Friday, November 29, 2019

ICJ မှာ တရားစွဲလို့ Rohingya ပြဿနာ ပြေလည်မလား

VOA
 ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
27 နိုဝင်ဘာ၊ 2019
ICJ တွင် အမှုရင်ဆိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ထိပ်တန်းခေါင်းဆောင်များ။

 
ရိုဟင်ဂျာပြဿနာ ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေးကို ရာစုဝက်ကျော် စောင့်ကြည့်သုံးသပ်လာခဲ့သူ ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါဖြင့်ရင် ICJ မှာ တရားစွဲဆိုတဲ့အတွက်ကော သေကြေနစ်နာခဲ့ရသူတွေ ဒုက္ခသည် တွေအတွက် တရားမျှ တမှု (Justice) ကို ဖော်ဆောင်နိုင်မယ့် အလားအလာရှိပါသလား။ George Town တက္ကသိုလ် ဂုဏ်ထူး ဆောင်ပါမောက္ခ Daivd Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခုအခါ မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ တရားစွဲဆိုမှုတွေ အများကြီးရင်ဆိုင်နေရပါတယ်။ ICC က ဆွဲတယ်။ အာဂျင်းတီးနား အမျိုးသားရေးရုံးမှာစွဲတယ်။ နောက် ICJ – International Court of Justice မှာ စွဲဆိုခံရတယ်။ ဒီဟာတွေ - အထူးသဖြင့် နောက်ဆုံးဖြစ်တဲ့ ICJ မှာ ဖြစ်တဲ့ကိစ္စက ဘယ် လောက်အရေး ကြီးတဲ့ကိစ္စလို့ ဆရာကြီးသုံးသပ်ပါလဲ။

ဖြေ ။ ။ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင်၊ ရင်းနှီးမြုပ်နံှမှုတွေနဲ့ နိုင်ငံတ ကာ အကြား မြန်မာနိုင်ငံရဲ့ အနေအထားကို ထိခိုက်စေပါတယ်။

မေး ။ ။ ဂုဏ်သိက္ခာအဆင့်အတန်း ထိခိုက်ကျဆင်းစေတယ်ဆိုတဲ့အပြင် ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်လို့ ပြောရရင်တော့ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေကို အားကိုးတာထက် တရုတ်အပါအဝင်၊ အာဆီယံ နိုင်ငံတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေကို ပိုပြီးအားကိုးနေတာကို တွေ့ရပါတယ်။ သူတို့နဲ့ ပတ်သက်လို့ ထိ ခိုက်နိုင်စရာ ရှိပါလား။  

ဖြေ ။ ။ ဒါမှန်ပါတယ်။ တရုတ်၊ ဂျပန်၊ အာဆီယံ စတဲ့ အရှေ့တိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ရိုဟင်ဂျာပြဿ နာက ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တနိုင်ငံလုံးကိုတော့ လွှမ်းခြုံထိခိုက်စေမယ်။ ဒေါ်အောင်ဆန်းစု ကြည် အတွက်လည်း ကြီးမားတဲ့ အခက်အခဲလို့ ထင်ပါတယ်။ သူ့ရဲ့ ဂုဏ်သတင်းကျော်ကြားမှုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မှေးမှိန်လာခဲ့တာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးလည်း ထိခိုက်လာပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလက ထင်ပါတယ် - မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေကို မိန့်ခွန်းပြောခဲ့ရာမှာ ဒီ ပြဿနာပတ်သက်ပြီး သူပြောသွားတာ သံတမန်တွေအတွက် လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ ရိုဟင်ဂျာအ ခြေအနေတွေနဲ့ ပတ်သက်ပြီး သံတမန်တွေက သူ့ထက်ပိုသိနေကြပါတယ်။ ဒီပြဿနာရဲ့ အခြေအနေမှန်ကို သူသိမှသိရဲ့လားလို့ မပြောတတ်ပါဘူး။

မေး ။ ။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာအာဏာပိုင်တွေဘက်ကတော့ သူတို့အခေါ် ‘နေရပ်စွန့်သွားတဲ့ လူတွေ’ - နိုင်ငံတကာကခေါ်တဲ့ ‘ရိုဟင်ဂျာ’ ပေါ့။ သူတို့တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင် ငံဘက်က အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်လို့ သူတို့ဘက်က ပြောနေပါတယ်။

ဖြေ ။ ။ ကျနော့်အမြင်မှာတော့ ဒါက ပုဂ္ဂိုလ်ရေးအမြင်ပါ အမေရိကန်ပြည်ထောင်စုနဲ့ လုံးဝမဆိုင်ဘဲ ပြောရ ရင်၊ ဒါဟာလူမျိုးတုန်းသတ်ဖြတ်မှု Genocide လို့ မထင်ပါဘူး။ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု Ethnic Cleansing ဖြစ်တယ်ဆိုတာကို ကျနော် ပြတ်ပြတ်သားသားပဲ တကယ်ယုံကြည်ပါတယ်။ အခြေခံ အားဖြင့် တော့ ပြန်လည်လက်ခံရေးအတွက် ရှင်းလင်းပြတ်သားတဲ့ အစီအစဉ်တရပ်ရပ်ကို တင်ပြသင့်ပါတယ်။ ဒါပေ မဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံချင်တဲ့ပုံ မရပါဘူး။ ခပ်ဝေးဝေး ဖယ်ရှားချင်တဲ့သဘောပဲ တွေ့ရပါတယ်။ သူတို့နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား နယ်စပ်မှာ ဗုဒ္ဓဘာသာဝင်တွေကို ပြန်လည်ချထားပြီး ကာကွယ်နေ ပါတယ်။ သိပ်ကိုခက်ခဲတဲ့ အခြေအနေပါ။ ၂၀၁၇ ခုနှစ်တုန်းက အဖြစ်အပျက်မှာ တပ်မတော်ဘက်က အ လွန်အကျွံတုံ့ပြန်ခဲ့တယ်ဆိုတာ သေချာတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီလိုတုံ့ပြန်ခဲ့တဲ့အတွက် ဆိုးဆိုး ရွားရွားအကျိုးဆက်တွေ ဖြစ်ခဲ့တယ်ဆိုတာ အခုအချိန်အထိ ဝန်မခံသေးပါဘူး။

မေး ။ ။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နှစ်နိုင်ငံသဘောတူညီချက်၊ ဒါမှမဟုတ် တရုတ် အပါအဝင် (၃) နိုင်ငံ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံရေးကို ထိထိရောက်ရောက် ဘင်္ဂ လား ဒေ့ရှ်ဘက်က ကူညီအားမပေးဘူး၊ မလုပ်ဘူး။ OIC ရဲ့ အကူအညီနဲ့ပဲ မြန်မာနိုင်ငံကို နိုင်ငံတကာမှာ ထိ ခိုက်နှစ်နာအောင် တရားစွဲဖို့ အားထုတ်နေတယ်လို့ မြန်မာဘက်က ပြောပါတယ်။

ဖြေ ။ ။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေကို လက်မခံချင်ပါဘူး။ ဘင်္ဂလားပင်လယ်အော်ထဲက အန္တရာယ် သိပ်များတဲ့ ကျွန်းပေါ်ကို ဒီလူတွေ အများအပြားကိုပို့ဖို့လုပ်တာ သိတဲ့အတိုင်းပါပဲ။ ဒီပြဿနာ ကိုင်တွယ် ရာမှာ ဘင်္ဂလားဒေ့ရှ်ကို တစိတ်တပိုင်း အပြစ်တင်ရမှာပါ။ ဒါပေမဲ့ အဓိကတာဝန်ရှိတာကတော့ မြန်မာ စစ် တပ်နဲ့ မြန်မာအစိုးရပဲ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ အခက်အခဲကိုလည်း ကျနော် အသိအမှတ်ပြုပါတယ်။ ဦးသိန်းစိန်အစိုးရကလည်းအပြည့် အဝ စစ်အစိုးရ မဟုတ်ခဲ့သလို၊ NLD အစိုးရကလည်း အပြည့်အဝ အရပ် သားအစိုးရ မဟုတ်ပါဘူး။ ဒီလိုတဝက် တပြတ်တွေ ဖြစ်နေတာဟာ ဒီပြဿနာကို ကိုင်တွယ်ရေးအတွက် သိပ်ခက်ခဲစေပါတယ်။

မေး ။ ။ အခု ICJ ရဲ့ တရားစွဲဆိုမှုကိစ္စကို ပြန်ကောက်ရမယ်ဆိုရင် ဒါဟာ ဒီပြဿနာအရင်းအမြစ်ကို ပြေ လည်အောင် ဖြေရှင်းနိုင်ဖို့အတွက် လုံလောက်မှု တစုံတရာ ရှိပါသလား။ အထောက်အကူ တစုံတရာ ဖြစ်မယ် ထင်ပါသလား။

ဖြေ ။ ။ ဒီကိစ္စဟာ တကယ်တော့ လူထုရဲ့ပုံရိပ်နဲ့ သက်ဆိုင်ပါတယ်။ တရားဥပဒေအရ ဘာလုပ်နိုင်မလဲဆို တာတော့ ကျနော် မသိပါဘူး။

မေး ။ ။ တဆက်ထဲမှာပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ICJ က တရားစီရင်မယ်ဆိုတဲ့ကိစ္စဟာ ဒုက္ခသည်တွေ အ တွက် Justice တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မယ်။ ဆောင်ကျဉ်းပေးနိုင်မယ်လို့ ဆရာကြီး ထင်ပါ သလား။

ဖြေ ။ ။ ဒုက္ခသည်တွေအတွက် Justice ကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ကျနော် မထင်ပါဘူး။ လောလော ဆယ် ပြဿနာကို ပြေလည်မှုရရှိစေမယ့် လုပ်ရပ်လို့လည်း ကျနော် မထင်ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲ နီး ကပ်လာချိန် နိုင်ငံရေးသမားတွေက ဒီကိစ္စကို ကိုင်တွယ်ရဲမှာ မဟုတ်ဘူး။ တိုင်းပြည်တွင်းမှာ ရိုဟင်ဂျာ ဆန့် ကျင်ရေးက ပြင်း ထန်နေဆဲ ဖြစ်ပါတယ်။

မေး ။ ။ တချို့ကတော့ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ခဲ့တာ စစ်တပ် ဖြစ်တယ်။ ဒါကို ဒေါ်အောင်ဆန်း စုကြည်က သွားပြီးတော့ ခုခံကာကွယ်မယ်ဆိုတော့ စစ်တပ်ကလည်း ဒါကို လက်ခံလာနိုင်မယ့်သဘော ရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေး ပြဿနာပြေလည်ရေး၊ တနည်းအားဖြင့် သူတို့ပြောနေတဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ပိုပြီးနီးစပ်သွားနိုင်မယ်လို့ ထင်စရာ ရှိပါသလား။
 
ဖြေ ။ ။ တိုင်းရင်းသားတွေအားလုံးနဲ့ တပ်မတော်အပါအဝင် တနိုင်ငံလုံးမှာ အမျိုးသားရေးစိတ်ဓါတ် အထူး ပြင်း ထန်နေတာပါ။ ရခိုင်မှာလည်း အမျိုးသားရေးစိတ်ဓါတ်က ပိုပြင်းထန်လာနေပါတယ်။

မေး ။ ။ OIC ရဲ့ သဘောသဘာဝကိုလည်း နည်းနည်းမေးချင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေ သ ဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းတွေကို ကြည့်မယ်ဆိုရင် သူတို့တွေက ဒေသတွင်း နိုင်ငံတွေရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု အခြေအနေတွေကို ပြုပြင်ဖို့ ပြင်ဆင်ဝေဖန်ဖို့ ကြိုးပမ်းကြပါတယ်။ သို့သော်လဲ OIC က သူတို့ အဖွဲ့တွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးကိစ္စတွေကို တခါမှ ဝေဖန်တာ၊ ထောက်ပြတာကို မတွေ့ရဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာကြီး တစုံတရာ ပြော စရာ မရှိဘူးလား။

ဖြေ ။ ။ လူ့အခွင့်အရေးကိစ္စတွေ ကြီးကြီးမားမားရှိတဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီးပါ။ သမိုင်းမှာနဲ့ မျက်မှောက် ကာလမှာ အများကြီး ရှိနေပါတယ်။ ဆော်ဒီအာရေးဗီးယားကို ပြောမလား။ တရုတ်နိုင်ငံ ရှာကျန်မှာ လုပ်နေတာတွေကို ပြောမလား။ ကမ္ဘာမှာ အများကြီးပါ။ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာ ဟာ တကယ်ရှိနေတာပါ။ ၂၀၁၀-၂၀၁၁ နောက်ပိုင်း တိုးတက်မှုတချို့ ရှိခဲ့ပေမယ့် ရိုဟင်ဂျာပြဿနာ ကတော့ အခက်အခဲဆုံး ပြဿ နာအဖြစ် ဆက်လက်ရှိလာတာ အခု နိုင်ငံတကာမှာပါ နာမည်ဆိုးထွက်လာ တဲ့ အထိပါပဲ။ မြန်မာပြည်မြောက်ပိုင်း ကချင်၊ ရှမ်း စတဲ့ ဒေသတွေမှာလည်း လူတွေအသတ်ခံရတာတွေ ရှိပါ တယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေပေါ် ထားရှိတဲ့ မလိုမုန်းတီးမှုတွေနဲ့ မတူပါဘူး။ ဒါဟာ ရိုဟင်ဂျာတွေအတွက်နဲ့ မြန်မာနိုင်ငံအတွက်ပါ အိမ်နီးချင်းတွေနဲ့ ဆက်ဆံ ရေးတွေမှာပါ ဝမ်းနည်းစရာကောင်းတဲ့ အချက်တချက် ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ ဒီပြဿနာရဲ့ အခြေခံအကြောင်းရင်းတွေ ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်း အ ဝိုင်း နဲ့ မြန်မာနိုင်ငံဘက်က ဘာတွေလုပ်ပေးနိုင်ကြမလဲ။ ဘာတွေလုပ်သင့်ကြတယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံတကာအသိုင်းအဝိုင်းက ပြဿနာရဲ့ သဘောသဘာဝကို နားမလည်ပါဘူး။ ရိုဟင်ဂျာတွေကို တိုင်း ရင်းသားအုပ်စုတစုအဖြစ် မြန်မာနိုင်ငံကလည်း ဝန်မခံပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေအရ အသိ အမှတ် မပြုပါဘူး။ ရိုဟင်ဂျာတွေကတော့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး၊ နိုင်ငံသားအခွင့် အ ရေးကို လိုချင်နေကြပါတယ်။ ဒါဟာ မကြာခင်ဖြစ်လာနိုင်တဲ့ အလားအလာလို့လဲ ကျနော် မမြင်ပါဘူး။ တဖြည်းဖြည်း ဖြစ်လာနိုင်မယ် ဆိုပေမယ့်လဲ မြန်မာနိုင်ငံမှာ အမျိုးသားရေးစိတ်ဓါတ်က သိပ်ပြင်းထန်နေ တော့ အစိုးရက လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အရပ်သားအစိုးရလည်း လုပ်နိုင်မှာ မဟုတ်သလို၊ စစ်တပ် လည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်။

မေး ။ ။ ကျနော်မေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင် ဒီပြဿနာ အမှန်တကယ် ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘာလုပ်ပေးနိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ ဒီပြဿနာ ပြေလည်ရေးအတွက် နိုင်ငံတကာအနေနဲ့ သိပ်လုပ်ပေးနိုင်မယ်လို့ ကျနော် မထင်ပါဘူး။ ဒီပြ ဿနာကို ကမ္ဘာက အာရုံစိုက်လာအောင် လုပ်နိုင်မယ်။ ဒါဟာ လုပ်သင့်တယ်ကိစ္စလို့တော့ ကျနော် ထင်ပါတယ်။ ရှေ့တိုးလုပ်နိုင်မယ် မထင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ပြဿနာပါ။ မူလအားဖြင့် မြန်မာ နိုင်ငံရဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလည်း ဘာမှမတတ်နိုင်ပါဘူး။ ဗမာ အမျိုးသားရေးစိတ်ဓါတ် ပိုပြီးပြင်းထန်လာသလို၊ ရခိုင်အမျိုးသားရေးစိတ်ဓါတ်နဲ့ ဗုဒ္ဓဝါဒီ အမျိုးသားရေး စိတ် ဓါတ်တွေလည်း ပြင်းထန်လာပါတယ်။ သိတဲ့အတိုင်းပါပဲ AA အဖွဲ့ အင်အားကြီးထွားလာတာလဲ ရခိုင်ပြည် နယ်အတွင်းက ရိုဟင်ဂျာတွေအတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကြောင့်ပဲ ဒီပြဿနာတွေ အ တွက် အဖြေမတွေ့ရဘူးလို့ ကျနော် ပြောနေတာပါ။

မေး ။ ။ ဆရာကြီး တကယ်တော့ ကျနော်ဟာ ရခိုင်တစ်ယောက်ပါ။ ဒီလူတွေနဲ့ ကျနော် ငယ်ငယ်ကတည်းက ကြီးပြင်းလာခဲ့ပါတယ်။ သူတို့နဲ့ အတူတူနေခဲ့တယ်၊ ကစားတယ်၊ အတူတူကျောင်းတက်ခဲ့ကြတယ်။ သူတို့ အိမ် ကိုယ့်အိမ် အပြန်အလှန် လည်ပတ်သွားလာနေခဲ့တယ်။ အဲဒီတုန်းက ဘာပြဿနာမှ မရှိခဲ့ပါဘူး။

ဖြေ ။ ။ မှန်ပါတယ်။ သေချာပါတယ်။ ဒါပေမဲ့ အဲဒါက အတိတ်က အခြေအနေပါ။ အခုတော့ ရခိုင်တွေလည်း အစိုး ရ အဆက်ဆက် အနှိပ်ခံခဲ့ရတာပါ။ အစိုးရထဲ အဆင့်မြင့်ရာထူးတွေအတွက် ရွေးချယ်ခံထားခံရတာ မရှိ သ လောက်ပါ။ မဆိုသလောက် တစ်ယောက်နှစ်ယောက် ရှိတာကို ထောက်ပြကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ချိုးနှိမ်ခံရမှုက ရိုဟင်ဂျာတွေအပေါ် မလိုမုန်းတီးမှုလောက်တော့ မဆိုးပါဘူး။

မေး ။ ။ ကျေးဇူးတင်ပါတယ် ဆရာကြီး။
ဖြေ ။ ။ ခင်များမေးတဲ့ မေးခွန်းတွေအတွက် ထိရောက်တဲ့အဖြေ ကျနော် ရှာပေးချင်ပါတယ်။ ဒါပေမဲ့ မပေးနိုင် တာကို ဝမ်းနည်းပါတယ်။ ရိုဟင်ဂျာတွေအတွက်လည်း အခြေအနေ ကောင်းပါစေလို့ ဆန္ဒပြုပါတယ်။ သူတို့ ဟာ အာရှတိုက်မှာ ဒုက္ခအရောက်ဆုံး လူတွေပါ။ မြန်မာအစိုးရနဲ့ နိုင်ငံတကာ တရားစီရင်ရေးမှုတွေလည်း ထိရောက်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ကျနော်ထပ်ပြောရပါအုံးမယ် - ဒါဟာ Genocide လူမျိုးတုန်း သတ် ဖြတ် မှုလို့ ကျနော် မယုံကြည်ပါဘူး။ လူမျိုးစုလိုက် ရှင်းလင်းမှု Ethnic Cleansing မှုလိုပဲ ယုံကြည်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */