" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, September 28, 2020

အာမေနီးယားနှင့်အဇာဘိုင်ဂျန်တို့စစ်ပွဲကြီးဖြစ်တော့မလား?



လက်ရှိဖြစ်ပွားနေသော အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြားဖြစ်ပွား ပဋိပက္ခ အခြေတည်ရာနယ်မြေဖြစ် သည့် "နာဂေါ်နို-ကာရာဘတ်" (Nagorno-Karabakh) ကို ကြားဖူးကြသူ နည်းကြပါမည်။ နာဂေါ်နို-ကာရာဘတ် ဆိုသည်က လူဦးရေ ၁၅၀၀၀၀ ခန့်သာရှိသော တောင်ကုန်းတောင်တန်းထူထပ်သော ပြည် နယ်လေးတစ်ခုသာ ဖြစ်သည်။

အားမေးနီးယန်းတို့က နာဂေါ်နို-ကာရာဘတ်ကို "အာ့တ်ဆတ်ခ်" ဟု ခေါ်သည်။ တကယ်တော့ နာဂေါ်နို-ကာရာဘတ်ခ်ခေါ် အာ့တ်ဆတ်ခ်နယ်ကလေးသည်က တောင်ကော့ကေးဆပ်နယ် လူမျိုးကြီးနှစ်ခုတို့ကြား ပြဿနာရင်းမြစ်ဖြစ်နေခဲ့သည်မှာ အတော်ပင်ကြာခဲ့ပြီ။ ဆိုရလျှင် ဆိုဗီယက်ယူနီယံ မပြိုကွဲခင်ကတည်းက စဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ နာဂေါ်နို-ကာရာဘတ်တွင် အဓိက နေထိုင်သူများက အာမေးနီးယန်းများ ဖြစ်ကြသည်။ ၁၉၉၁ တွင် ၎င်းတို့က အာမေးနီးယား၏နောက်ခံပံ့ပိုးမှုဖြင့် အဇာဘိုင်ဂျန်မှ ခွဲထွက်ကြောင်း လွတ်လပ်ရေးကြေငြာသည်။ အဇာဘိုင်ဂျန်မှလည်း ၎င်း၏အာဏာစက် ပြန်လည်သက်ရောက်ရန် ကြိုးပမ်းသည်။ ၎င်းနောက်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲမှုနှင့်အတူ ဒေသတွင်းသွေးမြေကျ ပဋိပက္ခများ တရစပ်ဖြစ်ပွားလာခဲ့တော့သည်။
.

၁၉၉၁ နှင့် ၁၉၉၄ ကြားတွင် သေဆုံးခဲ့ရသူ နှစ်ဖက်ပေါင်း ၃၀၀၀၀ ကျော် ရှိသည်။ အဇာဘိုင်ဂျန်တို့ ထိန်း ချုပ် ထားသည့်နယ်တွင် အာမေးနီးယန်းများအား လူမျိုးစုလိုက် အပျောက်ရှင်းခဲ့သည်များရှိသလို အာမေးနီးယန်းများကြီးစိုးသည့်နေရာများတွင်လည်း အဇာဘိုင်ဂျန်များအား ၎င်းနည်းတူ ပြုမူခဲ့သည်များ ရှိခဲ့ကြသည်။

၁၉၉၄ တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြသည်။ နာဂေါ်နို-ကာရာဘတ် ရီပါ့ဗလစ် သည်လည်း မည်သူကမှ အသိအမှတ်မပြုသဖြင့် တရားဝင် ဖြစ်မလာခဲ့ပေ။ နယ်မြေတော်တော်များများကတော့ အာမေးနီးယန်း ထိမ်းချုပ်မှုအောက် ရောက်သွားသည်။ ရုရှ၊ ပြင်သစ်နှင့် အမေရိကန်တို့ဦးဆောင်သော စေ့စပ်ဆွေးနွေးမှုများ အကြိမ်ကြိမ် ကျင်းပခဲ့သော်လည်း နှစ်ဖက် ကပ်သပ်နေကြသဖြင့် တိုးတက်ဖြစ်ထွန်းမှု မယ်မယ်ရရ ရှိမလာခဲ့ပဲ ဆယ်စုနှစ်များတိုင်အောင် ရှေ့မတိုး နောက်မဆုတ် ရှိလာခဲ့သည်။

စက်တင်ဘာ ၂၇ ရက်ကစ၍ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်စခဲ့ပြန် သည်။ နှစ်ဖက်တပ်များ နယ်စပ်တွင် ပစ်ကြခတ်ကြသည်။ တင့်ကားများ၊ တာဝေးပစ်အမြောက်များ၊ ဒရုန်းများအပါအဝင် စစ်လက်နက်အပြည့်အသုံးပြု၍ တိုက်ခိုက်ကြသည်။ ၁၉၉၄ နောက်ပိုင်း အပြင်းထန်ဆုံးသော တိုက်ပွဲများ ဖြစ်ခဲ့ကာ ယခုစာရေးချိန်အထိ အနည်းဆုံး လူ ၉၅ ယောက် သေဆုံးခဲ့ပြီးဖြစ်သည်။
နှစ်ဖက်လုံး မာရှယ်လော ထုတ်ပြန်ထားသလို လက်နက်တပ်ဆင်အသင့်ပြင်ထားဖို့လည်း အမိန့်ထုတ်ပြန်ထားကြသည်။ အာမေးနီးယားမြို့တော် ယီရီဗန်ဖက်က ထွက်လာသည့်အသံရော၊ အဇာဘိုင်ဂျန်မြို့တော်ဘာကူဖက်က ထွက်လာမည့်အသံရောက နည်းနည်းလေးမှ အလျှော့ပေးမည့်ပုံမရှိ။ ညှိနှိုင်း၍ရမည်ဟန်လည်း မမြင်။

အာမေးနီးယန်းတွေ၏ အမြင်တွင် ယခုစစ်ပွဲသည် စစ်ပွဲသက်သက်မဟုတ်၊ နာဂေါ်နို-ကာရာဘတ်နေ အာမေးနီးယန်းများ၏ သေရေးရှင်ရေး ကိစ္စဖြစ်သည်။ စစ်ပွဲရှုံးနိမ့်သည်နှင့် နာဂေါ်နို-ကာရာဘတ်မှ အာမေးနီးယန်းအားလုံး မျိုးတုန်းသည့်တိုင်အောင် အဇာဘိုင်ဂျန်တို့၏ ရှင်းလင်းသုတ်သင်မှုကို ခံရလိမ့်မည်ဟု အာမေးနီးယန်းအစိုးရအာဏာပိုင်များကရော အာမေးနီးယန်းမီဒီယာများရောက ယူဆနေကြသည်။ အော်တိုမန်ခေတ် ၁၉၁၅ အာမေးနီးယန်း လူမျိုးတုန်းသတ်ဖြတ်မှုကြီးကလည်း ရှိခဲ့ရာ အာမေးနီးယန်းတို့မှာ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်နေကြသည်။ အထူးသဖြင့် ထိုအချိန်က တူရကီမှ အဇာဘိုင်ဂျန်အား နောက်ခံပံ့ပိုးခဲ့ပြီး အာမေးနီးယန်းတို့အား နှိပ်ကွပ်ခဲ့ပုံကို အာမေးနီးယန်းတို့က သတိတရ ရှိနေကြသည်။

အဇာဘိုင်ဂျင်ကတော့ ယခုတစ်ကြိမ်သည် ၁၉၉၁-၁၉၉၄ ကြားတုန်းက ပေးလိုက်ရသည့်မြေများကို ပြန်ရနိုင်ဖို့ အခွင့်အရေးကြီးတစ်ရပ်ဖြစ်သည်။ ထို့အပြင် ပါသွားသည့် နယ်မြေအတွင်း ပိတ်မိနေသော အဇာဘိုင်ဂျန်ဒုက္ဓသည် သိန်းချီကို အိမ်ပြန်ခေါ်နိုင်ဖို့လည်း အခွင့်အရေးကြီးတစ်ရပ်ဖြစ်သည်။

စစ်ပွဲက တစ်ချိန်ချိန်တော့ ပြန်စမည်ကို လူတိုင်းက မျှော်လင့်ပြီးသား ဖြစ်သည်။ အကြောင်းရင်းခံများ ရှိသည့်အထဲ မစွမ်းရင်းကလည်းရှိ ကန်ဇွန်းခင်းကလည်း ညိဆိုသလို လတ်တလောအကြောင်းများလည်း ရှိသည်။ ဇူလိုင်လအတွင်းက အာမေးနီးယားနှင့် ဖြစ်ပွားသော နယ်စပ်ထိတွေ့မှုများအတွင်း အဇာဘိုင်ဂျန်တပ်ဖွဲ့များ အထိနာသွားသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အဇာဘိုင်ဂျန်၏ အာဏာရှင်သမ္မတ အီလ်ဟမ် အလီယက်ဗ် (Ilham Aliyev) အပေါ် ဖိအားများ ကြီးကြီးမားမားရှိသည်။ အဇာဘိုင်ဂျန် စစ်ဦးစီးချုပ်ကို ရာထုတ်မှ ဖယ်ရှားရန်၊ အာမေးနီးယားအား စစ်ကြေငြာရန် ဆန္ဒပြမှုများ မြို့တော် ဘာကူတွင် ဖြစ်ပွားခဲ့သည်။

နောက်ဆုံး အဇာဘိုင်ဂျန်၏ သက်တမ်းရှည် နိုင်ငံခြားရေးဝန်ကြီး ပြုတ်သွားသည်။ ချက်ချင်းဆိုသလိုပင် အဇာဘိုင်ဂျန်သည် အော်တိုမန်အင်ပါယာကတည်းက ဘာသာတူ၊ ယဉ်ကျေးမှုတူ ဖြစ်သည့်အပြင် အာမေးနီးယားလူမျိုးတုန်းသတ်ဖြတ်မှုကြီးတွင်လည်း ပါတနာဖြစ်ခဲ့သော တူရကီနှင့် ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။ တူရကီထံမှ ၎င်းအား ကူညီပါမည်ဟူသော လူသိရှင်ကြား ကတိကဝတ်ကိုလည်း ရရှိခဲ့သည်။ တူရကီမှလည်း လိုအပ်လျှင် ကူညီဖို့ရာ စစ်ပြင်ဆင်ထားသည်တွင် အလာယက်ဗ်အဖို့ နောက်တစ်ကျော့စစ်ပွဲပြန်စဖို့ရာ အားမာန်တက်ကြွနေခဲ့သည်။

ပြီးခဲ့သော စေ့စပ်ဆွေးနွေးမှုများသည် အရာမရောက်သည့်အပြင် မိမိဖက်မှချည်း ဆုံးရှုံးနစ်နာနေသည်ဟု အဇာဘိုင်ဂျန်က ရှုမြင်ထားသည်။ စေ့စပ်ဆွေးနွေးမှုများတွင် တိကျသောဆုံးဖြတ်ချက်များ မထွက်ခဲ့ခြင်းနှင့်အတူ အာမေးနီးယားနယ်များ ဝန်းရံထားသော နာဂေါ်နို-ကာရာဘတ်သည် တဖြည်းဖြည်း အာမေးနီးယားပိုင် ဖြစ်လာနေသည်ဟု အဇာဘိုင်ဂျန်က ထင်မြင်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရေနံသူဋ္ဌေး အဇာဘိုင်ဂျန်သည် ရေနံရောင်းရငွေ အမေရိကန်ဒေါ်လာဘီလီပေါင်း များစွာကို စစ်လက်နက်ပစ္စည်းများ ဝယ်ယူထားသလို သမ္မတ အလာယက်ဗ်ကလည်း ဆုံးရှုံးသွားသော နာဂေါ်နို-ကာရာဘတ် နယ်ကို ပြန်ရအောင်ယူပေးမည်ဟု တိုင်းပြည်ကို ကတိပေးထားခဲ့သည်။
 
အဇာဘိုင်ဂျန်ဖက်မှ တူရကီပါလာပြီး အာမေးနီးယားဖက်မှ ရုရှပါလာလျှင်တော့ စစ်ဘောင်ကျယ်သွားပြီးဒေ သ တွင်း စစ်ပွဲထိတိုင် ရောက်ရှိသွားနိုင်သည်။ အကယ်၍ လက်ရှိတိုက်ပွဲများအတွင်း အဇာဘိုင်ဂျန် အထိနာခဲ့လျှင် တူရကီသည် ဆီးရီယားသူပုန်တိုက်ခိုက်ရေးသမားများကို ငှားရမ်းပြီး အဇာဘိုင်ဂျန်ဖက်မှ ပြောင်ပြောင်တင်းတင်း ပါလာဖွယ်ရာ ရှိသည်။ တူရကီပါလာလျှင် ရုရှလည်း ငြိမ်နေ၍ မရ။ မငြိမ်မသက်ဖြစ်နေသော နယ်ချင်းစပ် မြောက်ကော့ကေးဆပ်မူဆလင်နယ်များပါ တွဲလျက်ပါလာမည့်အရေးရှိရာ ရုရှအဖို့ ပါဝင်ပါတ်သက်တော့မှ ဖြစ်မည့် အနေအထားရောက်လာလိမ့်မည် ဖြစ်သည်။

ယင်းမှသည် စစ်ဘောင်သည် အာမေးနီးယားမှ ခွဲထွက် နာခီချီဗန် (Nakhichevan) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ် သို့ ကူးစက်သွားလျှင် စစ်ပွဲမှာ ထိန်းမရအောင် ဖြစ်သွားနိုင်သည်။ နာခီချီဗန်ကို အာမေးနီးယားမှ ခွဲထွက်စဉ်က တူရကီမှ အာမခံသော ဆိုဗီယက်ခေတ် သဘောတူစာချုပ်တစ်ခုဖြင့် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ နာဂေါ်နို ကာရာဘတ်နှင့် မတူသည်က အကယ်၍ နာခီချီဗန် နယ်မြေမှသော်လည်းကောင်း၊ အခြားတစ်နေရာမှ သော်လည်းကောင်း အာမေးနီးယား၏ ပိုင်ဆိုင်မှုကို ထိပါးခဲ့လျှင် Collective Security Treaty Organization အရ ရုရှသည် အာမေးနီးယားဖက်မှ အကာအကွယ်ပေးလိမ့်မည်ဖြစ်သည်။ ယင်းသို့အခြအ နေဖြစ်လာလျှင်တော့ ပတ်တုပ်၍ပင် ထိန်း၍ ရတော့မည်မဟုတ်။

ကုလသမဂ္ဂက ကြားဝင်နေသော်လည်း ရေတိုသာ ထိန်းနိုင်ဖွယ်ရာ ရှိပါသည်။ အာမေးနီးယန်းနှင့် အဇာဘိုင်ဂျန်လူမျိုးနှစ်ခုတို့အကြား ရာစုနှစ်ချီ တည်ရှိခဲ့သော အမုန်းတရားကို ဖြေရှင်းနိုင်မည်မဟုတ်။ နိုင်ငံကြီးနှစ်ခု ပါဝင်ပါတ်သက်နေသော ယခုအခြေအနေတွင်လည်း တစ်ဖက်ဖက်မှသာ လက်လွန်ခြေလွန် ပြုလုပ်ခဲ့လျှင် လုံးဝစစ်ပွဲကြီးအဖြစ်သို့ ကူးပြောင်းသွားဖို့ရာ ရှိနေပါသည်။


Link : Here

*******************************************************************************************

နဂိုနို ကာရာဘတ် ပြဿနာ
--- ဦးကိုကိုလှိုင်

ကမ္ဘာကြီးက ကိုဗစ်ကပ်ရောဂါနဲ့ ဒုက္ခများနေချိန်မှာ ထရန်ကော့ကေးရှားဒေသက နဂိုနိုကာရာဘတ်မှာတော့ စစ်မီးတောက်လောင်ပြီး သောကတွေပွားနေကြရပါတယ်။ နဂိုနိုကာရာဘတ်ဆိုတာကတော့ အဇာဘိုင်ဂျန်နိုင်ငံထဲမှာရှိပြီး၊ အာမေးနီးယား နိုင်ငံက ထိန်းချုပ်ထားတဲ့ ခွဲထုတ် exclaveဒေသတစ်ခု ဖြစ်ပါတယ်။ စတုရန်းမိုင်၁၇၀၀ပဲရှိပြီး လူဦးရေ တစ်သိန်းခွဲကျော်လောက်ပဲ ရှိကာ တောင်ထူထပ်တဲ့ ကုန်းမြင့်ဒေသပဲ ဖြစ်ပါတယ်။
 
အခုဖြစ်တဲ့ ပြဿနာက နဂိုနိုကာရာဘတ်နဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နှစ်နိုင်ငံတို့အ ကြား အငြင်းပွားနေရတဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာ နဂိုနို ကာရာဘတ်က ခွဲထွက်အာမေးနီးယန်း တပ်ဖွဲ့တွေနဲ့ အဇာဘိုင်ဂျန်အစိုးရတပ်တွေအကြား အဓိက တိုက်ခိုက်နေကြတာဖြစ်ပြီး အာမေးနီးယား နိုင်ငံတပ်မတော်ကလည်း နဂိုနိုကာရာဘတ် ခွဲထွက်တပ်တွေဘက်က ပါလာတာမို့ နှစ်နိုင်ငံ စစ်ဖြစ်သလို ဖြစ်လာနေပါတယ်။
 
ဒီပြဿနာက သေးသလောက် ရှုပ်ထွေးတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ကိုနားလည်နိုင်ဖို့ဆိုရင် ပထဝီနိုင်ငံရေး နောက်ခံ၊ သမိုင်းကြောင်းနောက်ခံနဲ့ ကမ္ဘာ့ မဟာဗျူဟာနိုင်ငံရေး အနေအထားတွေကို နားလည်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပထဝီနိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ၊တကယ်တော့ အာမေးနီးယားရော၊အဇာဘိုင်ဂျန်ပါ နိုင်ငံသေးသေးလေးတွေဖြစ်ပြီး ရုရှား တောင်ဘက် ပင်လယ်နက်နဲ့ ကက်စပီယန် ကုန်းတွင်းပင်လယ်နှစ်ခုကြားက ထရန်ကော့ကေးရှား ဒေသမှာ ကပ်လျက် တည်ရှိနေကြတာဖြစ်ပါတယ်။ အဓိက အချက်ကတော့ ဒီဒေသဟာ ရှေးကတည်းက လူ့ယဉ်ကျေးမှုကြီး၃ခုကို အခြေခံတဲ့၊ အင်ပါယာကြီး၃ခုရဲ့ စပ်ကြားမှာ ရောက်ရှိနေပြီး ဒီယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးတွေရဲ့ တွန်းတိုက်မှုအားတွေအောက်မှာ ငလျင်ဗဟိုချက် ဖြစ်နေရတာပါပဲ။ အဲဒီလူ့ယဉ်ကျေးမှု အင်ပါယာကြီး၃ခုကတော့ မြောက်ဘက်မှာ ရုရှား အောက်သိုဒေါက် ရှေးရိုးခရစ်ယာန်ဘာသာ အင်ပါယာ၊ အနောက်ဘက်မှာ တူရကီ အော်တိုမန် ဆွန်နီ မွတ်စလင် အင်ပါယာနဲ့ တောင်ဘက်မှာ အီရန် ပါရှန် ရှီယိုက် မွတ်စလင် အင်ပါယာတို့ဖြစ်ကြပါတယ်။

အာမေးနီးယန်းတွေက အောက်သိုဒေါက် ခရစ်ယန်တွေဖြစ်ပြီး ရုရှားနဲ့ ဂိုဏ်းတူပါတယ်။ အဇာရီတွေက မွတ်စလင်များပြီး အီရန်၊တူရကီတို့နဲ့ ဂိုဏ်းတူပါတယ်။ မွတ်စလင်မှာ ရှီယိုက်ကများပြီး ဆွန်နီက နည်းပေမဲ့ နိုင်ငံရေးကျတော့ တူရကီဘက်က လွှမ်းမိုးမှု ပိုများပါတယ်။ဘာကြောင့်လည်းဆိုတော့ လူမျိုးရေးနဲ့ ရေနံ နိုင်ငံရေးကြောင့်ပါ။ လူမျိုးရေးအရ အဇာရီတွေက တူရကီနွယ်ဖွား အများစုဖြစ်ပါတယ်။ ရေနံနိုင်ငံရေးကတော့ ကက်စပီယန် ပင်လယ်ထဲက အဇာဘိုင်ဂျန် ကမ်းလွန်ရေနံတွင်းတွေကနေ ထွက်တဲ့ရေနံကို ဂျော်ဂျီယာက ဖြတ်ပြီး ပင်လယ်နက်ကတဆင့် တူရကီကိုပို့တဲ့ BTC ဘာကု၊တဘီလီစီ၊ဆေဟန် ပိုက်လိုင်း က နှစ်နိုင်ငံစလုံးအတွက် အရေးကြီးပါတယ်။

အာမေးနီးယား-အဇာဘိုင်ဂျန် ပဋိပက္ခကတော့ အဓိကအားဖြင့် ယဉ်ကျေးမှုချင်း တွန်းတိုက်မှုကြောင့်ဖြစ်တာပါ။ အာမေးနီးယန်းခရစ်ယန်တွေက ဒီဒေသမှာ အခြေချတာ စောပါတယ်။ ဒါပေမဲ့ အေဒီ၇ရာစုနောက်ပိုင်း တူရကီနွယ်ဖွားမွတ်စလင်တွေ အား ကောင်းလာပြီး ဒီဒေသကိုလွှမ်းမိုး အုပ်ချုပ်လာတော့ မခံချင်တဲ့ ခရစ်ယန်အာမေးနီးယန်းတွေနဲ့ ပြဿနာ စတက်ခဲ့တာပါပဲ။

သမိုင်းကြောင်းနဲ့ကြည့်ရင် ဒီပြဿနာက အင်ပါယာကြီး၃ခုရဲ့ အားပြိုင်မှုတစ်လျောက်လုံး ဆက်ပြီး တည်ရှိနေတာပါ။ နောက်ဆုံး ဆိုဗီယက်လက်ထက် အာမေးနီးယားရော အဇာဘိုင်ဂျန်ရော ဆိုဗီယက်ပြည်ထောင် စုထဲ ထည်ု့ပီး လီနင်ရဲ့ ဖက်ဒရယ်မူအရ အဇာဘိုင်ဂျန် မွတ်စလင်အများစုနယ်မြေထဲက အာမေးနီးယန်းလူနည်းစု နယ်မြေကို နဂိုနို ကာရာဘတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် စတာလင်က သတ်မှတ်ပေး လိုက်တဲ့ အချိန်မှာ ငြိမ်သွားခဲ့ပါတယ်။ ရုရှားဘာသာနဲ့ နဂိုနို ဆိုတာက တောင်ပေါ်လို့ အဓိပ္ပါယ်ရပြီး ကာရာဘတ်ဆိုတာကတော့ နောက်ဖေး ပန်းခြံလို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။ ဒေသခံအာမေးနီးယန်းတွေကတော့ သူတို့ဒေသကို အတ်ဆက် လို့ခေါ်ပါတယ်။

ဆိုဗီယက်လက်ထက်မှာ ငြိမ်သွားပေမဲ့ အာမေးနီးယန်းတွေရဲ့ ရင်ထဲက ခွဲထွက်ချင်စိတ်တွေက ငြိမ်းသွားတာတော့မဟုတ်ပါဘူး။ ဆိုဗီယက်ပြိုကွဲကာနီး ၁၉၈၈ မှာ နဂိုနို ကာရာဘတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို လူမျိုး ဘာသာတူတဲ့ အိမ်နီးချင်း အာမေးနီးယား ပြည်နယ်ထဲပေါင်းထည့်ပေးဖို့ ဆန္ဒပြတာတွေဖြစ်လာပြီး ၁၉၉၁မှာ ဆိုဗီယက်ပြိုကွဲတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အသစ်စက်စက် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ၂နိုင်ငံအကြား စစ်ဖြစ်ကြတယ်။ ရယ်စရာကောင်းတာက အဲဒီတုန်းက ဆိုဗီယက်တပ်မတော်ကို အမွေမခွဲရသေးဘူး။ ဒါကြောင့် ၂နိုင်ငံစလုံးမှာ ကိုယ်ပိုင်တပ်အရှိသေးဘူး။ ဒါကြောင့် အာမေးနီးယားက အဇာဘိုင်ဂျန်ကိုဗုံးကြဲချင်ရင် သူတို့နယ်မြေထဲက ဆိုဗီယက်လေတပ်က လေယာဉ်မှူးကို ပိုက်ဆံပေးပြီးငှားရတယ်။ အဇာဘိုင်ဂျန်ကလည်း အဲဒီလေယာဉ်ကို ပစ်ချချင်ရင် သူတို့နယ်မြေက ဆိုဗီယက်အမြောက်တပ်ကို ပိုက်ဆံပေးရတယ်။

အဲဒီစစ်က ၁၉၉၄အထိကြာတယ်။ လူ၃သောင်းလောက်သေတယ်။ လူသန်းနဲ့ချီပြီး ဟိုဘက်သည်ဘက် ရွှေ့ ပြောင်းကြရတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် ခွဲထုတ်တုန်းကလို ပါပဲ။ နဂိုနို ကာရာဘတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဟောင်းနဲ့ ပတ်လည်နယ်မြေတွေက အာမေးနီးယားထိန်းချုပ်မှုအောက်ရောက်သွားတယ်။ အဲဒီဒေသမှာ ဒေသခံ အာမေးနီးယန်းတွေက အတ်ဆက်သမ္မတနိုင်ငံဆိုပြီး ထူထောင်တယ်။ ကုလသမဂ္ဂက အ သိအမှတ်မပြုဘူး။ EU တို့ OIC တို့ကလည်း အသိအမှတ်မပြုဘူး။ အာမေးနီးယားက တရားဝင် အသိအ မှတ် မပြုပေမဲ့ လက်တွေ့မှာ အစစအရာရာ ထိန်းချုပ်ထားတယ်။ အဲတော့ တရားဝင်အားဖြင့် ဒီဒေသကို အဇာဘိုင်ဂျန်က ပိုင်ပေမဲ့ လက်တွေ့မှာ အာမေးနီးယားလက်အောက်ကို ရောက်နေတာ ဖြစ်ပါတယ်။ဒါ ကို အဇာဘိုင်ဂျန်ကမကြေနပ်ပါဘူး။ ၁၉၉၄ကနေ ၂၀၀၀ပြည့်လွန်နှစ်တွေအထိ ကြိုကြား တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။
 
ကမ္ဘာ့မဟာဗျူဟာ နိုင်ငံရေးနဲ့ကြည့်ရင်တော့ ရုရှားကအာမေးနီးယားဘက်ကို ပိုလိုက်တယ်။ သူ့ရဲ့ တောင်ဘက်စွန်း အပြင်စည်း လုံခြုံရေးအတွက် အာမေးနီးယားမှာ ရုရှားတပ်တစ်ချို့ ချထားတာရှိတယ်။ အဇာဘိုင်ဂျန်က အစတုန်းက ကက်စပီယန်ရေနံကို အကြောင်းပြုပြီး အနောက်နဲ့ ဆက်ခဲ့တယ်။ နောက်ပိုင်းမှာ အနီးကပ် အင်အားကြီးရုရှားကိုမလွန်ဆန်နိုင်လို့ ရုရှားဆီက လက်နက်တွေဝယ်ပြီး တည့်အောင်ပေါင်းခဲ့တယ်။ တူရကီနဲ့လည်း လူမျိုးတူတာ ကြောင့်ရော ရေနံပိုက်လိုင်းကြောင့်ရော ရင်းနှီးအားကိုးခဲ့ရတယ်။ အ ခုနောက်ပိုင်း တူရကီ အားတောင့်လာပြီး အော်တိုမန်အင်ပါယာလက်သစ် အယူအဆ ခေါင်းထောင်လာတော့ ရုရှားက သူ့ဘက်အနီးအနားလှည့်လာမှာစိုးလာပါတယ်။

၂၀၂၀ဇူလိုင်မှာ အဇာဘိုင်ဂျန်မှာ အာမေးနီးယားသိမ်းထာတဲ့နယ်တွေ ပြန်သိမ်းဖို့ ဆန္ဒပြတာဖြစ်လာပြီတင်း မာမှုပြန်စလာတယ်။ စက်တင်ဘာမှာ ရုရှားက နိုင်ငံတောင်ပိုင်း မှာ အာမေးနီးယား၊ (ဂျော်ဂျီယာခွဲထွက်) မြောက်အိုဆက်ရှား၊အက်ဘ်ခါဇီယာ တို့နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းလုပ်တယ်။ စက်တင်ဘာ၂၈မှာကျတော့ ဒီတိုက်ခိုက်မှုစဖြစ်တာပါပဲ။

ဘယ်သူက စတိုက်တယ်ဆိုတာ ငြင်းးနေကြပေမဲ့ ထိုးစစ်ကတော့ အဇာဘိုင်ဂျန်ဘက်က စတာတွေ့ရပါတယ်။ အဇာဘိုင်ဂျန်က စစ်အင်အားလည်းများတယ်။ရေနံထွက်တော့ ငွေအင်အားလည်း အထိုက်အ လျောက် ရှိတယ်ဆိုတော့ အကြမ်းဖျင်းအားဖြင့် အားသာနေပုံရတယ်။ လေကြောင်းမှာ အဇာဘိုင်ဂျန်ဘက်က အသာရနေပြီး သူတို့ရဲ့ဒရုန်းတွေ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ အာမေးနီးယားရဲ့ တင့် နဲ့သံချပ်ကာတွေကို ဖျက်နေတာ တွေ့ရပါတယ်။ အားနည်းတဲ့ အာမေးနီးယားကတော့ တစ်နိုင်ငံလုံးစစ်စည်းရုံးမှု လုပ်ပြီး ယောက်ျားတွေကို စစ်မှုထမ်းဖို့ဆင့်ခေါ်ထားပါတယ်။ အဇာဘိုင်ဂျန်မှာလည်း စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။

အခုအချိန်အထိကတော့ တိုက်ခိုက်မှု တွေ ဆက်ဖြစ်နေဆဲပါ။ထိခိုက်သေဆုံးမှု ရာဂဏန်းရှိတယ်လို့သိရပါတယ်။ အာမေးမီးယန်းဘက်က SU25 တိုက်လေယာဉ်တစ်စီးကို တူရကီ F16 ကပစ်ချခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ တူရကီဘက်ကတော့ ပြင်းပြင်းထန်ထန် ငြင်းပါတယ်။ ဒါပေမဲ့ နောက်ကွယ်က အဇာဘိုင်ဂျန်ဘက်ကို တိတ်တိတ်ထောက်ပံ့တာ တွေရှိနေမှာပါ။ လူမျိုးရေး နဲ့ ရေနံ အကျိုးအပြင် တာခ်တွေနဲ့ အာမေးနီးယန်းအကြားမှာ ကျောင်းတော်က ရန်စလည်းရှိနေလို့ပါ။ အော်တိုမန်ခေတ်က ၁၉၁၈နဲ့ ၁၉၂၃ကြားမှာ သူ့ပြည်တွင်းက အာမေးနီးယန်း ၁သန်းခွဲလောက်ကို တူရကီက မျိုးဖြုတ်သတ်ခဲ့တာရှိပါတယ်။ ၁၉၂၀မှာ အာမေးနီးယားနဲ့တူရကီ စစ်ဖြစ်ခဲ့ကြပါသေးတယ်။ တူရကီက နိုင်ခဲ့ပြီးမှ ဆိုဗီယက် ဗောလ်ရှီဗစ်တွေက အာမေးနီးယားကို ဝင်သိမ်းလိုက်တာဖြစ်ပါတယ်။

အခုအထိကတော့ တူရကီက အဇာဘိုင်ဂျန်ဘက်ကနေပြောင်ပြောင်တင်းတင်းဝင် မလာသေးပါဘူး။အဲလိုဝင်လာရင် တဘက်ကလည်း ရုရှားဝင်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ တူရကီ သမ္မတ အာဒိုဂန်ရဲ့ လက်သစ် အော်တိုမန်အင်ပါယာ နဲ့ ပူတင်ရဲ့ ဇာဘုရင် လက်သစ် ရုရှား အင်ပါယာကြားမှာ ကိုယ်စားစစ်ပွဲ proxy war ကတော့ ဆက်ဖြစ်နေဖွယ်ရှိပါတယ်။

အညှီရှိယင်အုံဆိုတာလို ဆီးရီးယားက တိုက်ခိုက်ရေးသမားတွေလည်း တစ်ဘက်စီကနေ ဝင်တိုက်နေကြတယ်လို့ဆိုပါတယ်။ အရှေ့အလယ်ပိုင်းက အီရန်နဲ့ အစ္စရေးတို့ကလည်း ဝင်ရှုပ်နေကြပြီး အစ္စရေးက အဇာကို ရုရှားအစားထိုးလက်နက်ရောင်းဖို့ ချဉ်းကပ်ခဲ့တယ်လို့ဆိုပါတယ်။အာမေးနီးယားကိုတော့ အီရန်က အစ္စ ရေးကိုတန်ပြန်ဖို့ ဝင်လာတယ်လို့ယူဆရပါတယ်။

ဒီလို မဟာဗျူဟာ ပြတ်ရွေ့ဖိအားတွေဆုံရာ ကော့ကေးရှားတောင်ပေါ်က ငလျင်ဗဟိုချက် နိုင်ငံငယ်၂ခုက တော့ ကိုဗစ်ဘေးကို မမှုအားဘဲ အာဃာတတွေ ရင်မှာပိုက်ထားပြီး၊ ငုံးဥချင်း ခွပ်သလို သူလဲ ကိုယ်ကွဲ စစ် ပွဲတစ်ခုကို ဆင်နွှဲနေကြပြန်ပါပြီ။ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနဲ့ ရုရှားစတဲ့နိုင်ငံကြီးတွေက အပစ်ရပ်ဖို့ ဝိုင်းပြောနေကြပေမဲ့ အဇာဘိုင်ဂျန်ကတော့ အာမေးနီးယားကသိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်မပေးမချင်း အတိုက်မရပ်ဘူးလို့ဆိုပါတယ်။ ဒီအတိုင်းဆိုရင်တော့ အမှိုက်ကစ ပြဿာဒ် မီးလောင်မလာန်ိုင်ဘူး လို့ မပြောနိုင်တဲ့ အနေအထားပါပဲ။ ဘာပဲဖြစ်ဖြစ် အခုလို ကပ်ဆိုက်နေတဲ့ကာလကြီးမှာ ဘယ်နိုင်ငံကြီးကမှ ပေါ်ပေါ်ထင်ထင် ပါဝင်လာကြဖွယ် မရှိတာမို့ ကြိတ်ဝိုင်းအဖြစ်နဲ့ ဖွဲမီးသဖွယ် လောင်ကျွမ်းနေနိုင်ပါကြောင်း သုံးသပ်ရပါတယ်။

------------------------------------------------------------------------------------

အာမေးနီးယန်းလူမျိုးတုန်းသတ်ဖြတ်မှု
--- သန့်ဇင်ထွဋ်
၁၉၁၅ တွင် တူရကီအစိုးရခေါင်းဆောင်များက အော်တိုမန်အင်ပါယာအတွင်း နေထိုင်နေကြသော အာမေးနီးယန်းများကို သတ်ဖြတ်နှင်ထုတ်ရန် ကောက်ကာငင်ကာ အစီအစဉ်ဆွဲသည်။ တစ်ဦးနှင့်တစ်ဦး ဖော်ပြချက်များ ကွဲပြားကြလင့်ကစား သတင်းရင်းမြစ်အများစု သဘောတူထားကြသည်က ယင်းသတ်ဖြတ်မှုဖြစ်သည့်အချိန်တွင် အော်တိုမန်အင်ပါယာအတွင်း၌ အာမေးနီးယန်း ၂ သန်း ရှိသည်ဆိုသည့်အချက်ပင်ဖြစ် သည်။ ၁၉၂၀ ပြည့်နှစ်များဆန်းစ သတ်ဖြတ်မှုများနှင့် နိုင်ငံမှနှင်ထုတ်ခြင်းများ လုံးဝအဆုံးသတ်သွားချိန်တွင် တူရကီမှ အာမေးနီးယန်း ၁.၅ သန်းခန့် သေဆုံးကုန်ကြပေပြီ။ နောက်ထပ်အများအပြားမှာလည်း နိုင် ငံတွင်းမှ အဓမ္မနှင်ထုတ်ခံကြရပြီးပေပြီ။ ယနေ့အခါတွင် သမိုင်းဆရာအများစုက ယင်းဖြစ်ရပ်ကြီးကို လူမျိုးတုန်းသတ်ဖြတ်မှု သို့မဟုတ် လူမျိုးတစ်စုလုံးအား ကျူပင်ခုတ်ကျူငုတ်မကျန်အောင် ရှင်းလင်းရေးအတွက် စနစ်တကျလုပ်ဆောင်ခဲ့ကြသော ကမ်ပိန်းတစ်ရပ်ဟု ခေါ်ဆိုခဲ့ကြသည်။ သို့သော် တူရကီအစိုးရကမူ ယင်းသည် အလွန်ဆိုးရွားသောယုတ်မာမှုကြီး ဖြစ်သည် သို့မဟုတ် ယင်းအဖြစ်အပျက်သည် ဤမျှအထိ ကြီး ကျယ်သွားခဲ့သည် ဆိုသည့်အချက်ကို ဝန်မခံခဲ့ချေ။ အာမေးနီးယန်းများနှင့် ကမ္ဘာတစ်လွှားမှ လူမှုရေးရာ-တရားမျှတမှုရှေ့နေများမှ ဖိအားများရှိနေသော်လည်း တူရကီတွင် ခေတ်ကာလက အာမေးနီးယန်းများ မည်သို့ဖြစ်ပျက်ခဲ့သည်ကို ပြောကြားမှုသည် တရားမဝင် ရှိနေဆဲပင်ဖြစ်သည်။
 
လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ရသော အကြာင်းရင်းများ

အာမေးနီးယန်းလူမျိုးများသည် ယူရေးရှား၊ ကော့ကေးဆပ်စ်ဒေသ၌ နှစ်ပေါင်း ၃,၀၀၀ ကျော်တိုင်အောင် နေထိုင်လာခဲ့ကြသည်။ ထိုကာလအတော်များများတိုင်အောင် အာမေးနီးယန်းဘုရင့်တိုင်းပြည်သည် မည်သူ့လက်အောက်ခံမှမဟုတ်ဘဲ အမှီအခိုကင်းကင်း တည်ရှိခဲ့သည်။ အေဒီ ၄ ရာစုအစတွင် အာမေးနီးယားသည် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းသော ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ သို့ သော် များသောအားဖြင့် အမေးနီးယားဒေသသည် အင်ပါယာတစ်ခုပြီးတစ်ခု၏ ထိန်းချုပ်မှုအောက်ပြောင်း လဲကျရောက်လာခဲ့ရသည်။
 
အော်တိုမန်ပြည့်ရှင်များမှာ ၎င်းတို့နိုင်ငံသားအများစုကဲ့သို့ပင် မူဆလင်များဖြစ်ကြသည်။ ၎င်းတို့က အမေး နီးယန်းကဲ့သို့သော ဘာသာရေးလူနည်းစုများကို အချို့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက်ထားရှိခွင့်ပေးထားသည်။ သို့သော် ၎င်းတို့က အာမေးနီးယန်းများကို "ကာဖိရ်" အဖြစ် ရှုမြင်ကြပြီး မတူညီစွာ တ ရားမျှတမှုမရှိစွာ နှိမ်ချဆက်ဆံကြသည်။ ခရစ်ယာန်များမှာ မူဆလင်များထက် အခွန်အခများစွာ ပေးကြရသည်။ ထို့အပြင် နိုင်ငံရေးနှင့် တရားဥပဒေကြောင်းဆိုင်ရာ ရပိုင်ခွင့်များလည်း မဆိုစလောက်မျှသာ ရရှိကြသည်။
 
ယင်းသို့သော အခက်အခဲအတားအဆီးများ ရှိနေသည့်ကြားကပင် အော်တိုမန်ခေတ်တွင် အာမေးနီးယန်းလူမှုအသိုင်းအဝန်းမှာ တိုးတက်ဖွံ့ဖြိုးလာသည်။ အာမေးနီးယန်းများမှာ အိမ်နီးချင်းတူရကီများထက် ပို၍ ချမ်းသာ၊ ပို၍ပညာတတ်ကြသည်။ ဤသည်ကိုပင် တာ့ခ်များက အာမေနီးယန်းများကို မနာလိုမုန်းထားဖြစ်ကြသည်။ ယင်းမနာလိုမုန်းထားမှုသည် ခရစ်ယန်အာမေးနီးယန်းများက အော်တိုမန်ခါလီဖိတ်ထက် ခရစ် ယာန်အစိုးရများ (ဥပမာအားဖြင့် - တူရကီနှင့် ကျောခိုင်နံစပ်တည်ရှိပြီး ရုရှအစိုးရ၊ ယင်းနယ်စပ်စည်းမှာလည်း မတည်မငြိမ်ဖြစ်နေသည်။) ကို ပို၍သစ္စာရှိလေမလားဟူသည့် သံသယနှင့်ပေါင်းစပ်သွားသည်။
 
အော်တိုမန်အင်ပါယာ ပြိုလဲပျက်စီးလာချိန်တွင် ယင်းသံသယများမှာလည်း ပို၍ပို၍ ဖြစ်လာသည်။ ၁၉ ရာစုကုန်ပိုင်းတွင် သစ္စာခံမှုနှင့်ပတ်သက်၍ အစွဲအလန်းဖြစ်နေသော၊ အာမေးနီးယန်းများ၏ လော လောလတ်လတ် ပြည်သူများရပိုင်ခွင့်လှုပ်ရှားမှုအပေါ် ဒေါသချောင်းချောင်းဖြစ်နေသော အာဏာရှင် တူရကီစူလတန် အဗ္ဗဒူလ် ဟာမစ် ၂ (Abdul Hamid II) က ၎င်းမှ "အာမေးနီးယန်းပြဿနာ" ကို တစ်ခါတည်းနှင့်အပြတ် ဖြေရှင်းပစ်မည်ဟု ကြေငြာခဲ့သည်။ "မကြာခင်မှာ အာမေးနီးယန်းတွေကို ကျုပ် ဖြေရှင်းမယ်" ဟု ၎င်းမှ သတင်းထောက်တစ်ယောက်ကို ၁၈၉၀ ခုနှစ်တွင် ပြောကြားခဲ့သည်။ "ကျုပ်သူတို့ကို နားရင်းပါးရင်းအုပ်ပြီး တော်လှန်ရေးရည်မှန်းချက်တွေ စွန့်လွှတ်သွားအောင် လုပ်ပစ်လိုက်မယ်"
 
ပထမ အာမေးနီးယန်း သတ်ဖြတ်မှုကြီး

၁၈၉၄ နှင့် ၁၈၉၆ ကြားတွင် ဆိုခဲ့သည့် "နားရင်းပါးရင်းအုပ်မှု" က နိုင်ငံတော်ခွင့်ပြုချက်ရ လူမျိုးရေး-ဘာ သာရေးအားဖြင့် စနစ်တကျဖိနှိပ်သတ်ဖြတ်မှုအဖြစ် ပေါ်ထွက်လာသည်။ အာမေးနီးယန်းများ၏ တစ်ပြုံတစ်မဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် တူရကီစစ်အရာရှိများ၊ စစ်သားများနှင့် သာမာန်လူများက အာမေးနီးယန်းကျေးရွာများနှင့် မြို့ကြီးများကို ရမ်းကားဖျက်ဆီးလုယက်ခဲ့ကြသည်။ အာမေးနီးယန်းသိန်းချီ အသတ်ခံခဲ့ကြရသည်။
 
'တာ့ခ်လူငယ်များ' အင်အားကောင်းလာခြင်း

၁၉၀၈ တွင် တူရကီ၌ အစိုးရသစ် အာဏာရလာသည်။ ၎င်းတို့ကိုယ်ကို "တာ့ခ်လူငယ်များ" (Young Turks) ဟု ခေါ်ဆိုကြသူ ပြုပြင်ပြောင်းလဲရေးသမားတစ်စုက စူလတန် အဗ္ဗဒူလ် ဟာမစ်ကို ဖြုတ်ချကာ ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့်တင်မြှောက်သော ခေတ်သစ်အစိုးရတစ်ရပ်ကို ထူထောင်လိုက်ကြသည်။ ပထမပိုင်းတွင် နိုင်ငံတော်သစ်၌ တူညီသောအခွင့်အရေးရမည်ဟု အာမေးနီးယန်းများက မျှော်လင့်ခဲ့ကြသေးသည်။ သို့သော် မကြာမတင်မှာပင် သိလာရသည်က အမျိုးသားရေးဝါဒီ တာ့ခ်လူငယ်များသည် ၎င်းတို့အား တူရကီစိတ်ဓာတ်၊ တူရကီသွင်ပြင်ဖြင့် အင်ပါယာတွင်းနေစေလိုခြင်းဖြစ်သည်။ ယင်းခံယူချက်အရ တာ့ခ်မဟုတ်သူများ -- အထူးသဖြင့် တာ့ခ်လည်းမဟုတ်၊ ခရစ်ယာန်လည်းဖြစ်သူများ -- မှာ နိုင်ငံတော်သစ်အတွက် ခြိမ်းခြောက်မှုအန္တရာယ်တစ်ခုဖြစ်နေသည်။
 
ပထမကမ္ဘာစစ်

၁၉၁၄ တွင် သြစတြီးယား-ဟန်ဂေရီ အင်ပါယာနှင့် ဂျာမဏီဘက်မှနေ၍ တာ့ခ်များ ပထမကမ္ဘာစစ်အတွင်း ဝင်ရောက်သည်။ (တစ်ချိန်တည်းမှာပင် အော်တိုမန်ဘာသာရေးအာဏာပိုင်များက ၎င်းတို့မဟာမိတ်နိုင်ငံများမှအပဖြစ်သော ခရစ်ယာန်နိုင်ငံများအားလုံးကို ဂျီဟာ့ဒ် သို့မဟုတ် မြင့်မြတ်သောစစ်ပွဲ ကြေငြာသည်။) စစ်ခေါင်းဆောင်များက အာမေးနီးယန်းများသည် သစ္စာဖောက်များဟု ဆိုခဲ့ကြသည်။ မဟာမိတ်များသစစ် ပွဲနိုင်မည့်အလားအလာရှိလျှင် အာမေးနီးယန်းများက ၎င်းတို့သည်လည်း လွတ်လပ်ရေးရနိုင်မည်ဟုယူ ဆ ကာ ရန်သူအတွက် တိုက်ခိုက်ပေးကြလိုလိမ့်မည်ဟု တာ့ခ်စစ်ခေါင်းဆောင်များက ဆိုခဲ့ကြသည်။ စစ်ပွဲကြီး ပြင်းထန်လာစဉ်တွင် အာမေးနီးယန်းများက တပ်ဖွဲ့များဖွဲ့စည်းပြီး ရုရှတပ်မတော်မှ တာ့ခ်များအား တိုက် ခိုက်နိုင်ရေး အကူအညီပေးခဲ့ကြသည်။ ယင်းအဖြစ်အပျက်များနှင့် တာ့ခ်များ၏ အာမေးနီးယန်းများအပေါ် အထွေထွေသံသယရှိနေမှုများက တူရကီအစိုးရကို အရှေ့ပိုင်းစစ်နယ်ဝန်းမှ အာမေးနီးယန်းများအား ဖယ် ရှားရေးအတွက် တွန်းအားဖြစ်စေခဲ့သည်။
 
လူမျိုးတုန်းသတ်ဖြတ်မှုစတင်ခြင်း

၁၉၁၅ ဧပြီ ၂၄ တွင် အာမေးနီးယန်းလူမျိုးတုန်းသတ်ဖြတ်မှု စတင်ခဲ့သည်။ ထိုနေ့တွင် တူရကီအစိုးရက ရာ ဂဏန်းပမာဏရှိ အာမေးနီးယန်းပညာတတ်များကို ဖမ်းဆီးပြီး ကွပ်မျက်ခဲ့သည်။ ထို့နောက်တွင် အာမေးနီးယန်းသာမာန်အရပ်သားများကို ၎င်းတို့၏အိမ်များထဲမှ ဇွတ်အတင်းဆွဲထုတ်ပြီး မက်ဆိုပိုတေးမီးယန်းကန္တာ ရထဲသို့ နှင်ထုတ်သည်။ အစာငတ်ရေငတ်သေစေအောင် ရည်ရွယ်ချက်ဖြင့် အစားအစာနှင့် ရေထည့်မပေးဘဲ ချီတက်စေခဲ့သည်။ တစ်ခါတစ်ရံ ခြစ်ခြစ်တောက်နေပူချိန်ကြီးအတွင်း အဝတ်ဗလာဖြင့် နောက်ဆုံးလဲ ကျသေဆုံးသည့်တိုင်အောင် လမ်းလျှောက်ခိုင်းသည်။ လမ်းတွင်နားသူများကို ပစ်သတ်သည်။
 
တစ်ချိန်တည်းမှာပင် တာ့ခ်လူငယ်များက အထူးအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းသည်။ ယင်းမှသည် "လူသတ်တပ်ဖွဲ့များ" killing squads or butcher battalions ကို ဖွဲ့စည်းကာ "ခရစ်ယာန်များအား အမြစ်ပြသုတ် သင်ရေး" ကို ဆောင်ရွက်သည်။ ယင်းလူသတ်တပ်ဖွဲ့များကို လူသတ်သမားများ၊ ထောင်ထွက်များဖြင့် ဖွဲ့ စည်းထားသည်။ ၎င်းတို့က လူများကို မြစ်များထဲ ရေနှစ်သတ်သည်။ ကျောက်ကမ်းပါးစွန်းမှ တွန်းချသတ်သည်။ ကားစင်တင်သတ်သည်။ အရှင်လတ်လတ် မီးရှို့သတ်သည်။ ဘာမှပင် မကြာလိုက်။ တူရကီကျေး လက်တောနယ်အနှံမှာ အာမေးနီးယန်းအလောင်းများ ပွထနေတော့သည်။
 
မှတ်တမ်းများအရ အစိုးရကမကထပြု "တူရကီများချည်းဖြစ်စေရေးသန့်စင်မှု" ကမ်ပိန်း ဖော်ဆောင်တပ်ဖွဲ့များသည် ကလေးငယ်များကို ပြန်ပေးဆွဲ၊ အစ္စလာမ်သို့ကူးပြောင်းစေပြီး တူရကီမိသားစုများသို့ ပေးအပ်ခြင်းများ ပြုခဲ့ကြသည်။ အချို့နေရာများတွင် ၎င်းတို့မှ အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ဟာရမ် တစ်နည်းအားဖြင့် လိင်ကျွန်များအဖြစ် ထားရှိကြသည်။ မူဆလင်မိသားစုများက နှင်ထုတ်ခံရသော အာမေးနီးယန်းတို့၏ အိမ်များပေါ်တက်နေကာ အိမ်ရှိပစ္စည်းများကိုလည်း အပိုင်စီးလိုက်ကြတော့သည်။
 
လူမျိုးတုန်းသတ်ဖြတ်မှုပြီးဆုံးသွားသည့်အချိန် ၁၉၂၂ တွင် အော်တိုမန်အင်ပါယာတွင်း၌ အာမေးနီးယန်း ၃၈၈,၀၀၀ မျှသာ ကျန်ရှိတော့သည်။
 
တူရကီမှ ငြင်းပယ်မှု

၁၉၁၈ ၌ အော်တိုမန်များ လက်နက်ချလိုက်ရသည်တွင် လူမျိုးတုန်းသတ်ဖြတ်မှုပြုခဲ့သည်အတွက် ၎င်းတို့ကိုမကွပ်မျက်ဟု ကတိပေးသော ဂျာမဏီသို့ တာ့ခ်လူငယ်ခေါင်းဆောင်များ ထွက်ပြေးသည်။ (သို့သော် အာမေးနီးယန်းမျိုးချစ်အဖွဲ့တစ်ခုက လူမျိုးတုန်းသတ်ဖြတ်မှုခေါင်းဆောင်များအား ခြေရာခံလိုက်သုတ်သင်မည့် "နီမီဆစ်စစ်ဆင်ရေး" Operation Nemesis ဟု ထင်ရှားသော စီမံကိန်းတစ်ခုကို ရေးဆွဲပြီးဖြစ်သည်) ယင်းအချိန်ကစပြီး တူရကီအစိုးရသည် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဆိုသည့်အချက်ကို ငြင်းပယ်နေခဲ့သည်။ ၎င်းတို့က အာမေးနီးယန်းများသည် ရန်သူတပ်ဖွဲ့များဖြစ်သည်၊ သို့ဖြစ်၍ ၎င်းတို့အား သတ် ဖြတ်ခြင်းသည် စစ်ပွဲတစ်ခုအတွင်း မလုပ်မဖြစ်လိုအပ်၍လုပ်ရခြင်းဖြစ်သည်ဟု ဆိုကြသည်။ ယနေ့အခါတွင် တူရကီသည် အမေရိကန်ပြည်ထောင်စု၊ အခြားသော အနောက်နိုင်ငံများနှင့် အရေးပါသောမဟာမိတ်နိုင်ငံဖြစ်နေသည်။ သို့ဖြစ်ရာ ထိုနိုင်ငံအစိုးရများသည်လည်း အတိတ်တစ်ချိန်က သတ်ဖြတ်မှုများကို ရှုတ်ချဖို့ရာ နှုတ်တွန့်နေကြသည်။ မည်သို့ဆိုစေ ၂၀၁၀ မတ်လတုန်းကမူ အမေရိကန်ကွန်ဂရက်လွှတ်တော်က ယင်းလူမျိုးတုန်းသတ်ဖြတ်မှုကို မဲခွဲ၍ အတည်ပြုခဲ့ပြီးဖြစ်ပေသည်။
 
အာမေးနီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ သိထားသင့်သည့် အချက် ၁၀ ခုအာမေးနီးယာန်း လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်မှာ ၂၀၁၅ ခုနှစ်တွင် နှစ် ၁၀၀ တင်းတင်း ပြည့်ခဲ့သည်။ အော်တိုမန်အင်ပါယာအတွင်း အာမေးနီးယာန်းလူမျိုး ၂ သန်း ရှိသည့်အနက် အာမေးနီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှုအတွင်း ခန့်မှန်းအားဖြင့် အာမေးနီးယာန်း ၁.၅ သန်း သေဆုံးသွားခဲ့ရသည်။ အော်တိုမန်အင်ပါယာသည် စနစ်တကျအကွက်ချ၍ ရက်စက်ကြမ်းကြုတ်မှုကြီးများပြုခဲ့ပြီးဖြစ်စဉ်များအားလည်း အကွက်စေ့စေ့ ဖုံး ကွယ်ဖျောက်ဖျက်ခဲ့သည်ဖြစ်ရာ အမှန်ကိန်းဂဏန်းကို မည်သူမှ သိနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် အ ကြောင်းအရာများမှာလည်း ပြောပြသော သတင်းရင်းမြစ်များကိုလိုက်၍ မတူညီကွဲပြားမှုများ ရှိနေကြသည်။ ကျူးလွန်သူများမှ ကျူးလွန်ခဲ့ရသူများနှင့်ပတ်သက်သော မှတ်တမ်းမှတ်ရာဟူသမျှအား အပြီးတိုင်ဖျောက်ဖျက်လိုကြသော ဆန္ဒရှိကြသည်မှာ လူမျိုးတုန်းသတ်ဖြတ်မှု၏ သဘောသဘာဝပင်ဖြစ်ကြသည်။ လက်ရှိတည်တံ့ဆဲ သတင်းရင်းမြစ်များကို စုစည်းပြီး အာမေးနီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက် ၍ သိထားသင့်သည့် အချက် ၁၀ ခုကို ဖော်ပြလိုက်ပါသည်။
 
၁၀) ပါးရှား ၃ ဦးမှ အော်တိုမန်အင်ပါယာကို စစ်အတွင်း ဆွဲသွင်းပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို အစပျိုးခဲ့သည်။

ပါရှား ၃ ဦး (The Three Pashas) ဆိုသည်မှာ ပထမကမ္ဘာစစ်အတွင်းက ဂရန်း ဗီဇီယာ Grand Vizier (ဝန်ကြီးချုပ်နှင့် တူညီသည်) အဖြစ်ဆောင်ရွက်ခဲ့သော တာလတ် ပါရှား (Talât Pasha)၊ စစ်ဝန်ကြီး အင်ဗာ ပါရှား (Enver Pasha) နှင့် ရေတပ်ဝန်ကြီး ဂျမယ်လ် ပါရှား (Djemal Pasha) တို့ ၃ ဦးကို ပေါင်းစု ၍ ခေါ်သောအမည်ဖြစ်သည်။
 
တာလတ် ပါရှားမှ အာမေးနီးယာန်းများကို မုန်းတီးမှုသည်ကား တာရှည်လှလေပြီ။ တာလတ်မှ ၎င်း၏ အာမေးနီးယာန်းများအား ကျူပင်ခုတ် ကျူငုတ်မကျန် အမြစ်ပြတ်သုတ်သင်ရှင်းလင်းလိုသော ကြံရွယ်ချက်ကို ၁၉၁၀ လောက်ကတည်းက ဖွင့်ဟခဲ့ကြောင်း ဒိန်းလူမျိုး ဝေါဟာရဗေဒပညာရှင် ဂျိုဟန်နာ့စ် အောစထရပ် Johannes Østrup က ၎င်း၏ကိုယ်တွေ့မှတ်တမ်း၌ ဖော်ပြထားသည်။ အောစထရပ်မှ တာလတ်၏ကြုံး ဝါးပုံကို ဤသို့ဖော်ပြခဲ့သည်။
 
"ငါသာ ဒီတိုင်းပြည်မှာ အာဏာရလာရင် အာမေးနီးယာန်းတွေကို တတ်နိုင်သလောက် မျိုးဖြုတ်သွားမယ်"
၁၉၁၃ တွင် တာလတ်သည် အာဏာသိမ်းမှုပြုလုပ်ပြီး ၎င်း၏အာဏာဆန္ဒကို အမှန်တကယ် အကောင် အ ထည်ဖော်ခဲ့သည်။ ၁၉၁၄ တွင် ပထမကမ္ဘာစစ်အတွင်းသို့ အော်တိုမန်အင်ပါယာ ပါဝင်လာသည်။ နောက်နှစ် ၁၉၁၅ တွင် အာမေးနီးယန်းများကို စနစ်တကျ အကွက်ချ၍ သတ်ဖြတ်မှုများ စတင်ဖြစ်ပွားသည်။
 
ပထမကမ္ဘာစစ်၌ အော်တိုမန်အင်ပါယာ စစ်ရှုံးရာ ပါရှား ၃ ဦး တိုင်းပြည်မှ ထွက်ပြေးရသည်။ စစ်ပွဲတွင်ပါ ဝင်ခဲ့၍ အော်တိုမန်အင်ပါယာ၏ အင်အားယုတ်လျော့ခဲ့ရသည့်အတွက် အစိုးရသစ်က ပါရှား ၃ ဦးကို ပစ်ပစ်နှစ်နှစ် နှစ်ပြားမတန်အောင်ပြောကြားသည်။ ထို့အပြင် အစိုးရသစ်သည် ပါရှား ၃ ဦးမှ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပြုခဲ့ကြောင်းကိုလည်း ကြိုးကြားကြိုးကြား ဝန်ခံတတ်သည်။
 
ပါရှား ၃ ဦး လက်ထက်ဖြစ်ပွား အစုအပြုံလိုက်လူသတ်မှုများကို ညွှန်းဆိုသောအခါတိုင်း အော်တိုမန်မင်း ဆက်မှ အစ္စလာမ်၏ နောက်ဆုံးခါလီဖာ အဗ္ဗဒူလ်မာ့ဆစ် ၂ Abdülmecid II ၏ စကားကို ကိုးကားလေ့ရှိကြသည်။

"သူတို့တွေသည် ကျွန်ုပ်တို့နိုင်ငံ နှင့် လူမျိုးကို ဂုဏ်သိက္ခာထိခိုက်စေဆုံးသော အစွန်းအထင်းများ ဖြစ်ကြသည်"

၉) ဟစ်တလာ၏ ရောင်းရင်းတစ်ဦးသည် အာမေးနီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှု၌ မျက်မြင်သက်သေတစ်ဦး ဖြစ်ခဲ့သည်။

မတ်က်စ် အာဝင် ဗွန် ရှုဘနာ ရစ်ခ်ျတ်နာ Max Erwin von Scheubner-Richter သည် အဲရ်ဇူရုမ်တွင် လက် ထောက်ကောင်စစ်ဝန်ရာထူးကို ထမ်းဆောင်နေသည်။ ၎င်း၏စာများ၌ အော်တိုမန်အင်ပါယာ၏ လုပ် ဆောင် မှုများကို အမြစ်ပြတ်သုတ်သင်ရေးမူဝါဒဟူ၍ ဝေဖန်ပြစ်တင်ထားသည်။
 
သို့သော် ဂျာမဏီသို့ရောက်သောအခါ ရှုဘနာ ရစ်ခ်ျတ်နာသည် နာဇီလှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ပါတ်သက်ခဲ့ပြီး ဟစ်တလာနှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်။ ၁၉၂၃ မအောင်မြင်သော "ဘီယာခန်းမပွတ်ခ်ျ" အာဏာသိမ်းပိုက်မှုအတွင်း သေနတ်ထိမှန်ပြီး ချက်ချင်းသေဆုံးခဲ့သည်။ ဟစ်တလာ၏ "မိန်းကမ့်" Mein Kampf စာအုပ် ပထမပိုင်း၌ ရှုဘနာ-ရစ်ခ်ျတ်နာ၏ အကြောင်းကို ရည်စူးဖော်ပြထားသည်။ ၎င်းတို့နှစ်ဦး တွေ့ဆုံစကားပြောဆိုမှုမှတ်တမ်းများမှာ ရှားပါးလှသော်လည်း ဟစ်တလာသည် ရှုဘနာ-ရစ်ခ်ျတ်နာ ရေးသားသောစာများ၊ အတွေ့အကြုံများတွင် ထဲထဲဝင်ဝင်ရှိခဲ့ပြီး ၎င်း၏အတွေးအခေါ်များမှာလည်း ယင်းတို့ထံမှ အခြေတည်ပေါက်ဖွားခဲ့ဟန်တူသည်။
 
၁၉၃၉၊ သြဂုတ် ၂၂ တွင် ဟစ်တလာသည် ၎င်း၏ အိုဘဲဆာ့စ်ဘာ့ဂ်နေအိမ်မှ မိန့်ခွန့်တစ်ခု ပြောကြားခဲ့သည်။ ယင်းမှာ ဂျာမဏီမှ ပိုလန်ကို မကျူးကျော်မီ ရက်သတ္တပတ်အလို၌ဖြစ်ပြီး မိန့်ခွန်း၌ ဟစ်တလာက ၎င်း၏ 'ပိုးလ်လူမျိုးများအား အမြစ်ပြတ်သုတ်သင်ရှင်းလိုမှု' ဆန္ဒကို ၎င်း၏ ဝဲမာ့တ်တပ်မှုးများအား ဖွင့်ဟခဲ့သည်။ နာဇီအစိုးရအတွင်း သူအပိုင်သတင်းရင်းမြစ်များရှိထားသော လူးဝစ်ပီ လာ့ခ်နာ Louis P. Lochner က ဟစ်တလာ၏ မူရင်းမိန့်ခွန်းကို ရရှိထားကြောင်း ကြွေးကြော်ခဲ့သည်။ ယင်းစာမူကို ၁၉၄၂ ထုတ် "What About Germany?" တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း၌ ပိုးလ်လူမျိုး အမျိုးသမီး နှင့် ကလေးအများအ ပြားကို သေမင်းနိုင်ငံသို့ပို့ဆောင်မှသာလျှင် မိမိတို့လိုအပ်သော မြေနေရာကို ရရှိနိုင်မည်ဖြစ်ကြောင်း ဆိုထားပြီး "ကဲ ထားပါတော့ အခု အာမေးနီးယာန်းတွေကို ဖျက်ဆီးမှုအကြောင်း ဘယ်သူတွေ ပြောနေကြသလဲ?" ဟု ပါရှိခဲ့သည်။
 
အာမေနီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှုက ဟော်လိုကော့စ်ထ်အပေါ်၌ မည်မျှအကျိုးသက်ရောက်မှုရှိသည်ဆိုသည့်ကိစ္စမှာ ဖြစ်ရပ်အသေးစိပ်ကို စိတ်ဖြာလေ့လာရမည့်ကိစ္စဖြစ်သော်လည်း ယင်းနှစ်ခု၌ တူညီမှုများရှိနေသည်၊ ဟစ်တလာ၏ အသိဥာဏ်၌ အာမေးနီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှုမှ ရက်စက်မှုများ စွဲနစ်ဝင်နေသည်တို့မှာမူ ထင်ရှားလှပေသည်။
 
၈) သန်သန်မာမာ အာမေးနီးယာန်းယောက်ျားသားများကို သတ်ပစ်ပြီး ကျန်အာမေးနီးယာန်းလူမျိုးများကို သဲကန္တာရထဲ လမ်းလျှောက်ချီတက်ခိုင်းခဲ့သည်။

လူမျိုးတုန်းသတ်ဖြတ်မှုစတင်သည့်ရက်စွဲကို အာမေးနီးယာန်းလူမှုအသိုက်အဝန်းခေါင်းဆောင် ၂၇၀ ဝန်း ကျင်ကို ကွန်စတန်တီနိုပယ်လ်မှ အဓမ္မဖယ်ရှားပြီး အန်ကာရာသို့ ရွှေ့ပြောင်းစေခဲ့သည့် ၁၉၁၅၊ ဧပြီ ၂၄ နေ့အား သတ်မှတ်ကြသည်။ ထိုမတိုင်မီကတည်းက အော်တိုမန်များက အော်တိုမန်စစ်တပ်တွင်းမှ အာမေးနီးယာန်းလူမျိုးများအားလုံးကို လက်နက်မကိုင်ရသော အလုပ်သမားတပ်ရင်းများသို့ ပြောင်းရွှေ့ထားခဲ့ပြီးဖြစ် သည်။ ရည်ရွယ်ချက်မှာ အလုံးစုံသုတ်သင်ရှင်းလင်းရေး လုပ်ဆောင်ရာ၌ လုပ်ငန်းဆောင်ရွက်မှု လွယ်ကူချောမွေ့စေရန်ဖြစ်သည်။
 
ပြန်လည်နေရာချထားပေးရန်ဟု လိမ်လည်အကြောင်းပြပြီး အောတိုမန်အင်ပါယာတွင်းမှ သန်သန်မာမာ အာမေးနီးယာန်းယောက်ျားသားမှန်သမျှကို သတ်ပစ်ခဲ့သည်။ အမျိုးသမီးများ၊ ကလေးများ၊ မွေးကင်းစများ နှင့် သက်ကြီးရွယ်အိုများကို သဲကန္တာရအတွင်း ချီတက်လမ်းလျှောက်စေသည်။ လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း အာမေးနီးယာန်း ၁.၅ သန်း လောက်အထိ သေဆုံးခဲ့ကြသည်။ ပထမကမ္ဘာစစ်အစမှာပင် အော်တိုမန်အင်ပါယာအတွင်း နေထိုင်နေကြသော အာမေးနီးယာန်း ၂ သန်း သေဆုံးခဲ့သည်။ အော်တိုမန်အင်ပါယာတွင်းမှ အာမေးနီးယာန်း သုံးပုံနှစ်ပုံ သေဆုံးသွားသည့်သဘောဖြစ်သည်။
 
အာမေးနီးယာန်းအများအပြားမှာ အစာငတ်-ရေငတ်ပြီး သေဆုံးခဲ့ကြသည်။ ပျိုပျို-အိုအို-ကလေးအရွယ် ဖြစ်စေ မိန်းမသားမှန်လျှင် မုဒိမ်းအကျင့်ခံခဲ့ကြရပြီး လမ်းဘေးတွင်ပစ်ထားခံရကာ ထိုအခြေအနေမှသည် မချိမဆန့်ခံစားရင်း သေဆုံးသွားခဲ့ကြသည်။ သေနတ်နှင့်ပစ်ခတ်၍၊ ရေနှစ်ခြင်းဖြင့်၊ မီးရှို့ခြင်းဖြင့်၊ အဆိပ်ခပ်ခြင်းဖြင့် လူအစုအပြုံလိုက်သတ်ခြင်းများကား နေရာအနှံ၌ မမြင်ချင်အဆုံး။ ငရဲလမ်းခရီးချီတက်လမ်းလျှောက်မှုအတွင်း အသက်မသေကျန်ရစ်ခဲ့သူများမှာလည်း စစ်အကျဉ်းစခန်းများတွင် နေရာချထားခြင်းခံရပြီး ထို၌ အစုအပြုံလိုက်သတ်ဖြတ်ခံကြရသည်။
 
၇) ဒီရဇိုးရှိ အာမေးနီးယာန်း လူမျိုးတုန်းသတ်ဖြတ်မှု အမှတ်တရ ချာ့ခ်ျကို ISIS မှ ဖျက်ဆီးပစ်ခဲ့ဖူးသည်။
၁၉၉၀၊ နိုဝင်ဘာတွင် အာမေးနီးယာန်း လူမျိုးတုန်းသတ်ဖြတ်မှု အမှတ်တရ ချာ့ခ်ျကို တည်ဆောက်ပြီးစီးခဲ့ပြီး ၁၉၉၁၊ မေ ၄ တွင် ဘာသာရေးအထွတ်အမြတ်မြေအဖြစ် ကြေငြာခဲ့သည်။ ယင်းချာ့သည် အာမေးနီးယာန်းအများအပြား ပေးလ်ဂရင်းမေ့ဂ်ျပြုကြသော အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၁၅၊ ဧပြီ ၂၄ ၌ အာမေးနီးယာန်း လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပွားသည်ကို အစွဲပြု၍ နှစ်စဉ်နှစ်တိုင်း ဧပြီ ၂၄ တွင် ယင်းချာ့ခ်ျ၌ လူအစည်ကားဆုံးဖြစ်လေ့ရှိသည်။ လူထောင်ပေါင်းများစွာသွားရောက်ပြီး ဂါရဝပြုလေ့ရှိကြသည်။
[pilgrimage (ပေးလ်ဂရင်းမေ့ဂ်ျ) - ဘုရားဖူးသွားခြင်း။ ဘာသာရေးအထွတ်အမြတ်မြေနေရာ(များ)သို့ သွားရောက်လည်ပတ်ခြင်း။]

ဆီးရီးယားနိုင်ငံ၊ ဒီရဇိုး Deir ez-Zor သည် အာမေးနီးယာန်းများ သဲကန္တာရဖြတ် ချီတက်လမ်းလျှောက်ကြမှု၏ နောက်ဆုံးပန်းတိုင်ဖြစ်သည်။ ချာ့ခ်ျတည်ရှိရာနေရာသည်ချီတက်ရာ၌ အသက်မသေကျန်ရစ်ခဲ့သော အာမေးနီးယာန်းများကို သတ်ပြီးမြှုပ်နှံခဲ့သော တစ်ချိန်က စစ်အကျဉ်းစခန်းတစ်ခုတည်ရာဖြစ်သည်။
 
၂၃  ကြိမ်မြောက် အာမေနီးယားလွတ်လပ်ရေးအောင်ပွဲ ဆင်နွှဲနေချိန်လည်းဖြစ် ထို့အပြင် လူမျိုးတုန်းသတ် ဖြတ်မှုကြီး နှစ် ၁၀၀ ပြည့်မြောက်ရန် လပိုင်းမျှသာလိုတော့သည့်အချိန်လည်းဖြစ်သည့် ၂၀၁၄၊ စက်တင်  ဘာ ၂၁ ရက်နေ့တွင် ချာ့ခ်ျကို ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။ လက်သည်တရားခံမှာ ISIS ဟု ထင်မြင်သတ် မှတ်ကြသည်။
 
၆) ဂရိခ် နှင့် အဆီးရီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှုများလည်း တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့သည်။အော် တိုမန်အင်ပါယာ၏ ပထမကမ္ဘာစစ်အတွင်း နှင့် ဝန်းကျင်တွင် ဖြစ်ပွား ခရစ်ယာန်လူနည်းစုများအား အမြစ်ပြတ်သုတ်သင်ရှင်းလင်းမှုများအတွင်း အသေအပျောက်အများဆုံး ဖြစ်ခဲ့ရသူများမှာ အာမေးနီးယာန်းများဖြစ်ကြရာ လူမျိုးတုန်းသတ်ဖြတ်မှုခေါင်းစဉ်နှင့် ဆွေးနွေးကြတိုင်း အဓိကဆွေးနွေးကြသောအကြောင်း အ ရာမှာ အာမေးနီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှုသာ ဖြစ်တတ်သည်။ သို့သော် ယင်းနှင့်တစ်ချိန်တည်းတစ်ပြိုင်တည်းမှာပင် ဂရိခ်လူမျိုးတုန်းသတ်ဖြတ်မှု နှင့် အဆီးရီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှုများလည်း ဖြစ်ပွားခဲ့သည်။
 
လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း အဆီးရီးယာန်းလူမျိုး ၃၀၀,၀၀၀ ဝန်းကျင် သေဆုံးခဲ့သည်ဟု ခန့်မှန်းကြပြီး အများဆုံးဖြစ်ပွားခဲ့သည်မှာ အော်တိုမန်အင်ပါယာ နှင့် ပါရှားနယ်စပ်တွင်ဖြစ်သည်။ မစ်ဒ်ယတ်မြို့တွင် အဆီးရီးယာန်း ၂၅,၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ ပုန်ကန်ထကြွမှုအသေးစားတစ်ခု ဖြစ်ပွားခဲ့ရာ နောက်ဆုံးအော်တိုမန်အင်ပါယာ၏ စိစိညက်ညက်ကြေချေမှုန်းခြင်းကို ခံလိုက်ရသည်။ တူရကီသမိုင်းဆရာများက အော်တိုမန်အင်ပါယာမှ အဆီးရီးယာန်းများအား သတ်ဖြတ်မှုမှာ ယခုဖြစ်ရပ်ကဲ့သို့သော ပုန်ကန်မှုကို နှိမ် နင်းခြင်းများသာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်၊ အစုအပြုံလိုက်သတ်ဖြတ်ခြင်းအဖြစ်သာ အမျိုးအစားမှတ်ယူရမည်ဟု ဆိုကြသည်။
 
လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း အသတ်ခံရသော ဂရိခ်ဦးရေ ၇၅၀,၀၀၀ ဝန်းကျင်ရှိသည်ဟု ခန့်မှန်းကြသည်။ ၁၉၂၃ တွင် တူရကီ နှင့် ဂရိကြား လူဦးရေအဝင်အထွက် လဲလှယ်မှုတစ်ခု ဖြစ်ပွားသည်။ ယင်းဖြစ် ရပ်၌ သွေးထွက်သံယိုမှုနှင့်သာ အဆုံးသတ်ခဲ့ရပြီး လူ ၂ သန်း ၎င်းတို့၏အိမ်များမှ အဓမ္မ ဖယ်ရှားခြင်းခံခဲ့ရသည်။ ခန့်မှန်း ခရစ်ယာန်ဂရိခ် ၁.၂ သန်းကို ထရပ်ဇောင်န်၊ ပွန်းတစ်အပ်လ်ပ်စ်၊ ကော့ကေးဆပ်စ်၊ အာရှမိုင်နာ နှင့် ဿရေ့စ်အရှေ့ပိုင်းမှ ခေါ်ဆောင်ကာ ဂရိခ်တွင်ပြန်လည်နေရာချထားပေးခဲ့ရပြီး အပြန်အလှန်အားဖြင့် မူဆလင် ၄၀၀,၀၀၀ ဝန်းကျင်ကို ဂရိခ်မှ တူရကီသို့ ပြန်ခေါ်ခဲ့သည်။
 
၅) အာမေးနီးယာန်း တော်လှန်ရေးဖက်ဒရေးရှင်းမှလည်း ပြန်လည်လက်စားချေခဲ့သည်။

၁၉၂၀ နှင့် ၁၉၂၂ ကြားတွင် အာမေနီးယာန်း တော်လှန်ရေး ဖက်ဒရေးရှင်း Armenian Revolutionary Federation (ARF) က Operation Nemesis (အော်ပရေးရှင်း နဲမဆစ်) အမည်ရ ကမ်ပိန်းတစ်ခုဆင်နွှဲပြီး လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသော အော်တိုမန် နှင့် အဇာဘိုင်ဂျန်အရာရှိ ၇ ဦးကို လုပ်ကြံသတ်ဖြတ်သည်။ ပါရှား ၃ ဦးအနက်မှ ဂျမယ်လ် ပါရှား နှင့် တာလတ် ပါရှားတို့သည်လည်း ARF လက်ချက်နှင့် သေဆုံးခဲ့သည်။
 
ပထမကမ္ဘာစစ်အပြီး မဟာမိတ်များကျူးကျော် ဝင်ရောက်လာသည်တွင် ဂျမယ်လ် ပါရှားရော တာလတ် ပါရှားပါ နိုင်ငံမှထွက်ပြေးကြသည်။ အော်တိုမန်အင်ပါယာအစိုးရမှလည်း တိုင်းပြည်အင်အားယုတ်လျော့သွားရသည်မှာ ၎င်းတို့ကြောင့်ဟု ပြင်းပြင်းထန်ထန် အပြစ်တင်သည်။ အော်တိုမန်အစိုးရက ပါရှား ၃ ဦးကို ၎င်းတို့ကွယ်ရာ၌ အော်တိုမန်အင်ပါယာ၏ တရားရေးစနစ်အတိုင်း ပြစ်ဒဏ်ချမှတ်သည်။ သို့သော် ဟန်ပြသာဖြစ်ပြီး မည်သည့်အရေးယူမှုမှ မပြုလုပ်ချေ။
 
ARF က ဂျမယ်လ် ပါရှားကို ခြေရာခံလိုက်ရှာရာ ဆိုဗီယက် ဂျော်ဂျီယာတွင် တွေ့ရှိပြီး ၎င်းနှင့် ၎င်း၏ ကိုယ် ရံတော်နှစ်ဦးကို ပစ်သတ်လိုက်သည်။ ၁၉၂၁၊ မတ် ၁၅ တွင် ဆိုဂိုမွန် တာလီရီယန် ဆိုသူက တာလတ် ပါရှားကို ဘာလင်တွင် တွေ့ရှိပြီး ပစ်သတ်လိုက်သည်။ ARF က တာလီရီယာန်ကို ထွက်မပြေးရန် အကြံပေးသည်။ ရည်ရွယ်ချက်မှာ တာလီရီယာန်ကို တရားခွင်၌စစ်ဆေးရာမှတစ်ဆင့် အာမေးနီးယာန်းလူမျိုးများ ခံ စားရသော ဒုက္ခကို ကမ္ဘာမှသိရှိသွားစေရန်ဖြစ်သည်။ ထို အကြံ အထမြောက်ခဲ့ပါသည်။ တရားစီရင်မှုက များစွာသော နိုင်ငံတကာ သတင်းမီဒီယာများ၌ ရိုက်ခတ်မှုကြီးစွာဖြစ်ခဲ့သည်။
 
တာလီရီယာန်ကို လူသတ်မှုမှ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့သည်။ အာမေးနီးယာန်းလူမျိုးတုန်းသတ်ဖြတ်မှု အဖြစ်ဆိုးကြီးက မိမိစိတ်ကို လွှမ်းမိုးထားသောကြောင့် မိမိမှ တာလတ် ပါရှားအား သတ်ရပါသည်ဟု တာ လီရီယာန်မှ အောင်မြင်စွာ လျှောက်လဲနိုင်ခဲ့သည်။ တာလီရီယာန်မှ တရားသူကြီးကို ဤသို့ပြောခဲ့သည်။ "ကျွန်တော် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ မယူဆမိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့်စိတ်က သန့်နေလို့ဖြစ်ပါတယ်။ . . . ကျွန်တော်လူတစ်ယောက်ကို သတ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် လူသတ်သမား မဟုတ်ဘူး"
 
၄) ပါရှား ၃ ဦးသည် ပထမကမ္ဘာစစ်ကို လူမျိုးတုန်းသတ်ဖြတ်မှုအား ဖုံးဖိရန်အကြောင်းပြချက်အဖြစ် အ သုံးချခဲ့သည်။

"ပထမကမ္ဘာစစ်တည်းဟူသော အကြောင်းပြချက်ကောင်းကြီး ရှိသခိုက်မှာပင် လူမျိုးတုန်းသတ်ဖြတ်မှုကြီးကို မြန်မြန်သွက်သွက် လုပ်သင့်လှသည်" ဆိုသည့်ခံယူချက်အမြင်ကို ပါရှား ၃ ဦးတို့က စွဲကိုင်ထားသည်။ ယင်းသို့ပြုခြင်းအားဖြင့် နိုင်ငံခြားမှ ပါဝင်စွက်ဖက်လာလျှင်လည်း အခြားသောအကြောင်းအရာများနှင့်ရောချကာ လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းစရာမလိုဘဲ ရှောင်လွှဲနိုင်လိမ့်မည်ဖြစ်သည်။

ပါရှား ၃ ဦးသည် ၎င်းတို့ကျူးလွန်ခဲ့သည်များကို ကြွားလုံးထုတ်ခဲ့သည်ဟုပင် ဆိုကြသည်။ တာလတ် ပါရှားက ဂျာမန်သံရုံးမှ အရာရှိတစ်ဦးကို ဤသို့ပြောကြားခဲ့သည်။ "တူရကီဟာ ပြည်တွင်းရန်သူတွေကို ပိပိပြားပြားရှင်းပစ်ဖို့ စစ်ကို အမြတ်ထုတ်နိုင်ခဲ့တယ်၊ ဆိုလိုတာက နိုင်ငံခြားက ဝင်ရောက်စွက်ဖက်တာမျိုး မခံရဘဲနဲ့ တိုင်းရင်းသားခရစ်ယာန်တွေကို ရှင်းပစ်နိုင်ခဲ့တယ်"
 
သတ်ဖြတ်ရက်စက်မှုများမှာ စစ်အတွင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသော်လည်း သတ်ဖြတ်ရက်စက်မှုများ တ ရားဝင်ပြီးဆုံးသည့်ရက်မှာမူ အငြင်းပွားနေရသောကိစ္စဖြစ်သည်။ အချို့က သတ်ဖြတ်ရက်စက်မှုများသည် ပထမကမ္ဘာစစ်ပြီး၍ တိုင်းပြည်မှ ပါရှား ၃ ဦး ထွက်ပြေးပြီးနောက် ၅ နှစ် အကြာ ၁၉၂၃ တိုင်အောင် ကြာမြင့်ခဲ့သည်ဟုပင် ဆိုကြသည်။
 
၃) တူရကီသည် လမ်များ၊ ပြည်သူပိုင်အဆောက်အဦးများကို လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သူများ၏ အမည်များအား မှည့်ခေါ်ထားသည်။

လူမျိုးတုန်းသတ်ဖြတ်မှုအား ကူညီခဲ့သော နိုင်ငံရေးသမားများ၏ အမည်များကို တူရကီတစ်လွှား နေရာဌာနအများအပြား၌ အောက်မေ့သတိရစွာ မှည့်ခေါ်ထားသည်။ ပါရှား ၃ ဦး ၏ အမည်များကိုပင် လမ်းမကြီးများ၊ ရိပ်သာလမ်းများ၊ အဝေးပြေးလမ်းမကြီးများ နှင့် စည်ပင်သာယာရပ်ကွက်များအား မှည့်ခေါ်ထားသည်။ ၎င်းတို့နာမည်ဖြင့် စာသင်ကျောင်းများလည်း ရှိကြသေးသည်။

၂၀၀၃ ခုနှစ်တွင် စာသင်ကျောင်းတစ်ခုအား "ထရပ်ဇောင်န် သားသတ်သမား" ဟု နာမည်ကြီးသော ဆီမယ်လ် အဇ်မီ Cemal Azmi ၏ အမည်ကို မှည့်ခေါ်ခဲ့သည်။ မှတ်တမ်းများအရ ဆီမယ်လ် အဇ်မီသည် အ လွန်ရက်စက်သူဖြစ်ပြီး အထူးသဖြင့် ကလေးငယ်များကို ရက်စက်သူဖြစ်သည်။ ကလေးငယ်ထောင်ပေါင်းများစွာကို ရေနစ်၍သေဆုံးစေခဲ့သည်။ ကလေးငယ်များကို လှေပေါ်တင်၍ ပင်လယ်နက် Black sea ရေပြင်သို့ခ်ါဆောင်သွားပြီး ပင်လယ်ထဲတွင် လှေကိုမှောက်ပစ်ကာ ကလေးငယ်များကို ရေနစ်၍ သေဆုံးစေခဲ့သည်။
 
မိန်းမပျိုများသည်လည်း ဆီမယ်လ် အဇ်မီဖန်တီးသော ကံကြမ္မာဆိုးနှင့် ကြုံခဲ့ရသည်သာဖြစ်သည်။ ၁၉၁၉ ထရပ်ဇောင်န် အမှုတွဲများအား တရားရုံး၌ စစ်ဆေးသောအခါ မျက်မြင်သက်သေတစ်ဦးက ဆီမယ်လ် အဇ်မီအကြောင်းကို ထွက်ဆိုခဲ့သည်။ အဇ်မီသည် ဆေးရုံတစ်ခုကို သူကိုယ်ပိုင် ကာမနန်းတော်အဖြစ် ပြောင်း လဲကာ အာမေးနီးယာန်းမိန်းကလေးများနှင့် ပျော်ပါးခဲ့သည်။ ထို့နောက် မိန်းကလေးများကို သတ်ပစ်ခဲ့သည်။
ဆီမယ်လ် အဇ်မီသည် Operation Nemesis အတွင်း ARF မှ လုပ်ကြံသတ်ဖြတ်ခဲ့သော လူမျိုးတုန်းသတ် ဖြတ်မှုကျူးလွန်သူ ခေါင်းဆောင် ၇ ဦး တွင် တစ်ဦးအပါအဝင်ဖြစ်သည်။
 
၂) အာမေးနီးယာန်းတို့မှ သိမ်းယူထားသည်များကို ပြန်ပေးခြင်း မရှိသေး။

အော်တိုမန်များသည် အာမေးနီးယာန်းတို့ပိုင် ငွေကြေး၊ ပစ္စည်းဥစ္စာများကို သိမ်းယူခဲ့ကြသည်။ သို့သော် ယနေ့တိုင်အောင် လူမျိုးတုန်းသတ်ဖြတ်မှုမတိုင်မီက အာမေးနီးယာန်းတို့ပိုင်ဆိုင်ခဲ့သည်များကို တစ်ခုတစ်လေမျှ ပိုင်ရှင်လက်သို့ ပြန်ပေးခြင်းမရှိသေးပေ။ နေရာအနှံ ဖျက်ဆီးခဲ့မှုများနှင့် အဓမ္မပြုနှိပ်စက်ညှင်းပန်းမှုများအတွက်လည်း နစ်နာကြေးကို မည်သို့သောပုံစံဖြင့်မှ ပေးလျော်ခြင်းမရှိသေးပေ။
 
စစ်အပြီး အော်တိုမန်အင်ပါယာအစိုးရက ၎င်းတို့အနေဖြင့် အာမေးနီးယာန်းတို့အား ပြန်လည်ပေးလျော်ရန်မလိုဟူသော လေသံများ ထွက်ရှိခဲ့သည်။ သဘောအားဖြင့် ၎င်းတို့သည် ကျူးလွန်ခဲ့သော အစိုးရမဟုတ်၍ အရင်အစိုးရလုပ်ခဲ့သည်ကို တာဝန်မယူနိုင်ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ အော်တိုမန်အင်ပါယာနောက်တက် လာသော တူရကီအစိုးရကလည်း အာမေးနီးယာန်းများကို လျော်ကြေးပေးခြင်းသည် "တူရကီအနေဖြင့် အော်တိုမန်အင်ပါယာတင်ခဲ့သော အကြွေးများကို ပြန်ဆပ်နေရသည်ဟု အဓိပ္ပါယ်သက်ရောက်သည်၊ ထိုသို့ပြန်မဆပ်နိုင်" ဟု တင်းခံနေခဲ့သည်။ အဆုံးအားဖြင့် အော်တိုမန်များ သိမ်းယူခဲ့သော မြေများ၊ ပစ္စည် းဥစ္စာများကား ယခု တူရကီမြေ ပစ္စည်းဥစ္စာများ ဖြစ်နေလေပြီ။
 
၁) တူရကီက လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခြင်းမရှိခဲ့ဟု ငြင်းဆိုနေဆဲဖြစ်သည်

အော်တိုမန်အင်ပါယာကို ဆက်ခံသော တူရကီသည် "၁၉၁၅ တွင် စတင်ခဲ့သော ဖြစ်ရပ်များသည် အာမေးနီးယာန်းများအား စနစ်တကျအကွက်ချ၍ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်သည်" ဆိုသည့်အချက်ကို တစိုက်မတ်မတ် ငြင်းဆိုလာခဲ့သည်။ နောက်ထပ်ငြင်းဆိုသည့်နိုင်ငံတစ်ခုက အဇာဘိုင်ဂျန်ဖြစ်သည်။ နိုင်ငံအများအပြားမှာမူ ယင်းဖြစ်ရပ်များသည် လူမျိုးတုန်းသတ်ဖြတ်မှု ဟုတ်သည်/မဟုတ်ဟု ပြတ်ပြတ်သားသားပြောရန် အကြောင်းပြချက်တနည်းနည်းဖြင့် ငြင်းဆိုထားကြသည်။
 
တူရကီအစိုးရသည် "လူမျိုးတုန်းသတ်ဖြတ်မှု" ဟူသော အသုံးအနှုန်း မြင့်တက်လာမှုကို နှိပ်ကွပ်ရန်ကြိုးစားနေသည်ဟု စွပ်စွဲခံထားရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */