Wednesday, June 16, 2021

စစ်အာဏာသိမ်းမှုကြောင့် ရိုဟင်ဂျာအရေး မပေါ့လျော့စေဖို့ ကုလဆိုင်ရာ သံအမတ်တချို့ ဆွေးနွေးချက် (တက်ရောက် ခဲ့သူ မဝေဝေနု နှင့် မေးမြန်းခန်း)

VOA
မသိင်္ဂီထိုက်
16 ဇွန်၊ 2021
မြန်မာ့ လက်ရှိ အခြေအနေနဲ့ ရိုဟင်ဂျာ လူနည်းစု အပေါ် ရိုက်ခတ်မှု ဆွေးနွေးပွဲ

မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကြောင့် ရိုဟင်ဂျာ အရေးကိစ္စ အပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု လျော့ကျ မသွားစေရေး သံအမတ်ကြီးတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံရုံး၊ ကနေဒါ၊ ဆော်ဒီအာရေးဗျ၊ တူရကီ သံရုံးတွေနဲ့ Global Center for Responsibility to Protect တို့က စီစဉ်ပြီး မြန်မာ့ လက်ရှိ အခြေအနေနဲ့ ရိုဟင်ဂျာ လူနည်းစု အပေါ် ရိုက်ခတ်မှု ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မဝေေ၀နုကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

မဝေဝေနု။ ။ အဓိကဆွေးနွေးချက်တွေထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာကိစ္စ မှေးမှိန်သလိုဖြစ်သွားပြီးတော့ ကမ္ဘာကနေပြီးတော့ အရေးပေးမှု အားလျော့သွားတဲ့သဘောမျိုး တွေ့ရတာကို သူတို့အနေနဲ့ ထောက်ပြတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ခြင်းအားဖြင့်ဒါက မြန်မာနိုင်ငံအတွက်လည်းမကောင်းသလို ရိုဟင်ဂျာတွေအတွက်လည်းမကောင်းဘူး ဒါကြောင့်မို့လို့ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ထားတဲ့ စစ် သားတွေကနေပြီးတော့ အာဏာသိမ်းတာဖြစ်တယ်ပေါ့နော် ။ ဒီစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အရေးကြီးတယ် ဒါမှသာလျင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးရနိုင်မယ်ဆိုတဲ့သဘောမျိုး ကျမတို့ အဓိကထားဆွေးနွေးသွားတာကို တွေ့ရပါတယ်ရှင့်။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ရှင့် ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Volkan Bozkır လည်းတက်ရောက်တာ တွေ့ရပါတယ်ရှင့်။ သူက အဓိက ဘာများဆွေးနွေးပါသလဲရှင့်။

မဝေဝေနု။ ။ ဟုတ်ကဲ့ရှင့် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ က သူက ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ သွားကြည့်ခဲ့တဲ့ သူ့အတွေ့အကြုံရယ် ၊ နောက်မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကျူးလွန်မှုတွေနဲ့ ပတ် သက်ပြီးတော့ စစ်တပ်ကနေပြီးတော့ ပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှုအကြောင်းကို သူပြောသွားပါတယ်။ ပြီးတော့ စောနက ကျမပြောသလိုပါပဲ စစ်တပ်ကို တာဝန်ယူမှု တာဝန်ခံမှု လုပ်ခိုင်းဖို့ အရေးကြီးတယ်ဆိုတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားပါတယ်ရှင့်။

မသိင်္ဂီထိုက်။ ။
ဟုတ်ကဲ့ရှင့် နောက်တခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. Abdul Momen ကရော အဓိက ဘယ်လိုကိစ္စမျိုးကို ဇောင်းပေးဆွေးနွေးပါသလဲ။

မဝေဝေနု။ ။
သူကလည်း အဲဒီကိစ္စရပ်ကိုပဲ အဓိက မြန်မာနိုင်ငံ ရဲ့ ပြဿနာကို အမြန်ဆုံးဖြေရှင်းပြီးတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာနိုင်ရေး၊ ပြီးရင် ဒီ ဒုက္ခသည်တွေအခြေအနေ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ အခြေအနေ စသဖြင့် အဲဒီကိစ္စတွေကို ဆွေးနွေးတာဖြစ်ပါတယ်။ တရားမျှတမှုရရှိရေး Accountability ကိစ္စ ၊ နောက်မြန်မာစစ်တပ်အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ပိုပြီးတော့ တိုးမြှင့်ဖို့ တိုးချဲ့ဖို့လိုတယ် ဒါမှ ပြဿနာတွေ ပြေလည်သွားနိုင်တယ် ဒါမျိုးကို သူဆွေးနွေးသွားတာဖြစ်ပါတယ်။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ရှင့် ဆိုတော့ အင်္ဂါနေ့ ဆွေးနွေးပွဲ ခေါင်းစဉ်က ဒီ လက်ရှိ မြန်မာနိုင်ငံရေး အခင်းအကျင်းကြောင့် ရိုဟင်ဂျာ လူနည်းစုတွေကို ရိုက်ခတ်မှုပေါ့နော် ဆိုတဲ့အခါရောက်တော့ အဓိက ဒီဆွေးနွေးခဲ့တဲ့အထဲမှာ ရိုဟင်ဂျာတွေအပေါ်မှာ စစ်အာဏာသိမ်းမှု ဂယက်က ဘယ်လောက်အထိ ရိုက်ခတ်တယ်လို့ ဆွေးနွေးပွဲမှာ အဖြေထွက်ပါသလဲရှင့်။

မဝေဝေနု။ ။ အဲဒါက ကျမတို့ ဆွေးနွေးပွဲ တခုလုံးက စစ်အာဏာသိမ်းမှုအခြေအနေ ပြီးရင် ရိုဟင်ဂျာတွေအပေါ်မှာ ရိုက်ခတ်မှုတွေပေ့ါနော်၊ ရိုက်ခတ်မှုတွေလို့ ပြောတဲ့အခါမှာ လက်ရှိ မြန်မာပြည်မှာ ရှိနေတဲ့ အနေအထားတွေ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားဒေသတွေမှာ အကာအကယ်မဲ့နေမှုတွေကို ယေဘုယျအားဖြင့် ဆွေးနွေးသွားပါတယ်။ အဲဒီမှာမှ အဓိက တိုက်တွန်းချက်တွေ အဓိက စဉ်းစားချက်တွေကတော့ ရိုဟင်ဂျာတွေကို ကာကွယ်မှုပေးဖို့ ပြည်တွင်းမှာရော ပြည်ပမှာရော ကာကွယ်မှုပေးဖို့လိုတယ် အမှန်တကယ် ဒီ Crisis ပြဿနာ ကို ပြေလည်သွားဖို့ဆိုရင် ပြည်တွင်းထဲမှာ ဖြေရှင်းရမှာဖြစ်တယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ထားတဲ့ ကျူး လွန်မှုတွေအတွက် တာဝန်ခံမှု တာဝန်ယူမှုကို လုပ်ခိုင်းဖို့ လိုတယ်။ နောက်အဲလိုဖြစ်လာဖို့အတွက် စစ်တပ်ကို ဖိအားပေးဖို့လိုတယ် စစ်တပ်ကို အရေးယူဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ လမ်းကျောင်းပေါ်မှာ အခြေခံပြီး ကျမတို့ ဆွေးနွေးချက်တွေက အဲဒါတွေပါပဲရှင့်။ အဓိကတော့ အဲဒါတွေ ဆွေးနွေးသွားတဲ့သဘောပါ။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ အဲဒီတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ရိုဟင်ဂျာ အရေးကိစ္စပေါ်မှာ နိုင်ငံ တကာရဲ့ စိတ်ဝင်စားမှု အလေးပေးမှု လျော့မသွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်လို့ ကျမသိထားပါတယ်။ ဆိုတော့ ဒီဆွေးနွေးပွဲမှာရော တကယ်ပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်တာကြောင့် ရိုဟင်ဂျာ အရေးကိစ္စမှာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုက တကယ်ပဲ လျော့ကျသွားတယ်လို့ ဆွေးနွေးသူတွေက ဆွေးနွေးကြပါသလား ဘယ်လိုမျိုး ဆွေးနွေးကြပါသလဲ။

မဝေဝေနု။ ။ မှန်ပါတယ် မြန်မာပြည်မှာ အခုလိုမျိုး စစ်အာဏာသိမ်းမှုဖြစ်လာတဲ့နောက်ပိုင်းမှာ ရိုဟင်ဂျာ အရေးကိစ္စကို နိုင်ငံတကာမှာ ဆွေးနွေးမှုတွေ မှေးမှိန်သွားတာ အမှန်ပဲ ဖြစ်ပါတယ်။ အဓိကဆွေးနွေးကြတဲ့အထဲမှာ အဲဒါကိုလည်း ထောက်ပြဆွေးနွေးပါတယ်။ နောက်တခုက ကျမအနေနဲ့ ထောက်ပြတာကတော့ ရိုဟင်ဂျာ ကိစ္စ မှေးမှိန်သွားသည်ရှိသော် မရှိသော်၊ ရိုဟင်ဂျာ ကိစ္စသည် မြန်မာပြည်ရဲ့ အရေးဖြစ်တယ်။ မြန်မာပြည်ရဲ့ အဓိကအကျဆုံးသော ပြဿနာတရပ်ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာသိမ်းနေတဲ့ ကာလမှာ ပိုပြီးတော့တောင်မှ ဒီကိစ္စကို ကျမတို့ ဖြေရှင်းဖို့လိုတယ်။ ဒီကိစ္စကို အကြောင်းပြုပြီးတော့ စစ်တပ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ကို တာဝန်ယူမှုအပြစ် ပေးအရေးယူမှုတွေ လုပ်ဖို့ လိုတယ်ပေါ့နော်။ ရိုဟင်ဂျာ ကိစ္စရပ်ကို သီးခြားကိစ္စရပ်အနေနဲ့ ကျမတို့ စဉ်းစားတာမျိုး မဖြစ်သင့်ဘူး။ ရိုဟင်ဂျာ ကိစ္စရပ်ကို သီးခြားကိစ္စရပ်လိုမျိုး စဉ်းစားပြီးတော့ ကိုင်တွယ်မယ် ဖြေရှင်းမယ်ဆိုရင် ကျမတို့က ရေရှည်မှာ အဖြေရနိုင်မှာမဟုတ်ဘူးဆိုတာကိုတော့ ကျမ ထောက်ပြဆွေးနွေးခဲ့ပါတယ်။

မသိင်္ဂီထိုက်။ ။
ဟုတ်ကဲ့ရှင့် မဝေေ၀နု။ အဲဒီတော့ မြန်မာဘက်ကအနေနဲ့ရော ခုနက မဝေေ၀နုပြောတဲ့ တက်ရောက်ပြီးတော့ ဆွေးနွေးတဲ့အထဲမှာ မြန်မာဘက်ကရော ကိုယ်စားလှယ်တွေ ပါပါသလားရှင့်။

မဝေဝေနု။ ။ မြန်မာဘက်ကဆိုတော့ သူတို့ အစိုးရတွေကိုတော့ မဖိတ်ဘူးရှင့်။ ကျမတယောက်ပဲ ပါတာပေါ့ရှင့်။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ရှင့် NUG တို့ ဘက်ကလူတွေလည်း မပါဘူးပေ့ါနော်။

မဝေဝေနု။ ။ NUG တို့ ပါတာမတွေ့ပါဘူးရှင့်။ အမ မြန်မာဘက်က ရှု့ထောင့်ဆိုတာ ဘယ်သူ့ရှု့ထောင်ကို ပြောတာလဲ အမ ၊ စစ်တပ်ရဲ့ ရှု့ထောင့်လား ၊ ဘယ်သူ့ရှုထောင့်ကို ပြောတာလဲအမ ။

မသိင်္ဂီထိုက်။ ။ အခုဆိုရင် NUG ရော စစ်တပ်ရောပေါ့နော် NUG ဘက်ကလည်း သဘောထားပြောင်းလာတဲ့ ဟာမျိုးတွေ့ရပါတယ် အရင်တုန်းကလည်း ဒါက လွှတ်တော်အမတ်တွေပဲလေ ၊ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံခဲ့တာကနေ အခု NUG ဆိုပြီးတော့ ဖြစ်လာတာကနေ ရိုဟင်ဂျာ ဆိုတာကို လက်ခံလာတယ်၊ နောက်တခါ ရိုဟင်ဂျာအရေး မူဝါဒဆိုပြီးတော့ သူတို့ ပြောလာတယ်၊ ဒါသူတို့ဘက်က ပြောင်းလဲလာတဲ့ အချက်ပေါ့လေ ။ နောက် စစ် တပ်ဘက်ကတော့ ရိုဟင်ဂျာ ဆိုတာကို လက်မခံဘူးဆိုတဲ့သဘောမျိုးလည်းပြောတော့ မြန်မာဘက်ကပေါ့လေ ဒီလူတွေရဲ့ အသံ ဒီလူတွေရဲ့ ရှုမြင်ချက်ကို ထည့်သွင်းပြီးတော့ ဆွေးနွေးတာမျိုး စဉ်းစားတာမျိုးပေါ့လေ အဲဒါမျိုးများ ပါသလားလို့ ကျမ မေးတာပါရှင့်။

မဝေဝေနု။ ။ ကျမကို ဖိတ်ကြားလို့ ကျမသွားတက်တာမှန်တယ်၊ အဲဒီမှာ စစ်တပ်ဘက်ကလည်း ပါတာ ကျမ မတွေ့သလို NUG ဘက်က ပါတာလည်း မတွေ့ဘူးရှင့်။

မသိင်္ဂီထိုက်။ ။
ဒီ NUG မူဝါဒနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းဆွေးနွေးခဲ့တာ ရှိပါသလားရှင့်။ မဝေဝေနု မဟုတ်ပဲနဲ့ တခြားသူတွေကပေါ့နော် မြန်မာဘက်ကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် ဖြေရှင်းလိုစိတ်၊ စိတ်ဝင်စားစိတ် ပြင်းထန်သလဲ ဘယ်လောက်တောင်မှ ရိုဟင်ဂျာအပေါ်မှာ မူဝါဒ သဘောထားပြောင်းလာပြီလဲ ဆိုတာမျိုးများ ဆွေးနွေးချက်မှာ ပါပါသလားရှင့်။

မဝေဝေနု။ ။ NUG ရဲ့ ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အထဲမှာ ထည့်သွင်းဆွေးနွေးသွားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒါကို အထူးတလည် အကျေအလည်ဆွေးနွေးတာမျိုး မရှိပါဘူး။ အဲဒီမှာ သံအမတ် တယောက်၊ ၂ ယောက်ကနေပြီးတော့ NUG ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ ပြောဆိုသွားတာတွေ့ရပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ မဝေဝေနုကို မသိင်္ဂီထိုက် က ဆက်သွယ် မေးမြန်းခဲ့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */