Sunday, September 27, 2020

"ကျွန်တော်မြင်တာက ဒါက လူမျိုးရေးမဲဆွယ်မှုမြောက် တယ်ဗျ"

TheVoiceWeekly Journal
By ရဲနိုင်ဦး
27 September 2020
 မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့(ISP-MYANMAR) ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းနှင့် ဆက်သွယ်မေးမြန်းခြင်း။

ရွေးကောက်ပွဲတွင် နိုင်ငံရေးဝါဒအစုံကိုင်စွဲကာ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ကြပြီဖြစ်သည်။ မဲဆွယ် ရေးကာလတွင် ၎င်းတို့ရပ်တည်သည့် ဝါဒအထိုင်ပေါ်မှ မဲဆွယ်ခြင်းများကိုလည်း တွေ့မြင်လာရသည်။ အ စဉ် အလာအရဖြစ်သော အမျိုးသားရေးကို ကိုင်စွဲကာ မဲဆွယ်မှုများရှိသကဲ့သို့ ဒီမိုကရက်တစ်စံနှုန်းများကို အခြေပြု မဲဆွယ်ခြင်းလည်းရှိနေပြန်သည်။ ဘာသာရေး၊ လူမျိုးရေးကို စည်းကို ပါးနပ်စွာဖြတ်ကျော်၍ မဲ ဆွယ် မှုများကိုလည်း တွေ့မြင်နေရသည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက်လေ့လာသူများ၏ သဘော ထားအမြင်များကို The Voice Journal က မေးမြန်းတင်ဆက်ထားခြင်းဖြစ်သည်။

The Voice Journal - လက်ရှိမဲဆွယ်မှုတစ်ခုမှာ တွေ့ရတာက ရိုဟင်ဂျာမဖြစ်ရေး မူဝါဒချမှတ်နိုင်ရေး ပေါ့။ ဒါနဲ့မဲဆွယ်တယ်။ ဒါက လူမျိုးရေးကို နိုင်ငံရေးမှာ အသုံးချ မဲဆွယ်မှုမြောက်လား။ ဘယ်လိုမြင်လဲဗျ။

UATN - ကျွန်တော်မြင်တာက ဒါက လူမျိုးရေး မဲဆွယ်မှုမြောက်တယ်ဗျ။

The Voice Journal - တကယ်လို့ အဲဒီလို လူမျိုးရေးမဲဆွယ်မှုမြောက်တယ်ဆိုရင် ရိုဟင်ဂျာ ဆိုတာကို လူမျိုး တစ်မျိုးအဖြစ် ကျွန်တော်တို့က သတ်မှတ်တဲ့သဘောမသက်ရောက်သွားဘူးလား။ ကျွန်တော်တို့နိုင်ငံက ရိုဟင်ဂျာလူမျိုးကို အသိအမှတ် မပြုထားဘူးလေ ဆရာ။

UATN - ကျွန်တော်ကတော့ အဲဒီလိုရှုထောင့်ဘက်က မဟုတ်ဘူးပေါ့နော်။ တချို့စကားတွေက Hate Speech ၊ အုပ်စုတစ်စု၊ လူမျိုးတစ်စု၊ နောက် ဘာသာရေး စသဖြင့်ပေါ့ဗျာ အဲဒါမျိုးတွေအပေါ် ကျူးလွန်တဲ့ သဘောမျိုး မဖြစ်သင့်ဘူး၊ မလုပ်သင့်ဘူးလို့ ထင်တယ်ဗျ။

The Voice Journal - အခုမဲဆွယ်နေတဲ့ပါတီတွေက မဲဆွယ်ကာလမတိုင်မီမှာ တချို့က အမျိုးသားရေးလို့ ပြောနေကြတာရှိတယ်။ ဆိုတော့ အဲဒီအမျိုးသားရေးဆိုတာဟာ အရင်ကျွန်တော်တို့နိုင်ငံရဲ့ ၁၉၂၀ လောက် က အမျိုး သားရေးလှုပ်ရှားမှုနဲ့ တူလား၊ မတူဘူးလား။

UATN - ကျွန်တော်ထင်တာတော့ အများကြီး ကွာသွားပြီထင်တယ်ဗျ။ ၁၉၂၀ တုန်းကတော့ဗျာ လွတ်လပ် ရေးကို စဉ်းစားတယ်။ ကိုယ့်နိုင်ငံကလည်း ကိုလိုနီလက်အောက်ရောက်နေတယ်။ စီးပွားရေး ကလည်း ခေါင်း ပုံဖြတ်ခံရမှုတွေ ရှိနေတယ်။ ဒါက အမျိုးသားရေးပုံစံတစ်မျိုးပေါ့။ အခုနောက်ပိုင်းပြောကြတဲ့ အမျိုး သားရေးပုံစံကတော့ သူတို့မြင်တဲ့ ချဉ်းကပ်မှုတစ်ခုက ဆန့်ကျင်ချင်တဲ့ သဘောထားရှိတာပေါ့နော်။ ချဉ်း ကပ်မှုဆိုတာက တကယ်ရှိတာဟာလည်း ဟုတ်ချင်ဟုတ်မယ်။ သူတို့ထင်နေတာလည်း ဖြစ်ချင် ဖြစ်မယ်ပေါ့ ဗျာ။ ဆိုပါစို့ မွတ်ဆလင်တွေက သူတို့ရဲ့ ဘာသာပြန့်ပွားရေးကို ဖိလုပ်နေတယ်ပေါ့။ အဲဒီလို စိုးရိမ်ချက်တွေနဲ့ အမျိုးသားရေးလုပ်ကြတာ ပိုများတယ်။ အစိုးရတစ်ခုရဲ့ တာဝန်မှာကျတော့ Secular State ပေါ့ဗျာ။ ဘာသာ ရေးနဲ့နိုင်ငံရေးကို ကွဲကွဲပြားပြား လုပ်ဖို့ဆိုတာကရှိတယ်။ ဘယ်အုပ်စုကိုမှ အသာပေးတာ မဟုတ်သလို ဘယ် အုပ်စုကိုမှ ချိုးနှိမ်တာမျိုး မဖြစ်စေရဘူး။ ဒါကို အစိုးရဘက်ကတော့ ကြပ်ကြပ်မတ်မတ် လုပ်သင့်တယ် လို့ ထင်ပါတယ်။

The Voice Journal - ဘာသာရေးနဲ့ပတ်သက်ရင် တစ်ခုမေးချင်တာက NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ၂၀၁၉ နှစ်ကုန်က သူတို့ပါတီ CEC စုံညီအစည်းအဝေးမှာ ပြောတာရှိတယ်။ လူတိုင်းကတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။ ဒါကိုလည်း အခြေခံဥပဒေမှာ အာမခံထားတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာကတော့ လူ အများစု ကိုးကွယ်တဲ့ ဘာသာဖြစ်တယ်။ တန်းတူညီမျှမှုဆိုတာမှာတော့ ဗုဒ္ဓဘာသာက လူတစ်သိန်းလောက် ကိုးကွယ်လို့ ကိုးကွယ်တဲ့အလျောက် ချီးမြှောက်ပြီး ကျန်တဲ့ လူတစ်သိန်းလောက် မကိုးကွယ်တဲ့ ဘာသာ တွေကတော့ ဗုဒ္ဓဘာသာလိုတော့ ချီးမြှောက်ခံရမှာ မဟုတ်ဘူးပေါ့လေ။ ဒီလိုရူမြင်ချက်အပေါ် ဘယ်လိုမြင် လဲဗျ။

UATN - ကျွန်တော်ကတော့ ဒီလိုပြောဆိုချက်ကို မထောက်ခံပါဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ နိုင်ငံ ရေး ပါတီတွေက သူတို့က မဲလိုချင်တာကိုး။ သူတို့ကို မဲအများဆုံးပေမယ့်လူတွေရဲ့ ထောက်ခံမှု ရအောင် တော့ သူတို့ ကြိုးစားမှာပေါ့။ နောက်တစ်ခုက ဆိုပါစို့ ဆရာတော်ကြီးတွေ ရဟန်းတွေက သူတို့ရဲ့ မဲဆန္ဒရှင် တွေအပေါ်လွှမ်းမိုးမှုရှိတယ်ဆိုရင်လည်း သူတို့ကို ဆွဲဆောင်ဖို့ နိုင်ငံရေးသမားတွေက ကြိုးစား ကြမှာပေါ့။ ဒါတွေကလည်း သမိုင်းတစ်လျှောက်မှာလည်း ရှိပါတယ်။ နောက် ထုံးတမ်းစဉ်လာအမြင်အရ သာသနာပြု မင်းကောင်းမင်းမြတ်ဆိုတဲ့ဟာမျိုး လည်းရှိတယ်။

The Voice Journal - ဒါကတော့ ပဒေသရာဇ် စနစ်မှာ အများဆုံးဖြစ်တာပေါ့ဆရာ။

UATN - အခုခေတ်ခေါင်းဆောင်တွေလည်း အဲဒီလိုပါပဲ။ သာသနာပြုတယ်ဆိုတဲ့အမြင်မျိုး ကျန်တဲ့ မဲဆန္ဒ ရှင်တွေက သူတို့ကို အဲဒီလိုထင်စေချင်တာပေါ့။ ဖြစ်စေချင်တော့ ဒါမျိုးကြိုးစားကြတာတော့ ရှိတာပေါ့။ ခုန လို NDF က ပြောတဲ့အမြင်မျိုးကိုတော့ ကျွန်တော် မထောက်ခံချင်ပါဘူး။

The Voice Journal -
နောက်တစ်ခုက အခု ရွေးကောက်ပွဲဝင်မယ့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD က သူ့ရဲ ရွေးကောက်ပွဲကြေညာစာတမ်းမှာဖော်ပြထားတာက သူအနိုင်ရရင် သာသနာရေး ဝန်ကြီး ဌာနနဲ့ ဆက်စပ်ဦးစီးဌာနတွေ ဖျက်သိမ်းဖို့၊ အလွယ်ခေါ်ကြတဲ့ မျိုးစောင့်ဥပဒေဖျက်သိမ်းဖို့နဲ့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေကို ဖျက်သိမ်းဖို့ ဒါတွေပါတယ်။ ဒါက ဘာ သာရေးကို အသုံးချမဲဆွယ်ခြင်း ဟုတ်မဟုတ် ဘယ်လိုမြင်လဲဗျ။

UATN - အဲဒါမျိုးကတော့ ပြောရခက်တယ်ဗျာ။ ပြောရခက်တယ်ဆိုတာမှာ ပြီးခဲ့တဲ့ကာလမှာတချို့ ဥပဒေေ တွ ကိုယ်တိုင်က မပြဋ္ဌာန်းသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ဆိုတော့ တချို့ကလည်း ဒါတွေနဲ့ပတ် သက်ပြီး ပြောတာဆိုတာမျိုးလည်း ရှိတာပေါ့။

The Voice Journal - ဆိုတော့ ကျွန်တော်သိချင်တာက အဲဒီလိုဥပဒေပြဋ္ဌာန်းသင့်မသင့်က တခြား Issue တစ်ခုဖြစ်သွားပြီး နိုင်ငံရေးမှာ အသုံးချ မဲဆွယ်ခြင်းရှုထောင့်က ကြည့်မယ်ဆိုရင် ခုနက CNLD က မဲဆွယ် မှုအပေါ် ဆရာဘယ်လိုမြင်လဲ။

UATN - ကျွန်တော်မြင်တာကတော့ ဒီလိုဗျ။ နိုင်ငံရေးပါတီတွေရဲ့ ကြွေးကြော်သံအပိုင်းမှာ သူတို့က သိပ် အစွန်း ရောက်တဲ့ ကြွေးကြော်မှုမျိုးလုပ်ရင် လူတွေက သူတို့ကို ထောက်ခံမှုသိပ်နည်းပါတယ်။ ဥပမာ လက် ယာစွန်းကိုပဲယူယူ၊ လက်ဝဲစွန်းကိုပဲယူယူ။ အဲဒီတော့ ပါတီတွေအများစုက မဲလိုချင်ရင် အလယ်အလတ် လမ်းကို ချဉ်းကပ်လာတဲ့သဘောရှိတယ်။ ဆိုပါစို့ တချို့ပါတီတွေက အစွန်းတစ်ဖက်ကို ရောက်တဲ့ ကြွေး ကြော် သံမျိုးလုပ်တယ်ဆိုရင် ဒါက မဲရချင်မှ ရလိမ့်မယ်။ အဲဒီလိုတော့ ကျွန်တော်မြင်တယ်။

The Voice Journal - ခုနပြောသလို ၁၉၂၀ အမျိုးသားရေးလှုပ်ရှားမှုနဲ့ ဒီကနေ့အမျိုးသားရေး လှုပ်ရှားမှုကို မတူဘူး ပြောင်းသွားတယ်လို့ ဆရာ ပြောတယ်။ အခု လက်ရှိ လစ်ဘရယ်ဒီမိုကရေစီ၊ ဆိုရှယ်ဒီမိုကရေစီလို့ ပြည်တွင်းမှာပြောနေတဲ့ ပါတီတွေကရော ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစံ၊ နိုင်ငံတကာ ဒီမိုကရေစီစံ တွေကို တကယ်ရော ယုံကြည်ရဲ့လား၊ တကယ်ရော ကျင့်သုံးရဲ့လား။ ပြောင်းလဲသွားကြလား သိပါရစေ။

UATN - ကျွန်တော်ထင်တာကတော့ တစ်ကမ္ဘာလုံးမှာ လစ်ဘရယ်ဒီမိုကရေစီတစ်ခုလုံးက ကပ်ဆိုက်တဲ့ အခြေ အနေမျိုးပေါ့။ အထူးသဖြင့် ဥရောပကိုယ်တိုင်မှာကိုက လက်ယာစွန်းပါတီတွေ အကုန်ခေါင်းထောင် လာတယ်လေ။ အမျိုးသားရေးကို ပြန်ပြောလာကြတယ်။ ပြန်ပြောလာတဲ့ အကြောင်းကလည်း ဂလိုဘယ် လိုက်ဇေးရှင်း(Globalization)ကြောင့် စီးပွားရေး သက်ရောက်ရိုက်ခတ်မှုတွေ ရှိလာတော့ သူတို့ရဲ့ Identity ၊ သူတို့အခြေ တည်ထားတဲ့အပေါ်ကို ခြိမ်းခြောက်သလို ခံစားလာရလို့လေ။ အဲဒီမှာ အမျိုးသားရေးကို ပြန် ပြော လာတယ်ပေါ့လေ။ ဆိုတော့ အမေရိကန်မှာလည်း အလားတူပဲ ဒါတွေဖြစ်တယ်။ အဲဒါအပေါ်မှာ အခြေ ပြုပြီး Populist လို့ခေါ်တဲ့ ခပ်ရိုင်းရိုင်းပြောရင်တော့ လူပြိန်းကြိုက်ဝါဒီလို့ ခေါ်တာပေါ့ဗျာ။ အဲဒီလိုဟာတွေက လည်း လူပြိန်းကြိုက်တဲ့ ကြွေးကြော်သံတွေ ကောက်ထုတ်ပြီး လုပ်လာကြတယ်။ ပြောရမယ်ဆိုရင်တော့ လစ် ဘရယ်အယူအဆကြီး တစ်ခုလုံးအပေါ်မှာ ခြိမ်းခြောက်မှုတွေ ဖြစ်လာတာပေါ့။

The Voice Journal - ဒီနေ့ကျွန်တော်တို့ ပါတီတွေမှာရော ဘယ်လိုပုံစံဖြစ်လာလဲ။

UATN - ကွာပုံက ဒီလိုရှိတယ်ဗျ။ ဒီမှာက ဒီမိုကရေစီအခြေမခိုင်သေးတော့ အင်စတီကျူးရှင်း (Institution) လို့ခေါ်တဲ့ စနစ်တွေက ယန္တရားတွေက အားမကောင်းသေးဘူး။ အားမကောင်းတဲ့အချိန်မှာ ပါတီတွေကို ဒီမို ကရေစီစံနှုန်းတွေကို ပိုပြီးအာရုံစိုက်သင့်တယ်ထင်တယ်။ အမေရိကန်လို အင်စတီကျူးရှင်းတွေ အခြေခိုင် တဲ့ နိုင်ငံမှာတောင် အခုက ပြဿနာရှိနေတာ။ သူတို့မှာကျတော့ ခုနပြောတဲ့ အင်စတီကျူးရှင်းတွေက တစ် စုံတစ်ရာ အထိန်းအထေ လုပ်သွားလို့ရသေးတယ်။ ရတယ်ဆိုတာတောင် အခု အမေရိကန်တို့ ဘာတို့မှာက တွေ့တဲ့အတိုင်း ဖြစ်ပျက်နေတာ။ ကျွန်တော်တို့ဆီက မြင်တာတော့ ဒီမိုကရေစီလို့ပြောရင် ခုနပြောတဲ့ ယန္တ ရား တို့ အထိန်းအထေတို့ကို ပိုပြီး ကြည့်သင့်တယ်ထင်ပါတယ်။

The Voice Journal - ရွေးကောက်ပွဲဝင်မယ့်ပါတီ ၉၀ ကျော်ကို ကြည့်ရင် ဘယ်ဘက်က ပိုအားကောင်းလဲ။ အမျိုးသားရေးဖြစ်မလား၊ ဒီမိုကရေစီဘက် ဖြစ်မလား။ တခြားဖြစ်မလား။ ဆရာဘယ်လို မြင်လဲဗျ။

UATN - ကျွန်တော်မြင်တာတော့ တချို့ပါတီတွေက Populist (အများကြိုက်နိုင်ငံရေး) ပိုများတယ်ဗျ။ လူ ကြိုက်မယ်လို့ ထင်တဲ့ဟာ အကုန်ထည့်ထားတာပေါ့။ နောက်တစ်ခုက တချို့ပါတီတွေကကျ Personalized Politics (လူပုဂ္ဂိုလ်အားပြုနိုင်ငံရေး) ပိုများတယ်။ ပုဂ္ဂိုလ်ရေး အားပြုတာများတာပေါ့။ တချို့ကျ Identity Politics (အမှတ်အသားသရုပ်နိုင်ငံရေး)အခြေခံတယ်။ ဥပမာ မွန် ဆိုရင် မွန် ကိုအားပေးပါတို့၊ ရှမ်း ဆိုရင် ရှမ်း ကို အားပေးပါတို့ပေါ့။ ကျွန်တော်တို့ဆီမှာက ခုနပြောတဲ့ နိုင်ငံရေးမူဝါဒထက်စာရင် Personalize Politics၊ Identity Politicsက ပိုများတယ်ပေါ့။

The Voice Journal -
အမျိုးသားရေးပါတီတွေဘက်ကရော ဘယ်လိုရှိလဲဗျ။

UATN - အမျိုးသားရေးသက်သက် မဲဆွယ်မှုရယ်လို့တော့ ကျွန်တော် သေချာမတွေ့သေးဘူးဗျ။ အဲလို ထက် စာရင် Conservative ရှေးရိုးအစဉ်အလာထိန်းချင်တဲ့ ကြွေးကြော်သံမျိုးဘက်ရှိမယ်လို့ ထင်တယ်။

The Voice Journal - ဆရာခုနပြောတဲ့ Identity Politics ပေါ့။ မွန် ဆိုရင် မွန်၊ ချင်း ဆိုရင် ချင်း ကို မဲပေး ဖို့ပေါ့။ ဒါတွေကရော လူမျိုးရေးကို နိုင်ငံရေး အသုံးချမဲဆွယ်မှု ဖြစ်မဖြစ်ပေါ့ဆရာ။ ဘယ်လိုမြင်လဲဗျ။

UATN - ဟုတ်တယ်ဗျ။ ဥပဒေအရဆိုရင် အဲဒါကို တားထားတယ်ဗျ။ အဲဒီလိုလုပ်လို့မရဘူး။ အဲဒီလို လုပ်လို့မရတော့ ပါတီတွေက ကြွေးကြော်သံကို ပြောင်းသွားတယ်။ ကိုယ့်ဒေသကပါတီကိုပဲ မဲပေးပါ ဆိုပြီးဖြစ် လာ တယ်။ ခုနလို တိုက်ရိုက်ပြောတာထက်စာရင် ဒီလိုတော့ နည်းနည်းပြောင်းသွားတယ်။

The Voice Journal -
အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဗျ။

ရဲနိုင်ဦး


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */