" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 12, 2020

အစိုးရနဲ့ ကုလအဖွဲ့တွေ ရခိုင်ဒေသအရေးဆောင်ရွက်မှု တစ်နှစ် သက်တမ်းတိုး


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများကျော်လွင်ဦး
2020-05-12
 

■ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR တို့ဟာ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ မြန်မာ အစိုးရနဲ့ သဘောတူ ထားတာကို တစ်နှစ်သက်တမ်းထပ်တိုးလိုက်တယ်လို့ မေ ၁၁ ရက်နေ့ မနေ့က ကြေ ညာခဲ့ပါတယ်။



ကုလသမဂ္ဂအဖွဲ့တွေဟာ ၂၀၁၈ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ ပေးရေး လုပ်ငန်းတွေကို စတင်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကူးသွားသူတွေ ဒီ သုံးနှစ်ကာလအတွင်း ပြန် မလာကြသေး ပါဘူး။

ဒီလိုအောင်မြင်မှုမရတာဟာ ဒုက္ခသည်တွေရဲ့ သဘောထားကို မရယူခဲ့တာ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေ ကြောင့်လို့ လူ့အခွင့်ရေးသမားတချို့နဲ့ ဒုက္ခသည်တွေက ထောက်ပြပါတယ်။

စီမံကိန်းတွေကို သက်တမ်းတိုးနေပေမယ့် ဒုက္ခသည်နေရပ်ပြန်ရေး အဆင်မပြေရင် မအောင်မြင်ဘူးလို့ ရိုဟင်ဂျာရေးလှုပ်ရှားသူ ရန်ကုန်မြို့က ဦးသာအေးက ထောက်ပြပါတယ်။

“စာချုပ်တွေချုပ်ဆိုတာနဲ့စာရင် ချုပ်ဆိုထားတဲ့အတိုင်းလက်တွေ့မှာ အကောင်အထည်ဖော်ပြီးတော့မှ ဒုက္ခသည်တွေပြန်လာနိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးပေးတာက အဓိကပေါ့၊ စာချုပ်ချုပ်ပြီးတော့ ပြန်လာ နိုင်ရေးမလုပ်နိုင်ဘူးဆိုရင် ဒီစာချုပ်ကသက်တမ်းပဲကုန်သွားမယ်၊ တကယ့်လက်တွေ့မှာတော့ အလုပ်ဖြစ် မှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းနီးပါးရှိပြီး ဒီနေ့အထိ နှစ်နိုင်ငံသဘောတူညီမှုနဲ့ တ ယောက်မှ ပြန်မလာနိုင်သေးပဲ မိမိသဘောဆန္ဒအရ နေရပ်ပြန်လာတဲ့သူ ၃၀၀ နီးပါးရှိတယ်လို့ နိုင်ငံခြား ဝန် ကြီးဌာန တာဝန် ရှိသူတွေက ပြောပါတယ်။

နေရပ်ပြန်ဖို့ ခက်ခဲနေရတာဟာ ဒုက္ခသည်တွေမှာ ခိုင်လုံတဲ့အကြောင်းရှိနေတယ်လို့ လူ့အခွင့်ရေး လှုပ်ရှား သူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ထောက်ပြပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ယုံကြည်မှုကို အစိုးရကမရဘူး၊ အစိုးရက မတည်ဆောက်နိုင်ဘူး၊ သူတို့ က ဘာ လုပ်လဲ ဆိုရင် UN အေဂျင်စီဖြစ်တဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင် ရွက်တယ် ဆိုတာလုပ်တယ်၊ ဟိုဘက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဆက်သွယ်ဆောင်ရွက် တာ သူတို့ ရဲသဘောထားတွေ ဘယ်လို့ရှိသလဲဆိုတာ မေးမြန်းဆောင်ရွက်တာမရှိပဲနဲ့ လုပ်ချင်တဲ့ဟာပဲ အစိုးရနဲ့ UN အေဂျင်စီနဲ့ပေါင်းလုပ်တဲ့ အခါကျတော့ ဟိုဘက်ကလူတွေက သူတို့ရဲ့သဘောထားတွေကို တင်ပြဆွေးနွေး ခွင့်မရဘူး၊ သူတို့လိုချင်တာမရတဲ့ အခါကျတော့ ဘယ်တော့မှ သူတို့ပြန်လာမယ့်အစီ အစဉ်က လွယ်ကူ ချောမွေ့မယ်မထင်ဘူး”

အစိုးရအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာစေချင်တယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးပြီး တွေ့ဆုံညှိနှိုင်းတာ၊ ပွင့်လင်းမြင်သာစွာချပြတာတွေ လုပ်သင့်တယ်လို့ အကြံပြုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးအောင်မြိုင်က ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံသားအခွင့်အရေး အပါအဝင် ဆောင်းဆိုချက်တွေကို လိုက်လျောရင် ချက်ချင်း ပြန်လာကြမယ်လို့ ပြောပါတယ်။

“အဓိကနိုင်ငံသားအခွင့်အရေး၊ လုံခြုံရေး၊ လွတ်လပ်စွာသွာလာခွင့်ရရေး၊ ကျန်းမာရေး၊ ပညာရေး ဒါတွေ ကို အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်စီစဉ်ပေးမယ်ဆိုရင် ဒီကဒုက္ခသည်တွေကလည်း ခုလုပ်ပေးရင် ခုပြန် လာ မယ့်သဘောမျိုးရှိနေတယ်၊ ဒါတွေကို အစိုးရအနေနဲ့ လိုက်လျောဖို့လိုပါတယ်၊ အပြန်အလှန် ပွင့် လင်းမြင် သာ ဖို့လည်းလိုပါတယ်”

ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ရွာအလိုက် လူကြီးတွေ သဘောထားကို ရယူတာ၊ လုံခြုံရေးအာမခံချက် အပါအဝင် လွတ်လပ်စွာ သွားလာခွင့်၊ ရပ်ရွာဟောင်းမှာ ပြန်လည်နေထိုင်ခွင့် စတဲ့ အချက်တွေကို လိုလား
နေ ကြတာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စ ကြန့်ကြာနေတာဟာ သူတို့ရဲ့တောင်းဆိုချက်တွေကြောင့်လို့ ပြောပါတယ်။

“သူတို့ဘက်က သတ်မှတ်ချက် Condition တောင်းတာတွေက များလွန်းလို့ပေါ၊ ဖြစ်သင်ဖြစ်ထိုက် တဲ့အ ချက်တွေ ဆို လွယ်ပါတယ်၊ ကျနော်တို့ဘက်က သတ်မှတ်ချက်မထားဘူး၊ ဘာမှမထားဘူး၊ ဥပမာ အ ကြမ်း ဖက်သမားတို့၊ နိုင်ငံရဲ့ဥပဒေကို လေးစားလိုက်နာရမယ်တို့ပဲပါတယ်”

နားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လက် မှတ်ထိုးတာဖြစ်ပြီး သက်တမ်းက ၂၀၂၁ ဇွန်လအထိ ရှိမှာပါ။

၂၀၁၈ ခုနှစ်က စတင်ခဲ့တဲ့ ဒီ သဘောတူညီချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရောက်နေတဲ့ ရိုဟင်ဂျာတွေ မြန်မာ နိုင်ငံဘက်ကို သူတို့ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိပြန်လာပြီး၊ လုံခြုံစွာရေရှည်နေထိုင်နိုင်မယ့် အခြေအနေ ဖြစ်အောင် ဖန်တီးပေးဖို့နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်သုံးခုမှာနေထိုင်တဲ့ ပြည်သူတွေ အားလုံး အကျိုးဖြစ်ထွန်းစေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာအောင် ပံ့ပိုးပေးဖို့ ရည်မှန်းချက်တွေ ပါဝင်ပါ တယ်။

ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ သူတို့ဆန္ဒအလျောက် ပြန်လာနိုင်တဲ့ အခြေအနေ မဖြစ်သေးပေမယ့် ဒီ သဘောတူ ညီချက်ကြောင့် UNHCR နဲ့ UNDP တို့ဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ရွာ ပေါင်း ၁၂၀ မှာ နေထိုင် သူ ၂၆၀၀ လောက်ကို သွားရောက်တွေ့ဆုံခဲ့ပြီး၊ အမြန်ဆုံး ထိရောက်မှုရှိမယ့် စီမံကိန်း ၇၅ ခု စီစဉ်ပေးနိုင်ခဲ့တယ် လို့ UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ကပ်ရောဂါကာလမှာ စီမံကိန်းလုပ်ဆောင်မှုတွေ နှေးကွေးနေပြီး၊ ဒေသခံလူမှုအသိုက် အဝန်းတွေ ကြားမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး၊ ပညာပေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UNHCR အဖွဲ့ကို RFA သတင်းဌာနက အီးမေးပို့မေးမြန်းထားပေမယ့် ညနေ ၄ နာရီ အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ရိုဟင်ဂျာအရေးကိစ္စကို ဆောင်ရွက်ရာမှာ နိုင်ငံသားနဲ့ တိုင်းရင်း သား ဆိုတာကို နှစ်ဘက်စလုံးက ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်လို့ ပြောပါတယ်။

“ကျနော်တို့အဓိကတော့ အဲဒေသမှာလုပ်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေနဲ့ တိုင်ပင်လုပ်ရမှာပေါ့၊ တိုင်းရင်း သား ဆိုတဲ့ကိစ္စနဲ့ နိုင်ငံသားဆိုတဲ့ကိစ္စကို နှစ်ဖက်လုံးက ကွဲကွဲပြားပြားနားလည်ပြီး ဖြေရှင်းဖို့လို တယ် လို့ထင်တယ် အဲဒါဆို အဖြေရနိုင်မှာပါ”

အစိုးရအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအပါအဝင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုကိစ္စတွေဆောင် ရွက် မယ်ဆိုရင် တွေဆုံညှိနှိုင်းတာတွေ၊ ယုံကြည်မှုတည်ဆောက်တာတွေနဲ့ ပွင့်လင်းမြင်သာစွာ ချပြ ဖို့ အ ရေးကြီးတယ် လို့ လူ့အခွင့်ရေးသမားတွေ၊ ဒုက္ခသည်တွေက ထောက်ပြကြပါတယ်။

မြန်မာအစိုးရနဲ့ သဘောတူညီချက်ကို သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကြိုဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး ဝန်ကြီးက BenarNews သတင်းဌာနကို ပြောပါတယ်။

“ရိုဟင်ဂျာတွေ ပြန်နိုင်ဖို့ အောက်ခြေမှာ သင့်တော်တဲ့ အခြေအနေတွေ စီစဉ်နိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့ အစည်းတွေက လုပ်ဆောင်သင့်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေ အား သွန်ခွန်စိုက် လုပ်ရမှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ရဲ့ တောင်းဆိုချက်ကတော့ အင်မတန် ရှင်းပါတယ်၊ မြန်မာအစိုးရက သူ့ပြည်သူတွေပြန် ခေါ် တာကို ကျနော်တို့ လိုလားတယ်၊ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နိုင်ငံသားပေးရမယ် မပေးနိုင် ဘူးဆို တဲ့အချက်ကို ဆွေးနွေးငြင်းခုံရာမှာပါဝင်ဖို့ ကျနော်တို့ မလိုလားပါဘူး” လို့ ဝန်ကြီးက ဆက်ပြော ပါတယ်။

ရိုဟင်ဂျာတွေ အရင် ပြန်ရပါမယ်၊ ပြီးတော့မှ သူတို့ လိုလားချက်တွေကို တောင်းဆိုသင့်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

လင့်၊https://www.rfa.org/burmese/program_2/rohingya-repatriation-extend-05122020045704.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */