" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 15, 2016

အနောက်တံခါးမှ စွန့်ခွာခြင်း

TheVoiceWeekly Journal 

15-Oct-2016

အောင်မင်္ဂလာကျေးရွာတွင် ကျန်ရှိနေသည့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ နေအိမ် ကိုစွန့်ခွာ ရန် အသင့်ဖြစ်နေကြပြီ။ ၎င်းတို့ကို လိုက်ပါခွင့်ရနိုင်မည့်ကားကိုမျှော်ကာ အထုပ်အပိုးများကို နေအိမ် ရှေ့တွင်စုပုံထားကြသည်။ အသက်အာမခံချက်မရှိသည့် ယင်းနေရာတွင် နေအိမ်ကို စွန့်ခွာသွားရန်မှအပ အခြား နည်းလမ်း နတ္ထိ။

ယင်းအနက် ကလေးသုံးဦး မိခင်လည်းဖြစ် ကိုယ်ဝန်လည်း ဆောင်ထားသည့် အသက် ၃ဝ ကျော်အရွယ် မ ေအေးသူ (အမည်လွှဲ) လည်း အပါအဝင် ဖြစ်သည်။
“အိမ်ခြေ တစ်ရာကျော်မှာ မိန်းမက လေးငါးယောက်လောက်ပဲ ကျန်တော့တယ်။ အားလုံးပြေးသွားကြပြီ” ဟု အိမ်လှေကားခြေရင်းမှာ မတ်တပ်ရင်းနေရင်း ၎င်းက ပြောဆိုသည်။

အောင်မင်္ဂလာကျေးရွာမှာ ရခိုင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားများ နေထိုင်သည့်ကျေးရွာ ဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် မောင်တောမြို့နယ် ကျီးကန်ပြင်ကျးရွာရှိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် တစ်မိုင်ခွဲခန့် အကွာတွင် တည်ရှိသည့် ကျေးရွာဖြစ် သည်။ မောင်တောနှင့် ၁၁ မိုင် အကွာတွင် ရှိသည်။

လက်နက်ကိုင်ဆောင်ထားပြီး နယ်စပ်လုံခြုံရေးကို အဓိက တာဝန်ယူပေးရသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှု ဖြစ်စဉ်မှာ အောင်မင်္ဂလာကျေးရွာမှ ဒေသခံများကို နေရပ်စွန့်ခွာစေသည့် အဓိက အ ကြောင်းရင်း ဖြစ်စေခဲ့သည်။

ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာလေးရွာ အနီးတွင် တည်ရှိသည့် ယင်းကျေးရွာတွင် အိမ်ခြေ ၁ဝ၁ ဆောင် ရှိပြီး လူဦးရေ လေးရာကျော် ရှိရာ လက်ရှိတွင် အမျိုးသား ၇ဝ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း နေရပ်စွန့် ခွာမှု အခြေအနေကို ယင်းကျေးရွာမှ ဒေသခံ ဦးသန်းလွင်က ပြောကြားသည်။

လုံခြုံရေးအဖြစ် လှည့်ကင်းသာ ရှိသဖြင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာလျှင် စိုးရိမ်ရကြောင်း ၎င်းက ဆို သည်။

“ညဆိုရင် တစ်ယောက်မှ မအိပ်ကြဘူး။ ကင်းစောင့်ရတယ်” ဟု ဦးသန်းလွင်က ရှင်းပြသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် နယ်မြေစခန်းနှစ်ခု တိုက်ခိုက်ခံရပြီးနောက် မောင်တောမြို့နယ်မှ ရခိုင်တိုင်း ရင်းသားများ နေရပ်စွန့်ခွာ တိမ်းရှောင်မှု မြင့်တက်နေသည်။ အကြမ်းဖက်တိုက်ခိုက်သူများမှာ လုံခြုံရေးတပ်ဖွဲ့များကိုသာ ဦးတည်တိုက်ခိုက်နေပြီး ပြည်သူများအား ဦးတည်တိုက်ခိုက်ခြင်း မရှိသေးပေ။

သို့သော်လည်း ပဋိပက္ခများကို မကြာခဏ ခံစားရဖူးသည့် ဒေသခံများမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား သည့် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြပြီ ဖြစ်သည်။

ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် တစ်မိုင်အကွာတွင် တည်ရှိသည့် အောင်သာယာ ကျေးရွာတွင်လည်း လူဦးရေ ၄ဝဝ ကျော် ရှိသည့်အနက် သုံးပုံနှစ်ပုံခန့်မှာ နေရပ်စွန့်ခွ ာတိမ်းရှောင်သွားကြပြီ ဖြစ်ကြောင်း ယင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်စိုးမိုးက ပြောကြားသည်။

ယင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများ၏ အကျိုးဆက် ဖြစ်ပေသည်။

မောင်တောမြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ဌာနချုပ်၏ ကွက်ကဲမှုအောက်တွင် ရှိ သည့် ငါးခူရ၊ ကိုးတန်ကောက် နယ်မြေစခန်းများသည် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီမှ ၄ နာရီ ကြားတွင် ဆက်တိုက် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်။

ဌာနချုပ်မှာ အစောဆုံး တိုက်ခိုက်ခံခဲ့ရသည်။ နံနက် ၁ နာရီ မိနစ် ၃ဝ ခန့်တွင် တိုက်ခိုက်ခံရသည်။ အကြမ်းဖက်တိုက်ခိုက်သူ ၁ဝ ဦးခန့်က ဂိတ် (၁) ကို ချည်းကပ်ဝင်ရောက်ကာ ဂိတ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့် စတင်တိုက်ခိုက်သည်။ ယင်းနောက် လက်နက်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

မောင်တောမြို့နယ်တွင် ရှိသည့် ငါးခူရ နယ်မြေစခန်းနှင့် ရသေ့တောင် မြို့နယ်တွင် ရှိသည့် ကိုးတန်ကောက် နယ်မြေစခန်းတို့ကိုလည်း အကြမ်းဖက် တိုက်ခိုက်သူများက နံနက် ၃ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
 
ယင်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦး၊ အခြားအဆင့်ရှစ်ဦး စုစုပေါင်း ကိုးဦးကျဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာ ရရှိခဲ့ကာ လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄တောင့်၊ လှံစွပ် ၄၇ချောင်း၊ ကျည်အိမ် ၁၆၄ ခု အကြမ်း ဖက်သူများ ယူဆောင်သွားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းက ပြောဆိုထားသည်။

အကြမ်းဖက်သူရှစ်ဦး၏ အလောင်းရရှိပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ကာ ၎င်းတို့ထံမှ အသုံးပြု၍ မရသည့် လုပ်သေ နတ် ပစ္စတိုတစ်လက်၊ ကျည်နှစ်တောင့်၊ ကျည်အိမ်တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

သေဆုံးခဲ့သည် ရဲတပ်ဖွဲ့ဝင် အများစုမှာ ဓားဖြင့် တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက်မှု အား နည်းချက်ကို လှစ်ဟပြသနေသည်။

ဘူးသီးတောင်မှ မောင်တောသို့ သွားသည့် ကားပေါ်တွင် ဖြစ်သည်။

ယာဉ်မောင်းအမျိုးသားက “ငါတို့ မောင်တောမြို့ပေါ်မှာ လုံခြုံရေးရှိတယ်။ ကြောက်စရာ မလိုဘူး”ဟု ခရီးသည် များကို ပြောဆိုသည်။ ခရီးသည် အမျိုးသမီး တစ်ဦးကလည်း အောက်ပါအတိုင်း သရော်လိုက်သည်။

“လုံခြုံရေးကို ဓားနဲ့ထောက်ပြီး ယူသွားပြီ။ အဲဒီလုံခြုံရေးကို ဘယ်လိုအားကိုးရမလဲ”

သတင်းရယူမှုအားနည်းပြီး အလစ်အငိုက်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မောင်တောမြို့မှ ဒေသခံများကို ပြောဆိုခဲ့သည်။

“အခု သတိရှိသွားပါပြီ။ လိုအပ်တာတွေကို ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားသည့် အောက်တိုဘာလ ၉ ရက်နေ့တွင်မူ အစိုးရက တားမြစ်ခြင်း မရှိသော် လည်း မောင်တောမြို့မဈေးတွင် ဆိုင်ဖွင့်လှစ်သူမရှိ ဖြစ်သွားသည်။

“ကျွန်တော်တို့က တားမြစ်တာ မရှိဘူး။ သူတို့ဘာသာ လာမဖွင့်ကြတာ” ဟု မောင်တာမြို့နယ် ရဲတပ်ဖွဲ့မှစခန်း မှူးက ပြောကြားသည်။

ဘင်္ဂါလီ အများစု အပါအဝင် ဒေသခံများဖြင့် ရှုပ်ထွေးစည်ကားသည့် မြို့မဈေး တည်ရှိသည့် ဦးဥတ္တမလမ်းတွင် လမ်းသွားလမ်းလာ မရှိသလောက် နည်းပါးခဲ့သည်။ အိမ်ဆိုင်များလည်း ပိတ်ထားခဲ့ရသည်။ အကြမ်းဖက်မှု သုံးရက်ခန့် ကြာမြင့်သည်အထိ ဦးဥတ္တမလမ်းမပေါ်တွင် လူသူအသွားအလာ နည်းပါးနေဆဲ။ ဘင်္ဂါလီများမှာ လာရောက်မှု မရှိသလောက် နည်းပါးကြောင်း ရခိုင်ဒေသခံများထံမှ သိရှိရသည်။

မောင်တောကုန်သွယ်မှုဇုန်ကိုလည်း အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ် ဆိုင်းခဲ့သည်။

အနှေးယာဉ်မောင်းသည့် ဘင်္ဂါလီ အမျိုးသားတစ်ဦးကမူ ဒေသမတည်မငြိမ် ဖြစ်နေသည်ကို သိရှိပြီး ကြောက် လန့်သော်လည်း တစ်နေ့လုပ် တစ်နေ့စားရသဖြင့် အလုပ်နား၍ မရကြောင်း ခရီးသည်မျှော်ရင်း ပြောကြား သည်။

မြို့ပေါ်အပြင် ကျေးရွာများတွင်လည်း အသွားအလာ နည်းပါးခဲ့သည်။

ရွာလမ်းတစ်လျှောက် တိတ်ဆိတ်ငြိမ်သက်နေသည်။

လူတစ်ဦးတစ်ယောက်မျှ မရှိ။ နေအိမ်၊ ဆိုင်ခန်းများကိုလည်း ပိတ်ထားကြသည်။ အချိန်ကား နံနက် ၁၁ နာရီ ဝန်းကျင်တွင် ဖြစ်သည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ သွားသည့် လမ်းတစ်လျှောက်ရှိ ဘင်္ဂါလီများ နေထိုင်သည့် ဘ ကုန်းနား၊ နွားရုံတောင်၊ ဝါဘိတ် စသည့် ကျေးရွာများကို အောက်တိုဘာလ ၁၃ ရက်နေ့က မြင့်တွေ့ရခြင်း ဖြစ် သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကပ်လျက်တည်ရှိပြီး ဘင်္ဂါလီများ နေထိုင်သည့် ဝါဘိတ်ကျေးရွာ ကား လမ်း မျက်နှာစာတွင် တဲအိမ်ထက် အနည်းငယ်သာ ကြီးမည့် လူနေအိမ် ၂ဝ ခန့်မှာ မီးလောင်ကျွမ်းထားသဖြင့် မီးသွေးဖြစ်နေပြီ။ လူတစ်ဦးတစ်လေမျှ မြင်တွေ့ရခြင်း မရှိပေ။

ဝါဘိတ်ကျေးရွာကို တပ်မတော်က အောက်တိုဘာလ ၁၂ ရက်နေ့တွင် နယ်မြေ ဝင်ရောက်ရှင်းလင်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ဓားဖြင့် ခုတ်သတ်ခံရမှု ဖြစ်စဉ်မှာ ယင်းကျေးရွာအနီးက ကာကင်းတွင်ဖြစ်ကြောင်း နယ် မြေလုံခြုံရေး ဆောင်ရွက်သူများက ပြောဆိုသည်။
 
“ရွာထဲက လူတွေက ထွက်ပြေးသွားကြပြီ” ဟု အဆိုပါ ကျေးရွာအနီးရှိ တပ်မတော်စစ်ကြောင်းမှ တပ်မတော် သား တစ်ဦးက ပြောကြားသည်။

အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် တပ်မတော်က တပ်အင်အားတိုးမြှင့်ပြီး ရဟတ်ယာဉ်များ အသုံးပြုကာ နယ်မြေအတွင်း ပိတ်ဆို့ရှင်းလင်းမှုများကို ပြုလုပ်ခဲ့သည်။ ယင်းသို့ တန်ပြန်ပိတ်ဆို့ရှင်းလင်းရာ တပ်မတော် သားငါးဦး ကျဆုံးခဲ့ရသည်။

အကြမ်းဖက်သမားများမှာ ပြောက်ကျားနည်းစနစ် အသုံးပြုနေသဖြင့် နယ်မြေရှင်းလင်းရေး လုပ်ရသည်မှာ ရှေ တန်းထွက်ရသည်ထက် အန္တရာယ် ပိုများကြောင်း ကျီးကန်းပြင်ဌာနချုပ် အနီးတပ် ထမင်းစား ရပ်ထားသည့် စစ်ကြောင်းမှ တပ်ကြပ်တစ်ဦးက ထမင်းစားရင်း ပြောဆိုသည်။

“ရှေ့တန်းထွက်ရတာက ပိုကောင်းတယ်။ နယ်မြေရှင်းရတာ မကောင်းဘူး။ ရှေ့တန်းမှာက ဘာမှမေးစရာ မ လို ဘူး။ သူပစ် ကိုယ်ပစ် ပစ်လို့ရတယ်။ ဒီမှာက ခြုံခိုတိုက်ခိုက်တယ်။ ပြီးတော့ သူတို့ဘက်က စပစ်မှ ဒီဘက် က ပြန်ပစ်လို့ရတာ”ဟု ၎င်းက ရှင်းပြသည်။

တပ်မတော်က နယ်မြေရှင်းလင်းမှုများတွင် အပြစ်မဲ့ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ကာ ကျေးရွာများကို မီး ရှို့ဖျက်ဆီးနေသည်ဟု ရိုဟင်ဂျာအရေး လှုပ်ရှားသူ အချို့က အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းဖြန့်ခဲ့ကြသည်။

မြန်မာ့တပ်မတော်၏ သတင်းထုတ်ပြန်ချက်များတွင်မူ အကြမ်းဖက် တိုက်ခိုက်သူများက တိုက်ခိုက်သဖြင့် ပြန် လည်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ယင်းသို့ တပ်မတော်က ပစ်ခတ်သဖြင့် အကြမ်းဖက် စီးနင်းတိုက် ခိုက်သူ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ၂ဝ ဦးထက်မနည်း သေဆုံးခဲ့သည်။

ယင်းအပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် နယ်မြေစခန်းများကို ဝင်ရောက်အကြမ်းဖက်ရာတွင် ပါဝင်သူ လေးဦးကိုလည်း ဖမ်းမိထားကြောင်း မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
တပ်မတော်က တုံ့ပြန်ရှင်းလင်းမှုများတွင် အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားက ပြောဆိုထားသည် ။The Voice က သွားရောက်မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

မွတ်ဆလင် အုပ်စုများဘက်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း နိုင်ရန် ရန်ကုန်ရှိ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီမှ ရိုဟင်ဂျာဟုအမည်တပ်လေ့ရှိသော ဘင်္ဂါလီအရေး လှုပ်ရှားသူ ဥက္ကဋ္ဌနှင့် ပါတီဝင် အချို့ကိုအကူ အညီ တောင်းသော်လည်း ၎င်းတို့ကိုယ်တိုင်ပင် ဆက် သွယ်ရန် ခက်ခဲနေသည်ဟု ပြောဆိုခဲ့သည်။

နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်မှုများကြောင့် ရခိုင်တိုင်းရင်းသား ကျေးရွာများကို လုံခြုံရေးပေးမှု အား နည်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

မောရဝတီကျေးရွာမှ ထွက်လာကာ မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် သမီး၊ မြေးများ နှင့်အတူ လာရောက်ခိုလှုံနေသည့် အသက် ၄ဝ ကျော်အရွယ် ဒေါ်တင်နုကမူ “လုံခြုံရေးက ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ အတည်တကျ မရှိဘူး။ သေနတ်သံတွေပဲ ကြားနေရတော့ မနေရဲတော့ဘူး။ အဲဒါကြောင့် ထွက်လာတာ” ဟု ဆိုသည်။

ဒေါ်တင်နုမှာ ၂ဝ၁၂ ခုနှစ်တွင် ဖြစ်ပွားသည့် ပဋိပက္ခတွင် နေအိမ်မီးရှို့ခံရ၍ တစ်ကြိမ် ထွက်ပြေးခဲ့ရသည်။

အကြမ်းဖက်ခံရသည့် ကျီးပြင်ဌာနချုပ်နှင့် အနီးဆုံးတွင်ရှိသည့် အောင်သာယာ ကျေးရွာတွင်လည်း လုံခြုံရေး မရှိသည့်အပြင် လုံခြုံရေး တာဝန်ရှိသူများ လာရောက်ခြင်းလည်း မရှိကြောင်း ကျေးရွာဒေသခံများက ပြော ကြားသည်။

“လုံခြုံရေး စနစ်တကျ မလုပ်ပေးရင် ဆက်နေဖို့ မလွယ်ဘူး။ လုံခြုံမှုမရှိရင် စွန့်ခွာသွားနိုင်ပါတယ်။ ဒီတိုင်းရင်း သားရွာတွေ မရှိတော့ရင် ဘင်္ဂါလီနယ်မြေ ဖြစ်သွားတော့မယ်။ အခုလည်း အများအပြား ထွက်သွားကြပြီ” ဟု ယင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်စိုးမိုးက ပြောဆိုသည်။

ယင်းကျေးရွာတွင် နေထိုင်သူ အသက် ၄ဝ အရွယ် ဦးချိုမောင်မှာ ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်ခံရသဖြင့် မောင်တောမြို့သို့ လာရောက်ခိုလှုံသော်လည်း လုံခြုံသည့် နေရာမဖြစ်သေးပေ။

“ဘင်္ဂလားကနေ ကြောက်လို့ ဒီကို ပြေးလာတာ။ ဒီမှာလည်း ကြောက်နေရတယ်။ လုံခြုံရေးလည်း မရှိဘူး။ အခုက ကပ်ပြီးတော့ ဖြစ်နေတော့ အရမ်းကြောက်ပါတယ်” ဟု ဆိုသည်။

နယ်မြေဒေသ မလုံခြုံသဖြင့် တိုင်းရင်းသားကျေးရွာများမှ ဒေသခံများမှာ အလုပ်ထွက်မလုပ်နိုင်သဖြင့် စားနပ် ရိက္ခာလည်း အခက်အခဲ ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

အကြမ်းဖက်မှုမှာ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို အစိုးရက အောက်တိုဘာလ ၁၃ ရက်နေ့အထိ တရားဝင် ထုတ်မပြောသေးပေ။ သို့သော်လည်း ဘင်္ဂါလီ ကျေးရွာများကို တပ်မတော်က ဆက် တိုက်ဝင်ရောက်ကာ နယ်မြေရှင်းလင်းနေသည်။

အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများဟု သုံးနှုန်းထားဆဲဖြစ်သည်။

ယင်းအကြမ်းဖက်တိုက်ခိုက်မှုမှာ မည့်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကို The Voice က ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးကို မေးမြန်းရာ “ဖော်ထုတ်လို့ရရင် တရားဝင် ကြေညာပေးပါ့မယ်”ဟု ပြန်လည် ဖြေကြား သည်။

အကြမ်းဖက် အဖွဲ့အစည်းများနှင့်ပတ်သက်၍ အစိုးရက အတိအလင်း မထုတ်ပြန်မှုကို အားမလို အားမရ ဖြစ် နေသူများလည်း ရှိသည်။

ရခိုင်တိုင်းရင်းသားများကမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက် လှုပ်ရှားနေသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အကြမ်းဖက်အဖွဲ့ ဖြစ်သည်ဟု ပြောဆိုနေပြီး မောင်တောခရိုင်ရှိ ဘင်္ဂါလီများကိုလည်း RSO က စစ်သင်တန်းများ ပေးထားသည်ဟုလည်း ယူဆနေကြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းကမူ “ကျူးလွန်တဲ့သူတွေက ရိုဟင်ဂျာ ဆိုပြီးတော့ ကြွေးကြော်ပြီးတော့ စီးနင်းတိုက်ခိုက်တယ်။ ပြောတဲ့စကားတွေကလည်း ဘင်္ဂါလီ စကားပဲ ပြောသွားကြတယ်” ဟု ပြောကြားသည်။

ယင်းသို့ ပြောဆိုသော်လည်း အကြမ်းဖက်သူများမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ ၎င်းက ထုတ်ဖော်ခြင်းမရှိ သေး ပေ။

အကြမ်းဖက်အဖွဲ့၏ လုပ်နည်းလုပ်ဟန်၊ အသုံးပြုသည့် ဘာသာစကား၊ ယင်းဒေသတွင် လှုပ်ရှားလေ့ရှိသည့်အဖွဲ့အစည်း စသည့် အချက်များကို သုံးသပ်လျှင် မည်သည့်အဖွဲ့ ဖြစ်သည်မှာ အဖြေထွက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

“RSO ဆိုတဲ့ စကားလုံးသုံးလုံး ပြောဖို့ အချိန်ယူနေတာ သုံးရက်ရှိပြီ။ သုံးလပြည့်ရင်တော့ ပြောမယ်လို့ထင် တာပဲ” ဟု ၎င်းက ရေးသားထားသေးသည်။

အစိုးရက ဘင်္ဂါလီ (၎င်းအခေါ် ရိုဟင်ဂျာ) ကျေးရွာများကို ဦးတည်နယ်မြေရှင်းလင်းမှု လုပ်ဆောင်နေခြင်းမှာ အဆိုပါ အကြမ်းဖက်မှုကို ဘင်္ဂါလီများကလုပ်ဆောင်နေသည်ဟု ယူဆပုံပေါ်ကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီမှ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောဆိုသည်။

အမည်မဖော်လိုသော ရိုဟင်ဂျာ အရေးလှုပ်ရှားသူတစ်ဦးကမူ “မောင်တောမှာက ရိုဟင်ဂျာစကား လူတိုင်းပြော တတ်တယ်။ အဲဒါကြောင့်မို့လို့ ရိုဟင်ဂျာတွေ ချောက်ချခံနေရတာဖြစ်မယ်”ဟုဆိုသည်။

မောင်တောမြို့ရှိ ကညင်ဈေးတွင် ဈေးဆိုင်ဖွင့်ထားသည့် အသက် ၃ဝ ကျော် အရွယ် ဘင်္ဂါလီတစ်ဦးကမူ အကြမ်း ဖက် တိုက်ခိုက်မှုမှာ ဘင်္ဂါလီများပြုလုပ်ခြင်း မဖြစ်နိုင်ဟု ပြောဆိုသော်လည်း မည်သည့်အဖွဲ့က လုပ် ဆောင် သည်ကိုလည်း မသိကြောင်း ပြောဆိုသည်။

ယင်းအပြင် မည်သည့်အတွက်ကြောင့် အကြမ်းဖက်သည် ဆိုသည်မှာလည်း အဖြေမရှိသေးပေ။

မောင်တောအကြမ်းဖက်မှုမှာ ကုလသမဂ္ဂအထွေထွေညီလာခံတွင် လူ့အခွင့်အရေးကိစ္စများတင် သွင်းစဉ်းစား သည့် တတိယကော်မတီအစည်းအဝေး စတင်ခါစအချိန်နှင့် တိုက်ဆိုင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောဆိုသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် ပိတ်ဆို့မှု ဖယ်ရှားလိုက်သည့်အပြင် တတိယ ကော်မတီတွင်လည်း မြန်မာနိုင် ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အဆိုမူကြမ်း ဥရောပသမဂ္ဂက တင်တော့မည် မဟုတ်ဟု ကြေညာထား ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတကာက အာရုံစိုက်မှု ရအောင် ဒီလိုကိစ္စမျိုး လုပ်လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖြစ်ချင်မှ လည်း ဖြစ်ပါမယ်” ဟု ဦးကျော်တင်က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားပေးလိုက်ပြီး မစ္စတာ ကိုဖီအာနန် ကော်မ ရှင် ကြောင့် ဘင်္ဂါလီများအပေါ် နိုင်ငံတကာက အာရုံစိုက်မှု လျော့ကျလာသဖြင့် ယင်းအခြေအနေကို ပြောင်းပြန်လှန် ပစ်ရန် ပြဿနာ ဖန်တီးခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ရှုမြင်သည်။

“ပဋိပက္ခတွေ ဖြစ်လာရင် နိုင်ငံတကာအာရုံစိုက်မှု ပြန်ရမယ်။ လူမျိုးတုံး သတ်ဖြတ်နေပါပြီလို့ ပြန်အော်လို့ ရ မယ်။ ဒါတွေကြောင့် အခုလို တိုက်ခိုက်မှု ဖြစ်တာလို့ သုံးသပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂ဝ၁၄ ခုနှစ်က ဖြစ်ပွားခဲ့သော ဒုချီးရားတန်း ဖြစ်စဉ်တွင်လည်း ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့က နယ်မြေ လိုက်ရှင်းရာတွင် ဘင်္ဂါလီ ၄ဝ ခန့် သတ်ဖြတ်ခံရသည်ဟု ဆိုကာ သတင်းဖြန့်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်း များကပါ ချက်ချင်း ထောက်ခံသတင်းဖြန့်ခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။

“အခုလည်း ဒီလိုအချိုးပဲ လုပ်ချင်တာပါ”ဟု ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးရွှေမောင်က ဦးရဲထွဋ်နှင့် ဆန့်ကျင်ဘက် ရှုမြင်သည်။

“အမေရိကန်က မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပြီး တစ်ရက်အကြာမှာ ရိုဟင်ဂျာ လူမျိုးများကို နှိပ်ကွပ်ဖို့ မဟာစီမံကိန်းတစ်ခု အစပျိုးလိုက်တာဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

မောင်တောအကြမ်းဖက်မှုမှာ ရိုဟင်ဂျာ လူမျိုးများကို အကြမ်းဖက်သမား တံဆိပ်ကပ်ပြီး နှိပ်ကွပ်မည့် စီမံကိန်း ကြီးဟု ၎င်းက စွပ်စွဲသည်။

အကြမ်းဖက်မှုမှာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသလော။
မောင်တောတွင် စက်တင်ဘာလ ၁၇ ရက်နေ့က စိတ်ကြွဆေးပြား သိန်း ၆ဝ ဖမ်းမိပြီး ယင်းပမာဏမှာ ယင်းဒေ သတွင် အများဆုံး ဖမ်းမိသည့် ပမာဏ ဖြစ်သည်။ ယင်းသို့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုအပေါ် နစ်နာသူများဘက် အကြမ်းဖက်နည်းလမ်းဖြင့် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ကြောင်း ရဲချုပ် ဇော်ဝင်းက မှတ်ချက်ပေးသည်။

“ဒီအကြမ်းဖက်မှုရဲ့ သဘောသဘာဝက ဆက်နွယ်မှုတွေ အများကြီး ရှိနိုင်ပါတယ်။ စီးပွားရေးနဲ့လည်းဆက်နွှယ် နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အကြမ်းဖက် တိုက်ခိုက်ခံရမှုအကြောင်းရင်းမှာလည်း များစွာရှိနေသည်။ မောင်တောခရိုင်ရှိ လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းကျော်မှာ ဘင်္ဂါလီများ ဖြစ်သည်။

ဘင်္ဂါလီ ကျေးရွာများကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးမှု၊ နယ်မြေစိုးမိုးမှုများကို မလုပ်ဆောင်နိုင်ခြင်း၊ နယ် ခြားစောင့် ရဲများမှာ တိုက်ရည်ခိုက်ရည် အားနည်းပြီး သင်တန်းဆင်းများကိုသာ တာဝန်ပေးထားခြင်းကလည်း ယင်းသို့ ဖြစ်စေကြောင်း မောင်တော်မြို့ခံတစ်ဦး ဖြစ်သူ ဦးအောင်ကျော်မင်းက ပြောဆိုသည်။

“နစကတုန်းက စစ်တပ်ပါတယ်။ အခုက စစ်တပ်မပါတော့ အားတင်လို့ ရသွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်ကမူ “ရဲတပ်ဖွဲ့ဝင် အင်အားလည်း နည်းတယ်။ နယ်ခြားစောင့်လည်း နည်းတယ်။ လက်နက်ကိရိယာကလည်း ခေတ်မမီတာက များပါတယ်။ တပ် ဖွဲ့တွေကို တိုးချဲ့ခန့်ထားဖို့။ လစာရိက္ခာ အဆောင်အယောင်တွေလည်း တိုးပြီးပေးစေချင်တယ်။ မပေးလို့ လည်း ဒီဖြစ်ရပ်ပေါ်လာတယ်” ဟု သုံးသပ်သည်။

လတ်တလောတွင် တပ်မတော်က ဝင်ရောက်လုပ်ဆောင်နေသဖြင့် တည်ငြိမ်ရေးကို ထိန်းထားနိုင်သော်လည်း တပ်မတော် မပါဝင်ဘဲ ရဲတပ်ဖွဲ့ တစ်ခုတည်း ထိန်းနိုင်မည် မဟုတ်ကြောင်း မောင်တောမြို့နယ်မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

လက်ရှိ ရခိုင်နှင့် ဘင်္ဂါလီများ နေထိုင်ရာများကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကို လုံလောက်အောင်ဖြည့် တင်းထားကြောင်း ၎င်းက ဆိုသည်။

“နယ်စပ်ခြံစည်းရိုးကို ခိုင်ခိုင်ခံ့ခံ့ လုပ်ရမယ်။ အခုက သံဆူးကြိုးနဲ့။ အလွယ်တကူ ဝင်လို့ရတယ်။နည်းနည်းကြာ ရင် ဆွေးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ရဲတပ်ဖွဲ့အပေါ် ပြည်သူများ ယုံကြည်မှုမှာလည်း တစ်ဖြည်းဖြည်း လျော့ကျနေသည်။

“ရဲကိုတော့ အားမကိုးချင်တော့ဘူး။ စစ်တပ်လုံခြုံရေးပဲ လိုချင်တယ်” လို့ မောရဝတီ ကျေးရွာမှ ဒေါ်တင်နုက ဆိုသည်။

“အရင်တစ်ခေါက် ၂ဝ၁၂ ကလည်း ရဲတွေရှိပေမယ့် ရွာသားတွေကို မကာကွယ်နိုင်ဘဲနဲ့ မီးရှို့တာ ခံလိုက်ရပြီ။ ရဲတွေက အရင်ပြေးသွားတယ်။ ပြောရင်လည်း သေနတ်မကောင်း ကျည်မပေါက်ဆိုပြီး ခံခဲ့ရပြီးပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တိုင်းနှင့် ပြည်နယ်များအနက် ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်အင်အား အများဆုံး ထားရှိထားသော်လည်း စစ် ရေးစစ်ရာအရ ကြည့်လျှင် မလုံလောက်သေးကြောင်း ရဲချုပ်ဇော်ဝင်းက ပြောဆိုထားသည်။
 
ပြန်ကြား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နှင့် ပြည်ထဲရေး၊ နယ် စပ် ရေးရာ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်တို့နှင့် မောင်တောမြို့နယ်မှ ဒေသခံများ တွေ့ဆုံရာတွင် ဒေသခံများက ၎င်းတို့ကို ပြည်သူ့စစ် လက်နက်များ တပ်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။

“လုံခြုံရေး မပေးနိုင်ရင် ကျွန်တော့်ကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ ရှိတယ်။ လက် နက်အမြန်ဆုံး တပ်ဆင်ပေးစေ ချင် ပါတယ်” ဟု မောရဝတီ ကျေးရွာမှ အသက် ၆ဝ ကျော်အရွယ် ဒေသခံဦးထွန်းပေါ်ကပြောဆိုသည်။

မောင်တောမြို့တွင် အောက်တိုဘာလ ၁၃ ရက်နေ့အထိ သေနတ်သံများမတိတ် သေးပေ။ ဘင်္ဂါလီရွာများ ကြား တွင် ရောက်ရှိနေသည့်တိုင်းရင်းသားကျေးရွာများ မှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေ ကြသည်။ အချို့မှာ ယာယီ။ အချို့မှာ လက်ပြ နှုတ်ဆက်ထွက်ခွာသွားလေပြီ။ အကြမ်းဖက်မှုများ၏ နောက် ဆက်တွဲ အကျိုးအဖြစ် အနောက်တံခါးကို တိုင်းရင်းသား အချို့စွန့်ခွာနေရပြီ။

အောင်မင်္ဂလာကျေးရွာမှ မအေးသူ (အမည်လွှဲ) ကလည်း မိသားစု အနာဂတ် လုံခြုံရေးအတွက် ယင်းနေရာ တွင် ဆက်လက်နေ့သင့် မနေသင့် စဉ်းစားရခက်နေကြောင်း ပြောဆိုသည်။

“အရင်လို အေးချမ်းသွားရင်တော့ ပြန်လာမယ်။ အခြေအနေ မကောင်းရင် ပြန်မလာတော့ဘူး။ မိဘဆွေမျိုး တွေက ရသေ့တောင်မြို့နယ်မှာ နေတယ်” ဟု ၎င်းက ဆိုလေသည်။

အောင်မြင့်ထွန်း

အောက်တိုဘာ ၉

မောင်တောမြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ဌာနချုပ်ကွပ်ကဲမှုအောက်တွင် ရှိသည့် ငါးခူရ၊ ကိုးတန်ကောက် နယ်မြေစခန်းများသည် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီမှ ၄ နာရီကြားတွင် ဆက်တိုက်အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်။

မောင်တောခရိုင်တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အချိန်တိုးမြှင့်လိုက်သည်။ ည ၁၁ နာ ရီမှ နံနက် ၄ နာရီအစား ည ၇ နာရီမှ နံနက် ၆ နာရီသို့ တိုးမြှင့်လိုက်သည်။ အကြမ်းမှုတိုက်ခိုက်မှုနှင့် ပတ် သက် ၍ ည ၇ နာရီတွင် အစိုးရက နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ည ၈ နာရီခွဲခန့်က နယ်မြေရှင်းလင်းရာ ငါးခူရဖြစ်စဉ် ပါဝင်ခဲ့သည့် အန်ဒရာမူလာကိန်းနှင့် မော်လဝီဖော်ဒီတာ လောင်တို့ နှစ်ဦးကို ဖမ်းဆီးရမိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁ဝ

မောင်တောမြို့နယ် မြို့သူကြီးကျေးရွာ ဝန်းကျင်၌ နယ်မြေရှင်းစဉ် ယင်းကျေးရွာအနီး ကွမ်းခြံအတွင်းမှအကြမ်း ဖက် စီးနင်းတိုက်ခိုက်သူ ၂ဝ ဦးခန့်က တုတ်၊ ဓား လက်နက်များဖြင့် ရုတ်တရက် တိုက်ခိုက်သဖြင့် ပစ်ခတ်ရှင်း လင်းရာ အကြမ်းဖက်သူ လေးဦး သေဆုံးကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

တောင်ပိုင်ညာကျေးရွာကို နယ်မြေရှင်းလင်းရာ ရွာသားရှစ်ဦးခန့်က ဓား၊ တုတ်များဖြင့် ရုတ်တရက် တိုက်ခိုက် သဖြင့် ပြန်လည်ပစ်ခတ်ရာ အကြမ်းဖက်သူ ခုနှစ်ဦးသေဆုံးကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၁

ပြောင်းပစ် ကျေးရွာအနီးတွင် တောင်ကုန်းပေါ်တွင် အသင့်နေရာယူထားသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက် သူ ၃ဝဝ ခန့်က လက်နက်ငယ်၊ စက်သေနတ်များဖြင့် ပစ်ခတ်သဖြင့် တပ်မတော်သားလေးဦး သေဆုံးကြောင်း တပ် မတော်က သတင်းထုတ်ပြန်သည်။ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ တစ်ဦး သေဆုံးသည်။

ကျီးကန်းပြင်စခန်း ဌာနချုပ် လက်နက်တိုက်များ ဖောက်ထွင်းရာတွင် အဓိက ပါဝင်သူ နှစ်ဦးဖြစ်သည့် ဝဲဘက် ခြေခထောက်တွင် ဒဏ်ရာများ ရရှိထားသည့် အစ္စမာန်နှင့် ကျေးရွာတာဝန်ခံ အဘူကာလာမ်တို့ နှစ်ဦးကိုမောင် နှမ အလယ်ကျေးရွာတွင် ဖမ်းမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ညသန်းခေါင်ယံ အကြမ်းဖက်မှုတွင် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို သြင်္ဂိုဟ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအ မတ်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် တွေ့ဆုံသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံရေး၊အကြမ်းဖက် ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ရေးတွင် ကူညီရန် မြန်မာဘက်က ဆွေးနွေးခဲ့သည်။

အောက်တိုဘာ ၁၂

ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးများ ဖြစ်သည့် ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရ တာဝန်ရှိသူများ မောင် တောတွင် ဒေသခံများနှင့် တွေ့ဆုံသည်။

ကြက်ရိုးပြင်ကျေးရွာသို့ သွားရောက်နယ်မြေရှင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများက သေနတ်၊ တုတ်၊ ဓားများဖြင့် တိုက်ခိုက်သောကြောင့် ပြန်တိုက်ရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁ဝ ဦး သေဆုံးကြောင်း တပ် မတော်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၃

ဘင်္ဂါလီ ကျေးရွာများကြားတွင် ပိတ်မိကာ နေရပ်သို့ မပြန်နိုင်သည့် ဆရာ၊ ဆရာမ အများစု အပါအဝင်နိုင်ငံ့ဝန် ထမ်း ၆ဝ ကျော်ကို တပ်မတော် ရဟတ်ယာဉ်ဖြင့် သယ်ယူကာ ဘူးသီးတောင်မြို့သို့ ပို့ဆောင်ခဲ့သည်။

အောက်တိုဘာ ၁၄

နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆) ကို ထုတ်ပြန်သည်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်းကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄တောင့်၊လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ကြောင်း၊လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမကြောင့်အကြမ်း ဖက်သမား ရှစ်ဦး၏ အလောင်းများ ရရှိခဲ့ပြီး နှစ်ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့ထံမှ လုပ်သေနတ်ပစ္စတို တစ်လက်၊ ၎င်းကျည် နှစ်တောင့်နှင့် ကျည်အိမ် တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆင်ရေးဆင်နွဲရာ တပ်မ တော်သားငါးဦး အသက်ပေးလှူခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးရမိသော အကြမ်းဖက်သမား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် လွှဲပြောင်းပေးခဲ့သည့် အကြမ်း ဖက်သမား နှစ်ဦးတို့ကို ပဏာမ စစ်ဆေးဖော်ထုတ်ချက်အရ မောင်တောမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် တိုက်ခိုက်မှုများသည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးမှုကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့သောအကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သော မောင် တောဒသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ဦးဆောင်သူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အ စွန်းရောက်တစ်ဦး ဖြစ်သည့် အသက် ၄၅ နှစ်ခန့်ရှိ ဟာဗစ်တူဟာရ် ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံရှိ တာလီဘန် များထံ ခြောက်လ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး ၎င်း၏ အစ်မလေးဦးနှင့် အစ်ကို တစ်ဦးတို့မှာ ဆော်ဒီအာ ရေးဗီးယားနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း၊ ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်အနီးရှိ ကျေးရွာတစ်ရွာတွင်လည်း သွားရောက်နေထိုင်လေ့ ရှိပြီး ဒုက္ခသည် အမည်ခံ၍ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများ ရယူလျက်ရှိကြောင်း၊ ၎င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသူ များမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနေ ငါးခူရကျေးရွာတွင် ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည်စခန်းတွင် နေထိုင်သော အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခ သည် စခန်းတွင် နေ ထိုင်သော ဇူဘိုင်၊ အစ္စလာမ်ဆိုသူ အပါအဝင် ၁၂ ဦး ဖြစ်ကြောင်း၊ ခါလစ်သည် ပါကစ္စတန် နိုင်ငံတွင် အကြမ်း ဖက် သင်တန်းတက်ရောက်ထားသူ တစ်ဦးဖြစ်ပြီး မြန်မာ၊ ဘင်္ဂလီ၊ ရခိုင်၊ မလေး၊ ပါက စ္စတန်နှင့် အင်္ဂလိပ် ဘာ သာစကားများ ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သော ငါးလခန့်မှ စ၍ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင်တောဒေသသို့ ဝင်ရောက်လာပြီး ဟာဗစ်တူဟာရ် စည်းရုံးထားသောဒေသနေ အစွန်း ရောက် လူငယ်များကို အကြမ်းဖက်သင်တန်းများ ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */