Wednesday, December 25, 2019

ICJ အမှု က ရယူသင့်တဲ့ သင်ခန်းစာ

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
မခင်ဖြူထွေး
25 ဒီဇင်္ဘာ၊ 2019
ICJ ခေါ် နိုင်ငံတကာ တရားရုံးမှာ Gambia နိုင်ငံရဲ့လျှောက်ထားမှုကို ရင်ဆိုင်ရတဲ့အတွက် မြန်မာနိုင်ငံအပေါ် ထိခိုက်နစ်နာမှု တစုံတရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် သာမက နိုင်ငံတ ကာ အတွက်ပါ သမိုင်းတွင်ရစ်မယ့် ကိစ္စတရပ်ဖြစ်တယ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ ဒီလို အရေးပါတဲ့ ကိစ္စကနေ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုသင်ခန်းစာမျိုး ရယူသင့်ပါသလဲ။ မခင်ဖြူထွေးနဲ့ ဦးကျော်ဇံသာတို့ ဆွေး နွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ၂၀၁၉ ကတော့ ကုန်တော့မယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တနှစ်တာကာလတလျှောက်လုံးမှာ အရေး ကြီးတဲ့ အခြေအနေတွေ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ကျမထင်တယ် အခုနောက် ဆုံး ဖြစ်ခဲ့တဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲတဲ့ကိစ္စ ဖြစ်လိမ့်မယ်လို့ ကျမ ထင်တယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အရေးကြီးဆုံး ဖြစ်ရပ်ပါပဲ။ ၂၀၁၉ ခုနှစ်အတွင်းမှာ တရားစွဲတယ်ဆိုတာထက်၊ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေကို ဟန့်တားပေးဖို့အတွက် ICJ ကို လျှောက်လွှဲတယ်။ Application တင်တယ်ဆိုတဲ့ သဘောလို့ ယူဆရမှာ ဖြစ်ပါတယ်။

မေး ။ ။ Request လုပ်တယ်ပေါ့ - သူတို့သုံးတဲ့ အသုံးအနှုန်းက။
 
ဖြေ ။ ။ ဟုတ်ပါတယ်။ မေတ္တာရပ်ခံလျှောက်ထားတယ်လို့ ဆိုပါတယ်။ အရေးကြီးတာ ဘာကြောင့်လဲဆိုတော့ မြန်မာနဲ့ ကမ္ဘာက စိတ်ဝင်စားဆုံး သတင်းလည်း ဖြစ်တယ်။ နောက်ပြီးတော့ (၂၁) ရာစုမှာ ပထမဦးဆုံး တွေ့လာရတဲ့ စိန်ခေါ်မှုဆိုလဲ ဖြစ်တယ်။ နောက် ဒီအဆုံးအဖြတ် ဒီကိစ္စကို ဒီနေ့ဒီအချိန်မှာ ပြီးသွားခဲ့ပေမယ့် နောက်ခေတ်မှာ အစဉ်တဖြင့် ကိုးကားလာကြလိမ့်မယ် ဘယ်ခုနှစ်က ဖြစ်ခဲ့တယ် - မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာကိစ္စမှာ ဘယ်လိုဆုံးဖြတ်ခဲ့ကြတယ်ဆိုတဲ့ စီရင်ထုံး အစဉ်အလာတခုလည်း ဖြစ်သွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီကိစ္စ အရေးကြီးလာတာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ပြီးတော့ ချေပလျှောက်လဲတယ်ဆိုတော့ အများက ပိုပြီးတော့ စိတ်ဝင်စားကြတယ်။

မေး ။ ။ မြန်မာနိုင်ငံအတွက် ဒီ Case က တော်တော်လေးကို အရေးကြီးတဲ့ကိစ္စတခုလို့ ပြောရမှာပဲ။ ဘာပဲဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရင်စစ်အစိုးရလက်ထက်ကတည်းက အစဉ်အဆက် ရှိခဲ့တယ်ဆိုပေမယ့် နိုင်ငံတကာတရားရုံးတခုမှာ ကိုယ်တိုင်ဝင်ပြီးတော့ ပြန်ပြီးတော့ ခုခံချေပလျှောက်လဲရတယ်ဆိုတဲ့ အဆင့်ကိုရောက်လာတော့ မြန်မာနိုင်ငံအတွက်လည်း သိပ်ပြီးတော့ အရေးကြီးတဲ့ကိစ္စတရပ်လို့ ထင်ပါတယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။ သိပ်ကိုအရေးကြီးတဲ့ ကိစ္စတခုပါ။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး ဖြစ်နေတာလဲ ပြည်တွင်းကသာ သိနေကြတယ်။ အခု နိုင်ငံတကာက ပြောလာကြပြီ ဒီကိစ္စနဲ့ ပတ်သက်လို့သာ ကမ္ဘာသိ ဖြစ်သွားကြတယ်ဆိုတော့ သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ မြန်မာပြည်သူတွေလည်း အလေးအနက်ထားကြတာကို တွေ့ရပါတယ်။

မေး ။ ။ ဂမ်ဘီယာဘက်ကနေ စပြီးတော့ မြန်မာနိုင်ငံအနေနဲ့ Genocide Convention လူမျိုးတုန်းသတ် ဖြတ်မှုဆိုင်ရာစာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးမှာ တင်ပြလိုက်ပြီးနောက်ပိုင်းမှာ အပြန် အလှန်ချေပတာတွေ The Hague က ခုံရုံးမှာ ကျမတို့ တွေ့မြင်ခဲ့ရပြီးပြီ။ ဒီကြားနာပွဲကို ဦးကျော်ဇံသာကိုယ် တိုင် သွား ရောက်ပြီးတော့ သတင်းယူခဲ့တယ်ဆိုတော့ ဒီကြားနာပွဲမှာ အဓိက သူတို့နှစ်ဘက် လျှောက်လဲချက်တွေ။ အဓိက အချက် ကလေးတွေ၊ မှတ်သားစရာလေးတွေ ဘာတွေသုံးသပ်မိပါလဲ။

ဖြေ ။ ။ ပထမနေ့မှာတော့ ဂမ်ဘီယာဘက်က မေတ္တာရပ်ခံ လျှောက်ထားတယ်။ အဓိက သူတို့လိုချင်တာကတော့ သူတို့ခေါ်တဲ့ ရိုဟင်ဂျာမူဆလင်တွေ လူမျိုးတုန်းသတ်ဖြတ်မှု ခံရမယ့်အန္တရာယ် ကျရောက်နေတယ်။ သိပ်ကိုအရေး တကြီး လိုအပ်နေတယ်။ အဲဒါကို တားမြစ်ပေးပါဆိုပြီး လောလောဆယ်မှာ မဖြစ်အောင်ဆိုပြီး Provisional Measures ခေါ်တဲ့ လတ်တလော လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေကို တရားရုံးက အမိန့်ထုတ်ပြီး တားမြစ်ပေးပါဆိုတာကို ပထမအဆင့် သူတို့ရဲ့ လျှောက်ထားချက် ဖြစ်ပါတယ်။ သူတို့ရဲ့ လျှောက်ထားချက်မှာ အဓိကတော့ ဒီလူတွေဟာ အန္တရာယ် တကယ်ကျရောက်နေတယ်ဆိုတာကို သရုပ်ဖော်တင်ပြကြတယ်။ ဘယ်လိုသတ်ခဲ့တယ်။ ဘယ်လို ဖြစ်တယ်ဆိုတာကို တကယ်ပဲ လူတွေသဘောပေါက်သွားအောင် Convince ဖြစ်သွားအောင် တင်ပြကြပါတယ်။ အဲဒါ ဂမ်ဘီယာနိုင်ငံဘက်က အဓိကလျှောက်ထားချက် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီကိစ္မှ မြန်မာ နိုင် ငံကို အဲဒီလို ဆက်မဖြစ်အောင် တားမြစ်ပေးပါဆိုပြီးတော့ လိုအပ်ချက်တွေကို ထောက်ပြပြီးတော့ တားဖို့တောင်းဆိုပါတယ်။

မေး ။ ။ ဒါက ဂမ်ဘီယာဘက်က အဓိကတင်ပြခဲ့တာ။ ဒုတိယနေ့ကြတော့ မြန်မာဘက်က ဒါကို ခုခံချေပတာကို ကျမတို့လည်း တွေ့ရတယ်။ ကျမတို့ တော်တော်များများကတော့ ဟိုကိစ္စကြီးကို တင်ပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပြန်ပြီးတော့ အနှစ်ချုပ်လုပ်တဲ့သဘော ဖြစ်ပါတယ်။ မြန်မာဘက်က ဘယ်လောက်ခိုင်ခိုင်မာမာ လျှောက်လွှဲခဲ့တာကို တွေ့ရပါလဲ။

ဖြေ ။ ။ တကယ်တော့ ဂမ်ဘီယာဘက်က တင်ပြတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တော်များများဟာ မငြင်းနိုင်တဲ့ အချက်တွေပါ။ ကျနော်တို့ သတင်းတွေမှာလဲ မကြာခဏ လုပ်နေကြတဲ့ ကိစ္စတွေ ဖြစ်တယ်။ ကုလသမဂ္ဂက FFM လို့ခေါ်တဲ့ Factfinding Mission အချက်အလက် ရှာဖွေရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေလည်း အများကြီးထွက်ထားတဲ့ ကိစ္စဆိုတော့ ဂမ်ဘီယာဘက်က အဲဒါတွေပဲ အဓိကကိုးကားပြီး တင်ပြသွားပါတယ်။

မြန်မာနိုင်ငံဘက်ကလည်း အဲဒါတွေကို အကုန်လုံးမဟုတ်ဘူးလို့ ဇွတ်မငြင်းပါဘူး။

တကယ်ငြင်းလို့လဲ အဓိပ္ပယ်ရှိမှာ မဟုတ်ဘူးလို့ သိကြမှာပါ။ ဆိုတော့ ဟုတ်တယ် ဒီကိစ္စတွေမှာ ဖြစ်ခဲ့တာတွေ ရှိတယ်။ သို့သော်လဲ ဒီကိစ္စတွေသည် Genocide လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီတော့ တရားဥပဒေ စကားက ဝင်လာပြီ။ ပြစ်မှုပြီမြောက်ဖို့ဆိုတာ Intent ဆိုတာ အရေးကြီးတယ်။ ဒီလူမျိုးပျောက်သွားအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ဥပဒေအကြောင်းအရ ခုခံချေပသွားပါတယ်။ အဓိကအားဖြင့်။ ဒီလူတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ပြည်တွင်းဥပဒေအရ အရေးယူမှု ရှိခဲ့တယ်။ အင်ဒင်းကိစ္စဆိုရင် စစ်တပ်က လူတွေကို အပြစ်ပေးခဲ့ပေမယ့် ပြန်လွှတ်လိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတော်တော်များများ မကျေနပ်ဘူးဆိုတာလဲ ပြောတယ်။ အချက်အလက်ပိုင်းကို သူတို့မငြင်းဘူး။ မြန်မာရဲ့ အဓိက ခုခံချေပတဲ့ကိစ္စက တရားဥပဒေကြောင့် ဖြစ်တယ်။

(၁) ရည်ရွယ်ချက် မရှိဘူး။ (၂) ဒါဟာ Humanitarian Crime ဖြစ်တယ်။ လူတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တာတွေ ရှိတယ်။ ရက်စက်မှုတွေ ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ လူမျိုးတုန်းဆိုတာ မဟုတ်ဘူး။

နောက်တခု စိန်ခေါ်တာကတော့ ဂမ်ဘီယာနိုင်ငံဟာ မလျှောက်ထားသင့်ဘူး။ မြန်မာနိုင်ငံကြောင့် ဂမ်ဘီယာနိုင်ငံဟာ ဒုက္ခရောက်တဲ့ နိုင်ငံမဟုတ်ဘူး။ OIC မြှောက်ပေးလို့ သူတို့ စွဲဆိုခြင်းသာ ဖြစ်တယ်လို့ ဟိုဘက်ကလူက အမှုနည်းနည်းပေါ့သွားအောင် အဲဒီလိုသဘောမျိုး ဥပဒေကြောင်းကို အခြေခံပြီး လျှောက်လွှဲတာကို တွေ့ရပါတယ်။

မေး ။ ။ OIC သာ မရှိလို့ရှိရင် ဂမ်ဘီယာဆိုတဲ့ နိုင်ငံငယ်လေးက ဘာမှပြဿနာ မရှိဘူးဆိုတာကို သူတို့က ကို
ပြောတယ်။ ဒါပေမဲ့ ဂမ်ဘီယာဘက်က ပြောတာကတော့ သူတို့ကိုယ်တိုင် Initiate ဦးဆောင်ပြီးတော့ တရားရေးဝန်ကြီးက လုပ်ခဲ့တာ။ မှန်တယ် .. ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာတုန်းက ဒီကိစ္စကို သူတို့က OIC - ဂမ်ဘီယာက OIC အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်နေတယ်ဆိုတော့ သူ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ OIC အ့ဖွဲ  ကြီးက ထောက်ခံလာအောင် ကြိုးပမ်းတယ်။ တခြားနိုင်ငံတွေ ထောက်ခံမှုရအောင်လည်း ကြိုးပမ်းတယ်။ ဒီထောက်ခံမှုတွေရှိတာ မှန်ပေမယ့် ဒီဟာသည် သူ့နိုင်ငံတခုတည်းက တရားစွဲတာဖြစ်တယ်လို့ တုံ့ပြန်တာကိုလည်း ကျမတို့ တွေ့ရတယ်။ နောက် သူပြောတာက နှစ်ဘက်ပဋိပက္ခမြောက်တယ်ဆိုတာကို တတ်နိုင်သလောက် ချေပသွားတာကို တွေ့ရတယ်။ မြန်မာဘက်ကို သူတို့စာရေးပါတယ်။ အကြောင်းကြားပါတယ်။ ဒါပေမဲ့ တုံ့ပြန်တာ ဘာမှမရှိခဲ့ဘူးလို့ ပြောပါတယ်။


ဖြေ ။ ။ မြန်မာဘက်က ရှေ့နေတွေပြောတာက သူတို့ဟာ နစ်နာတဲ့နိုင်ငံ မဟုတ်ဘူး။ အမှုတခု ဖြစ်တယ်ဆိုရင် သူ့ကြောင့် ကျနော် ဘယ်လိုနစ်နာတယ်။ နစ်နာတဲ့လူက စွဲဆိုရမှာ။

မေး ။ ။ ဆိုလိုတာက ဘင်္ဂလားဒေ့ရှ်က စွဲဆိုတယ်ဆိုရင် ဟုတ်တယ်ပေါ့။
 
ဖြေ ။ ။ ဟုတ်တယ်။ သို့သော်လဲပဲ ဘင်္ဂလားဒေ့ရှ်က article တခုကို သူက reserved လုပ်ထားတယ်။ မလိုက်နာဘူး ပြောထားတော့ ဘင်္ဂလားဒေ့ရှ်က စွဲလို့မရပြန်ဘူး။

မေး ။ ။ ဒါပေမဲ့ ကျမထင်တယ် ဂမ်ဘီယာနိုင်ငံကလည်း ဒီအမှုကို မတင်ခင်ကတည်းက ဒီအမှုဟာ Genocide ဆိုတဲ့ စကားလုံးက အတော်လေးကျယ်ပြန့်တာဆိုတော့ အမေရိကန်နိုင်ငံလိုမျိုးတောင်မှ အခုအချိန်အထိ မြန်မာနိုင်ငံကို Genocide မသုံးပါဘူး။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ မသုံးပါဘူး။ နိုင်ငံတွေတော်တော်များများ သံတမန်ဆက်ဆံရေးမှာလည်း သိပ်ကိုသတိထားရတဲ့ စကားလုံးတခုဆိုတော့ ဒါကိုတင်တဲ့အခါမှာ ဂမ်ဘီ ယာနိုင်ငံအနေနဲ့ ဒီအငြင်းပွားစရာကြီးကို သူ အရမ်းကြီးထောက်ပြီးဆိုတာထက် သူက အချက်အလက်နဲ့ ကုလ သမဂ္ဂ ရှာဖွေထားတဲ့ အချက်တွေကို ထောက်ပြီးတော့ ဒီအချက်တွေ၊ ဟိုအချက်တွေ ဖြစ်ခဲ့တယ်။ ဒီအချက်တွေကို ယာယီမှာ ဆက်မဖြစ်အောင်၊ ဟန့်တားဖို့ဆိုတာကိုပဲ အဓိကဦးတည်တယ်လို့ ကျမ ထင်တယ်။
 
ဖြေ ။ ။ မှန်ပါတယ်။ အဓိကဟန့်တားဖို့ သူတို့က ပြောတယ်။ လောလောဆယ် Urgency သိပ်အရေးတကြီး လိုအပ်နေတာ၊ အခုမှ မဟန့်တားလိုက်ရင် လူမျိုးပြုန်းကုန်လိမ့်မယ်ဆိုတဲ့ သဘောကို ပြောတယ်။ ဒါပေမဲ့ မြန်မာဘက်က ရှေ့နေကြီး William Schabas က ပြောတယ် နှစ်ဘက်လျှောက်လွှဲရာမှာ - အဲဒီလိုသဘောမျိုး မသက်ရောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့တွေရဲ့ အစီရင်ခံစာကို နှိုင်းယှဉ်ပြတယ်။ ၂၀၀၈ မှာ ထုတ်ခဲ့တဲ့ အစီရင်ခံစာမှာ သိပ်ကိုအရေးကြီးနေပြီလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ၂၀၁၉ အစီရင်ခံစာမှာ အဲဒီလောက် မပြင်းထန်တော့ဘူး။ ဆိုတော့ Urgency မရှိတော့ဘူး။ အခြေအနေက အရင်ကထက် တင်းမာမှုလျော့နည်းသွားခဲ့ပြီ။ အခုအချိန်မှာ အဲဒီလို စစ်ဆင်ရေးလည်း မရှိတော့ဘူးဆိုတော့ ဒီဟာက လောလောဆယ် ထုတ်ပေးစရာလည်း မလိုဘူးဆိုပြီးတော့ မြန်မာဘက်က ခုခံချေပတယ်။

မေး ။ ။ ချေပတဲ့ရက်ပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြတာတွေ ချက်ချင်းထွက်လာတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရခိုင်မှာ နိုင်ငံသားအဖြစ် ကန့်သတ်ခံရတဲ့ မူဆလင်တွေရဲ့ အခြေအနေတွေ ရှိတယ်ဆိုတာမျိုး။ ဒါတွေကတော့ လူ့အခွင့်အရေးရှုထောင့်ကနေ တင်ပြတာတွေရှိတယ်။ ဆိုတော့ အခြေအနေက အတော်လေးခက်ခဲနက်နဲပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောတယ် - ဒီရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စက သမိုင်းကြောင်းနဲ့ချီပြီး တော်တော်လေးကို ရှု့ပ်ထွေးတဲ့ကိစ္စဖြစ်တော့ လက်ရှိအခြေအနေ ရှုပ်ထွေးနေတဲ့အချိန်မှာ ကိုယ်တိုင်ပြည်တွင်းမှာရှိတဲ့ ဥပဒေတွေနဲ့ အခိုင်အမာ စီမံဆောင်ရွက်နေပါတယ်ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုသွားတာတွေ ရှိတယ်။ အဲဒါတွေ ရှိနေချိန်မှာ နိုင်ငံတကာက လောလောဆယ် ဝင်လာမယ်ဆိုရင် ဒါက လက်ရှိဆောင်ရွက်ချက်တွေမှာ အဟန့်အတား ဖြစ်နိုင်တယ်ဆိုတာမျိုးကိုလည်း ပြောသွားတယ်။ အဲဒီပြောဆိုချက်က အမှုစီရင်တဲ့အပိုင်းမှာ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ တရားသူကြီးတွေအနေနဲ့ ထည့်သွင်းစဉ်းစားမယ့်အချက် ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ တရားသူကြီးတွေကတော့ အချက်အလက်ကော၊ ဥပဒေကြောင်းကော နှစ်ခုစလုံး စဉ်းစားကြလိမ့်မယ်။ အချက်အလက်ထက် ဥပဒေကြောင်းကိုပဲ အားထားပြီးတော့ စဉ်းစားကြလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကလဲ ဒီအမှုဟာ ဘယ်လောက်အထိ ပြဿနာကို ပြေလည်နိုင်မလဲဆိုတာကိုလည်း တရားသူကြီးတွေ စဉ်းစားမယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒါကို ပြောပြပါတယ်။ မြန်မာနိုင်ငံရဲ့ အခုလက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ဒီအမှုရဲ့ အကျိုးသက်ရောက်မှုဟာ အကောင်းဘက်ကို သွားနိုင်မလား။ အဆိုးအကောင်းကို ထည့်သွင်းစဉ်းစားဖို့ကို သူက ပြောဆိုခဲ့ပါတယ်။ အဲဒါတွေကိုလည်း ထည့်သွင်းစဉ်းစားကြမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကပြောတယ် - အခု ရခိုင်ပြည်မှာဆိုရင် အကြမ်းဖက်မှုရှိလို့ အရင်းအမြစ်ကိုက အကြမ်းဖက်မှုတွေကို နှိမ်းနင်းလို့ ဖြစ်ရပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ တဘက်မှာ လူ့အခွင့်အရေး ရှုထောင့်က ကြည့်တဲ့အခါကြတော့ ဒီလောက်လူဦးရေး များများစားစားကြီး ဒီလောက်တပြိုင်တည်း သွားတဲ့ကိစ္စမျိုးကြီး - ဂမ်ဘီယာ ထောက်ပြတာလဲ အဲဒါပဲလို့ ကျမ ထင်တယ်။ သူတို့က Genocide ဆိုတဲ့ အသုံးအနှုန်းဆိုတာထက် လူမျိုးတခုလုံး ပြုန်းတီးသွားလောက်အောင် ရည်ရွယ်တဲ့၊ ဦးတည်သွားစေတဲ့ အခြေအနေမျိုးဆိုပြီး ဒါကြီးက Genocide မြောက်သည်၊ မမြောက်သည်ဆိုတာကို အငြင်းပွားတာထက် ဖြစ်ပျက်သွားတဲ့ အခြေအနေကြီးက သိပ်ကိုဆိုးဆိုးဝါးဝါး ဖြစ်တယ်ပေါ့။ ဒါကြီးကို ဟန့်တားဖို့ လိုအပ်တယ်ဆိုတာပဲ ထောက်ပြတယ်လို့ပဲ ကျမ ထင်ပါတယ်။

ဖြေ ။ ။ Genocide ဆိုတဲ့ စကားလုံးသုံးပြီးမှပဲ ကမ္ဘာက မျက်လုံးပြူးကြမယ် ဖြစ်ပြီး၊ အဲဒီအခါကြမှလဲ ဒီတရား ရုံးက အပြင်းအထန် လုပ်လာရတော့ မြန်မာဘက်ကလဲ ဆင်ခြင်စရာတွေ အများကြီးရသွားတာပေါ့။ ငါတို့ ဟာ စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်ဘူး။ ပြဿနာကတော့ အမှန်တကယ် ရှိတယ်။ သမိုင်းကြောင်းနဲ့ ရှည်လျားပြီး ရှိလာခဲ့တယ်။ ဥပဒေကြောင်းအရ ဖြေရှင်းရ သိပ်ခက်ခဲတဲ့ အခြေအနေ ရှိတယ်။ ဒါပေမဲ့ လူသားဆန်ဆန် စဉ်းစားရမယ်။ အဲဒီလို ဖြေရှင်းဖို့ အဖြေမရှိဘူး၊ သတ်ပစ်လိုက်၊ ကန်ထုတ်လိုက်ပါဆိုတာမျိုး မဖြစ်သင့်ဘူးဆိုတာကိုတော့ မြန်မာဘက်က စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ အာဏာရှိတဲ့၊ လက်နက်ရှိတဲ့ လူတွေက ထင်တိုင်းကြဲ မလုပ်သင့်ဘူးဆိုတဲ့ဟာက သိပ်အရေးကြီးတဲ့ သင်ခန်းစာပါ။ အမှန်တကယ် ရလည်းရယူသင့်တဲ့ သင်ခန်းစာပါ။

မေး ။ ။ နည်းနည်းအဟန့်လေးပေါ့။ ဒီလိုလုပ်ရင် နိုင်ငံတကာဆိုတာ စောင့်ကြည့်နေမှာ မဟုတ်ဘူး။ ဒါက ကိုယ့်အိမ်တွင်းမှာ ကိုယ့်ရှိတဲ့လူကို လုပ်ချင်တာ လုပ်လိုက်မယ်ဆိုတာ မရဘူး။ အိမ်နီးနားချင်းက ကောက်တိုင်လို့ရှိရင်အနည်း နဲ့အများကတော့ လာကြည့်တဲ့အချိန်မှာ သွေးထွက်သံယိုးဖြစ်နေရင် ပြောမှာပဲ။ ဒါကတော့ ရှင်းကိုရှင်းရတော့မှာ - ဘာမှမဖြစ်ပါဘူးလို့ ဘယ်လိုမှ ငြင်းလို့မရတဲ့ကိစ္စမျိုး မဟုတ်ဘူး။ မြန်မာနိုင်ငံအနေနဲ့ သင်ခန်းစာအကြီးကြီးယူသင့်တယ်လို့ ထင်တယ်။
 
ဖြေ ။ ။ သူများမပြောတောင်မှ စာနာစိတ်ကတော့ ရှိရမှာပေါ့။

မေး ။ ။ မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက် ၂၀၂၀ မှာ ၂၀၁၉ သင်ခန်းစာကို ယူပြီးတော့ ဘယ်လောက်အထိ တိုးတက်ကောင်းမွန်အောင် လုပ်သွားနိုင်မလဲဆိုတာကို ကျမတို့ စောင့်ကြည့်ရမှာပေါ့။
 
ဖြေ ။ ။ မျှော်လင့်ပါတယ်။ တကယ်ပဲ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ရက်ရက်စက်စက် ချိုးဖောက်မှုတွေ၊ ဒီကိစ္စတင်မကဘူး အခြားကိစ္စတွေမှာလည်း အများကြီး ဖြစ်နေတာတွေ ရှိပါတယ်။ တရားစီရင်ရေး မမှန်ကန်တာတွေ၊ ဖောက်လွဲဖောက်ပြန် ဖြစ်နေတဲ့ကိစ္စတွေ အားလုံးဟာ ဒီမှာတခန်းရပ်ပြီးတော့ ၂၀၂၀ က စပြီးတော့ မူသစ်နဲ့ လူသစ်၊ စိတ်သစ်နဲ့ လျှောက်လှမ်းကြဖို့ သင့်ပြီဆိုတာကတော့ အရေးကြီးဆုံး သင်ခန်းစာပဲ ဖြစ်ပါလိမ့်မယ်။

ကျမတို့လည်း အဲဒီလိုပဲ ဆုတောင်းကြရမှာပေါ့။ 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */