Friday, November 22, 2019

ICJ အမှုကနေ ရိုဟင်ဂျာတွေ ဘာတွေ မျှော်လင့်လဲ

B B C 
ဘီဘီစီ မြန်မာပိုင်း
21 နိုဝင်ဘာ 2019
" နိုင်ငံတကာ တရားရုံးတွေမှာ ရိုဟင်ဂျာ အရေး ရောက်နေတာဟာ ကျွန်တော်တို့ ဖြစ်ပျက်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ် မဟုတ်ဘူးဗျ၊ နောက်ဆက်တွဲပဲ။ ကျွန်တော်တို့ရဲ့ မူရင်းဒေသကို ပြန် မရောက်နိုင်သေးတာကမှ ပက တိ လက်တွေ့ ပြဿနာ ဖြစ်တယ်"
ဘာလုခါလီ ဒုက္ခသည် စခန်းထဲက ကိုကျော်စိုး ဆိုသူ ပြောနေတာပါ။

ဘာလုခါလီ ဆိုတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့စ်ဇက်ဘဇားနယ်ထဲက ကူတူပလောင် စခန်းနဲ့ တဆက်တစပ်တည်း ရိုဟင်ဂျာတွေ တွေ သိန်းချီ ရှိနေတဲ့ ဒုက္ခသည် စခန်းတစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည် စခန်းထဲမှာ မြန်မာအရေး၊ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ သတင်းတွေ အမြဲကြားသိ နေရတယ်လို့ ကိုကျော်စိုးက ပြောပါတယ်။ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံး ICJ မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး၊ မြန်မာနိုင်ငံ တရားစွဲခံလိုက်ရ တာ၊ မြန်မာ အစိုးရက သွားရောက် အမှု ရင်ဆိုင်မှာ စတာတွေကို စခန်းထဲကသူတွေ ကောင်းကောင်း သိနေတယ်လို့ ဆိုပါတယ်။

အဲဒီ စခန်းထဲမှာ ဒုက္ခသည် ကူညီရေး လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရှိနေသလို၊ ကမ္ဘာ အနှံ့က ဥပဒေ၊ လူ့အခွင့်အရေး အဖွဲ့တွေ၊ တက္ကသိုလ် ကျောင်းတွေက ဆရာတွေ၊ ကျောင်းသားတွေ လာရောက် လေ့လာတာ၊ စစ်တမ်းကောက်နေတာတွေလည်း အမြဲလိုလို ရှိနေတတ်တယ်လို့ ကိုကျော်စိုးက ပြောပါတယ်။

နေရပ်စွန့်ခွာလာရတဲ့ ဒုက္ခသည်တွေကို သူတို့ရဲ့ မူရင်းဒေသရှိရာဆီ မြန်မာဘက်က အောင်အောင်မြင်မြင် ပြန် မခေါ် နိုင်တဲ့ အတွက် အခုလို နိုင်ငံတကာ တရားစွဲမှုတွေနဲ့ နောက်ဆက်တွဲ ရင်ဆိုင်လာရတာ ဆိုပြီး ကိုကျော်စိုးက ဆိုပါတယ်။

အရင် အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ရင် ၂ဝ၁၇ ဩဂုတ်လ နောက်ပိုင်း ရိုဟင်ဂျာတွေဟာ ၇ သိန်းကျော် ဆိုတဲ့ ပမာဏ အထိ၊ လူအရေအတွက်အရ အများဆုံး၊ အချိန်ကာလ အားဖြင့်လည်း လ အနည်းအငယ်အတွင်းမှာပဲ မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နယ်ထဲ ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

အခု ၂ဝ၁၉ နှစ်ကုန်ပိုင်းအထိ ဒုက္ခသည်တွေ အိမ်ပြန်ရေး အထမြောက်မလာပဲ၊ ကြန့်ကြာ နေခဲ့တာကြောင့် အခုလို နိုင်ငံတကာ တရားရုံးမှာ ရိုဟင်ဂျာ အရေးရောက်တဲ့ အထိ နောက်ဆက်တွဲ ဖြစ်လာရတာလို့ ကိုကျော်စိုးက ပြောတာ ဖြစ်ပါတယ်။

ICJ အမှုကနေ ရိုဟင်ဂျာတွေ ဘာတွေ မျှော်လင့်ကြလဲ

ဘာလုခါလီ ဒုက္ခသည် စခန်းထဲ ရှိနေသူတွေဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့ နယ် တွေထဲကနေ ပြေးလာကြသူတွေ ဖြစ်ပါတယ်။

မောင်တော တူလာတူလီရွာ အဖြစ်အပျက်၊ ဘူးသီးတောင် ဂူတာပြင် အဖြစ်အပျက်ကစလို့ အဲဒီ ၃ မြို့နယ် ထဲ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ ကိုယ်တိုင် တွေ့ကြုံ ခံစားခဲ့ရသူတွေ ဘာလုခါလီမှာ ရှိနေကြတယ်လို့ ကိုကျော်စိုးက ဆိုပါတယ်။

ICJ အမှု ပေါ် မလာခင်ကတည်းက နိုင်ငံတကာ အဖွဲ့မျိုးစုံ စခန်းထဲ လာပြီး အဖြစ်အပျက်တွေကို အသေ အချာ မှတ်တမ်းတင်ထားကြတယ်လို့ ကိုကျော်စိုးက ပြောတာကြောင့် ဘယ်လို အချက်တွေအပေါ် အဲဒီ နိုင်ငံတကာကသူတွေ အာရုံစိုက်သလဲ ဆိုတာ ဘီဘီစီက မေးကြည့်ပါတယ်။

" ရွာမှာ လူဦးရေ ဘယ်လောက် ၊ ကျား/မ ဘယ်လောက် ရှိခဲ့သလဲ ဆိုတာကစပြီး၊ နေရာ ပိုင်ဆိုင်မှု ဘာတွေ ရှိခဲ့လဲ၊ ကျွဲနွား ပိုင်ဆိုင်မှု ရှိလား ဆိုတာတွေနဲ့ အကြမ်းဖက်ဖြစ်ရပ်တွေ အတွင်း သေဆုံးသူ၊ ကိုယ်လက်အင်္ဂါ ထိခိုက် ချို့ယွင်းရသူ၊ အဓမ္မ ပြုကျင့်ခံရသူ စတဲ့ အချက်တွေကို သူတို့ တိတိကျကျ မှတ်တမ်းတင်ကြတယ်"

"လောလောလတ်လတ်ကမှ အမေရိကန် ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်၊ ဥပဒေရေးရာဌာနက သူတွေ လာ သွားတယ်။ သူတို့က မနှစ်ကလည်း လာဖူးတယ်။ သူတို့ ကောက်ခံတဲ့ အချက်အလက်တွေကို နိုင်ငံတကာ မှာ လည်း အသိပေးသွားမယ်လို့ ဆိုတယ်။ အဲဒီလို လာပြီး စစ်တမ်းတွေ ကောက်ကြတဲ့ အဖွဲ့တွေက အများ ကြီး" လို့ ကိုကျော်စိုးက ဆိုပါတယ်။

ဒီလို မှတ်တမ်းမှတ်ရာတွေဟာ အခု ICJ အမှု မျိုးမှာ တနည်းတဖုံ ကိုးကားစရာ၊ သက်သေ အထောက်အ ထားတွေ ဖြစ်လာဖို့ ကိုကျော်စိုး မျှော်လင့်တာ ဖြစ်ပါတယ်။

"ICJ အထိ ရိုဟင်ဂျာ အရေး ရောက်လာပြီ ဆိုတော့ တစုံတရာ အတိုင်းအတာထိ လူတွေကတော့ အား တက်ကြတယ်" လို့ ကိုကျော်စိုးက ပြောပါတယ်။
ဒုက္ခသည် စခန်းကသူတွေ အားတက်တယ် ဆိုတဲ့ နေရာမှာ ဘယ်သူတွေကို ထောင်ချ၊ ဘယ်သူတွေကို အ ‌ရေးယူ စသဖြင့် အပြစ်ပေး အရေးယူရေး ဆိုတဲ့ အပိုင်းထက်စာရင် သူတို့ အိမ်ပြန်နိုင်ရေး ဆိုတဲ့ အပိုင်းအ ‌ပေါ်မှာ ပိုပြီး အာရုံစိုက်တာကို တွေ့ရတာပါ။

"ကျွန်တော်တို့က မနက်ဖြန် အိမ်ပြန်ချင်တာ။ မြန်မာအစိုးရက ပြောနေတဲ့ လျှောက်လွှာစာရွက် မဖြည့်လို့ ဒီကိစ္စ ဖြစ်မလာတာ ဆိုတာ ဟုတ်ကိုမဟုတ်ဘူး။ ကျွန်တော့်မှာ ၃ ခေါက်ချိုး မှတ်ပုံတင် ရှိပြီးသား။ ကျွန်တော်က ဘာလို့ လျှောက်လွှာဖြည့်၊ NVC ကတ် ကိုင်ပြီး ဘာလို့ နိုင်ငံသား ပြန် အစိစစ် ခံရမှာလဲ" လို့ ကိုကျော်စိုးက ပြောပါတယ်။

မြန်မာ အစိုးရ အဆက်ဆက် ထုတ်ပေးထားတဲ့ အိမ်ထောင်စု ပုံစံတွေ၊ မြေယာပိုင်ဆိုင်ခဲ့တဲ့ မြေခွန် ပြေစာလို မျိုး အထောက်အထား စာရွက်စာတမ်း အမျိုးမျိုး လက်ထဲကိုင်ထားတဲ့သူတွေ သူနေတဲ့ စခန်းထဲမှာတင် အ များကြီးပဲလို့ ကိုကျော်စိုးက ဆိုပါတယ်။

" နိုင်ငံတကာရဲ့ စောင့်ကြည့်မှုနဲ့ ကိုယ့် နေရာဒေသကိုကိုယ် လွတ်လွတ်လပ်လပ်ပြန်နိုင်မယ်၊ နိုင်ငံသား အ ခွင့်ရေး အပြည့်အဝ ရမယ်ဆိုရင် ဘယ်သူမှ ဖိအား ပေးစရာမလိုဘူး၊ အားလုံး ပြန်မယ့်သူတွေချည်းပဲ။ ကျွန် ‌တော်တို့ကို အိမ်ဆောက်ပေးစရာ မလိုဘူး၊ ကိုယ့်ဘာသာ ဆောက်မယ်၊ ကျွန်တော်တို့ သဘာဝ ဘေး အန္တ ရာယ်ကြောင့်လဲ ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့တာပဲ။ အခုလည်း ဆုံးရှုံးခဲ့တာတွေ အပေါ် အဲဒီလိုပဲ သဘောထား ပြီး ကိုယ်အိမ်ကိုယ် ပြန်ဆောက်မယ်ဗျာ …. ကိုယ့်နေရာကိုယ့်ဒေသမှာတော့ ကိုယ်ပိုင်ဆိုင်ခွင့် ရှိရမှာပေါ့" လို့ ကိုကျော်စိုးက ပြောပါတယ်။

ကိုကျော်စိုး ပြောနေတာတွေဟာ ICJ ကို ရိုဟင်ဂျာ အရေး ရောက်လာလို့ သူတို့ အားတက်တယ် ဆိုတာနဲ့ ဆက်စပ်ပြီး ပြောနေတာတွေပါ။

ဒါ့ကြောင့် နိုင်ငံတကာ ခုံရုံးကနေ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ အမိန့် လမ်းညွှန် ချက် ထွက်ပေါ်လာဖို့ မျှော်လင့် နေတာ ဖြစ်ပါတယ်။

အာဆာ အဖွဲ့က ဒုက္ခသည် စခန်းတွေထဲ လှုပ်ရှားနေပြီး၊ မြန်မာဘက် ပြန်မဝင်ဖို့ အမိန့်ထုတ်တယ်၊ ပြန်ချင် တယ်လို့ ပြောသူတွေကို အသက်ရန်ရှာတဲ့ အထိ ပြုမူ နေကြတယ်ဆိုတဲ့ မြန်မာ အစိုးရရဲ့ ပြောဆိုချက်တွေ အကြောင်းလည်း ကိုကျော်စိုးကို မေးကြည့်ပါတယ်။

ကိုကျော်စိုးကတော့ သူ့ပတ်ဝန်းကျင်၊ သူနေတဲ့ စခန်းမှာ အဲဒီလို အာဆာ အဖွဲ့ လှုပ်ရှားတာ၊ အမိန့်ပေးတာ၊ ရန်ရှာတာတွေ မရှိဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေ အိမ်မပြန်တာဟာ မြန်မာဘက်ခြမ်းမှာ သူတို့ ဘယ်လောက်လုံခြုံ နိုင်မလဲ၊ သူတို့အတွက် နိုင် ငံသား အခွင့်အရေး အာမခံချက် ရှိမှာလား စတာတွေနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေ အပေါ် မယုံ ကြည် နိုင်ဖြစ်နေကြလို့ ဆိုပြီး ကိုကျော်စိုးက ပြောပါတယ်။

ICJ အမှုမှာ ဒုက္ခသည် နေရပ်ပြန်ရေး ကိစ္စပါဝင်လား
 
ဒီတော့ ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲတဲ့ အမှုထဲ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်တဲ့ ‌တောင်း ဆိုမှုတွေ ပါဝင်လား ကြည့်ရအောင်ပါ။

ဂမ်ဘီယာ တရားစွဲတဲ့ အခြေခံ အကြောင်းကတော့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ မျိုးတုံး သတ်ဖြတ်မှုကို တား ဆီးရေး၊ အပြစ်ပေးရေးကို မြန်မာက ချိုးဖောက်လို့ ဆိုတဲ့ စွဲချက်ကို အဓိက အခြေခံ ထားပါတယ်။

ဒါပေမယ့် ICJ ကို ဆုံးဖြတ်ချက်ချပေးဖို့ ဂမ်ဘီယာ တောင်းဆိုတဲ့ အချက်တွေထဲ နေရပ်ကနေ အဓမ္မ မောင်းထုတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ရေး ဆိုတဲ့ အချက် ပါဝင်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ သူတို့ရဲ့ နိုင်ငံသား ဖြစ်မှုနဲ့ လူ့ အခွင့်အရေးတွေ အပေါ် လေးစားပြီး၊ ခွဲခြားဆက်ဆံ ခံရ တာတွေ၊ ပစ်မှတ်ထား ရန်ရှာ ခံရတာတွေကနေ အကာအကွယ် ပေးဖို့နဲ့ နစ်နာခဲ့သူတွေကို ထိုက်တန်တဲ့ အ ကူအညီ အထောက်အပံ့တွေ ဖြည့်ဆည်းပေးဖို့ ICJ က အမိန့်ချပေးပါ ဆိုပြီး ဂမ်ဘီယာက လျှောက်ထားတာ တွေ့ရပါတယ်။
မြန်မာအစိုးရ ကျော်လွှားရမယ့် ပြဿနာတွေ
 
ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို မြန်မာ ဖောက်ဖျက်လား ဆိုတာ ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာ အပြန်အလှန် ငြင်းခုံ နေကြချိန်မှာ ရိုဟင်ဂျာ သိန်းပေါင်းများစွာဟာ ဒုက္ခသည် စခန်းတွေထဲ နှစ်ရှည်လများ ဆက်လက် သောင် တင် သွားကြမှာလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။

"ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားစီရင်ရေး ICJ ကို ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အမှု ရောက်ပြီ ဆိုတော့ ဒုက္ခသည်တွေ အတွက် တစ်ခုခုများ ဖြစ်မလားဆိုပြီး အတော်လေး မျှော်လင့်နေတာ တွေ့ရတယ်။ ဒါပေ မယ့်၊ အဓိကကတော့ မြန်မာ အစိုးရရဲ့ သဘောထား အပေါ်မှာပဲ အတော်လေး မူတည်ပါတယ်" ဆိုပြီး ကု လားတန် သတင်းဌာန အယ်ဒီတာ ကိုတင်စိုးက ဘီဘီစီကို ပြောပါတယ်။

"ဒုက္ခသည် ပြန်လည်လက်ခံရေး အတွက် အဆင်သင့် ဖြစ်နေပါပြီလို့ မြန်မာ အစိုးရက ပြောပေမယ့်၊ နိုင်ငံ တကာရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဘာမှ အပြောင်းအလဲ မရှိဘူး။ ဂြိုဟ်တု ဓာတ်ပုံတွေလည်း တွေ့ နေရတာပဲ။ ရိုဟင်ဂျာ ရွာတွေ နေရာမှာ ဘူဒိုဇာ ထိုးထားတာတွေ၊ စခန်းလုပ်ထားတာတွေ တွေ့နေရတယ်။ ဒီတော့ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန် အခြေချ နေထိုင်ခွင့် ရှိရမယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လို့ ကိုတင်စိုးက ဆိုပါတယ်။

ဒီ အခြေအနေ ပြောင်းသွားအောင် ICJ က ဘယ်လောက် ပေါက်ပေါက်ရောက်ရောက် ဖြစ်ရှင်းနိုင်မှာလဲ၊ မြန်မာ အစိုးရဘက်ကရော ဘယ်လောက် လက်ခံ လိုက်နာပြီး ဆောင်ရွက်မှာလဲ ဆိုတာ ဘယ်သူမှ မပြော နိုင်ဘူးလို့ ကိုတင်စိုးက ပြောပါတယ်။

"ကုလသမဂ္ဂ တရားရုံးကနေ ဖြစ်ဖြစ် မြန်မာ အစိုးရအပေါ် တိကျတဲ့ ဆုံးဖြတ်ချက် ချမှတ်ပြီး တွန်းအား မပေး နိုင်သ၍တော့၊ ဒုက္ခသည် အရေး ကိစ္စဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံတည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး" လို့လည်း ကိုတင်စိုးက ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ ရွာတွေ ရှိခဲ့တဲ့ နေရာမှာ အခုလည်းပဲ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် အေအေ အဖွဲ့တို့ တိုက်ခိုက် နေကြတဲ့ အတွက် စစ်မီးတောက်နေဆဲ ဖြစ်ပြီး၊ အစိုးရတပ်တွေ လှုပ်ရှား နေကြဆဲ ဖြစ်ပါတယ်။

ဒီအချက်ကလည်း ဒုက္ခသည်တွေ အိမ်ပြန်ရေး နှောင့်နှေးစေတဲ့ အတွက် မြန်မာအစိုးရ ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာ ဆိုပြီး ကိုတင်စိုးက ထောက်ပြပါတယ်။
မြန်မာအစိုးရရဲ့ ရပ်တည်ချက်
 
ICJ မှာ အမှုရင်ဆိုင်နေတဲ့ တပြိုင်တည်းမှာပဲ၊ ရခိုင်ပြည်နယ်တွင်း ဖော်ဆောင်လက်စ ပြည်တွင်း လုပ်ငန်း စဉ်တွေ ဖြစ်တဲ့ ဒုက္ခသည် ပြန်လည် နေရာချရေးက စလို့ ပြည်နယ် ရေရှည်သဘော အေးချမ်းပြီး ဖွံ့ဖြိုးဖို့ အစီအစဉ်တွေကို ဆက်ပြီး အကောင်အထည် ဖော်ရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ကြီး ဦးဟောက်ဒိုဆွမ်းက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အရပ်ဘက်ရော၊ စစ်ဘက်မှာပါ စုံစမ်း ‌ရေး ယန္တရားတွေ ကိုယ်စီ ရှိနေပါတယ်။

ရခိုင်မြောက်ပိုင်း အဖြစ်အပျက်တွေကို လွတ်လပ်စွာ စုံစမ်းရေး ကော်မရှင် ICOE ဆိုပြီး ဖိလစ်ပိုင်နဲ့ ဂျပန် ဝါ ရင့် သံတမန်တွေကို ထည့်သွင်းထားတဲ့ ကော်မရှင်က သတင်း အချက်အလက်တွေ ကောက်ယူ စုံစမ်းနေ တယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ထိလည်း သွားမယ်လို့ ဆိုထားပါတယ်။

တပ်မတော်ဘက်ကလည်း ဗိုလ်ချုပ်မြတ်ကျော် စုံစမ်းစစ်ဆေးရေး ခုံရုံး ဆိုပြီး ရှိနေတာမှာ နောက်ဆုံး ထုတ် ပြန်ချက်အရ ဂူတာပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ခုံရုံးတင် စစ်ရလောက်တဲ့ အချက်တွေ တွေ့ထားရတဲ့ အ တွက် စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ် အတိုင်း ဆက်ပြီး ဆောင်ရွက်နေတယ်လို့ ဆိုထားပါ တယ်။
 
အခု ICJ အမှုမှာလည်း အစိုးရကနေ ဦးဆောင်ပြီး တုံ့ပြန် ရင်ဆိုင်တဲ့ အခါ ပူးပေါင်း ဆောင်ရွက်တာတွေ၊ သ တင်းအချက်အလက် ပံ့ပိုးတာတွေ ပြုလုပ်နေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

ဒီလို ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတဲ့ စုံစမ်းရေး ကိစ္စတွေမှာ နိုင်ငံတကာ ဝင်ရောက်မှုကိုတော့ မြန်မာက လက် မခံတဲ့ သဘောထား ရှိပြီး၊ မြန်မာပြည်တွင်းက စုံစမ်းရေးတွေကလည်း ဘယ်လောက် လွတ်လပ်မလဲ၊ အဖြစ်အပျက်အမှန်တွေကို ဘယ်လောက် ဖော်ထုတ်နိုင်မလဲ ဆိုတဲ့ သံသယမျိုး နိုင်ငံတကာမှာလည်း ရှိနေ ပါတယ်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ICOE ရဲ့ အစီရင်ခံစာ ထွက်လာတာကို မစောင့်ဘဲ၊ အပြစ်ပေးအ ရေး ယူရေး ချဉ်းကပ်မှုနဲ့ပဲ နိုင်ငံတကာ ဖိအားတွေ အချိန်ကိုက် လုပ်ဆောင်လာကြတာ ဖြစ်တယ်လို့ ဆိုပါ တယ်။

နှစ်ပေါင်းများစွာ ကတည်းက ရှိလာခဲ့တဲ့ ရခိုင်ပြည်နယ် အကြပ်အတည်းကို မြန်မာ အစိုးရက အရင်းအမြစ် ကနေ ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစား နေချိန်မှာ၊ နိုင်ငံတကာ ဖိအားပေးတဲ့ ပုံစံဟာ အကျိုးဖြစ်စေမှာ မဟုတ် ဘူးလို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

ICJ မှာ အမှုဖွင့်ခံရတာဟာ စိန်ခေါ်မှု ဖြစ်သလို၊ တစ်ဘက်မှာလည်း အကြောင်းအရာ အမှန်တွေကို ICJ လို နေရာမျိုးမှာ သွားရောက် ရှင်းလင်းခြင်း အားဖြင့်လည်း နိုင်ငံတကာရဲ့ အထင်အမြင်လွဲနေမှုတွေကို ချေဖျက်နိုင်တဲ့ အခွင့် အရေး ရှိလာစေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */