၁ အောက်တိုဘာ ၂၀၂၀
နဂိုနို - ကာရာဘတ်မှာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့နောက်ပိုင်း အဆိုးဆုံးသော တိုက်ပွဲတွေပြန်ဖြစ် နေနေ
ဥရောပ အရှေ့တောင်ပိုင်းက နဂိုနို - ကာရာဘတ် ဒေသအရေး တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန်၊ ပြင်သစ် နဲ့ ရုရှားတို့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဒါပေမဲ့ အဇာဘိုင်ဂျန်ရဲ့ မဟာမိတ် တူရကီကတော့ အပစ်ရပ်ဖို့ တောင်းဆိုတာတွေကို ပယ်ချပါတယ်။
ဒီနယ်မြေကို သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ အဇာဘိုင်ဂျန် နဲ့ အာမေးနီးယား နှစ် နိုင်ငံက အစိုးရတွေကို နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ်က ဖိတ်ခေါ်လိုက်တာပါ။
ပိုင်ဆိုင်မှုအငြင်းပွားနေကြတာ ဆယ်စုနှစ်တွေများစွာရှိလာနေတဲ့ နဂိုနို - ကာရာဘတ် ဒေသမှာ တနင်္ဂနွေနေ့က စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရပါတယ်။
နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးသော တိုက်ခိုက်မှုတွေ အဲဒီမှာ ဖြစ်နေတာပါ။
နဂိုနို - ကာရာဘတ်ဟာ တရားဝင်သဘောအရ အဇာဘိုင်ဂျန်ရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်ပေမဲ့ ဒီဒေသမှာ လူအများစုက အာမေးနီးယားလူမျိုးတွေဖြစ်သလို အာမေးနီးယားလူမျိုးစု လက်နက်ကိုင်အင်အားစုကပဲ စိုးမိုး အုပ်ချုပ်နေတာပါ။
ဗုဒ္ဓဟူးနေ့တုန်းက သူတို့နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နိုင်ငံခြားရေး ဝန်ကြီးတွေကို ဖုန်းနဲ့ဆက်သွယ်ကာ ရုရှားအနေနဲ့ ဆွေးနွေးပွဲကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပေးဖို့ ဆန္ဒရှိကြောင်း ပြောခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးရုံးက ဆိုပါတယ်။
ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကလည်း ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်းကို ဖုန်းခေါ်ကာ ဒီ တိုက်ပွဲတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ တခြားကမ္ဘာ့ခေါင်းဆောင်တွေ လိုလားနေကြသလို ဒီခေါင်းဆောင် နှစ်ယောက်ကလည်း အပစ်အခတ်ရပ်စဲရေး အလျင်အမြန်လုပ်ဖို့ လိုအပ်နေတယ်လို့ ရှုမြင်ကြပါတယ်။
ရုရှားဟာ အာမေးနီးယားနဲ့ စစ်ရေးမဟာမိတ်ဖွဲ့ထားပြီး သူတို့ စစ်အခြေစိုက်စခန်းတစ်ခုကို အာမေးနီးယားမှာ ဖွင့်ထားပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဇာဘိုင်ဂျန် အစိုးရနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးကို ထူထောင်ထားပါတယ်။
နဂိုနို - ကာရာဘတ်ပြည်သူ့သမ္မတနိုင်ငံ အဖြစ် အဲဒီက အာမေးနီးယားလူမျိုးစုတွေက သူ့ဘာသာသူ ထူထောင်ထားတာကို အာမေးနီးယားနိုင်ငံ ထောက်ခံထားပေးပေမဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်တာတော့ မရှိသေးပါဘူး။
ဘယ်လို လတ်တလောအကြောင်းတွေက ဒီတိုက်ပွဲတွေကို စလာစေခဲ့တယ်ဆိုတာတော့ သိပ်ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဗုဒ္ဓဟူးနေ့က အဇာဘိုင်ဂျန်ရဲ့ သမ္မတ အစ်လ်ဟမ် အာလိယက်က အာမေးနီးယားတပ်တွေ ဒီနယ်မြေအတွင်းကနေ မထွက်သွားမချင်း တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ချမှတ်ထားတာ သတ်မှတ်ချက် တစ်ခုပဲရှိတယ်၊ အဲဒါကတော့ အာမေးနီးယား စစ်တပ်တွေ ကျွန်တော်တို့ မြေကနေ ချက်ချင်း၊ အကုန်အစင်၊ အမြန်ထွက်ခွာပေးဖို့ပဲ" လို့ သူက ပြောပါတယ်။
အဇာဘိုင်ဂျန်တို့က ရန်သူ တင့်ကား နှစ်စီးကို ဖျက်ဆီးလိုက်တဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့သလို အာမေးနီးယား တပ်ရင်းတစ်ရင်း တိုနရှန် ရွာအနီးအနားကနေ ဆုတ်ခွာသွားရပြီ လို့ ပြောပါတယ်။
အာမေးနီးယား သတင်းဌာနတွေကတော့ မာတာကတ် မြို့မှာ ဗုဒ္ဓဟူးနေ့တုန်းက အဇာဘိုင်ဂျန်တို့ လေကြောင်းတိုက်ခိုက်တာ လုပ်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင် သတင်းဌာန Armenpress ကလည်း တိုက်ခိုက်မှုတွေ စတင်တဲ့အချိန်ကတည်းက အခုအချိန်အထိ အရပ်သား ၈ ယောက်နဲ့ ဝန်ထမ်း ၈၀ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
အာမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တူရကီ F-16 တိုက်လေယာဉ်က ပစ်ချလိုက်တယ် ဆိုတဲ့ သူတို့ရဲ့ SU-25 တိုက်လေယာဉ်ရဲ့ ပုံကို အင်္ဂါနေ့ကထုတ်ပြန်ခဲ့ပါတယ်။
အဇာဘိုင်ဂျန်ရဲ့ အမာခံ မဟာမိတ် တူရကီကတော့ ဒါတွေက "ပေါပေါလောလော ရနိုင်တဲ့ ဝါဒဖြန့်ချက်တွေပါ" လို့ ဆိုကာ ငြင်းဆိုလိုက်ပါတယ်။
ဒီပဋိပက္ခကြောင့် နေတိုးမဟာမိတ်တွေဖြစ်တဲ့ ပြင်သစ်နဲ့ တူရကီတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
အာမေးနီးယားနွယ်တွေကို ပြင်သစ်က သူ့နိုင်ငံမှာ ခိုလှုံအခြေချခွင့်ပေးထားတာဖြစ်ပြီး တူရကီကတော့ သူတို့နဲ့အနွယ်တူ အဇာဘိုင်ဂျန်ကို ရှေးမဆွကတည်းက ထောက်ခံလာခဲ့တာပါ။
ဗုဒ္ဓဟူးနေ့က တူရကီ နိုင်ငံခြားရေး ဝန်ကြီး မက်ဗလု ချက်ဗူရှောလူက အဇာဘိုင်ဂျန်နယ်ကို အာမေးနီးယားတွေ သိမ်းယူနေတာကို ပြင်သစ်တို့က ထောက်ခံနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
မစ္စတာ မက်ခရွန်းကလည်း "နဂိုနို- ကာရာဘတ်ကို ပြန်သိမ်းဖို့လုပ်နေပြီး အဇာဘိုင်ဂျန်တွေကို အခြေစိုက်ဖို့ နေရာချနေတဲ့ ကိစ္စကို တူရကီ အနေနဲ့ မလုပ်ဖို့" ပြန်တုံ့ပြန်ခဲ့ပါတယ်။
မစ္စတာ မက်ခရွန်းနဲ့ မစ္စတာ ပူတင်တို့ စကားပြောပြီးတဲ့နောက်ပိုင်း ကရင်မလင်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သူတို့အနေနဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး မင့်စ် အဖွဲ့ (Minsk Group of the Organization for Security and Co-operation in Europe - OSCE) က တစ်ဆင့် ဒီ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကူညီဆောင်ရွက်သွားကြမယ်ဆိုတာကို ဆွေးနွေးခဲ့ကြောင်း ထည့်သွင်းရေးသားခဲ့ပါတယ်။
မင့်စ် အဖွဲ့ကို ၁၉၉၂ ခုနှစ်အတွင်းက ထူထောင်ခဲ့တာဖြစ်ပြီး ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်တို့က ဦးဆောင်တာပါ။
- • တောင်ထူထပ်တဲ့ ဒေသဖြစ်ပြီး ၄, ၄၀၀ စတုရန်း ကီလိုမီတာ (၁, ၇၀၀ စတုရန်းမိုင်) ကျယ်ဝန်း
- • ခရစ်ယာန် အာမေးနီးယားတွေနဲ့ မွတ်ဆလင် တူရကီနွယ်ဖွားတွေ နေထိုင်ကြ
- • ဆိုဗီယက်ပြည်ထောင်စုကာလတုန်းက ဒီနယ်မြေဟာ အဇာဘိုင်ဂျန် ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ဆိုဗီယက်ပြည်ထောင်စုထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်အခု အနေနဲ့ ပါဝင်ခဲ့
- • အဇာဘိုင်ဂျန်ရဲ့ ဒေသအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထား၊ ဒါပေမဲ့ လူဦးရေ အများစုက အာမေးနီးယား လူမျိုးတွေဖြစ်
- • သီးခြားကိုယ်ပိုင်အချုပ်အခြာနိုင်ငံအဖြစ် ကြေညာထားပေမဲ့ အာမေးနီးယား နိုင်ငံ အပါအဝင် မည်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံကမှ တရားဝင်ကြောင်း အသိအမှတ်ပြုထားတာ မရှိ
- • ၁၉၈၈ ကနေ ၁၉၉၄ ထိဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် လူပေါင်း ၃၀, ၀၀၀ လောက် သေဆုံးခဲ့ရ၊ လူ တစ်သန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရ
- • ခွဲထွက်ရေး အင်အားစုတွေက အဇာဘိုင်ဂျန်ထဲက နောက်ဒေသတစ်ခုကိုလည်း သိမ်းပိုက်ထား
- • နှစ်ဖက် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေကြတာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူပြီး ကတည်းက ဖြစ်
- • တူရကီက အဇာဘိုင်ဂျန်ကို ပေါ်ပေါ်ထင်ထင် ကူညီ
- • ရုရှား စစ်စခန်းတစ်ခု အာမေးနီးယားမှာ ရှိ
Link : Here
No comments:
Post a Comment