Saturday, November 23, 2019

ကုလသမဂ္ဂ ICJ မှာ တရားစွဲ ခံရမှု ဘယ်လိုရင်ဆိုင်မလဲ၊ အစိုးရနဲ့ တပ်ခေါင်းဆောင်တွေ ဆွေးနွေး

B B C
ဘီဘီစီ မြန်မာပိုင်း 
23နိုဝင်္ဘာလ2019

ကုလသမဂ္ဂ ရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ သွားရောက် ရင်ဆိုင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတ အိမ်တော်မှာ အစိုးရ နဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင် တွေ တွေ့ဆုံ ဆွေး နွေး ခဲ့ပါတယ်။
ICJ မှာ သွားရောက်ရင်ဆိုင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ သမ္မတအိမ်တော် ငုရွှေဝါခန်းမမှာ ကျင်းပခဲ့ပြီး အစိုးရ အဖွဲ့ခေါင်းဆောင်တွေ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို မနက် ၉ နာရီခွဲလောက်မှာစတင်ခဲ့ပြီး နိုင်ငံပိုင်မီဒီယာတွေကို သတင်းရယူခွင့်ပေး ခဲ့ပါတယ်။


အစိုးရ အဖွဲ့ က ဉီးဆောင် ရှင်းလင်းတဲ့ ပွဲမှာ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးကျော်တင်ကICJ မှာ ရင်ဆိုင် ဖြေရှင်းဖို့ ပြင်ဆင်ထားတာတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ICJ ကို သွားမယ့်အဖွဲ့ ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ် က အဖွဲ့ခေါင်းဆောင် အဖြစ် လိုက်ပါမယ်။

အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကတော့ သမိုင်းကြောင်းဖြစ်စဉ်နဲ့ ရင်ဆိုင် ဖြေရှင်းဖို့ ဆောင်ရွက်ထားတဲ့ အသေးစိတ်ကို ရှင်းပြခဲ့တယ်လို့ ဒီပွဲ ကို တက်ရောက်ခဲ့တဲ့ ပြည်ထောင်စု ဝန် ကြီး က ဘီဘီစီ ကို ပြောပြပါတယ်။

ဒါပေမယ့် ဥပဒေ ကြောင်းအရ ဘယ်လို ရင်ဆိုင် ဖြေရှင်းမှာလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို အစိုးရဘက် က ထုတ်ပြန်တာ မရှိသေးသလို၊ သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် စတဲ့ အစိုးရ တာဝန် ရှိသူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ICJ မှာ သွားရောက်ရင်ဆိုင်မယ့် အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ ခေါင်း ဆောင် အဖြစ်ဦးဆောင်ပြီး အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ဒုတိယ အဖွဲ့ခေါင်းဆောင် အဖြစ်ရွေးချယ်ထားတဲ့ကြောင်း တာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်တဲ့အမှု နဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ ရှေ့နေလိုက်တဲ့ ရှေ့နေ ၁၀ ဦးသာ ရှိပြီး အဲဒီ ထဲကမှ ၅ ဦးက ထူးချွန်သူတွေ ဖြစ်တယ်၊ အဲဒီ ၅ ဦးထဲက ၂ ဦးကို မြန်မာဘက် က ငှားရမ်းထားတယ်လို့ တာဝန်ရှိသူတွေက ရှင်းပြခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဝန်ကြီး က ပြောပါတယ်။

ဒီအမှုတွေမှာ ထူးချွန်တဲ့ ရှေ့ နေ ၂ ဦးကို မြန်မာနိုင်ငံကို တရားစွဲဆိုတဲ့ ဂမ်ဘီယာ နိုင်ငံက ငှားရမ်းထားပါ တယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင် ကြားနာမှု လုပ်မယ်။

ဂမ်ဘီယာနိုင်ငံ က ဒီကိစ္စ ကို ဦးဆောင်ဖို့ တာဝန် ပေးထားတဲ့ ကိုယ်စားလှယ်ဟာ ရှေ့နေချုပ် တာဝန် ယူခဲ့ ဖူးသလို တရားသူကြီးလည်း လုပ်ခဲ့သူဖြစ်တဲ့ အ တွက် ဥပဒေရေးရာမှာ ကျွမ်းကျင်သူ ဖြစ်တယ်လို့ တာဝန်ရှိ သူတွေက ရှင်းပြခဲ့ပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီး အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိ ညာဉ်ကို မြန်မာက ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာကို ICJ မှာ တရားစွဲဖို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC က အဖွဲ့ဝင် နိုင်ငံ ဂမ်ဘီယာကို တာဝန် ပေးခဲ့တဲ့ နောက်၊ ဂမ်ဘီယာက သူတို့ရဲ့ ဥပဒေရေးရာ အဖွဲ့ကို ဦးဆောင်ဖို့ရာ ဖိုလီဟော့ဂ် ရှေ့နေအဖွဲ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အမေရိကန်ရှေ့နေ အဖွဲ့ ဖိုလီဟော့ဂ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ် ရေး ဆိုင်ရာ အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ရှေ့နေအဖွဲ့ပဲ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ် ကနေ ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး ကို ဘင်္ဂလားဒေ့ရှ် အစိုးရ နဲ့ လက်တွဲပြီး ပူပေါင်း ဆောင်ရွက် နေကြောင်းကိုလည်း ဒီအခမ်းအနား မှာ ရှင်းပြ ခဲ့ပါတယ်။

ဒါ့အပြင် OIC အနေနဲ့ ကုလသမဂ္ဂ စင်မြင့်မှာ မြန်မာကို အရေးယူဖို့ အကြိမ်ကြိမ် တောင်းဆိုမှုတွေကိုလည်း မြန်မာ ဘက် က သိရှိလက်ခံပြီး ဓမ္မ ဓိဌာန်ကျကျ ပြန်လည် တုံ့ပြန်ဖို့ စီစဉ် ထားကြောင်း အစိုးရ တာဝန် ရှိ သူတွေ က ပြောပါတယ်။

နောက်ပြီး ICJ မှာ တရားစွဲ ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကျဆင်းတာတွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့ နိုင်ငံရေး လေ့လာ သူတွေက သုံးသပ် နေကြပါတယ်။

ဒီကိစ္စကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေ လျော့နည်း ထိခိုက် လာနိုင်အတွက် အခုတည်းက ပြင်ဆင် ထားဖို့ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒီပွဲမှာ ရှင်းလင်း ပြောဆို ခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ အိုင်စီဂျေ အရေးနဲ့ ပတ်သက်လို့ ရှင်းပြ ချက်တွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်းဖော်ပြသွားမယ်လို့လည်း အစည်းအဝေးကို တက်ရောက်ခဲ့သူ တချို့ က ပြန်ပြော ကြပါတယ်။

အစိုးရ အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံသားတွေ သိသင့်သိထိုက်တဲ့ အတွက် ရှင်းပြဖို အခုပွဲ ကို ကျင်းပ ခဲ့တာလို့ တက်ရောက်သူတွေက ဆိုပါတယ်။ ဒါပေမယ့် ဘယ်လို ရှေ့နေ အဖွဲ့အစည်းလဲ၊ ဘယ်နိုင်ငံက ရှေ့နေတွေကို ငှားရမ်း ထားတာလဲ ဆိုတဲ့ အချက်တွေကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */