ကင်းပြတ်သွားအောင် ဗိုလ်နေဝင်းက နိုင်ငံရပ်ခြားသို့ သံတမန်အဖြစ် ပို့လွှတ်ခံခဲ့ရာမှ ဗိုလ်မောင်မောင်အပါအဝင် ဆိုရှယ်လစ်တပ်မှူးများစွာလည်း ပြည်ပသို့ အပြီးအပိုင် ထွက်ခွာသွားကြရသည့် အခြေသို့ဆိုက်ရောက်ခဲ့သည်။ ပြည်တွင်း၌ ကျန်ရှိခဲ့သော ဗိုလ်အောင်ကြီးအပါအဝင် ဆိုရှယ်လစ် တပ်မှူးများမှာလည်း ဗိုလ်နေဝင်း၏ ဖမ်းဆီးထောင်ချမှု၊ စောင့်ကြည့်ခံရမှုများနှင့် နိုင်ငံရေးလောကမှ ခပ်ဝေးဝေး ရှောင်တိမ်းနေရသော ဘဝဖြင့် နိဂုံးချုပ်သွားခဲ့ကြရပါတော့သည်။ 

နိုင်ငံရေးလောကသို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ခြင်းမရှိဘဲ စာရေးဆရာဘဝဖြင့် ရပ်တည်သော ရန်ကုန်ဘဆွေကိုပင် ဗိုလ်နေဝင်း အလွတ်မပေးဘဲ ထာဝရစောင့်ကြည့်ခဲ့ရာ အစောင့်များ ၄င်းပတ်ဝန်းကျင်တွင ်ထားရှိကြောင်း ရန်ကုန်ဘဆွေကိုယ်တိုင် ထုတ်ဖော်ပြောကြားသည်ကို သိရှိသူများကတဆင့် စာရေးသူ မှတ်သားခဲ့ဖူးပါသည်။ အထက်ပါမှတ်တမ်းများအရ ဦးနေဝင်းသည် ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့နှင့် တွဲခဲ့ဘူးသော်လည်း ၁၉၄၅ မှ ၁၉၆၀ အတွင်း ဆိုရှယ်လစ်ဂိုဏ်းအတွင်း တပည့်တယောက်ပုံသွင် ဆိုရှယ်လစ်တို့ကို မချစ်သော်လည်း အောင့်ကာနမ်းရသည့် အနေအထားဖြင့် ဆက်ဆံခဲ့ရသူသာဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ 

ထို့ကြောင့် ၁၉၄၅-၁၉၆၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဆိုရှယ်လစ်ဂိုဏ်း၏ နိုင်ငံရေးလုပ်ကြံမှုများတွင် ဦးနေဝင်းပါဝင်ပတ်သက်သည်ဆိုလျှင် နောက်ကွယ်မှ ပူးတွဲကြံရာပါ တပည့်အဆင့်သာ ရှိပါမည်။ အဓိက ဦးဆောင်လမ်းညွှန်မှုပြုသူများမှာ ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ လေးဦးဂိုဏ်းသာဖြစ်မည်ဟု ယူဆရပါသည်။ ဦးနေဝင်းအနေဖြင့် ၁၉၆၂ မှ ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီးစောမောင် ဖြုတ်ထုတ်ခံရသည့် အချိန်အတွင်း နိုင်ငံရေးလုပ်ကြံမှုများတွင်သာ ဦးစီးခေါင်းဆောင် အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်မည်ဆိုလျှင် ယင်းကောက်ချက်သည်သာ တရားနည်းလမ်းတကျဖြစ်မည်ဟု ဆိုချင်ပါသည်။ စာရေးသူလေ့လာတွေ့ရှိသော နိုင်ငံတော်လုပ်ကြံမှုကြီးနောက်ကွယ်မှ ပဟေဠိ ကွင်းဆက်မှတ်တမ်းများကို စာဖတ်သူများ လေ့ လာဆန်းစစ်၍ နိုင်ငံရေး အတွေးအမြင် ရင့်ကျက်စေပြီး ဘဝခရီးလျှောက်လှမ်းရာတွင် မကောင်းမှုရှောင် ကောင်းမှုဆောင်ရန် အနည်းငယ်မျှ အထောက်အပံ့ဖြစ်စေသည်ဆိုလျှင်ပင် ဤစာကို ရေးရကျိုးနပ်ပြီဟု ယူဆပါသည်။ စာဖတ်ရှုသူအားလုံးအား မေတ္တာရပ်ခံလိုပါသည်။ သမိုင်းအမှားများပါရှိလျှင် ထောက်ပြပြင်ဆင်ပေးစေလိုပါသည်။ လိုအပ်ချက်များတွေ့ရှိလျှင် ထပ်မံဖြည့်စွက်ပေးစေလိုပါသည်။ ကျနော်တို့သည် သမိုင်းမှန်များကိုသာ အနာဂတ်လူငယ်များအတွက် လက်ဆင့်ကမ်း အမွေပေးခဲ့ကြရန် တာဝန်ရှိပါသည်။ သမိုင်းမှန်ကို ဖော်ပြရာတွင် နစ်နာသည်ဟု ခံစားရသူများရှိပါက အနူးအညွတ် ခွင့်လွတ်ပါရန် တောင်းပန်အပ်ပါသည်။ ပညာနှင့် သတိကြီးသူများ ဖြစ်ကြပါစေ။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */