" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 8, 2020

ရခိုင်ပြည်နယ် အင်တာနက် ဖြတ်တောက်မှုအပေါ် ဂမ်ဘီ ယာ တရားရေးဝန်ကြီး စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
08 မတ်၊ 2020
ICJ တရားရုံးအပြင်ဘက်တွင် မီဒီယာများနှင့် တွေ့ဆုံ ပြောဆိုနေသည့် ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambaou. (ဇန်နဝါရီ ၂၃၊ ၂၀၂၀)

ရခိုင်ပြည်နယ်တွင်း အင်တာနက် ဖြတ်တောက်မှုတွေဟာဆိုရင် ICJ မှာ ကြားဖြတ် အရေးပေါ်စီမံချက်တွေ အတိုင်း ဆောင်ရွက်မှု အခြေအနေကို ပထမဆုံး အစီရင်ခံစာ တင်ရတော့မယ့် မြန်မာအတွက် မကောင်း ဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ တရားရုံး (ICJ) မှာ အမှုဖွင့် ထားတဲ့ ဂမ်ဘီယာနိုင်ငံကတော့ အမှုကို အခိုင်အမာ တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောဆို သွားပါတယ်။ ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီး Abubacarr Marie Tambaou ကို ဗွီအိုအေ ဘင်္ဂလားဘာသာ အစီအစဉ်က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။ မသိင်္ဂီထိုက် ကောက်နုတ်တင်ပြထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာတရားရုံး (ICJ) မှာ အမှုဖွင့်ခံထားရတဲ့ မြန်မာနိုင်ငံ အနေ နဲ့ တရားရုံးရဲ့ ကြားဖြတ် အရေးပေါ်စီမံချက် အမိန့်ကို ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး အစီရင် ခံ ရမယ့်အချိန်မှာ ရခိုင်ပြည်နယ်တွင်း အင်တာနက်တွေ ဖြတ်တောက်ထားတာက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambadou က ပြောဆိုသွားပါတယ်။

“အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဒေသတွင်းမှာ အဆက်အသွယ်တွေ ပြတ်တောက် ကုန်နိုင်တဲ့အတွက် တရားရုံးအမိန့်ကို လိုက်နာရမယ့် မြန်မာနိုင်ငံအတွက်တော့ သိပ်ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တရားရုံးအမိန့်အရ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် အကာအကွယ်ပေးကြောင်း အ ခိုင်အမာ ပြသဖို့ရမှာ ဖြစ်ပါတယ်။ အခုကတော့ သိပ်အားရစရာ မကောင်းပါဘူး။ ဒါပေမယ့်လည်း အင်တာ နက် အဆက်အသွယ်တွေ ဖြတ်တောက်တဲ့ အကြောင်းရင်း အပေါ်မှာတော့ ခန့်မှန်းပြောတာမျိုး မလုပ်ချင် ပါဘူး။ ကျနော့်မှာ မှတ်ချက်ပေးစရာ အချက်အလက်လည်း မရှိပါဘူး။ ဒါပေမယ့် စောင့်ကြည့်နေတဲ့ ယန္တရား ရှိနေပြီး မြန်မာအနေနဲ့လည်း တရားရုံးကို မကြာခင်မှာ အစီရင်ခံစာ တင်ရတော့မှာပါ။”
နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနဲ့ မြန်မာအမှုကို စစ်ဆေးစဉ်ကာလအတွင်း မြန်မာဘက်က တရားရုံးရဲ့ ကြားဖြတ် အရေးပေါ် အစီအမံ ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး ၄ လတကြိမ်၊ နောက်ပိုင်းမှာ ၆ လတကြိမ် ပုံမှန်အစီရင်ခံ တင်ပြရမယ်လို့ ဇန်နဝါရီ ၂၃ ရက်နေ့က အမိန့်ချထား တာကြောင့် အစီရင်ခံစာ တင်ရမယ့်ရက်က နီးနေပါပြီ။ မြန်မာရဲ့ အစီရင်ခံစာထဲမှာ ဘယ်လိုအချက်တွေ တွေ့ ရဖို့ရှိသလဲ ဆိုတာကိုတော့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambadou က အခုလို ပြောပါတယ်။

“အစီရင်ခံစာထဲမှာတော့ တရားရုံးက ချမှတ်ထားတဲ့အတိုင်းပဲ ကြားဖြတ် လုပ်ဆောင်ရမယ့် ကိစ္စတွေကို မြန်မာဘက်က အကောင်အထည် ဖော်နေတယ်ဆိုတဲ့ ခိုင်မာတဲ့အချက်တွေ ပါဝင်ရမယ်လို့ ကျနော် ယုံကြည် ပါ တယ်။ ဒီထဲမှာ ကာကွယ်စောင့်ရှောက်တဲ့ အစီအစဉ်တွေ၊ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံ ဘေး ကင်းရေး ဆောင်ရွက်ချက်တွေနဲ့ မြန်မာနိုင်ငံတွင်းမှာ ကျန်နေသေးတဲ့သူတွေအပေါ် နောက်ထပ် ထိ ခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့အချက်တွေ ပါရပါမယ်။ ဒါတွေက အစီရင်ခံစာထဲမှာ ကျနော်တို့တွေ့လိုတဲ့ အချက်တွေပါ။”


    နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲထား တာကို မော်လ်ဒိုက်နိုင်ငံကလည်း ထောက်ခံထားပြီး အလားတူ တရားစွဲဆိုဖို့ ကြေညာထားတာပါ။

တခြားနိုင်ငံတွေရော ပါလာနိုင်ခြေ ရှိပါသလားလို့ မေးတာမှာတော့ ဂမ်ဘီယာနိုင်ငံကို OIC အစ္စလာမ္မစ် ပူး ပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက ထောက်ခံထားကြောင်း၊ တခြားနိုင်ငံတွေကလည်း မတူကွဲပြားတဲ့ အခန်းကဏ္ဍ အသီးသီးကနေ ဆောင်ရွက်နေပါတယ်လို့ ဖြေကြားသွားပါတယ်။

ဂမ်ဘီယာနိုင်ငံ အနေနဲ့တော့ မြန်မာဘက်က အစီရင်ခံစာ မထွက်ခင်မှာ အမှုကို အခိုင်အမာ သက်သေ ပြနိုင်ဖို့ ပြင်ဆင်နေကြောင်းလည်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ဖြေကြားသွားပါတယ်။

“တရားရုံးက ကြားဖြတ်လုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးထားပါတယ်။ ဒါပေမယ့် ဒါက အမှုပြီး သွား တာ မဟုတ်ပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ပါတယ်ဆိုပြီး မြန်မာအပေါ်မှာ ကျနော်တို့ စွဲဆို ထားတဲ့ အမှုအတွက် သက်သေပြရဦးမှာပါ။ ဆိုတော့ စုံစမ်းစစ်ဆေးစရာတွေ၊ သုတေသန လုပ်စရာတွေ၊ သက်သေအထောက်အထား စုစည်းတာတွေ၊ ကျနော်တို့ အမှုကို ခိုင်မာအောင် သက်သေပြဖို့ ပြင်ဆင် စ ရာတွေ အများကြီးရှိပါတယ်။ ဒါတွေလုပ်နေပါတယ်။ ကြိုးစားပမ်းစား လုပ်နေပါတယ်။”

မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုအချိန်ထိ လက်သင့်မခံပါဘူး။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် သဘောတူထားပေမယ့်လည်း လက်တွေ့ အကောင် အ ထည် မပေါ်သေးပါဘူး။ အခုအချိန်ထိတော့ မြန်မာနိုင်ငံတွင်းက ထွက်ပြေးရသူ ၇ သိန်းကျော်ဟာ ဘင်္ဂ လားဒေရှ့် ကော့ဇ်ဘဇားမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */