" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 26, 2022

တရုတ်နိုင်ငံ၏ စီးပွားရေးကို အရှိန်အဟုန်မြင့် တိုးတက်စေ ခဲ့သူ (သို့) တိန့်ရှောင်ဖိန်

တရုတ်နိုင်ငံ၏ စီးပွားရေးကို အရှိန်အဟုန်မြင့် တိုးတက်စေခဲ့သူ (သို့) တိန့်ရှောင်ဖိန်


မည်သည့်နိုင်ငံတွင်မဆို နိုင်ငံကိုစတင်တည်ထောင်ခဲ့သည့် ထင်ရှားသည့်ခေါင်းဆောင်တယောက်တော့ ရှိကြ စမြဲတော့ဖြစ်သည်။ သို့သော် ထိုခေါင်းဆောင်များ၏ နောက်တွင်ထင်ရှားနာမည်‌ေကျာ်ကြားသည့် ခေါင်း ဆောင်တချို့လည်း မပါမဖြစ်ရှိကြပါသည်။ ထို့ထဲကမှ သံမဏိလိုလူ၊ လောကဓံအလှည့်အပြောင်း၊ အနိမ့်အမြင့် အတက်အကျ သာမက ဘဝတလျှောက်လုံး အခက်အခဲများစွာကို ရင်ဆိုင်ခဲ့သည့် ရှားပါးလူများထဲတွင် တိန့် ရှောင်ဖိန်လည်း တယောက်အပါအဝင်ဖြစ်သည်။


တရုတ်နိုင်ငံဟု ပြောလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့သူ မော်စီတုံးကို ပထမဆုံး ပြေးမြင်ကြ မည်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံသမိုင်းတွင် မော်စီတုံးသာမက ချူအင်လိုင်း၊ တိန့်ရှောင်ဖိန် စသောခေါင်း ဆောင်များစွာ ပေါ်ထွက်ခဲ့ပါသည်။ မော်စီတုံးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဥက္ကဌလည်းဖြစ်ပြီး တော်လှန်ရေး အ တွေးအခေါ်တရပ်နှင့် နိုင်ငံသစ်ကို ထူထောင်ခဲ့သူဖြစ်သော်လည်း အမှန်တကယ် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု့ကို ဆောင်ကြဉ်းပေးနိုင်သူသည် တိန့်ရှောင်ဖိန်ပင် ဖြစ်သည်။ 

 

ခေတ်သစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ဆောက်ရာတွင် 'လက်တွေ့အမြင်ဝါဒီ' အဖြစ် လူအများ၏ ကောင်း ချီးပေးကြိုဆိုခံရသူမှာ မော်စီတုံး မဟုတ်၊ တိန့်ရှောင်ဖိန်ပင်ဖြစ်သည်။ တိန့်ရှောင်ဖိန်ကို'သရဖူမဆောင်း သော မင်းဧကရာဇ်' ဟု တင်စားခေါ်ဝေါ်ကြသလို မည်မျှပင် တိုက်ခိုက်ခံရစေကာမူ ကြံ့ကြံ့ခံနိုင်ရုံသာမက ပြန် ပြန် ခေါင်းထောင်လာသဖြင့် 'ပစ်တိုင်းထောင်' နိုင်ငံရေးသမားဟုလည်း ခေါ်ဆိုခဲ့ကြသည်။ 


တိန့်ရှောင်ဖိန်၏ ငယ်ဘဝ
~~~~~~~~~~~~~~~
တိန့်ရှောင်ဖိန်ကို ၁၉၀၄ ခုနှစ် ဩဂုတ် ၂၂ ရက်နေ့တွင် တရုတ်ပြည် ရှိချွမ်ပြည်နယ်၊ ဂွမ်ဂန်ဒေသ၊ ဇီဇင်မြို့နယ်၊ ပိုက်ဖုန်ရွာ တွင်မွေးဖွားပြီး ဟက်ကားမိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ တရုတ်ပြည် ဆင်းရဲတွင်းနစ်နေစဉ် ကာလ၊ ဒေါက်တာဆွန်ယက်ဆင်ခေါင်းဆောင်မှုအချိန်အတွင်းတွင် 'တိန့်ရှောင်ဖိန်' ကိုမွေးဖွားခဲ့ပြီး ငယ်နာမည် မှာ တိန့်ဇီဇင် ဖြစ်သည်။ သူ့ဖခင် 'တိန့်ဝမ်မင်း' မှာ ချိန်ဒူးဥပဒေနှင့် နိုင်ငံရေးသိပ္ပံသို့ တက်ဖူးပြီး ကျောင်းတော့ မပြီးခဲ့ပေ။ မွေးချင်း (၆) ယောက်အနက် တိန့်သည် အကြီးဆုံးသား ဖြစ်ပြီး အစ်မတယောက်၊ ညီသုံးယောက်၊ ညီမနှစ်ယောက်ရှိ၏။ ငယ်ငယ်ကပင် သူ့ဖခင် ဆုံးခဲ့၏။ ငါးနှစ်သားအရွယ်တွင် ရှေးဟောင်းပံုစံ ကိုယ်ပိုင် မူ ကြို‌ေကျာင်း တက်ခဲ့၏။ ခုနှစ်နှစ်သားတွင် ခေတ်မီမူလတန်းကျောင်း တက်ခဲ့ကာ ထိုမှတဆင့် အလယ်တန်း ကျောင်းကို မွေးရပ်မြေမှာပင် တက်ခဲ့သည်။ တိန့်ရှောင်ဖိန် အသက် ၁၅ နှစ်တွင် ချုံကင်းမှ ပုဂ္ဂိုလ်တဦးဖြစ်သူ 'ဝုယေဇန်'၏ တိုက်တွန်းမှု့ဖြင့် ပြင်သစ်ပြည်တွင် အလုပ်လုပ်ရင်းပညာသင်ဝင်ခွင့်စာမေးပွဲကို ဖြေခဲ့ပြီး အောင် မြင် ၍ သင်တန်းတက်ခွင့်ရခဲ့၏။ တိန့်ရှောင်ဖိန်သည် ငယ်စဉ်ကပင် မျိုးချစ်စိတ်ဓာတ်အခံရှိခဲ့  ၏။ ၁၉၁၉ မေ ၄ လှုပ်ရှားမှု့နောက်ပိုင်းတွင် သူသည် ဂျပန်ပစ္စည်းများကို သပိတ်မှောက်သော တိုက်ပွဲတွင် ပါဝင်ခဲ့၏။ 'နိုင်ငံကို စက်မှု့လုပ်ငန်းထူထောင်ပြီး ကယ်တင်ကြ' ဟူသော ဆောင်ပုဒ်ကိုလည်း အသည်းစွဲခဲ့၏။

ပြင်သစ်နိုင်ငံသို့သွားပြီး စက်မှုပညာသင်ကာ နိုင်ငံ၏အကျိုးအတွက် ကြိုးစားမည်ဟုလည်း သန္နိဌာန်ချခဲ့၏။ ၁၉၂၀ နွေရာသီတွင် သူနှင့် ကျောင်းနေဘက် (၈၀) တို့သည် ပြင်သစ်သို့ထွက်ခွာလာကြကာ အောက်တိုဘာတွင် မာဆေးလ်မြို့သို့ ရောက်၏။ ကျောင်းသားအားလုံးထဲတွင် 'တိန့်' သည် အငယ်ဆုံးဖြစ်ပြီး သူ့အသက်မှာ ၁၆ နှစ် ပြည့်ခါစပင်ရှိသေး၏။ ပညာလည်းသင် အလုပ်လည်းလုပ်ရင်း နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့သည်။ ရုရှားတွင် အောက်တိုဘာတော်လှန်ရေးဖြစ်ပွားသောအခါ ပြင်သစ်အလုပ်သမားလှုပ်ရှားမှုလည်း အရှိန်တက်လာ၏။ မာ့က်စ်ဝါဒကို နှစ်သက်သူများလာပြီး 'ကျောက်ရှိယန်' 'ချူအင်လိုင်း' တို့ကဲ့သို့သော ကျောင်းသားကြီးများ၏ တိုက်တွန်းမှု့ဖြင့် တိန့်သည်လည်း မ့ာက်စ်ဝါဒကို လေ့လာခဲ့၏။ ပြင်သစ်ပြည်တွင် ချူအင်လိုင်းနှင့် တွေ့ဆုံပြီး အဝေးရောက်ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့သည်။ ပြင်သစ်တွင် ငါးနှစ်နေထိုင်စဉ် (အသက် ၁၆ မှ ၂၁ နှစ်အထိ) တိန့်သည် မျိုးချစ်လူငယ်မှ မာ့က်စ်ဝါဒီသို့ကူးပြောင်းခဲ့၏။ ဤသည်မှာ သူ၏တော်လှန်ရေး လှုပ်ရှားမှု့အစ ပင် ဖြစ် ၏။ 


တော်လှန်ရေးသမား တိန့်ရှောင်ဖိန်
~~~~~~~~~~~~~~~~~~~~
မော်စီတုံးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သူအဖြစ် လေးစားရိုသေချစ်မြတ်နိုးကြသကဲ့သို့ ချူအင်လိုင်း ကိုကား အုပ်ချုပ်ရေးတွင် ပိုင်နိုင်သူ၊ မော်၏ လမ်းစဉ်ကို လက်တွေ့အကောင်အထည်ဖော်သူ၊ သံခင်းတမန်ခင်း ကျွမ်းကျင်သူ ဝန်ကြီးချုပ်အဖြစ် ကမ္ဗည်းထိုးကြသည်။ တရုတ်ပြည်သစ်ကြီး တံခါးဖွင့်ဝါဒကျင့်သုံးကာ စီးပွား ရေးအရှိန်အဟုန်မြင့်တက်လာပြီး ချမ်းသာကြွယ်ဝသည့် အင်အားကြီးနိုင်ငံတခုဖြစ်လာအောင် ဆောင်ကြဉ်း လမ်းဖွင့်ပေးခဲ့သူ တိန့်ရှောင်ဖိန်၏ နိုင်ငံရေးဘဝဖြတ်သန်းမှု့သည် သိပ်တော့မလွယ်ကူခဲ့ပေ။ ပြင်သစ်ပြည်တွင် ပညာသင်နေရင်း အဝေးရောက်ကွန်မြူနစ်ဖြစ်လာခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် ဆိုဗီယက်ယူနီယံသို့ သွားခဲ့သည်။ သူသည် ဆွန်ယက်ဆင်တက္ကသိုလ်သို့ တက်ခဲ့၏။ တော်လှန်ရေးလုပ်မည့်သူများကို သင်ပေးသော ကျောင်း ဖြစ် ၏။ ထိုအချိန်၌ တရုတ်ပြည်တွင် ကူမင်တန်နှင့်ကွန်မြူနစ်ပါတီတို့ ညီညွတ်ရေးတပ်ဦး ဖွဲ့ကြ၏။ ထိုကျောင်းတွင် တနှစ်တက်ပြီး မာ့က်စ်လီနင်ဝါဒ အခြေခံသဘောတရားများကို သင်ယူခဲ့၏။ ထိုအချိန်တွင် 'ဖုန်ယွေကျန်' (တ ရုတ် ပြည်အနောက်မြောက်အမျိုးသားတပ်ဖွဲ့မှူး) သည် ဆိုဗီယက်ယူနီယံသို့ ရောက်လာသည်။ သူက သူ့တပ် တွင် တရုတ်ရဲဘော်များကို စုစည်းရန်ရောက်ရှိလာခြင်းဖြစ်သည်။ ထိုအထဲတွင် တိန့်ရှောင်ဖိန်လည်း ပါလာ၏။ 


ထို့နောက် မွန်ဂိုလီးယားသဲကန္တာရကို ဖြတ်ကာ ၁၉၂၇ တွင် အမိမြေတရုတ်ပြည်သို့ ပြန်ရောက်လာ၏။ 'တိန့်' သည် နိုင်ငံခြားတွင် ‌၆ နှစ်နေခဲ့၏။ တရုတ်ပြည်က ထွက်လာစဉ်က ယောင်နနအူတူတူငနဲလေးသည် ယခုပြည် တော်ပြန်သောအခါတွင် ရင့်ကျက်လာသော တော်လှန်ရေးသမားကလေးဘဝသို့ ပြောင်းလာပေပြီ။ မာ့က်စ်လီ နင်ဝါဒကို အခြေခံနားလည်သဘောပေါက်သော တော်လှန်ရေးသမားတဦး ဖြစ်လာပြီ။ 'တိန့်' တရုတ်ပြည်ပြန် ရောက်ချိန်တွင် ကူမင်တန်နှင့် ကွန်မြူနစ်ပါတီတို့၏ အကွဲအပြဲက စလေပြီ။ နိုင်ငံရေးအခြေအနေကား မတည် ငြိမ်တော့။ ၁၉၂၇ မတ်လတွင် ပါတီက သူ့ကို 'ဇီယန်' သို့လွှတ်ကာ ဆွန်ယက်ဆင်စစ်ဆင်ရေးနှင့် နိုင်ငံ ရေးသိပ္ပံ သို့ပို့၏။ 'တိန့်' သည် နိုင်ငံရေးဌာနခွဲ၏ တာဝန်ခံအဖြစ် ထမ်းဆောင်ရ၏။ ၁၉၂၇ ဧပြီတွင် တရုတ်နိုင်ငံရေး အ ခြေနေသည် ရုတ်တရက်ပြောင်းလာ၏။ တိန့်ရှောင်ဖိန်သည် 'ဇီယန်' မှ 'ဟန်ကို' သို့ ပြောင်းလာရ၏။ 

ထိုနေရာသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဌာနချုပ်တည်ရာ အရပ်ဖြစ်၏။ထို့နောက် 'ဟန်ကို' တွင် သူသည် ဗဟိုကော်မတီ၏ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ရ၏။ ထိုအချိန်ကျမှ သူသည် 'တိန့်ဇီဇင်' မှ 'တိန့်ရှောင်ဖိန်' ဟူ၍ အမည်ပြောင်းခဲ့သည်။ ဩဂုတ်လတွင် ဗဟိုကော်မတီ၏ အရေးပေါ်အစည်းအဝေးကျင်း ပပြီး ဗဟိုကော်မတီသည် ရှန်ဟဲသို့ လှျို့ဝှက်စွာ ပြောင်းခဲ့၏။ ၂၃ နှစ်သား 'တိန့်'သည် ဗဟိုကော်မတီအတွင်း ရေးမှူးဖြစ်လာသည်။ ၁၉၂၉ တွင် အမှတ် (၇) တပ်နီတော်ကို ထူထောင်ရာတွင် တဦးအပါအဝင်အဖြစ် ဦး ဆောင်ခဲ့ပြီး ၁၉၃၀ တွင် အမှတ် (၇) တပ်နီတော်၏ နိုင်ငံရေးမှူး ဖြစ်လာသည်။ မကြာမီပင် ချန်ကေရှိတ်သည် ကွန်မြူနစ်တို့ကို အကြီးအကျယ်နှိမ်နင်းတော့၏။ တပ်နီတော်မှထုတ်ဝေသော 'ကြယ်နီ' စာစောင်၏ အယ်ဒီ တာအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ချန်ကေရှိတ်၏ ထိုးစစ်ကြီး (၄) ကြိမ်ကို ကွန်မြူနစ်များ လိမ့်နေအောင် ခံခဲ့ရ၏။ သို့သော် စည်းရုံးမှု့အားပိုကောင်းလာပြီး ချန်ကေရှိတ်၏ ပိတ်ဆို့မှု့ကို ထိုးဖောက်ရန် ကမ္ဘာကျော် ခရီး ရှည်ချီတက်ပွဲကြီးကို မော်စီတုံးက ဦးဆောင်စတင်ခဲ့သည်။ အမှတ် (၈) တပ်မတော်ဖွဲ့သောအခါ နိုင်ငံရေး မှူး ဖြစ်လာပြန်သည်။ အမှတ် (၁၂၉) တပ်မဖွဲ့သောအခါတွင်လည်း သူသည် နိုင်‌ငံရေးမှူးပင်ဖြစ်သည်။ ဤတပ်မ (၁၂၉) သည် စစ်ရေးရော နိုင်ငံရေးတွင်ပါ အောင်မြင်ခဲ့သည်။ ထိုအရည်အသွေးများကြောင့် ၁၉၄၅ တွင် ဂျပန် တို့လက်နက်ချခဲ့သော်လည်း ကူမင်တန်နှင့် ကွန်မြူနစ်တို့ တိုက်ပွဲကား စတင်တော့သည်။ 

လွတ်မြောက်ရေးတိုက်ပွဲကာလ အမှတ် (၂) တောနင်းတပ်တွင် တိန့်သည် နိုင်ငံရေးမှူးတာဝန်ဖြင့်ပင် တိုက်ပွဲဝင် ခဲ့ရပြန်သည်။ အမှတ် (၂) တောနင်းတပ်နှင့် အမှတ် (၃) တောနင်းတပ်တို့ပေါင်းပြီး တပ်သားဦးရေ (၆) သိန်းပါ သော ပူးပေါင်းစစ်ဆင်ရေးကို ရှေ့တန်းဌာနချုပ်ကော်မတီ၏ အတွင်းရေးမှူးအဖြစ် တိန့်ကပင် ဦးဆောင်ကာ တိုက်ပွဲများဆက်တိုက် ဆင်နွှဲခဲ့သည်။ တိန့်သည် အနောက်တောင်ဗျူရို၏ ပထမအတွင်းရေးမှူး၊ အနောက် တောင် စစ်ဘက်နှင့် အုပ်ချုပ်ရေးဘက် ကော်မရှင်ဥက္ကဌ၊အနောက်တောင် စစ်ဌာနချုပ်၏ နိုင်ငံရေးမှူးဘဝဖြင့် ကူမင်တန်လက်ကျန်များအား တိုက်ထုတ်ရာတွင် အထူးအောင်မြင်မှု့များရရှိခဲ့သည်။ ထို့ကြောင့် တရုတ်ပြည် သည် လွတ်မြောက်ကာ ၁၉၂၉ ခု အောက်တိုဘာ (၁) ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ကြေညာနိုင် ခဲ့သည်။


နိုင်ငံရေးသမားဘဝ တိန့်ရှောင်ဖိန်
~~~~~~~~~~~~~~~~~~~~
တိန့်ရှောင်ဖိန်၏ ခေါင်းဆောင်မှု့အောက်တွင် စက်မှု့နှင့် လယ်ယာထုတ်လုပ်ရေးသည် လျင်မြန်စွာ တိုးတက်ခဲ့ သည်။ ချိန်ဒူး - ချိုကျင်း ရထားလမ်းဖောက်လုပ်နိုင်ခဲ့မှု့သည် သူ၏လုပ်ရပ်များတွင် အထင်ကရမှတ်တိုင်ကြီး ဖြစ်ခဲ့သည်။ စစ်သားဘဝက တိန့်ရှောင်ဖိန်နှင့် သူ့ရဲဘော်များသည် အနောက်တောင်ဒေသတွင် သုံးနှစ်ကြာ နေ ထိုင်ခဲ့စဉ်အတွင်း အခြေခံပြောင်းလဲမှု့များစွာပြုလုပ်ခဲ့သည်။ ၁၉၅၂ ဇူလိုင် တွင် တိန့်ကို ပါတီဗဟိုကော်မတီက ဗဟိုသို့လာရန်ဆင့်ခေါ်၏။ ပထမတွင် သူသည် အစိုးရအုပ်ချုပ်ရေးကောင်စီ (နောင်တွင် ၁၉၅၃၌ နိုင်ငံတော် ကောင်စီ) ဖြစ်လာသည်တွင် ဒုတိယဝန်ကြီးချုပ်တာဝန် စီးပွားရေးနှင့် ဘဏ္ဏာရေးကော်မရှင်၏ ဒုတိယဥက္ကဌ တာဝန်များကို ယူခဲ့သည်။ မကြာမီ ဘဏ္ဏာရေးဝန်ကြီးနှင့် ဆက်သွယ်ရေးရုံး ညွှန်ကြားရေးမှူးတာဝန်များကိုပါ ပူးတွဲခန့်အပ်ပြန်သည်။ ထို့နောက် ပါတီဗဟိုကော်မတီအတွင်းရေးမှူး ဖြစ်လာပြီး အမျိုးသားစစ်ကော်မရှင်၏ ဒုဥက္ကဌဖြစ်လာသည်။ ၁၉၅၅ တွင် ဗဟိုကော်မတီ အစည်းအဝေးက ကော်မတီ၏ နိုင်ငံရေးဗျူရိုတာဝန်ကိုပါ ထပ်မံပေးအပ်ခဲ့သည်။ အသက် ၅၂ တွင် တိန့်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အဓိကခေါင်းဆောင်များဖြစ်သည့် မော်စီတုံး၊ လျူရှောက်ချီ၊ ချူအင်လိုင်း၊ ချူတေး၊ ချင်ယွန်းတို့နှင့်အတူ ထိပ်တန်းစာရင်းဝင်ဖြစ်လာခဲ့သည်။ 

နောက် ၁၀ နှစ်မျှ ကြာသည်အထိ တိန့်ရှောင်ဖိန်သည် ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးအဖြစ် လုပ်ငန်း များစွာကို ‌ေ‌ဆာင်ရွက်ခဲ့သည်။ ထိုကာလသည် သူ့ဘဝတွင် အလုပ်အများဆုံးကာလလည်း ဖြစ်ပေသည်။ ၁၉၅၆ စက်တင်ဘာမှ ၁၉၆၆ မေအထိ တရုတ်ပြည်သည် ဆိုရှယ်လစ်ဝါဒ ကို ဘက်ပေါင်းစုံမှ တည်ဆောက်ခဲ့၏။ ထိုအချိန်ကာလအတွင်း 'တိန့်' သည် ဒီမိုကရက်တစ်ဗဟိုဦးစီးဝါဒကို ချပြခဲ့၏။ 

ပါတီအထွေထွေအတွင်းရေးမှူးအနေဖြင့် သူသည် နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှု့ခေါင်းဆောင်များနှင့်တွေ့ဆုံ ခဲ့ရ၏။ ခရုရှော့ဖ်အပါအဝင် ဆိုဗီယက်ခေါင်းဆောင်များစွာနှင့် သူ ဆွေးနွေးခဲ့ရ၏။ ၁၉၆၂ ဗဟိုကော်မတီညီ လာ ခံ တွင် ပြောခဲ့သော တိန့်ရှောင်ဖိန်၏ လမ်းညွှန်ချက်များကို အများစုကသဘောကျခဲ့သော်လည်း တချို့ကမူ သူ့ ကိုအပြင်းအထန်ဝေဖန်ခဲ့ကြ၏။ သူက ယခင်နိုင်ငံရေးလှုပ်ရှားမှု မှားယွင်းစွာလုပ်ခဲ့သော ကေဒါများ၏အမှုကို ပြန်လည်စစ်‌ေဆးစိစစ်ပြီး သင့်လျော်သောရာထူးများသို့ ပြန်လည်ခန့်အပ်ရန် တင်ပြခဲ့သည်။ ဤညီလာခံတွင် သူ့ဘာသူလည်း ဝေဖန်မှု့ပြုခဲ့၏။ မကြာမှီမှာပင် ယဉ်ကျေးမှုတော်လှန်ရေး စတင်ခဲ့၏။ လင်ပြောင်နှင့် ကျန် ကျင်း တို့ ဦးဆောင်သောအုပ်စုက တိန့်ရှောင်ဖိန်ကို အရင်းရှင်စနစ်ကို အားပေးသူ အဖြစ်အကြီးအကျယ် ဝေဖန် ကာ ရာထူးမှချခဲ့သည်။ တိန့်ရှောင်ဖိန်နှင့်အတူ အမျိုးသားပြည်သူ့ကွန်ဂရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မ တအဖြစ် ရွေးချယ်ခံထားရသူ လျူရှောက်ချီကိုလည်း ရာထူးမှချခဲ့သည်။ သို့သော် လျူရှောက်ချီလိုမျိုး အပြတ် ဖြုတ်ချခြင်းမျိုးတော့ 'တိန့်' ကိုမလုပ်ခဲ့ပေ။ မော်စီတုံး၏ ဆန္ဒအရ 'တိန့်' သည် ဘာရာထူးမှမရှိတော့သော်လည်း ပါတီဝင်အဖြစ်တော့ ရှိနေဆဲပင်။ လင်ပြောင်သည် မော်စီတုံးအရိုက်အရာကိုဆက်ခံမည့် ကွန်မြူနစ်ပါတီ ဒုဥက္က ဌ ဖြစ်ပြီး ကျန်ကျင်းသည် ယဉ်ကျေးမှုတော်လှန်ရေးကာလ တန်ပြန်တော်လှန်ရေးအုပ်စု ကိုခေါင်းဆောင် သော သူဖြစ်ကာ ဥက္ကဌ 'မော်' ၏ ဇနီးလည်းဖြစ်သည်။


၁၉၆၇ ခုနှစ်တွင်ကား တိန့်၏ ကံဇာတာမှေးမိန်သော နှစ်ဖြစ်လာ၏။ သမိုင်းပညာရှင် ဝူဟန်ရေးသားသော 'ဟိုင် လွီ ရာထူးမှအချခံရခြင်း' ပြဇာတ်သည် ခေတ်ကိုလှောင်ပြောင်သည်ဟုဆိုကာ ရှန်ဟဲမှ ဟောင်ဝေယွမ်က ဝေဖန် သည်။ ထိုသည်မှာ ယဉ္ကျေးမှု့တော်လှန်ရေး၏ အစပင်ဖြစ်သည်။


ယဉ်ကျေးမှု့တော်လှန်ရေးကာလ လောကဓံလူသား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယဉ်ကျေးမှု တော်လှန်ရေး (Cultural Revolution) ဆိုသည်မှာ ၁၉၆၆ မှ ၁၉၇၆ အထိ တရုတ်ပြည်သူ့ သမ္မတ နိုင် ငံတွင် ဖြစ်ပွားခဲ့သော လူမှုရေး နှင့် နိုင်ငံရေး ဆိုင်ရာ လှုပ်ရှားမှု တစ်ရပ်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌ မော်စီတုန်းမှ စတင်ခဲ့ပြီး ထိုလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်တွင် ဆိုရှယ်လစ်စနစ် ပေါ်ပေါက် ရန်၊ အရင်းရှင်ဆိုင်ရာ၊ ရိုးရာ နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများကို တရုတ်လူ့အဖွဲ့အစည်းတွင်းမှ ဖယ်ရှားပစ်ရန် နှင့် ရှေးရိုးစွဲ မော်ဝါဒကို ပါတီအတွင်း ထုတ်ဖော်ရန် ဖြစ်သည်။ ယဉ်ကျေးမှု့‌ေတာ်လှန်‌ေရး အစတွင် ပါတီ ခေါင်းဆောင်ပိုင်းနေရာတွင် ရောက်နေသူ တိန့်ရှောင်ဖိန်အပါအဝင် တရုတ်ပြည်ရှိ ပညာတတ်အများစုက ထောက်ခံအားပေးခဲ့ကြသည်။ သို့သော် တကယ်လက်တွေ့‌ေဆာင်ရွက်‌ေသာအခါတွင်မူ ယဉ်ကျေး မှု့တော် လှန်ရေးကို လက်တဆုပ်စာလူတစုက အသုံးချကာ ထင်ရာစိုင်းကြလေတော့သည်။ ထိုသူတို့၏ လုပ်ရပ်များ ကြောင့် လူမှု့ရေးနှင့်နိုင်ငံရေးတွင် အကြီးမားဆုံးပျက်ဆီးမှု့များ ဖြစ်ခဲ့ကြရသည်။ 

ယဉ်ကျေးမှု့တော်လှန်ရေးစလျှင်စချင်း လျူရှောက်ချီနှင့် တိန့်ရှောင်ဖိန်တို့သည် အဓိကပစ်မှတ်များအဖြစ် အ တိုက်ခိုက်ခံခဲ့ရသည်။ ၁၉၆၆ ခုနှစ် ရှစ်ကြိမ်မြောက် ဗဟိုကော်မတီ၏ ၁၁ ကြိမ်မြောက်အစည်းအဝေးတွင် မော် စီတုံး၏ 'ဌာနချုပ်ကိုဗုံးကြဲ' ဟူသော ကြွေးကြော်သံနှင့်အတူ လျူနှင့်တိန့်တို့ကို မှားယွင်းစွာ ဝေဖန်ခဲ့ပြီး တိန့်ကို အရင်းရှင်ဝါဒလမ်းကြောင်းလိုက်သူ တရုတ်ပြည်၏ နံပါတ် ၂ ပုဂ္ဂိုလ်အဖြစ် စွပ်စွဲခဲ့သည်။ သူ့မိသားစုသည်လည်း ဝေဖန်ခံရမှု သားကောင်များဖြစ်ကြရရှာသည်။ 'တိန့်' နှင့် သူ့ဇနီးကို နေအိမ်အကျယ်ချုပ်ချခဲ့ပြီး သားသမီးများ ကို တခြားနေရာများသို့ ခေါ်သွားခဲ့သည်။ ပေကျင်းတက္ကသိုလ် ရူပဗေဒကျောင်းသား 'တိန့်'၏သားဆိုလျှင် ဒဏ်ရာအနာတရဖြစ်ပြီး တသက်လုံး ဒုက္ခိတဖြစ်ခဲ့ရ၏။


'တိန့်' ၏ သမီးများမှာလည်း ပညာသင်ကြားမှု့ရပ်ဆိုင်းခံရပြီး မိသားစုနှင့် တကွဲတပြားစီ အချုပ်နှောင်ခံရသည်။
၁၉၆၉ အောက်တိုဘာတွင် ဒုဥက္ကဌ လင်ပြောင်သည် ပါတီနှင့် နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ရယူကာ စစ်ပွဲ ကို ပြင်ဆင်သည့်အနေဖြင့် 'အမှတ်၁ အမိန့်'ကို ထုတ်ခဲ့၏။ 


သို့ဖြင့် တိန့်ရှောင်ဖိန်ကို ကျန်ဇီပြည်နယ် စင်ကျန်မြို့သို့ နယ်နှင်ဒဏ်ပေးခဲ့၏။ ရာထူးအားလုံးမှ ဖယ်ရှားခံရ လိုက်သည့်အပြင် တိန့်သည် လယ်ထွန်စက်ပြင်စက်ရုံတွင် အလုပ်ကြမ်းသမားအဖြစ် ဝင်လုပ်ခဲ့ရသည်။ ဇနီး၊ မိထွေးတို့နှင့်အတူ ခက်ခက်ခဲခဲ ပင်ပန်းစွာနေထိုင်ခဲ့ရ၏။ အသက် ၆၅ နှစ်အရွယ် တိန့်ရှောင်ဖိန်သည် ကြမ်း တိုက်၊ထင်းခုတ်၊မီးမွှေးခဲ့ရသော အလုပ်ကြမ်းများကို လုပ်ခဲ့ရပြီး ဒုက္ခိတဖြစ်နေသူ သားကိုပါ သူ့ထံပို့လိုက်ရာ မသန်မစွမ်းကလေးကို ထိန်းသိမ်းပြုစုရသည့် တာဝန်ပါပိုလာ၏။ ထိုအချိန်ကာလတွင် တိန့်သည် အချိန်အား တိုင်း စာအုပ်များဖတ်၏။ ကမ္ဘာ့အရေး နိုင်ငံအရေးတို့ကို မျက်ခြေပြတ်မခံ ရေဒီယိုမှတဆင့် နားထောင်၏။ 

မာ့က်စ်ဝါဒ လီနင်ကျမ်းများစွာ၊ တရုတ်နှင့် နိုင်ငံရပ်ခြား၊ ဂန္တဝင်နှင့် ခေတ်သစ်ဝတ္တုများစွာကို ဖတ်ရှု့လေ့လာ ခဲ့၏။ စင်ကျန်တွင် သုံးနှစ်ကြာ နေခဲ့ရ၏။ ၁၉၇၁ စက်တင်ဘာတွင် လင်ပြောင်၏ တန်ပြန်တော်လှန်ရေး အာ ဏာသိမ်းမှု့ပြိုကွဲကာ လင်ပြောင်သည် ထွက်ပြေးရင်း လေယာဉ်ပျက်ကျ သေဆုံးခဲ့၏။ ၁၉၇၂ တွင် မော်စီတုံးက တိန့်ရှောင်ဖိန်ကို ရာထူးပြန်ခန့်ရန် စတင်စဉ်းစားမိ‌ေတာ့သည်။ နောင်နှစ်တွင် ချူအင်လိုင်း၏ အကူအညီဖြင့် ဒုတိယဝန်ကြီးချုပ်ရာထူးပြန်ရ၏။ 


အတက်အကျများတဲ့ 'တိန့်' ဘဝ
~~~~~~~~~~~~~~~~~~~
တိန့်ရှောင်ဖိန် ပြန်ရောက်လာပြီး ဒုတိယဝန်ကြီးချုပ်တာဝန်ကို ပြန်လည်ထမ်းဆောင်သည့်အချိန်တွင် ဝန်ကြီး ချုပ် ဖြစ်သည့် ချူအင်လိုင်းသည် ကျန်းမာရေးမကောင်းတော့ပေ။ တိန့်ရှောင်ဖိန်ကို ဒုတိယဝန်ကြီးချုပ် ရာထူး အပြင် ဗဟိုကော်မတီဒုတိယဥက္ကဌ၊ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဌ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်ဦးစီး ချုပ် စတဲ့ရာထူးများကိုပါ ထပ်မံခန့်အပ်ခဲ့သည်။ ဝန်ကြီးချုပ် ချူအင်လိုင်း၏ ကျန်းမာရေးအခြေအနေ ပိုမိုဆိုး ရွားလာသည့်အခါတွင် 'တိန့်' သည် ချူအင်လိုင်း၏ အလုပ်တာဝန်များကိုပါ ပူးတွဲတာဝန်ယူရ ပေသည်။ 

တိန့်ရှောင်ဖိန် ပြန်ရောက်လာသည်ကို ကျန်းကျင်းတို့ လေးဦးဂိုဏ်းအဖွဲ့က မ‌လိုလားပေ။ ၁၉၇၄ ကုလသမဂ္ဂ ၆ ကြိမ်မြောက် အထူးအစည်းအဝေးတွင် 'တိန့်' သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားပြုတက်ရောက်ခဲ့ရပြီး နိုင်ငံတကာက အသိအမှတ်ပြုသည့် ခေါင်းဆောင်အဖြစ် အစွမ်းပြခွင့်ရခဲ့သည်။ ပါတီပိုင်းရော အုပ်ချုပ်ရေးပိုင်း ရော စစ်ရေးပိုင်းတွင်ပါ ဩဇာအညောင်းဆုံးပုဂ္ဂိုလ်လည်း ဖြစ်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးများစွာကို ဘက် စုံဒေါင့်စုံမှ လုပ်ခဲ့သည်။ ၉ နှစ်တာအတွင်း အဖတ်ဆယ်မရအောင် ပျက်စီးနေသော အရာပေါင်းများစွာကို အချိန် မ ဆိုင်းပဲ ပြုပြင်ခဲ့သည်။ လယ်ယာစိုက်ပျိုးရေး ညီလာခံကို ခေါ်ယူပြီး စိုက်ပျိုးရေးလုပ်ငန်းများ ခေတ်မီတိုးတက် ရေးကို အားတက်သရော လုပ်ဆောင်ခဲ့သည်။ တဘက်၌ ပါတီနှင့် နိုင်ငံတော်ကောင်စီအလုပ်များကို သိမ်းကြုံး လုပ်ရသည့်အပြင် နိုင်ငံတကာဧည့်သည်များကိုလည်း ဧည့်ဝတ်မပျက် လက်ခံတွေ့ဆုံ၍ နိုင်ငံ့အရေးအတွက် ဆွေးနွေးရသေးသည်။ ၁၉၇၅ ခုနှစ်သည်ကားယဉ်ကျေးမှုတော်လှန် ရေး ၉ နှစ်တာကာလအတွင်း စီးပွားရေးအ တိုး တက်ဆုံးနှစ် ဖြစ်ခဲ့၏။ စက်မှုနှင့် စီးပွားရေးကဏ္ဏသည် တရှိန်ထိုး တိုးတက်ခဲ့သည်။

ယဉ်ကျေးမှုတော်လှန်ရေးက မပြီးသေးပေ။ 


၁၉၇၅ နိုဝင်ဘာ ၂၀ တွင် ပေါ်လစ်ဗျူရိုအစည်းအဝေးကျင်းပ၏။ မော်စီတုံး၏ ရည်ရွယ်ချက်မှာ တိန့်ရှောင်ဖိန် အနေဖြင့် ဤအစည်းအဝေးကိုဦးဆောင် ကျင်းပကာ ယဉ်ကျေးမှုတော်လှန်ရေးသည် ၇၀ ရာခိုင်နှူန်းအောင်မြင် ပြီး ၃၀ ရာခိုင်နှူန်း ဆုံးရှုံးကြောင်း ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်ကို ထုတ်ပြန်နိုင်လျှင် အချင်းချင်းညီညွတ် မှု ရလိမ့်မည်ဟု မျှော်လင့်ထားသည်။ 'တိန့်' ကားခေါင်းမာသောလူဖြစ်ပြီး သူ မယုံကြည်တာကို သူမလုပ်နိုင် သော သူ။ ထို့ကြောင့် မော်၏ တိုက်တွန်းချက်ကို ငြင်းပယ်ခဲ့၏။ သို့သော် အကြောင်းတခုပြသည်မှာ ယဉ်ကျေးမှုတော် လှန် ရေးကာလ ၉ နှစ်တာအတွင်း သူသည် ၆ နှစ်မျှ ပြည်သူနှင့် ဝေးနေသဖြင့် ဤကိစ္စနှင့်ပတ်သက်၍ သူ့အနေ နဲ့ နားမလည်ပါ။ ကြေညာချက်ထုတ်ဖို့လည်း မဖြစ်နိုင်ပါဟု အကြောင်းပြသည်။ မော်စီတုံးက မကျေနပ်ပေ။
ထိုတွင် 'တိန့်' ကို မိမိကိုယ်ကို ဝေဖန်ရေးပေးရန် တောင်းဆိုတော့သည်။ တဘက်တွင်လည်း တိန့်ရှောင်ဖိန်ကို ဝေဖန်ကြရန် တိုက်တွန်းသည်။


ဒါ့အပြင် ကျန်ကျင်းတို့အုပ်စု၏ တိုက်ခိုက်အပုတ်ချသမျှကိုလည်း ဆက်တိုက်ခံနေရဆဲ။ ထို့ကြောင့် တိုးတက်မှု့ သည် ကြာရှည်မခံခဲ့ပေ။ 'တိန့်' ကို ဝေဖန်ရေးနှင့်အတူ တရုတ်ပြည်၏ စီးပွားရေးသည် ပြန်လည်ကျဆင်း လာခဲ့ သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ရပ်တန့်သွားပြီး နိုင်ငံသည်လည်း မတည်မငြိမ်ဖြစ်လာပြန်သည်။ 'တိန့်' အား မိမိကိုယ်ကို ဝေဖန်ရေးအသစ်တခုပေးရန် တောင်းဆိုကြ၏။ 'တိန့်' ၏ ဝေဖန်ရေးအသစ်သည် ယခင်အ တိုင်း မပြောင်းလဲခဲ့ပေ။ 'တိန့်' ရဲ့ မိမိကိုယ်မိမိဝေဖန်ချက်ကို မော်စီတုံးက ဖတ်ခဲ့ပြီး နောက် အမိန့်တခုကို ထုတ် ပြန်ခဲ့ပြီး ပေါ်လစ်ဗျူရိုမှာ ဆက်လက်ဆွေးနွေးဖို့ တင်ပြခိုင်း၏။ ဆက်လက်ဆွေးနွေးခိုင်းခြင်းသည် ဆက် လက် ဝေဖန်ခိုင်းခြင်းပင် ဖြစ်သည်။ ထိုသို့ နိုင်ငံရေးရာသီဥတု မသာမယာဖြစ်နေချိန်တွင် ဝန်ကြီးချုပ် ချူအင်လိုင်း၏ ကျန်းမာရေးမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ၁၉၇၆ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ နံနက်တွင် တရုတ်ပြည်သူတို့၏ သား ကောင်း၊ သစ္စာရှိသော ကွန်မြူနစ်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရအဖွဲ့၏ အထက် မြက်ဆုံးခေါင်း ဆောင် ချူအင်လိုင်းသည် ကွယ်လွန်ခဲ့လေပြီ။ ချူအင်လိုင်း၏ ဈာပနကို ပြည်သူတို့က ဝမ်းနည်းစွာကျင်းပ ကြ သော်လည်း ကျန်းကျင်းဦးဆောင်သော လေးဦးဂိုဏ်းအဖွဲ့က ပိတ်ပင်တားမြစ်ရာ ပြည်သူတို့၏ ဒေါသသည် သူတို့အပေါ် ပုံကျလာသည်။ တိန့်ရှောင်ဖိန်ကမူ ဈာပန၌ ချူအင်လိုင်းသည် ပါတီတရပ်လုံး၊ တပ်မတော်တခုလုံး၊ ပြည်သူအားလုံးအတွက် စံပြပုဂ္ဂိုလ် ဖြစ်သည်ဟု ချီးကျူးဂုဏ်ပြုခဲ့ သည်။ ယခုဈာပန မိန့်ခွန်းသည်သူ၏ နောက်ဆုံးဂုဏ်ပြုခြင်းပင်။ 


ထို့နောက် တိန့်ရှောင်ဖိန်သည် သူ၏ ဝေဖန်ချက်ကို ' 'မော်' က မကျေနပ်သည်ကို သိပြီး နောက်တခါ သူရာ ထူးဖြုတ်ခံရမည်ကို ရိပ်စားမိ၏။ ထို့ကြောင့် "ကျွန်တော့်ကို ရပ်တည်ချက်မှားတယ် လို့ ယူဆကြရင် ကျွန်တော် လုပ်ခဲ့သမျှဟာလည်း အမှားတွေချည်း ဖြစ်နေမှာပါ။ ဒါ့ကြောင့် ကျွန်တော်ဟာ အရေးကြီးတာဝန်တွေကို ထမ်း ဆောင်ဖို့ သင့်တော်သူမဟုတ်ဘူး" ဟူ၍ မော်စီတုံးထံ စာရေးခဲ့သည်။ ပြည်သူများကလည်း တိန့်အန် မင် ရင်ပြင် တွင် ပန်းစီးချခြင်း၊ ကျန်းကျင်းတို့အုပ်စုကိုရှုတ်ချသောပိုစတာများချခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ သွား လေ သူ ဝန်ကြီးချုပ်ချူကို ချစ်သောစိတ်၊ လွမ်းသောစိတ်နှင့် သူတို့အဖွဲ့ကို ရွံမုန်းစိတ်တို့ဖြင့် ပြည်သူတို့သည် အုံကြွလာကြပြီ။ လေးဦးဂိုဏ်းအဖွဲ့ဝင်ဖြစ်သည့် ဟောင်ဝေယွမ်က "လွမ်းသူပန်းခွေချခြင်းသည် ခေတ် နောက် ပြန်ဆွဲသောဓလေ့ထုံးစံဖြစ်သည်" ဟု ကြေညာချက်ထုတ်ကာ တိန်အန်မင်ရင်ပြင်သို့ လူများလာရောက်ခြင်းကို တားမြစ်ခဲ့သည်။ ပြည်သူတို့က လေးဦးဂိုဏ်းကို မနှစ်သက်ကြောင်း အာခံကြ၏။ ထို့နောက်တိန့်အန်မင် ရင် ပြင် တွင် စုရုံးရောက်ရှိလာကြသော ကျောင်းသား၊အလုပ်သမား၊ပြည်သူများကို တန်ပြန်တော်လှန်ရေးသမားများဟု စွပ်စွဲကာ နှိမ်နင်းခဲ့ကြသည်။ သူရဲကောင်းတို့ ကျောက်တိုင်အနီးတွင် သွေးစွန်းခဲ့ချေပြီ။


'မော်' ၏ ဆက်သွယ်ရေးအရာရှိ မော်ယွမ်ဇင်က တိန်အန်မင်အရေးအခင်းကိုမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း ပြောကြားပြီး သူတို့ဟာ တန်ပြန်တော်လှန်ရေးသမားတွေဖြစ်ကြောင်း၊ တိန့်ရှောင်ဖိန်ကို ပေါ်တင်ထောက် ခံကြ ကြောင်း၊ ဥက္ကဌမော် ဦးဆောင်တဲ့ ဗဟိုကော်မတီကို သွေးခွဲဖို့ကြံစည်ကြောင်း တင်ပြခဲ့သည်။ ထို့နောက် မော်စီ တုံးက တိန့်ရှောင်ဖိန်ကို ရာထူးကဖယ်ရှားပြီး ပါတီဝင်အဖြစ် ဆက်လက်ထားရှိဖို့၊ ဟွကိုဖုန်းကို ဝန်ကြီးချုပ် ခန့် ပြီး ပါတီဒုဉက္ကဌပါခန့်ဖို့ ချက်ချင်းအမိန့်ပေးခဲ့သည်။ တိန်အန်မင်ရင်ပြင်မှ ပြည်သူ့ဆန္ဒပြပွဲသည်လည်း နိဂုံးချုပ် သွားသလို တရုတ်ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သည့် တိန့်ရှောင်ဖိန်သည်လည်း ရာထူးမှ ထပ်မံအဖယ် ရှား ခံခဲ့ရပြီ ဖြစ်သည်။


အပြောင်းအလဲများနဲ့ ကာလ
~~~~~~~~~~~~~~~~~
ိတိန့်ရှောင်ဖိန် ကို ရာထူးမှထပ်မံဖယ်ရှားပြီး နေအိမ်အကျယ်ချုပ်ချထားလိုက်သည်။ ထို့နောက် ပါတီဥက္ကဌ မော်စီတုံးက ဟွကိုဖုန်းကို နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် ခန့်ခဲ့သည်။ ဟွကိုဖုန်းသည် 'မော်' ၏ဇာတိ ဖြစ်သည့် ဟူနန်တွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ရိုးသားဖြောင့်မတ်သူလည်း ဖြစ်သည်။ 


ဟွကိုဖုန်းသည်သာ 'မော်' ယုံကြည်ရသည့် တဦးတည်း နောက်ဆုံးကျန်ရစ်သူ။ ဟွကိုဖုန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်ထားလိုက်သည်ကို တိန့်ရှောင်ဖိန်က ထောက်ခံခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းကျင်း ဦးဆောင်သော လေးဦးဂိုဏ်းအဖွဲ့လက်သို့ အာဏာမရောက်သွားသည့်အတွက်ဖြစ်သည်။ 


၁၉၇၆ ဇူလိုင် ၆ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်သူတဦးဖြစ်သည့် မာရှယ်ချူ တေး ကွယ်လွန်ခဲ့၏။ ၁၉၇၆ သည် စိတ်မကောင်းစရာများ ပြည့်နှက်သောနှစ်ပင်။ နှစ်စက ချူအင်လိုင်း ကွယ်လွန် ခဲ့ပြီး ခုလဲ ချူတေးကွယ်လွန်ခဲ့ပြန်ပြီ။ မော်စီတုံး၏ ကျန်းမာရေးအခြေနေမှာလည်း ပိုပိုဆိုးလာလေပြီ။ သံခင်း တမန်ခင်းကိစ္စရပ်များတွင်လည်း လက်ခံမတွေ့ဆုံနိုင်တော့ပေ။ ဇူလိုင်လ ၂၈ ရက်နေ့တွင် အင်အားရစ် ချက်  စကေး ၇.၈ ရှိသော ငလျင်ကြီးလှုပ်ခဲ့သည်။ ထိုအချိန်တွင် မော်စီတုံးသည် စကားမပြောနိုင်တော့ သို့သော် စာ ဖြင့်ရေးကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဖို့ ဟွကိုဖုန်း ကိုညွှန်ကြားခဲ့သည်။


ငလျင်ဒဏ်ကြောင့် ပြည်သူများမှာ အတိဒုက္ခမျိုးစုံကို ခံစားခဲ့ကြရပြီး စားဝတ်နေရေးမှာလည်း အနိုင်နိုင်ဖြစ် ခဲ့ကြရသည်။ ထိုသို့သော ဒုက္ခများခံစားနေရချိန် ၁၉၇၆ စက်တင်ဘာ ၁၉ ရက်နေ့တွင် တရုတ်ကွန်မြူ နစ်ပါတီ ဥက္ကဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုထူထောင်သူ၊ တရုတ်ပြည်သူတို့၏ အားထားရသည့် ခေါင်းဆောင်ကြီးမော် စီတုံးသည် ဤကမ္ဘာကို အပြီးတိုင် နှုတ်ဆက်ခဲ့လေပြီ။ ပြည်သူတို့မှာ တုန်လှုပ်ချောက်ချားခဲ့ကြသည်။ အခုအခါ သူတို့အားကိုးအားထားခဲ့သည့် မော်စီတုံးလည်းမရှိ၊ ချူအင်လိုင်းလည်း မရှိတော့၊ တိန့်ရှောင်ဖိန်လည်း ရာထူး မှဖယ်ရှားခံခဲ့ရသည်။ ဟွကိုဖုန်း တယောက်သာ ကျန်တော့၏။ လေးဦးဂိုဏ်းအဖွဲ့ဝင်တဦးဖြစ်သည့် ဝမ် ဟုန်ဝမ် သည် ရှန်ဟဲ၌ 'ဗဟိုကော်မတီထဲက ပြန်လည်ပြင်ဆင်ရေးဝါဒ'ကို သတိထားရန် တပ်လှန့်ခဲ့ပြီး ပြောက် ကျားစစ် ဆင်နွှဲရန် ပြင်ဆင်ခိုင်း၏။ ထို့အပြင် ဒုတိယလက်နက်ကိုင်တပ်မတော်ဖွဲ့ရန်လည်း ကြိုးစားခဲ့၏။ သူတို့ ခေါင်း ဆောင် ကျန်းကျင်းကလည်း ကွန်မြူနစ်ဝါဒ‌ေအာက်မှာအမျိုးသမီးဧကရီ ဖြစ်လာနိုင်တာပဲ ဟု ပေါ် တင်ပင် ကြေညာခဲ့၏။ ဇန်ချွန်ကျောင်းကလည်း ရှန်ဟဲရှိ ဂိုဏ်းသားများကို "ဗဟိုကော်မတီမှာ ပြန်လည် ပြင် ဆင်ရေး ဝါဒီတွေအဖြစ်ပြောင်းလဲလိမ့်မယ် သတိထားကြ၊ ရှန်ဟဲဟာ စမ်းသပ်မှု့အသစ်ကို ရင်ဆိုင်ရတော့မယ်။

စစ်ဖြစ်ချင်ဖြစ်မယ်" ဟု သတိပေးမိန့်ကြားခဲ့သည်။ အောက်တိုဘာ ၁ ရက်နေ့တွင် ကျန်းကျင်းသည် ဆင်ဟွာ တက္ကသိုလ်တွင် မိန့်ခွန်းပြောရာ၌ ဟွကိုဖုန်း ကိုပင် ဝေဖန်လာ၏။ ဟွကိုဖုန်းသည်လည်း တိန့်ရှောက်ဖိန်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းသူဟု စွပ်စွဲခဲ့၏။ ထို့နောက် ဟွကိုဖုန်းကို ဖြုတ်ချဖို့ ကြိုးစားလာကြတော့၏။ ၁၉၇၆ ဧပြီ ၂၀ ရက်နေ့တုန်းက မော်စီတုံးက ဟွကိုဖုန်းကို "အေးအေးနေ၊ စိတ်ရှည်ရှည်ထား၊ ပုံသေနည်း ဟောင်း ကို ဆက်သုံး၊ မင်းအုပ်ချုပ်စီမံနေတာတွေ့ရလို့ ငါ စိတ်သက်သာရာရတယ်" ဟူသော စကားကို ပြောခဲ့ သည်။ ယခုအခါ ဟွကိုဖုန်းအနေဖြင့် တခုခုကို မဖြစ်မနေဆောင်ရွက်ရတော့မည်။ မော်စီတုံး ကွယ်လွန်သည်မှာ တလမပြည့်သေး သို့သော် နိုင်ငံအခြေအနေမှာ ဝရုန်းသုန်းကားဖြစ်နေပြီ။ လေးဦးဂိုဏ်းသည် ဤအခြေအနေကို အခွင့်အကောင်းယူကာ အာဏာသိမ်းရန်ကြံစည်တော့၏။ သူတို့အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရသော အခွင့်အ ရေးသည် နောက်ဆုံးတွင် ရောက်ရှိလာလေပြီ။ 


တိုင်းပြည်၏ အလှည့်အပြောင်း
~~~~~~~~~~~~~~~~~~~
ဝန်ကြီးချုပ် ဟွကိုဖုန်း နှင့် ဗဟိုကော်မတီမှ ခေါင်းဆောင်အချို့သည် ကျန်းကျင်းတို့အဖွဲ့၏ အာဏာလုမည့် အ ခြေနေကို သတိပြုမိလာခဲ့ပြီး ရဲဘော်ဟောင်းများစွာကလည်း ပါတီနှင့်နိုင်ငံတော်သည် အလွန်အန္တရာယ် ကြီး မားသော အခြေအနေနှင့် ရင်ဆိုင်ရတော့မည်ကို သတိထားမိလာကြ၏။ ထို့ကြောင့် သူတို့သည် ယိ ကျန် ယင်း ထံသို့ သွားကြ၏။ ယိကျန်ယင်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထူထောင်သူတဦးဖြစ်ပြီး သူ၏ အ နစ်နာခံကြိုးပမ်းမှု့များကြောင့် တပ်မတော်ကြီးပြန်လည်စည်းလုံးလာခဲ့၏။ ထို့အပြင် ဗိုလ်ချုပ်ကြီး ဟောင်း တဦးလည်းဖြစ်သည်။ သူသည် တိန့်ရှောင်ဖိန်ကို ဗဟိုကော်မရှင် ဒုတိယဥက္ကဌလုပ်ရန် တိုက်တွန်းခဲ့ သူဖြစ်ပြီး 'တိန့်' ရာထူးမှ ဖယ်ရှားခံရချိန်တွင် ကျန်းမာရေးမကောင်း၍ အပြင်ရောက်နေချေပြီ။ သူကိုယ်တိုင် တာ ဝန်မ‌ ထမ်းဆောင်နိုင်တော့သော်လည်း ယိသည် ပါတီ ဗဟိုကော်မတီ၏ ဒုတိယဥက္ကဌ၊ ဗဟိုစစ်ကော်မရှင်၏ ဒုတိယ ဥက္ကဌ၊ ကာကွယ်ရေးဝန်ကြီး စသောတာဝန်များကို ယူထားဆဲပင်။

 
ယိကျန်ယင်း သည် လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ် ဟွကိုဖုန်းကို ပြောင်ပြောင်တင်းတင်းပြောကာ ကျန်းကျင်းဦး ဆောင်သော လေးဦးဂိုဏ်းအဖွဲ့ကို အပြတ်ရှင်းဖို့ တောင်းဆို‌ေတာ့သည်။ ထို့နောက် ချေမှုန်းမည့်အစီစဉ်များကို သိုသိုသိပ်သိပ်ရေးဆွဲကာ အောက်တိုဘာ ၆ ရက်နေ့ အစည်းအဝေးတွင် လေးဦးဂိုဏ်းတဖွဲ့လုံးကို ဖမ်းဆီးထိန်း သိမ်းလိုက်တော့၏။ ကျန်းကျင်းလူဖြစ်သည့် မော်၏ ဆက်သွယ်ရေးအရာရှိဟောင်း မော်ယွမ်ဇင်ကိုလည်း ဖမ်း ဆီးထိန်းသိမ်းလိုက်၏။ ၁၉၆၆ မေ မှ ၁၉၇၆ အောက်တိုဘာအထိ ယဉ်ကျေးမှုတော်လှန်ရေးကာလ ၁၀ နှစ်တိုင် အဓိကလွှမ်းမိုးခြယ်လှယ်ခဲ့သည့် လေးဦးဂိုဏ်းသည် နိဂုံးချုပ်ခဲ့ပေပြီ။ ဟွကိုဖုန်းက လေးဦးဂိုဏ်းကို ဖယ်ရှား လိုက် သည့်သတင်းကို ထုတ်ပြန်ပြီးနောက် တိန့်ရှောင်ဖိန်သည် ဟွကိုဖုန်းကို ရင်ထဲကနေ ချီးကျူးဂုဏ်ပြု ကြောင်း စာရေးသားပေးပို့ခဲ့ပေသည်။
 

တိန့်ရှောင်ဖိန် ပြန်လာခဲ့ပြီ
~~~~~~~~~~~~~~~
လေးဦးဂိုဏ်းမရှိတော့သော်လည်း ဗဟိုကော်မတီသည် တိန့်ရှောင်ဖိန်ကို ဆက်လက်ဝေဖန်ဆဲပင်။ တိန့် သည် လည်း အကျယ်ချုပ်ဘဝမှ မလွတ်သေးပေ။ တိန့်သည်လည်း ဆီးကျိတ်ရောဂါဖြစ်၍ ဆေးရုံတက်ရသည့်အခါ ဗိုလ်ချုပ်ကြီးဟောင်း 'ယုကွီလု' ကလာတွေ့၏။ ထို့နောက်ပိုင်း တခြားရ‌ဲဘော်ဟောင်းများလည်း လာရောက် တွေ့ဆုံကာ "တိန့်ရှောင်ဖိန် အပြင်ထွက်ပြီး အလုပ်လုပ်ဖို့" တောင်းဆိုကြ၏။ ဧပြီ ၁၀ ရက်နေ့တွင် တိန့်က ဗဟို ကော်မတီကို စာရေးသားပေးပို့၏။ ပါတီနှင့်ပြည်သူအပေါ် သစ္စာစောင့်သိလျက်ရှိကြောင်း၊ မော်စီတုံး အတွေးအ ခေါ်ကို လိုက်နာယုံကြည်ဆဲတို့ပင်။

 
၁၉၇၇ ခုနှစ် ချူအင်လိုင်းကွယ်လွန်သည့် တနှစ်ပြည့်အခမ်းအနားတွင် ပြည်သူများက "ရဲဘော်ဟွကိုဖုန်းဦး ဆောင်သည့် ပါတီကော်မတီမှ ရဲဘော်တိန့်ရှောင်ဖိန်ကို ပြန်ခေါ်ပေးပါ" ဟု တောင်းဆိုကြ၏။ ၁၉၇၇ ဇူလိုင် ၂၂ ရက်တွင် ပေကျင်းရေဒီယိုမှ"တိန့်ရှောင်ဖိန်အား တရုတ်ကွန်မြူနစ်ပါတီ၏ ဒုတိယဥက္ကဌရာထူးနှင့် ဒုတိယဝန် ကြီးချုပ်ရာထူး ပြန်လည်ခန့်အပ်ကြောင်း" ကြေညာခဲ့ပေသည်။ ဤသည်မှာ တရုတ်ပြည်၏ ကံကြမ္မာအသစ်ကို ဖော်ဆောင်မည့် အတိတ်နိမိတ်ပင်တည်း။ 


တရုတ်ပြည်၏ ကံကြမ္မာအသစ်
~~~~~~~~~~~~~~~~~~~
၁၉၇၇ အောက်တိုဘာလတွင် ဗဟိုကော်မတီက လေးဦးဂိုဏ်းကို ချေမှုန်းလိုက်နိုင်သဖြင့် ယဉ်ကျေးမှုတော်လှန် ရေးလည်း အဆုံးသတ်သွားခဲ့၏။ ယဉ်ကျေးမှုတော်လှန်ရေး၏ ရလဒ်မှာ တိုင်းပြည်၏စီးပွားရေး ယိုယွင်းပျက် စီးခဲ့ခြင်းပင်။ ပါတီဗဟိုကော်မတီအစည်းအဝေးအရ 'တိန့်' ၏ မူလရာထူးများပြန်ရခဲ့ ပြီး ၁၉၇၈ တွင် ပဉ္စမ မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေးညီလာခံ၏ ဥက္ကဌ အဖြစ်ခန့်အပ်ခြင်းခံခဲ့ရ၏။ 'တိန့်' က လုပ်ငန်း အ သီး သီး၏ ပြဿနာပေါင်းများစွာကို ဖြေရှင်းရန် သော့ချက်မှာ မှန်ကန်သောအတွေးအခေါ်ပင် ဖြစ်သည်ဟု နား လည်၏။ သူက 'ဘာပဲဖြစ်ဖြစ် လုပ်ရမည်" ဆိုသည့် သဘောတရား (ဥက္ကဌ မော်စီတုံး ဘာပြောပြော ဘာ ညွှန် ကြားညွှန်ကြား မတွန့်မဆုတ် လိုက်နာရမည် ဟူသော‌သဘောတရားဖြစ်သည်) ကို အပြင်းအထန် ဆန့်ကျင် ခဲ့ သည်။ ပါတီ၏ အတွင်းအပြင်မှ ပြည်သူများသည် လက်ရှိအခြေအနေကိုစိစစ်လေ့လာကာ ထွက်ပေါ်လာသော ပြဿနာများကို ဖြေရှင်းကြရန် သူက လှုံ့ဆော်၏။ တိန့်က ခေတ်မှီတိုးတက်ရေးအတွက် အခြေခံမူလေး ချက် ဖြစ်သည့် ဆိုရှယ်လစ်လမ်းကြောင်းကို ဆက်လျှောက်လှမ်းရေး၊ ပစ္စည်းမဲ့အာဏာရှင်စနစ်ကို ကိုင်စွဲရေး၊ ကွန်မြူ နစ်ပါတီနှင့်မာ့က်စ်ဝါဒ၊ မော်စီတုံးအတွေးအခေါ်၏ ဦးဆောင်မှု့ကိုလိုက်နာရေး စသည်တို့ကို ချမှတ်ခဲ့သည်။


မျိုးဆက်သစ်လေ့ကျင့်ရေးကို အရေးတကြီးကိစ္စအနေဖြင့် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ပြန်လည်ပြုပြင်ရေးခေတ် သစ်ကို ကြိုဆိုနိုင်ခဲ့ကာ ပြင်ပကမ္ဘာနှင့်တံခါးဖွင့်ရေးကို စတင်နိုင်ခဲ့သည်။ တရုတ်ပြည်သူလူထု၏ ၈၀ ရာခိုင်နှုန်း မှာ ကျေးလက်ပြည်သူများဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ရေးကို ကျေးလက်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၎င်း မှရရှိလာသည့် အောင်မြင်မှု့အတွေ့အကြုံများကိုရယူကာ တနိုင်ငံလုံးတွင် ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဈေး ကွက်စီးပွားရေးပြုပြင်မှု့များကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။


ထိုအချိန်မှစ၍ တိန့်ရှောင်ဖိန်သည် တရုတ်ပြည်ခေတ်မီတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေးကို အနှောင့် အ ယှက် မရှိ ဆက်တိုက်လုပ်ကိုင်နိုင်ခဲ့သည်။ အထူးစီးပွားရေးဇုန်လေးခုကို ထူထောင်ပြီး ပြင်ပကမ္ဘာနှင့် ဆက် ဆံနိုင်အောင် ကမ်းရိုးတန်းမြို့ကြီး ၁၄ မြို့ကို အောင်မြင်အောင်ဖော်ဆောင်နိုင်ခဲ့သည်။ ထိုင်ဝမ်၊ဟောင် ကောင် နှင့် မကာအိုတို့နှင့်ပတ်သက်ပြီး တရုတ်ပြည်ပြန်လည်‌ညီညွတ်ရေးအတွက် 'တနိုင်ငံ စနစ်နှစ်ခု' အယူအဆကို တိန့်က ထုတ်ဖော်ခဲ့၏။ လူငယ်များကို ခေါင်းဆောင်ပိုင်းနေရာများသို့ရောက်အောင် လေ့ကျင့်ပျိုးထောင်ရာတွင် အထူးအာရုံစိုက်ခဲ့သည်။ တိန့်က လွတ်လပ်သောနိုင်ငံခြားရေးဝါဒကို ဖော်ထုတ်ခဲ့ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒကို ဆန့်ကျင်ကာ တရုတ်ပြည်အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်စီးပွားရေးနှစ်ခုစလုံးတွင် အရေးပါစွာ ပါဝင်ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ခဲ့၏။ တိန့်လက်ထက်တွင် သတင်းစာလွတ်လပ်ခွင့် အတော်အတန်ရလာရုံသာမက အနုပညာကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရခဲ့ကြသည်။ ထိုသို့ အဘက်ဘက်က ယိုယွင်းခဲ့သော တရုတ်ပြည် ကြီးကို ရှေ့တန်းသို့ ရောက်လာအောင် ဆွဲတင်ဆောင်ရွက်ပေးခဲ့သော တရုတ်ပြည်ရဲ့ ကံကြမ္မာသစ်ကို ဆောင် ကြဉ်းပေးခဲ့သူ တိန့်ရှောင်ဖိန် သည် ၁၉.၂.၁၉၉၇ ဗုဒ္ဓဟူး နေ့ တွင် ပေကျင်းမြို့၌ ကွယ်လွန်ခဲ့သည်။

 ကွယ်လွန်ချိန်တွင် အသက် (၉၃) ရှိပေပြီ။ ငယ် ရွယ်စဉ်ကစလို့ နောက်ဆုံး မီးစာကုန် ဆီခမ်းအချိန်အထိ တိုင်း ပြည်နှင့်လူမျိုးအတွက် လောကဓံ၏ အနိမ့်အ မြင့် အတက်အကျကို အံတုနိုင်ခဲ့သည် 'တိန့်' ပင်။ "ကြောင်ဆိုတာ အဖြူဖြစ်ဖြစ် အမဲဖြစ်ဖြစ် အရေးကြီးတာ ကြွက် ခုတ်ဖို့ပဲ" ဆိုသည့် 'တိန့်' ၏ စကားသည် ခေတ်ဟောင်းစနစ် ဟောင်းတွင် ငိုက်မြည်းနေသူများကို အိပ်ရာမှလန့် နိုး စေရန် ဖောက်ခွဲလိုက်သည့် ဗုံးတလုံးပင် ဖြစ်သည်။
တရုတ်ပြည်ကြီးကို မာ့က်စ်လီနင်ဝါဒနှင့် မော်စီတုံးဝါဒ အကျပ်အတည်းမှဆွဲထုတ်ကာ ကမ္ဘာ့အဆင့်မှီနည်း ပညာ တိုးတက်မှုနှင့် နိုင်ငံတကာကုန်သွယ်ရေးနယ်ပယ်သို့ လမ်းကြောင်းပြောင်းပေးခဲ့သူမှာ "တိန့်ရှောင်ဖိန်" ပင်ဖြစ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီ ဖြစ်သည်။ 


#Light_of_Youth
ကိုးကား
ဟိန်းလတ်၏ တရုတ်နိုင်ငံရေးသုခမိန် တိန့်ရှောင်ဖိန်
မှ အဓိကထုတ်နုတ် တင်ပြပါသည်။
Wikipedia & Google















No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */