Tuesday, December 22, 2020

မြန်မာ အိုင်စီဂျေအမှု - မြန်မာကို စောင့်ကြည့်မယ့် တရား သူကြီး အဖွဲ့ ဘာကြောင့် ဖွဲ့တာလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
22 Dec 2020

မြန်မာ-ဂမ်ဘီယာ အိုင်စီဂျေအမှုမှာ မြန်မာကလိုက်နာရမယ့် ကြားဖြတ်အစီအမံတွေကို ဆောင်ရွက်ခြင်းရှိမရှိ လေ့လာစောင့်ကြည့်ဖို့ တရားသူကြီး သုံးဦး ပါဝင်တဲ့ ကော်မတီ တစ်ခုကို နိုင်ငံတကာ တရားရုံး အိုင်စီဂျေက ဒီဇင်ဘာ ၂၁ ရက်က ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေရှိတယ်ဆိုပြီး ဂမ်ဘီယာက အိုင်စီဂျေမှာ တိုင်ကြားခဲ့တာနဲ့ ပတ် သတ်လို့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့ အပါအဝင် ကြားဖြတ် အစီအမံ လေး ချက်ကို ချမှတ်ထားခဲ့ပြီးဖြစ်ပြီး အခုလို နောက်ဆက်တွဲ လုပ်ဆောင်မှုကို အိုင်စီဂျေက လုပ်ဆောင်တာ ဖြစ်ပါ တယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်အစီအမံထဲမှာပါတဲ့အတိုင်း ဒီအမှုနဲ့ပတ်သက်လို့ ဆောင်ရွက်ချက် တွေကို မြန်မာက အစီရင်ခံစာ နှစ်ကြိမ်တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။

ဒုတိယမြောက်အစီရင်ခံစာကို နိုဝင်ဘာ ၂၃ ရက်ကမှ တင်သွင်းခဲ့တာပါ။

ဒါပေမဲ့ ဒီဇင်ဘာ ၂၁ ရက်မှာတော့ မြန်မာနိုင်ငံကလိုက်နာရမယ့် ကြားဖြတ်အစီအမံတွေကို ဆောင်ရွက်ခြင်းရှိ မရှိ လေ့လာစောင့်ကြည့်ဖို့ တရားသူကြီး သုံးဦး ပါဝင်တဲ့ ကော်မတီ တစ်ခုကို အိုင်စီဂျေက ဖွဲ့စည်းခဲ့တာပါ။ 

ဒီလို ဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်လို့ အငြိမ်းစား တရားလွှတ်တော် တရားသူကြီး လည်း ဖြစ်၊ လက်ရှိမှာလည်း တရားလွှတ်တော် ရှေ့နေ အဖြစ် ဆောင်ရွက် နေသူ ဒေါ်သိန်းသိန်းညွန့်က အခုလို ပြောပါတယ်။

ချမှတ်ပေးထားတာတွေ အစီရင်ခံတာနဲ့ အစီရင်ခံတာတဲ့အခါ မှန်မမှန် စောင့်ကြည့်ဖို့ ဖြစ်ပြီး တမင် ဖိအားပေး တဲ့ သဘောလို့ မယူဆဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ကန့်သတ်ချက်ကြောင့်မလုပ်နိုင်ခဲ့တဲ့ ကိစ္စရပ်တချို့ကလွဲလို့ အိုင်စီဂျေကချမှတ်ထား တဲ့ ကြားဖြတ်အစီအမံတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်နေတာ တွေ့ရတယ်လို့ ဒေါ်သိန်းသိန်းညွန့်က ပြော ပါတယ်။

အိုင်စီဂျေရဲ့ ဒီလိုဖွဲ့စည်းမှုအပေါ် နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သဘောထားကို ဘီ ဘီစီ ကမေးမြန်းခဲ့ပေမယ့် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။

ဒီလို ဖွဲ့စည်းမှုဟာ ဥပဒေကြောင်းချင်းရာအရ ပုံမှန်ဆောင်ရွက်ချက်ဖြစ်ပေမယ့်လို့ ရခိုင်ပြည်နယ်က ကြေကွဲ ဖွယ်ဖြစ်ရပ်တွေကို စုံစမ်းဖော်ထုတ်ဖို့ နောက်ထပ်ခြေလှမ်းတစ်ခုလို့ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးအေးလွင်က ဘီဘီစီကို အခုလိုပြောပါတယ်။

"မြန်မာပြည်ဘက်က အရေးယူတဲ့ ကိစ္စရပ်ကလေးတွေလည်း ပေါ်လာတာတွေ့ရတယ်။ ဖြစ်ခဲ့တယ်ဆိုတဲ့ ကိစ္စ ရပ်မှာ အငြင်းပွားမှု လုံးဝမရှိဘူး။ ဘယ်အတိုင်းအတာအထိ ဖြစ်တယ်၊ ဘယ်သူ ကျူးလွန်တယ်ဆိုတာလောက် ပဲ စုံစမ်းဖို့ လိုတော့တယ်။ ဒီဟာ ဖြစ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ကို ဥပဒေ နည်းလမ်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားတယ်လို့ပဲ မြင်ပါတယ်" လို့ ဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေမှာ တိုင်ကြားခဲ့တာကြောင့် မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ် အစီအမံ အချက်လေးချက်ကိုအိုင် စီဂျေက ၂၀၂၀ ဇန်နဝါရီ ၂၃ ရက်မှာ ဆုံးဖြတ်ချမှတ်ခဲ့တာပါ။

အဲ့ဒီ ကြားဖြတ်အစီအမံ လေးချက်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့၊ မြန်မာ တပ်မ တော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့ ၊ သက်သေ အထောက်အထား တွေ မပျက်စီးအောင် ထိန်းသိမ်းဖို့၊ အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံ စာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင် သွင်း ဖို့တို့ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */