" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 16, 2021

ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာ အကူအညီပေးဖို့ ကုလတိုက်တွန်

VOA
ဗွီအိုအေမြန်မာပိုင်း
ကိုဉာဏ်ဝင်းအောင်
15 မေ၊ 2021
ယာယီအမိုးအကာများနဲ့နေထိုင်နေကြရတဲ့ ရိုဟင်ဂျာမိသားစုတခု (ဓာတ်ပုံ- Reuters)

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအိမ်ရှင်အဖြစ် လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေကို ကူညီထောက်ပံ့နိုနိုင်ဖို့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောကြားလိုက်ပါတယ်။ ရှေ့တပတ်ထဲကျင်းပမယ့် ရိုဟင်ဂျာတွေဒုက္ခသည်တွေ အကူအညီပေးရေး အလှူရှင်နိုင်ငံများ အစည်းအဝေး မတိုင်ခင် အဲဒီလို ပြောဆိုလိုက်တာပါ။ ဂျနီဗာမြိုကနေ Lisa Schlein ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။

ရိုဟင်ဂျာဒုက္ခသည် (၈ သိန်း ၈ သောင်း)ကျော်နဲ့ သူတို့ကို လက်ခံထားရတဲ့ ဒေသခံဘင်္ဂါလားဒေ့ရှ်နိုင်ငံသား (၄ သိန်း ၇ သောင်း)ကျော်ရဲ့ ဘဝတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကုလသမဂ္ဂအဖွဲ့က ရန်ပုံငွေ ဒေါ်လာသန်း(၉၄၀) ကျော် လိုအပ်နေတာပါ။ အဲဒီထဲက ဒုက္ခသည် (၇ သိန်း ၄ သောင်း)လောက်ဟာ ၂၀၁၇ ရခိုင်မြောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာပိုင်တွေက ခုချိန်ထိ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပါဘူး။

ဘင်္ဂလားနယ်စပ် Cox’s Bazar က လူဦးရေထူထပ်လွန်းတဲ့ ဒုက္ခသည်စခန်းထဲ သန့်ရှင်းမှု မရှိတဲ့နေရာမှာ ဖြစ်သလို နေနေကြတာပါ။ ဒီဒုက္ခသည်တွေဟာ မရေရာတဲ့အနာဂတ်ကို ကြုံတွေ့နေရပြီး ခုထိလည်း ကူရာမဲ့ ဖြစ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ ပြောခွင့်ရ Andrej Mahecic က ဆိုပါတယ်။

“ဒုက္ခသည်အရေး ၄ နှစ်ကြာလာတဲ့ အချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဘဝလုံခြုံရေးနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံတကာက ရေရှည်ထောက်ပံ့မှုတွေ အခိုင်အမာ ပေးအပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ မေ့ထားလို့ရတဲ့ ပြဿနာကြီး မဟုတ်ပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ရော ဆယ်စုနှစ်နဲ့ချီ သဘောကောင်းကောင်းနဲ့ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပါ ကမ္ဘာကြီးက အတူရပ်တည်ကြရမှာပါ။”

ဒီကြားထဲ ကိုဗစ်ကပ်ရောဂါက ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေသခံတွေကိုပါ အခြေအနေ ပိုဆိုးသွားစေတယ်လို့ Mahecic က ပြောပါတယ်။ ဒုက္ခသည်စခန်းနဲ့ အနီးဝန်းကျင်မှာ ကိုဗစ်ပိုး မပြန့်ပွားစေရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အကူအညီပေးရေး အေဂျင်စီတွေ ခုထိ ဝိုင်းဝန်စီမံ လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ကိုဗစ်ပိုးကူးစက်မှုဆိုတာ ကြိုတင်ခန့်မှန်းလို့ရတဲ့ကိစ္စ မဟုတ်တာကြောင့် ရောဂါကာကွယ်ရေးအစီအစဉ်နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးက အလွန်အရေးပါပြီး အဲဒါကိုဆက်လုပ်နေမှသာ လူတွေအသက် ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အခြားလူတွေလိုပဲ ဒီဒုက္ခသည်တွေဟာလည်း ဘဝအတွက် အခြေခံထက်ပိုတဲ့ လိုအပ်ချက်တွေ ရှိနေတယ်လို့ Mahecic က ပြောပါတယ်။ ဒုက္ခသည်တွေဟာ ကောင်းမွန်တဲ့ အနာဂတ်၊ မျှော်လင့်ချက်၊ သင့်တင့်တဲ့အရာတွေ မရနိုင်ပဲ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခရောက်နေတာမျိုး မဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။

“အန္တရာယ်များတဲ့ခရီးကို စွန့်စားသွားလာမှုတွေကို လျှော့ချဖို့ဆိုရင်၊ ဒီဒုက္ခသည်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မျှော်လင့်ချက်ရှိတယ်ဆိုတာ ပြသဖို့ရော ၊ တချိန်ကျရင် မြန်မာနိုင်ငံမှာ သူတို့အတွက် အနာဂတ်ရှိတယ် ဆိုတာမျိုး အာမခံချက်ရှိဖို့လိုပါတယ်။ မဟုတ်ရင် ဒုက္ခသည်တွေက သူတို့ဘဝ ရှေ့ရေးအတွက် ပင်လယ်ရေကြောင်းနဲ့ ကုန်လမ်းတွေကနေ အန္တရာယ်များတဲ့ခရီးကို ဆက်လက် စွန့်စား ထွက်ခွာ နေကြဦးမှာပါ။”

ဖေဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဆူပူအုံကြွမှုတွေကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး မငြိမ်သက်တာတွေ ပေါ်ပေါက်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည် ပြန်နိုင်မယ့် အနေအထားမရှိသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ (၁)ဘီလျံ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်အတွင်း တောင်းခံခဲ့ပေမယ့် လက်တွေ့မှာတော့ ၆၀% တောင်မပြည့်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ ဒုက္ခသည်အတွက် အလှူငွေ အရင်နှစ်ကထက် ပိုရလာမယ်လို့ ကုလ-အရာရှိတွေက မျှော်လင့်နေကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ ရန်ပုံငွေရှာတဲ့ စည်းဝေးပွဲကို ရှေ့တပတ် မေလ(၁၈)ရက်မှာ ကျင်းပဖို့ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */