" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 30, 2019

ဂူတာပြင်အမှု တရားလိုပြသက်သေတွေကို နှစ်ဆန်းပိုင်းမှာ အပြီးစစ်မည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-12-30
ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ ရုပ်အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ၂ဝ၁၈၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးစဉ်။
 
ဂူတာပြင်ကျေးရွာကိစ္စကို နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက စတင်ကြားနာခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ စုစုပေါင်း ငါးကြိမ် စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လာမယ့် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ တရားလိုပြသက်သေတွေကို အပြီးစစ်ဆေးသွားမှာဖြစ်ပြီး ကျန်ရှိနေသေး တဲ့ တရားလိုသက်သက်တွေနဲ့ တရားခံဘက်က အရာရှိတင်သွင်းမယ့် တရားခံသက်သေတွေကို စစ်တရား ရုံးထိုင်မယ့်အချိန်မှာ အမြန်ပြီးပြတ်အောင် ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“တရားလိုပြသက်သေတွေကတော့ ကုန်ခါနီးပြီလို့ ပြောလို့ရတယ်။ တရားလိုပြ သက်သေတွေကတော့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ပြီးသွားလိမ့်မယ်။ ဒီကျန်တဲ့ဟာတွေကလည်း ကျွန်တော်တို့ စစ်တရားရုံးထိုင်တဲ့ အချိန်မှာ အမြန်ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။”

တရားခံတွေကို နယ်မြေခံတပ်မှာပဲ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးရွက်နေကြောင်းနဲ့ အရာရှိနဲ့ အခြားအဆင့် ပုဂ္ဂိုလ်တွေပါဝင်ပြီး အရေအတွက်ကိုတော့ ထုတ်ဖော်မပြောဆိုနိုင်သေးဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ဆေးမှုကို လာရောက်နားထောင်တဲ့ ဒေသခံ ၂၆၄ ဦးရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ထွက်ဆိုခဲ့သူ အရေအတွက်၊ အမည်တွေ၊ တရားခံဘက်က တင်သွင်းမယ့် တရားခံပြသက်သေအရေ အတွက်တွေကိုလည်း ထုတ်ဖော်ပြောကြားထားတာမရှိသေးပါဘူး။

Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းကတော့

“သူတို့ စစ်ဆေးနေတယ်လို့သာ ပြောတာလေ။ ကျနော်တို့က တကယ်စစ်ဆေးနေလား၊ မစစ်ဆေးနေ လား ဆိုတာလည်း သေချာသိရတာ မဟုတ်ဘူး။ သူတို့ထုတ်ပြန်မှ ဒါတွေက ထုတ်ပြန်လို့ စစ်ဆေးတယ်ဆိုတာ သိရတာကိုး။ ကျနော်ကတော့ စစ်တပ်ကို ဘယ်တော့မှ အယုံအကြည်ရှိတဲ့သူ မဟုတ်တော့ သူတို့ ဒီလို ထုတ် ပြန်မှုတွေ ရှိနေပေသော်ငြားလည်း အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဘာမှ လေ့လာခွင့်မရတာက ပွင့်လင်းမြင်သာမရှိဘူး။ ဒီကိစ္စရပ်တွေ တကယ် ဖြစ်နေလားဆိုတာကို ကျနော် တို့ က ဘယ်လိုယုံကြည်ရမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေတော့ ရှိနေတယ်။”

မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ဦးကို တပ်မတော်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ က သတ်ဖြတ်ခဲ့တာကြောင့်၊ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကာ ကွယ်ရေးစစ်ဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်လို့ တပ်မတော်သား ခုနှစ်ဦးဟာ ပြစ်ဒဏ်မစေ့ခင် လွတ် မြောက်သွားခဲ့မှုဟာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

တပ်မတော်သားတစ်ဦးအနေနဲ့ အမြဲတမ်း စစ်ဘက်ဥပဒေနဲ့ အရပ်ဘက်ဥပဒေ နှစ်ခုလုံးကို လိုက်နာရ တာရှိ ပြီး တပ်ဘက်နဲ့ အရပ်ဘက် အမြင်တွေ ကွာခြားတယ်လို့ သေနင်္ဂဗျူဟာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်း ထွန်း ဦးက ပြောပါတယ်။

“တပ်ဘက်နဲ့ အရပ်ဘက် အမြင်လေးတွေကတော့ ကွာခြားပါလိမ့်မယ်။ တပ်မတော်သား တစ်ယောက် အ aနနဲ့ သူက အမြဲတမ်း ဥပဒေနှစ်ခု လိုက်နာရတာရှိတယ်။ တစ်က စစ်ဘက်ဥပဒေပေါ့။ နှစ်ကတော့ အရပ်ဘက် ဥပဒေ။ တပ်မတော်နဲ့ပတ်သက်ပြီး တော်တော်များများက အားလုံး အာရုံစိုက်တယ်၊ ရေးကြတယ်၊ ပြောကြတယ်၊ သုံး သပ်ကြတယ်။ တကယ်မှားယွင်းခဲ့လို့ရှိရင် ထောက်ပြတယ်၊ ဝေဖန်တယ်၊ ထောက်ပြ တယ်၊ သုံးသပ်တယ်။ ပြ ဿနာမရှိဘူး။ ဒါပေမဲ့ ကျနော်တို့ဆီမှာက တပ်မတော်တစ်ခုကိုပဲ အားလုံးက အာ ရုံစိုက်ပြီးတော့ သေချာထောက်ပြနေကြတယ်။ လူ့အခွင့်အရေးသမားတွေဘက်လည်း ပြန်ကြည့်ဖို့သင့် တာ က တချို့ တချို့သောဒေသတွေမှာ အထူးကို တစ်ဘက်အစွန်းရောက်သွားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ ဒီလိုမျိုးတွေကျတော့ ဘာလို့ ပါးစပ်ပိတ်နေကြလဲဆိုတာ ကျနော်မှာ မေးခွန်းမေးစရာရှိတယ်ပေါ့။”

တပ်မတော်တရားရုံးဟာ တပ်မတော်သားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုပဲ တရားစီရင်တာဖြစ်ပြီး တစ် ဘက်က အရပ်သားတွေဖြစ်နေတော့ အရပ်သားတွေကို အကာအကွယ်ပေးမယ့် တရားရုံးလည်း ပါဝင် ပတ်သက်ဖို့လိုအပ်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူ ဦးသာအေးက ပြောပါတယ်။

“တပ်မတော်တရားရုံးဆိုတာက တပ်မတော်လုပ်ထုံးလုပ်နည်းနဲ့ တပ်မတော်သားတွေနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကိုပဲ တရားစီရင်တာလေ။ ဒီဘက်ကကျတော့ အရပ်သားတွေ ဖြစ်နေတယ်ပေါ့။ အရပ်သားတွေဖြစ်နေ တော့ အကာအကွယ်ပေးမယ့် တရားရုံးလည်း ပါဝင်ပတ်သက်ဖို့ လိုတာပေါ့။ အဲလိုမှ မဟုတ်ဘဲ တပ်မတော် တရားရုံးထဲမှာပဲ လုပ်မယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်လိမ့်မယ်လို့တော့ ကျွန်တော်မ ထင် ဘူးပေါ့နော်”

၂၀၁၇ တပ်မတော်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ၊ သမ္မတဟောင်း နှစ်ဦးတို့ဟာ တာဝန်ရှိသူများအဖြစ် စွပ်စွဲခံရပြီးတော့ နိုင်ငံတကာတရားရုံး ICJ ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ အာဂျင်တီးနားက ဖက်ဒရယ်ခရိုင်တရားရုံးတွေမှာ အမှုဖွင့်ခံထားရတာပါ။

AP သတင်းဌာနရဲ့ ၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့သတင်းထဲမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လအတွင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက်တွေကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာအယောက် ၄ဝဝ ဝန်းကျင်အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခ သည်တွေရဲ့ ထွက်ဆိုချက်တွေရှိတယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဂူတာဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးရှိကြောင်း စက်တင်ဘာလတုန်းက RFA ကို ဖြေကြားထားပါတယ်။ ဒါပေမဲ့ အဲဒီ ၁၉ ဦးဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း ပြောဆိုထား ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE နဲ့လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီးတော့ ပြစ်မှု ထင်ရှားတယ်လို့ ICOE ရဲ့ အစီရင်ခံစာမှာပါရှိလာမယ်ဆိုလည်း ဥပဒေနဲ့အညီ ဆက်လက်စုံစမ်းမယ်လို့ နိုဝင်ဘာလ ၂၆ နေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန်အာဏာရပါတီ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ရာမှာလည်း ဗိုလ်ချုပ်မှူးကြီးက ICOE ပါ အစီရင်ခံစာအတိုင်း ပြင်းပြင်းထန်ထန် အရေးယူ သွား မယ်လို့ ကတိပေးခဲ့ကြောင်း၊ ဂျပန်နိုင်ငံကလည်း အဲဒီအစီအစဉ်ကို ဖြစ်အောင်ဆောင်ရွက်ပေးဖို့ တိုက်တွန်း ခဲ့ကြောင်း ဂျပန်သံအမတ်ကြီးက ရန်ကုန်အခြေစိုက် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုထားပါ တယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */