Thursday, December 12, 2019

ICJ နောက်ဆုံးနေ့ ဂမ်ဘီယာ လျှောက်လဲချက်

VOA
ဗွီအိုအေ (မြန်မာဌာန)
12 ဒီဇင်ဘာ၊ 2019
ဦးကျော်ဇံသာ၊စုမြတ်မွန်
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့အမှုအတွက် နှစ်ဘက် တကြော့ပြန် လျှောက်ထားချက်တွေကို ဒီကနေ့ တင်ပြကြပါတယ်။ Gambia နိုင်ငံဘက်က တင်ပြလျှောက်ထားသွားကြတဲ့ ဥပဒေပညာရှင်တွေက မနေ့က မြန်မာနိုင်ငံဘက်က လျှောက်လဲချက်တွေကို ပြန်လည်ချေပခဲ့ကြသလို၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်တဲ့ အခြေအနေပိုဆိုးမလာအောင် ကာကွယ်တားဆီးမှုတွေ တရားရုံးက ဆုံးဖြတ်ချမှတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေကို အဓိကထား လျှောက်ထားသွားကြတာ ဖြစ်ပါတယ်။ ဒီလျှောက်ထားချက်တွေကို တရားရုံးထဲမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ မဆုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။


မေး ။ ။ ဒီကနေ့ Gambia ဘက်က ဘယ်လိုအချက်တွေနဲ့ လျှောက်ထားတင်ပြသွားကြသလဲဆိုတာကို ပြောပြပါဦး ဦးကျော်ဇံသာရှင်။
ဦးကျော်ဇံသာ။ ။ ပထမဦးဆုံးက ဂမ်ဘီယာရဲ့ ပထမလျှောက်ထားချက်ကို မြန်မာနိုင်ငံဘက်က ချေပတဲ့နေရာမှာ သူ့တို့လျှောက်ထားချက်ကို အမှန်တကယ် မချေပနိုင်ခဲ့ဘူး ၊ မတုံ့ပြန်နိုင်ဘူးဆိုတာကို သူတို့ သက်သေ သာဓကနဲ့ တင်ပြပါတယ်။ ပထမအနေနဲ့ကတော့ အချက်အလက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဂမ်ဘီယာဘက်က အဓိက လျှောက်လဲတဲ့ ရှေ့နေချုပ်ဖြစ်တဲ့ Paul Reichler က တင်ပြတယ်။ အဲဒီမှာ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ကျူးလွန်ခဲ့တဲ့ intent ရှိတာကို သူတို့ မဟန့်တားနိုင်ခဲ့ဘူး။ ကျူးလွန်ဖို့ ဖြစ်ဖို့ ကိစ္စတွေကို မဟန့်တားနိုင်ဘူး ဆိုတာကို အဓိက ပြောသွားတာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ကိုယ်တိုင်က အထူးသဖြင့် မြန်မာစစ်တပ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရက်စက်မှု ၊ ဒီလူမျိုးစုတွေအပေါ် ရက်စက်မှုကို သူတို့ မဟန့်တားခဲ့ဘူး ဆိုတာကို အဲဒီလို ရက်စက်မှုတွေ ကျူးလွန်မှုတွေရှိတယ်ဆိုတာကို ပြောသွားတယ်၊ သူတို့ မဟန့်တားခဲ့ဘူး ဆိုတာကို အထောက်အထား နဲ့ ချေပသွားတာကို တွေ့ရတယ် ၊ ပထမဆုံးအနေနဲ့ကတော့။ အထူးသဖြင့် သူတို့အငြင်းပွားမှုတွေကို မပြောဘူး ၊ ရွာတွေဖျက်ဆီးခံရတာ၊ လိင်ကိစ္စ စော်ကားခံရတာ၊ နောက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Facebook ထဲမှာ ဒီကိစ္စကို ကျနော်တို့ အပြတ်ရှင်းတော့မယ်ဆိုတာတွေ ရေးထားခဲ့တာနဲ့ တကွ အထောက်အထားကို ဦးစားပေးပြီးတော့ သူ တက်တက်ကြွကြွတင်ပြသွားပါတယ် ဒါကတော့ ပထမဦးဆုံးတင်ပြတဲ့ ရှေ့နေကြီးတင်ပြခဲ့တာပါ။

မေး။ ။ ဒီနေ့ ဂမ်ဘီယာ ဘက်က ဥပဒေပညာရှင် ၃ ယောက်ထဲက ပထဆုံး လျှောက်ထား တင်ပြသွားတဲ့ ဦးကျော်ဇံသာပြောသလိုပဲ ဥပဒေပညာရှင် Paul Reichler ပါ။ နောက်ဥပဒေပညာရှင်တယောက်ဖြစ်တဲ့ ပါမောက္ခ Pierre d’ Argent ပြောသွားတဲ့ထဲမှာတော့ ICJ မှာ အခုအမှုကိစ္စ စီရင်ပိုင်ခွင့် ရှိသလားလို့ မနေ့က မြန်မာဖက်က မေးခွန်းထုတ်သွားတဲ့ အချက်ကို ပြန်ချေပသွားတာတွေ့ပါတယ်။ ဆိုတော့ ပါမောက္ခ ဒါဂျောန်းရဲ့ လျှောက်ထားချက်တွေကိုလဲ ပြောပြပါဦး ဦးကျော်ဇံသာရှင့်။

 
ဦးကျော်ဇံသာ။ ။ ပါမောက္ခ Pierre d’ Argent လျှောက်ထားတာကတော့ သူက အချက်အလက် ဥပဒေကြောင်းအရ ဘာကို ချေပသလဲဆိုရင် ဒီကိစ္စဟာ OIC နဲ့ ဖြစ်တာမဟုတ်ဘူး Gambia နိုင်ငံနဲ့ ဖြစ်တဲ့ အမှုဖြစ်တယ်။ Gambia နိုင်ငံဟာ တရားစွဲဆိုနိုင်ခွင့်ရှိတယ်။ သူ့မှာ စွဲဆိုဖို့ အခွင့်အာဏာအပြည့်ရှိတယ် ဒါ proxy အနေနဲ့ လုပ်တာမဟုတ်ဘူးဆိုတာ ပြောပါတယ်။ သူဟာ ကုလ အဖွဲ့ဝင်နိုင်ငံတခုလည်း ဖြစ်တယ် ဆိုတော့ Gambia နိုင်ငံဟာ OIC ရဲ့ သြဇာအာဏာအောက်က လုပ်တာမဟုတ်ဘူး ။ ကန့်ကွက်စရာမရှိဘူးဆိုပြီးတော့ သူပြောသွားပါတယ်။ သူတို့ရဲ့ လုပ်ရပ်ကို အခြား OIC အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံသလိုပဲ ကနေဒါ နဲ့ နယ်သလန် နိုင်ငံတွေကလည်း ထောက်ခံတယ် ကျန်တဲ့နိုင်ငံတွေကလည်း ထောက်ခံလာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။

မေး။ ။ Gambia ဘက်က လျှောက်ထားတဲ့ နောက်ဆုံး ဥပဒေပညာရှင်ကတော့ ပါမောက္ခရှေ့နေကြီး Philippe Sands ဖြစ်ပါတယ်။ ICJ တရားရုံးမှာ အရင်ဆုံးဖြတ်ခဲ့ဖူးတဲ့ သာဓကတခုကိုလည်း သူပြောသွားတာတွေ့ပါတယ်။ ပါမောက္ခရှေ့နေကြီး Philippe Sands သူပြောသွားတဲ့ အချက်တွေကိုလည်း ဦးကျော်ဇံသာ ပြောပြပါဦးရှင့်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ၁၉၆၀ နှစ်လွန်တုန်းက အာဖရိက တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အီသီယိုးပီးယားတို့ liberia တို့ နိုင်ငံတွေက တောင် အာဖရိကနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လျှောက်ထားတဲ့ ကိစ္စဖြစ်ပါတယ် ။ အဲဒီတုန်းက Provisional Measure ထုတ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးက လက်မခံခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပေါ်လွင်ထင်ရှားခြင်းမရှိလို့ ဒါကို ပလပ်လိုက်တယ်ဆိုတဲ့ တရားစီရင်မှု ရှိခဲ့ပါတယ်။ အဲဒီစီရင်မှုကို မြန်မာဘက်က ထောက်ပြတယ်၊ အဲဒီတုန်းက ဒီလိုရှိခဲ့တယ် ဒီလိုကိစ္စလည်း တရားရုံးက စီရင်နိုင်ခွင့်မရှိဘူး ဆိုတာ သူတို့ လျှောက်လဲသွားတဲ့အတွက်ကြောင့် အဲဒါကို သူက ပြန်ထောက်ပြပါတယ်။ အဲဒီအတိုင်း လုပ်ခဲ့တဲ့အတွက်ကြောင့် တောင်အာဖရိက ကိစ္စမှာလည်း ပယ်ချခဲ့တာ ရှိတယ်၊ အဲဒီလို ပယ်ချခဲ့လို့ တရားရုံးအနေနဲ့ နိုင်ငံတကာရဲ့ ဝေဖန်ခြင်းခံခဲ့ရတယ်။ အခုလည်း ဒီအမှားကို ဆက်ပြီးတော့ ကျူးလွန်မယ်ဆိုရင် တရားရုံးလည်း သမိုင်းမလှ ဖြစ်မယ်ဆိုတာကို အထောက်အထားနဲ့တကွ လျှောက်လဲသွားပါတယ်။ သူက တကယ့်တမ်း ဒီနေ့ အားလုံး လွှမ်းခြုံပြီးတော့ ပြောရရင်တော့ သူတို့ လျှောက်ထားချက်ကတော့ intent ရှိတယ်၊ စီရင်ပိုင်ခွင့်ရှိတယ် တရားရုံးမှာ Gambia ဘက်က စွဲဆိုပိုင်ခွင့် အပြည့်ရှိတယ် Provisional Measure လို့ ခေါ်တဲ့ လက်တလောလိုက်နာရဖို့ ဆက်ပြီးတော့ intent ရှိနေသေးတဲ့အတွက် ဒါကို ဟန့်တားထားဖို့ လိုတယ်။ ဒီအမိန့်ကို ချမှတ်ဖို့ လိုတယ် ဆိုတာကို လျှောက်လဲသွားတာပါ။ ဒါကို စဉ်းစားပြီးတော့ နောက်နာရီပိုင်းအတွင်းမှာ မြန်မာဘက်က ဘယ်လို ဒုတိယအကြိမ် ခုခံချေပ လာမလဲဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

အခုလို Gambia ဖက်က ဒီကနေ့ တကြော့ပြန်လျှောက်ထားချက်တွေကိုကြည့်ရင် အဓိကက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေ ပိုဆိုးမလာအောင် ကာကွယ်တားဆီးနိုင်မယ့် ဆောင်ရွက်ချက်တွေကို တရား ရုံးကနေ ချမှတ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ဥပဒေပညာရှင်တွေဖက်က အချက်အလက်တွေနဲ့ ပိုပြီးခိုင်မာအောင် တင်ပြသွားကြတယ်လို့ ပြောနိုင်တာပေါ့ ဦးကျော်ဇံသာရှင့်။

မေး။ ။ မကြာခင် နာရီပိုင်းအတွင်းမှာ မြန်မာဘက်ကလည်း လျှောက်လဲတင်ပြမယ်ဆိုတော့ မြန်မာဘက်က ဘယ်လိုအချက်တွေကို ခုခံချေပမယ်လို့ ဦးကျော်ဇံသာအနေနဲ့ မျှော်လင့်သလဲရှင့်

 ဦးကျော်ဇံသာ။ ။ ဒါကတော့ ကြိုတင်ခန့်မှန်းရခက်ပါတယ်။ မြန်မာဘက်ကတော့ အချက်အလက်ပိုင်း စောစောကပြောထားတဲ့ ဟိုဘက်က ပြောတာ ဟန့်တားဖို့ မကြိုးစားခဲ့ဘူးဆိုတာ အဓိက ပြောတယ်၊ စစ်တပ်ဘက်က ရက်စက်ကျူးလွန်မှုတွေတကယ်ရှိခဲ့တယ်ဆိုတာကို မြန်မာဘက်က ဝန်ခံပြီးသားဖြစ်နေပါလားဆိုတဲ့မေးခွန်းမေးပါတယ်။ တော်တော်လေး အကွက်ကျကျပြောသွားတယ်လို့ ဆိုရမှာပါ။ အခုမြန်မာဘက်က ဒါကို ဘယ်လို ချေပလာမလဲဆိုတာ ကျနော်တို့လည်း စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ ပြောရမှာပါ။

Netherlands နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ လျှောက်ထားတင်ပြချက်တွေကို ကိုယ်တိုင်သတင်းယူနေတဲ့ ဦးကျော်ဇံသာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */